← Chapters

အခန်း ၈၃၉

Vol. 56 Ch. 839

အခန်း ၈၃၉

Vol. 56 Ch. 839

အခန်း (၈၃၉) - အင်မော်တယ် တစ်သောင်း နန်းတော်၏ အဖြစ်အပျက်များ.. ယွီခယ်အာ ကွယ်လွန်ခြင်း (အပိုင်း - ၂)

အချိန် အနည်းငယ် ကြာပြီးနောက် နန်းတော်သခင် ကျင်းဟုန် နှင့် အခြားသော ပုဂ္ဂိုလ်များ မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ ထွက်ခွာလာကြ၏။ သူတို့၏ နောက်တွင်တော့ အင်မော်တယ် တစ်သောင်း နန်းတော်မှ မူလဝိညာဉ်အဆင့် အကြီးအကဲများက စောင့်ဆိုင်းလျက် ရှိနေကြလေသည်။

“နန်းတော်သခင်... ဘယ်လို ဖြစ်ခဲ့သလဲ။ မြေကမ္ဘာ အင်မော်တယ် စံအိမ်က အဲ့ဒီ နတ်ဘုရားရုပ်တုကို ထုတ်ပေးဖို့ သဘောတူရဲ့လား”

“နန်းတော်သခင်... တခြား အင်မော်တယ် ဂိုဏ်းတွေကိုလည်း စည်းရုံးပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို ဖိအားပေးဖို့ လိုအပ်နေပြီ မဟုတ်လား၊ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ သူတို့က တာဝန်ကျေပွန်သင့်တာပေါ့။ အရေးကြီးတဲ့ အခိုက်အတန့်မှာ ဘာမှ မလုပ်ဘဲ နေလို့ ရပါ့မလား”

“နန်းတော်သခင်... ကျွန်တော်တို့ အင်မော်တယ် တစ်သောင်း နန်းတော်က ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေနဲ့ နယ်မြေ အငြင်းပွားမှုတွေကြောင့် အတော်လေး ဒုက္ခရောက်နေရပြီ။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကြိုပြောဖို့ ခက်ခဲလွန်းလှပြီ”

နန်းတော်သခင် ကျင်းဟုန်၏ မျက်နှာမှာ မဲမှောင်သွားပြီး ခပ်တိုးတိုး ဆိုလိုက်သည်။

“တော်ကြပါတော့”

“ပြန်ရောက်မှပဲ စကားပြောကြတာပေါ့”

နန်းတော်သခင် ကျင်းဟုန်၏ အမူအရာကို မြင်လိုက်ရသည်တွင် အင်မော်တယ် တစ်သောင်း နန်းတော်မှ အကြီးအကဲများ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။ မြေကမ္ဘာ အင်မော်တယ် စံအိမ်အား နတ်ဘုရားရုပ်တု ထုတ်ပေးရန် ဖိအားပေးမည့် သူတို့၏ အစီအစဉ်မှာ ပျက်ပြားသွားပြီဟု သူတို့ ချက်ချင်းပင် ရိပ်မိလိုက်ကြ၏။

တရားမျှတမှုက သူတို့ဘက်မှာ ရှိနေပါလျက်နှင့်တောင် မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို နတ်ဘုရားရုပ်တု ထုတ်ပေးရန် အတင်းအကျပ် မလုပ်နိုင်ခဲ့ဘူးလား။

အကြီးအကဲများမှာ စိတ်ထဲတွင် ကြိတ်၍ မကျေမနပ် ဖြစ်နေကြသည်။ မြေကမ္ဘာ အင်မော်တယ် စံအိမ်သာ မရှိခဲ့ပါက အင်မော်တယ် တစ်သောင်း နန်းတော်မှာ ယခုကဲ့သို့ အရှက်ရစရာ အခြေအနေမျိုး ရောက်ပါမည်လော။

မိစ္ဆာမျိုးနွယ်စုများနှင့် ပင်လယ်မျိုးနွယ်စုများကို ခုခံရန် အကူအညီ တောင်းဆိုသည်ကပင် မြေကမ္ဘာ အင်မော်တယ် စံအိမ်နှင့် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခွင့်ပြုချက် လိုအပ်နေရသည် မဟုတ်ပါလော။

'မြေကမ္ဘာ အင်မော်တယ် စံအိမ်က အဲ့ဒီ နတ်ဘုရားရုပ်တုကို မထုတ်ပေးချင်တာလား'

အင်မော်တယ် တစ်သောင်း နန်းတော်မှ အကြီးအကဲများ၏ မျက်ဝန်းအိမ်တွင် လောဘရောင်များ တစ်ချက် ဖြတ်ပြေးသွား၏။

သူတို့သာ မြေကမ္ဘာ အင်မော်တယ် စံအိမ်အား ထို နတ်ဘုရားရုပ်တု ဆုံးရှုံးအောင် လုပ်နိုင်မည်ဆိုပါက... အင်မော်တယ် တစ်သောင်း နန်းတော်အတွက် တက်လှမ်းရန် လှေကားထစ် တစ်ခု ဖြစ်လာလိမ့်မည်။

အင်မော်တယ် တစ်သောင်း နန်းတော်သာ ထို နတ်ဘုရားရုပ်တုကို ပိုင်ဆိုင်လိုက်မည် ဆိုပါက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို စုစည်းရန် ယုံကြည်ချက် အပြည့် ရှိသွားမည်။

ထိုအခါကျလျှင် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု နှင့် မိစ္ဆာမျိုးနွယ်စုတို့က အဘယ်သူကိုများ ကြောက်ရွံ့နေရန် လိုအပ်ဦးမည်နည်း။

နန်းတော်သခင် ကျင်းဟုန်မှာလည်း အလွန် ဒေါသထွက်နေမိ၏။

ဖန်ရှောင် ဆိုသည့် ကောင်မလေးမှာ ငယ်ရွယ်သော်လည်း အတော်လေး လိမ္မာပါးနပ်ပြီး အကြီးအကဲများ၏ အရှေ့တွင်ပင် မကြောက်မရွံ့ဘဲ လှောင်ပြုံးဖြင့် ပြန်လည်ချေပ အပြစ်ရှာနေခဲ့သည်။

' ဒီ မိစ္ဆာရေလှိုင်းကပ်ဘေးက အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ လက်ချက်လို့ ငါ့ကိုများ လာစွပ်စွဲနေတာလား'

နန်းတော်သခင် ကျင်းဟုန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။

သို့သော်လည်း သူ့အဖြစ်က တကယ်ပင် ထိုသို့ ဖြစ်နေသည်။

အင်မော်တယ် တစ်သောင်း နန်းတော် နှင့် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတို့မှာ ချန်ကု အင်မော်တယ် မြို့တော် အနီးတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ထို့နောက်တွင် စစ်ကြေညာခဲ့သည်။ မကြာမီပင် မိစ္ဆာမျိုးနွယ်စုတို့၏ ပင်မ မျိုးနွယ်ဖြစ်သော လုံမင် မျိုးနွယ်စု ပါဝင်လာခဲ့သည်။ တစ်ခုပြီး တစ်ခု ပွင့်ဟလာသည့် ဟင်းလင်းပြင် လမ်းကြောင်းများကြောင့် ကပ်ဘေးက ရောက်လာခဲ့၏။

သို့ရာတွင် အကျိုးနည်းစွာ အင်မော်တယ် တစ်သောင်း နန်းတော်မှာလည်း ဘာမှ မသိဘဲ ပိတ်မိနေရခြင်း ဖြစ်သည်။ ထို့အပြင် သူတို့၏ ဝိညာဉ်ခန္ဓာ ပိုင်ရှင် တာအိုသားတော် မှာ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု၏ ထောင်ချောက်ထဲ ကျရောက်ကာ ကျဆုံးသွားခဲ့ရသည်။ ယခုတွင်တော့ ချန်းကျိုး နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်နေသည့် ဘေးဒုက္ခမှာ အင်မော်တယ် တစ်သောင်း နန်းတော်ကြောင့်ဟု စွပ်စွဲခံလိုက်ရ၏။

နန်းတော်သခင် ကျင်းဟုန်က ကျဆုံးသွားသော ကူရှောက်ခွန်း အကြောင်း တွေးမိသည်တွင် ဒေါသတို့မှာ ပို၍ပင် တောက်လောင်လာသည်။ သူက သွားကို ကြိတ်၍ ရေရွတ်လိုက်၏။

“အဲ့ဒီ မြားကို ပစ်တဲ့သူက ဘယ်သူလဲ ဆိုတာသာ ငါ သိရရင်...”

“အဲ့ဒီလူကို ငါ့ရဲ့ အင်မော်တယ် တစ်သောင်း နန်းတော်က အပိုင်းပိုင်း အစအန ဖြစ်အောင် ခုတ်ထစ်ပစ်မယ်”

သူတို့ အင်မော်တယ် တစ်သောင်း နန်းတော်သို့ ပြန်ခဲ့ကြသည်။

တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဤဆွေးနွေးပွဲမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်ပြီး မည်သည့် အကျိုးရလဒ်မှ မထွက်ပေါ်ခဲ့ပေ။ သို့သော်လည်း သည်အခြေအနေက အင်မော်တယ် တစ်သောင်း နန်းတော်က မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ ခေါင်းဆောင်နေရာကို အစားထိုးရန် စတင်လိုက်သည့် တန်ပြန် တိုက်စစ်၏ အစပျိုးခြင်းသာပင်။

တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို မြေကမ္ဘာ အင်မော်တယ် စံအိမ်က အုပ်ချုပ်နေသော်လည်း အင်မော်တယ် တစ်သောင်း နန်းတော်၏ စိတ်ထဲတွင် လုံးဝ လက်မခံခဲ့ပေ။ သူတို့က မီးနန်းတော် နှင့် ယွီလုံ နန်းတော် ကဲ့သို့သော အင်အားစုများကို စုစည်းကာ အမြဲတစေ ဆန့်ကျင်နေခဲ့သည်။

မကြာမီ သို့မဟုတ် နောက်ကျလျှင် အင်မော်တယ် တစ်သောင်း နန်းတော်က မြေကမ္ဘာ အင်မော်တယ် စံအိမ်အား မဟာမိတ်အဖွဲ့ ခေါင်းဆောင်နေရာမှ ဖြုတ်ချပစ်လိမ့်မည်။

*

မြေကမ္ဘာ အင်မော်တယ် စံအိမ် တံခါးဝ၌။

ဖန်ရှောင်မှာ အနည်းငယ် ပင်ပန်းနေဟန်ဖြင့် နားထင်ကို အသာဖိလိုက်သည်။ ကျင်းဟုန် ကဲ့သို့သော မြေခွေးအိုကြီးများနှင့် တစ်နေ့လုံး စကားပြောဆိုနေရခြင်းမှာ သူမ၏ ဂိုဏ်းကိစ္စများကို စီမံခန့်ခွဲရသည်ထက် (၁၀) ဆခန့် ပို၍ ပင်ပန်းသည်။ တိုက်ခိုက်မှုများနှင့် လျှို့ဝှက် အကွက်ချမှုများကြားတွင် အမှားတစ်ခုခု လုပ်မိပါက စံအိမ်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ပါသည်။

အနားယူပြီးနောက် ဖန်ရှောင် ခပ်ဖွဖွ ညည်းညူလိုက်မိ၏။

“ငါ့ရဲ့ ဦးလေးငယ်သာ ဆိုရင် ဒီကိစ္စတွေကို ဘယ်လို ဖြေရှင်းမလဲမသိဘူး”

အချိန် အနည်းငယ် ကြာပြီးနောက် ဖန်ရှောင်မှာ သတင်းစကား တစ်ခု ရရှိလိုက်သည်။

ထိုအချိန်တွင် သူမ၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားပြီး သူမ၏ မျက်ဝန်းအိမ်ထဲတွင် ဒေါသ လှိုက်တက်လာ၏။

“အင်မော်တယ် တစ်သောင်း နန်းတော်... သေ ချင် နေ တာပဲ”

ထိုသတင်းမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ လျှို့ဝှက်ခန်းမမှ အကြီးအကဲ ကျောက်ချန်ဖုန်း ထံမှ ရောက်ရှိလာခြင်း ဖြစ်သည်။ အင်မော်တယ် တစ်သောင်း နန်းတော်က မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ 'ကြယ်ခူးမျှော်စင်' နှင့် 'လညွှန်နန်းတော်' မှ အဆောင်လက်ဖွဲ့ ပညာရှင်အချို့ကို အန္တရာယ်အများဆုံး ဖြစ်သည့် ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်လိုက်သည် ဟူ၍။ ဒါက ထိုပညာရှင်တို့အား သေကွင်းသေကွက်သို့ ပို့လိုက်ခြင်း ဖြစ်သည်ဟု သံသယ ဖြစ်ဖွယ်ပင်။

လောလောဆယ်တွင် ကြယ်ခူးမျှော်စင် နှင့် လညွှန်နန်းတော် မှ အဆောင်လက်ဖွဲ့ ပညာရှင်များမှာ အင်မော်တယ် တစ်သောင်း နန်းတော်မှ ပုဂ္ဂိုလ်များနှင့် ထိပ်တိုက်ရင်ဆိုင်နေရပြီး နန်းတော်သခင်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။ သူတို့ တပ်ဆုတ်ရမည်လား သို့မဟုတ် ဆက်လက် ရင်ဆိုင်ရမည်လား။

အနည်းငယ် တွေးတောပြီးနောက် ဖန်ရှောင်က သူ၏ ဆရာ ဦးလေး ဖြစ်သူ တာအိုဆရာ ထျန်းယွီ ထံသို့ သတင်းစကား ပေးပို့လိုက်သည်။ တာအိုဆရာ ထျန်းယွီ အနေဖြင့် အင်မော်တယ် တစ်သောင်း နန်းတော်သို့ ချက်ချင်း သွားရောက်ပြီး ကြယ်ခူးမျှော်စင် နှင့် လညွှန်နန်းတော် မှ အဆောင်လက်ဖွဲ့ ပညာရှင်များကို ပြန်လည် ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်၏။

အကယ်၍ အင်မော်တယ် တစ်သောင်း နန်းတော်မှာ မဟာမိတ်အဖွဲ့၏ အကူအညီကို မလိုအပ်တော့ဘူး ဆိုပါက အားလုံး ပြန်လည် ဆုတ်ခွာလာရမည်။

သူတို့၏ အသက်ရှင်ခြင်း၊ သေခြင်းကို ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါစေတော့။

*

သို့နှင့် အချိန် အနည်းငယ် ထပ်မံ ကုန်ဆုံးသွားပြန်၏။

မြေကမ္ဘာတောင်တန်း အင်မော်တယ် မြို့တော်။

နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့် ပေါ်တွင် အလင်းတန်းများ လှုပ်ခတ်သွားပြီး ပုံရိပ် တစ်ခု ထွက်ပေါ်လာ၏။ သူ၏ ခြေထောက်က မြေပြင်ပေါ်သို့ ထိလိုက်သည်နှင့် မြို့တော်၏ ရင်းနှီးလှသော အငွေ့အသက်များကို ခံစားလိုက်ရပြီး သူ၏ စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။

‘နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီ’

ချန်ကု အင်မော်တယ် မြို့တော်မှ ပြန်‌ရောက်ဖို့အတွက် အနှစ် (၂၀) ကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

ဤတစ်ကြိမ်တွင် စုယွီ လက်ဗလာဖြင့် ပြန်မလာခဲ့ပေ။

မြေကမ္ဘာ အင်မော်တယ် စံအိမ် နှင့် ပတ်သက်၍ သူ သွားရောက်ခဲ့သည့် နေရာ များစွာကို လှည့်လည်ကြည့်ရှုခဲ့ပြီး ချန်ကု အင်မော်တယ် မြို့တော်ကိုလည်း အသေအချာ လေ့လာခဲ့ရသည်။

သူ မြင်တွေ့ခဲ့ရသည်မှာ ချန်းကျိုး ကျင့်ကြံခြင်း ကမ္ဘာ၏ အချက်အချာ ကျသည့် နယ်မြေများမှာ အလွန် အရင်းအမြစ် ကြွယ်ဝလှ၏။ ချန်ကု အင်မော်တယ် မြို့တော်၏ စီရင်ပိုင်ခွင့်အောက်ရှိ ထျန်းပေါင် ‌ကုန်သွယ်ရေး အသင်း ကဲ့သို့သော အင်အားစုများမှာ ချန်းကျိုး ကျင့်ကြံခြင်း ကမ္ဘာတွင်ပင် အင်မော်တယ် ဂိုဏ်းကြီး တစ်ခုအဖြစ် သတ်မှတ်နိုင်လောက်သည်။

ထို့အပြင် ချန်ကု အင်မော်တယ် မြို့တော်၏ နယ်မြေအတွင်း၌ ထျန်းပေါင်‌ ကုန်သွယ်ရေး အသင်း ကဲ့သို့ အင်အားစုများစွာ ရှိနေသေး၏။

ထိုမျှမက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ်နှင့် ရွှေအမြုတေ ကျင့်စဉ်မှာ (၅) ဆင့်မြောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ၏ ခွန်အားမှာ အမှန်တကယ်ပင် အဆမတန် တိုးတက်သွားခဲ့ပါ၏။

All Chapters