အခန်း ၈၄၀
Vol. 56 Ch. 840
အခန်း (၈၄၀) - အင်မော်တယ် တစ်သောင်း နန်းတော် ၏ အဖြစ်အပျက်များ.. ယွီခယ်အာ ကွယ်လွန်ခြင်း (အပိုင်း- ၃)
ယခုအခါတွင် တာအိုသခင်ကြီးများနှင့် မိစ္ဆာ အရှင်သခင်ကြီးများ၏ အောက်တစ်ဆင့် ဖြစ်သော အထွတ်အထိပ်အဆင့် အရှင်သခင်များကို ရင်ဆိုင်ရလျှင်ပင် သူက အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနေလေပြီ။
[တာအိုသခင်ကြီး- ပကတိဟင်းလင်းပြင် အဆင့်နဲ့
အထွတ်အထိပ်အဆင့် အရှင်သခင်- ဝိညာဉ်ခွဲထွက် အထွတ်အထိပ်အဆင့် ကို ဆိုလိုတာပါ။]
နေရာရွှေ့ပြောင်း အခင်းအကျင်းထဲမှ ထွက်ပေါ်လာပြီးနောက် စုယွီက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြသခြင်း မပြုခဲ့ချေ။ သို့ဖြစ်၍ မြေကမ္ဘာအင်မော်တယ်စံအိမ်မှ တပည့်များအား နေရာရွှေ့ပြောင်းခကိုသာ ပေးချေလိုက်ပြီး မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်မှ ခပ်ပြုံးပြုံးဖြင့် ထွက်ခွာလာခဲ့၏။
မြို့ပြင်သို့ အနည်းငယ် ရောက်ရှိသွားချိန်တွင် စုယွီက ခြေတစ်လှမ်း လှမ်းလိုက်ရာ အရှေ့ဘက်ရှိ ဟင်းလင်းပြင် တစ်ခွင်၌ လှိုင်းဂယက်များ ထကြွလာတော့သည်။
နောက်တစ်စက္ကန့်မှာပင် စုယွီ၏ ပုံရိပ်က လုံးဝ ပျောက်ကွယ်သွားလေသည်။
မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိတ်တံခါး။
အင်မော်တယ်ဂိုဏ်း၏ မဟာအခင်းအကျင်း ဂိတ်တံခါးဝသို့ ရောက်ရှိလာပြီးနောက် စုယွီသည် တိတ်ဆိတ်ငြိမ်သက်သော တောအုပ်လမ်းငယ်လေး အတိုင်း ခပ်အေးအေး လျှောက်လှမ်းလာခဲ့၏။ ထိုစဉ် ရွှေအမြုတေအဆင့်ရှိ အတွင်းစည်း မျက်နှာစိမ်း တပည့်နှစ်ဦးက စုယွီအား မြင်သွားသည်။ သူ၏ ကိုယ်ပေါ်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တရားဝင် တာအိုဝတ်ရုံ သို့မဟုတ် အမှတ်အသား တံဆိပ်ပြားကို မတွေ့ရသဖြင့် တပည့်နှစ်ဦး မျက်မှောင်ကြုတ်သွားကြသည်။
"ရပ်စမ်း..."
"ဘယ်သူလဲ..."
စုယွီက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ပုံရိပ်က ထိုလူနှစ်ဦး၏ အရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိသွားတော့သည်။
ထိုအမြန်နှုန်းက အတွင်းစည်း ရွှေအမြုတေအဆင့် တပည့်နှစ်ဦးအား အလန့်တကြား ဖြစ်သွားစေ၏။ သူတို့၏ ရင်များ ဒိန်းခနဲ ခုန်သွားပြီး ကြက်သီးမွေးညင်းများပင် ထောင်ထသွားကာ ခန္ဓာကိုယ်များ ချက်ချင်း တောင့်တင်းသွားကြတော့သည်။
ဤအမြန်နှုန်းက...
ထိုနှစ်ဦး စကားမဟနိုင်မီမှာပင် စုယွီက တိုးတိတ်စွာ ရယ်မောလိုက်၏။ သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ တာအိုဝတ်ရုံက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အမာခံ အကြီးအကဲ ဝတ်ရုံအဖြစ်သို့ ပြောင်းလဲသွားပြီး စစ်မှန်ကြောင်း သက်သေပြသည့် အမှတ်အသား တံဆိပ်များပါ အပြည့်အစုံ ပေါ်ထွက်လာလေသည်။
အမာခံ အကြီးအကဲ ဝတ်ရုံကို ဆင်မြန်းထားသည့် သူတို့အရှေ့မှ အလွန်တရာ နုနယ်ပျိုမြစ်လွန်းနေသော လူငယ်လေးကို မြင်လိုက်ရသောအခါ အတွင်းစည်းမှ တပည့်နှစ်ဦး၏ မျက်နှာများ ဖြူရော်သွားကြ၏။
သူတို့၏ ရင်ထဲတွင် တုန်လှုပ်ချောက်ခြားသွားပြီး အလျင်အမြန် ဦးညွှတ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
"တပည့်တို့ အကြီးအကဲကို ဂါရဝပြုပါတယ်..."
"ယဉ်ကျေးနေစရာ မလိုပါဘူး..."
စုယွီ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ်က ဂိတ်တံခါးဝမှ ပျောက်ကွယ်သွားခဲ့ပြီး အင်မော်တယ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားခဲ့လေပြီ။
အတန်ကြာ စောင့်ဆိုင်းပြီးနောက် တပည့်နှစ်ဦးက ဂိတ်တံခါးအတွင်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
သို့ရာတွင် စုယွီ၏ ပုံရိပ်က အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။
သူတို့၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။
ခေတ္တမျှ ကြာပြီးနောက်။
"အဲဒီ အကြီးအကဲက ဘယ်သူလဲ... ငါ တစ်ခါမှ မမြင်ဖူးပါဘူး..."
ရုပ်ရည်ခပ်ရိုးရိုးနှင့် တပည့်က အံ့အားသင့်စွာ တိုးတိုးလေး မေးလိုက်သည်။
"ငါက ဘယ်လိုလုပ် သိမှာလဲ... မင်းနဲ့ အတူတူပဲ အတွင်းစည်းကို ဝင်လာခဲ့တာလေ... ဒီမှာ အနှစ် (၂၀) ကျော်နေခဲ့ပြီး ဂိတ်တံခါးစောင့်တာလည်း အကြိမ်ကြိမ်ရှိနေပြီ... အဲဒီတစ်ယောက်ကို လုံးဝ မမြင်ဖူးဘူး... ဟူး သူက တော်တော်လေး ငယ်ပုံရတယ်နော်..."
ရုပ်ရည်ရိုးရိုးနှင့် တပည့်က မနာလိုစွာ ပြောလိုက်၏။
"အဲဒီအကြီးအကဲက တော်တော်လေး ရုပ်ဖြောင့်တာပဲ... ငါ့ထက်တောင် ငယ်သေးတဲ့ ပုံပဲ... သူ့ရုပ်ရည်ရဲ့ တစ်ဝက်လောက် ရရင်ကို တော်တော်လေး ကောင်းနေပြီ..."
ထိုအခါ အခြားတစ်ယောက်က နှာမှုတ်လိုက်သည်။
"ဟွန့်၊ အိပ်မက်မက်မနေစမ်းပါနဲ့... အဲဒါ အမာခံ အကြီးအကဲကွ... အနည်းဆုံးတော့ မူလဝိညာဉ်အဆင့် နှောင်းပိုင်း အရှင်သခင်ကြီး တစ်ပါးပဲ... ငါတို့ ဆရာသခင်ထက်တောင် ပိုအစွမ်းထက်သေးတယ်... မင်းက ဂိတ်တံခါးကိုသာ သေချာ စောင့်နေစမ်းပါ..."
ရုပ်ရည်ခပ်ရိုးရိုးနှင့် တပည့်က သက်ပြင်းချလိုက်၏။
"မင်း ပြောတာ မှန်ပါတယ်... အဲဒီအကြီးအကဲက အရမ်းကို ခန့်ညားလွန်းတယ်..."
*
တာ့ယွီတောင်ထွတ်။
တောအုပ်အတွင်းရှိ ရေညှိများ ဖုံးလွှမ်းနေသော ကျောက်စရစ်ခင်းလမ်းပေါ်သို့ စုယွီ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အရွယ်အစား (၁၀) ပေနီးပါးခန့် ကြီးမားလှသော ခရမ်းရောင် ကောင်းကင်မိုးကြိုး ကြွက်ကြီးများ တစ်ကောင်ပြီးတစ်ကောင် ပြေးထွက်လာကြ၏။ သူတို့အားလုံးထံမှ ဒုတိယအဆင့် အထွတ်အထိပ် သားရဲ နှင့် ထို့ထက် မြင့်မားသော အရှိန်အဝါများ ထွက်ပေါ်နေကြသည်။
အရေအတွက်အားဖြင့် အကောင်ရေ (၄၀၀) ကျော်ပင် ရှိလေ၏။
ထိုအထဲတွင် (၂၁) ကောင်မှာ တတိယအဆင့် သို့မဟုတ် ထိုထက်ပိုမြင့်မားပြီး ထိုအထဲမှ နှစ်ကောင်မှာ တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
လွန်ခဲ့သော အချိန်ကာလများက တာ့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် စုယွီ ပထမဆုံး စတင်ဆုံတွေ့ခဲ့ရစဉ်က ထိုမိစ္ဆာအုပ်စုတွင် တတိယအဆင့် အဆင့်နိမ့် ကောင်းကင်မိုးကြိုး ကြွက် တစ်ကောင်သာ ရှိခဲ့ဖူးသည်။
သို့သော် စုယွီ၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီးနောက် ဤကောင်းကင်မိုးကြိုး ကြွက်အုပ်စုကြီးမှာ ရေတွက်၍မရနိုင်လောက်အောင် ကျယ်ပြန့် ကြီးထွားလာခဲ့ပြီ ဖြစ်၏။
တတိယအဆင့် သားရဲ အရေအတွက်သည်ပင် အကောင် (၂၀) ကျော်အထိ ရောက်ရှိလာခဲ့လေပြီ။
ယခုအခါ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည်ပင်လျှင် စတုတ္ထအဆင့် အဆင့်နိမ့် သားရဲကြီး တစ်ကောင် ဖြစ်လာခဲ့ပြီတည်း။
၎င်းမှာ အံ့မခန်း အသွင်ပြောင်း တိုးတက်မှုကြီး တစ်ခုပင်။
ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကြီး ရောက်ရှိလာသောအခါ သူတို့အားလုံးက ကျောက်စရစ်လမ်း၏ တစ်ဖက်တစ်ချက်တွင် ရိုသေစွာ ဝပ်တွားလိုက်ကြပြီး နှုတ်ဆက်ကြသည်။
"သခင်ကြီး... တာ့ယွီတောင်ထွတ်ကို ပြန်လည် ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်..."
"ဝှီး"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ခရမ်းရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် နောက်ထပ် တစ်ကောင် ရောက်ရှိလာ၏။
ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်က စုယွီ၏ အရှေ့တွင် ဆင်းသက်လိုက်ပြီး သိသိသာသာ စိတ်လှုပ်ရှားနေကာ ပြောလိုက်သည်။
"သခင်ကြီး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."
သန်သန်စွမ်းစွမ်း ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်ကို ကြည့်ကာ စုယွီက မျက်ခုံး အနည်းငယ် ပင့်တင်လိုက်ပြီး မေးလိုက်၏။
"ဘာဖြစ်လို့လဲ..."
ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်က ပါးစပ်ဟလိုက်သော်လည်း ချက်ချင်းပင် ခေါင်းငိုက်စိုက်ကျသွားကာ တိုးညှင်းစွာ ပြောလိုက်သည်။
"သခင်မလေးက လွန်ခဲ့တဲ့ လေးနှစ်က အိပ်ပျော်နေရင်း ဆုံးပါးသွားခဲ့ပါတယ်... တာ့ယွဲ့ နယ်မြေက မိသားစု သင်္ချိုင်းမှာ ဂူသွင်းထားပါတယ်..."
စုယွီ၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး အချိန်အတန်ကြာသည်အထိ ကျောက်ရုပ်ကြီးပမာ ရပ်တန့်နေမိတော့သည်။
နှစ်တစ်ရာ ကာလပတ်လုံး ယွီခယ်အာ၏ ကျင့်ကြံခြင်းက လုံးဝ တိုးတက်မှု မရှိခဲ့ဘဲ ရွှေအမြုတေအဆင့်၏ အဋ္ဌမအလွှာတွင်သာ ထာဝရ ရပ်တန့်နေခဲ့ခြင်း ဖြစ်၏။
ကောင်းကင်နှင့် မြေကြီး အဖိုးတန် ရတနာများကို စားသုံးကာ အဟန့်အတားအား အတင်းအကျပ် ချိုးဖြတ်ပြီး ကျင့်ကြံခြင်းကို တိုးတက်စေရန် ကြိုးစားခဲ့သော်လည်း သူမ၏ ကျင့်ကြံခြင်း မတည်ငြိမ်သည့် လက္ခဏာများနှင့် ချီစွမ်းအင် ကမောက်ကမဖြစ်မှုများသာ ပေါ်ထွက်လာခဲ့သည်။ အဟန့်အတားကို အတင်းအကျပ် ချိုးဖြတ်ခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမို ဖြစ်ပေါ်စေနိုင်သည်။
ဤအခြေအနေသည် မွေးရာပါ ပါရမီစွမ်းရည်ကြောင့်လည်း ပါဝင်သကဲ့သို့ ယွီခယ်အာ၏ ရင်တွင်းရှိ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုများကြောင့်လည်း ဖြစ်သည်။
တွက်ချက်ကြည့်မည်ဆိုပါက ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်ရှိ စုယွီ၏ အသက်မှာ (၄၂၀) ခန့်သာ ရှိသေးသော်လည်း တကယ်တမ်းတွင် တာအိုနယ်ပယ်နှင့် ပုစဉ်း ပိုးတုံးလုံး အချိန်တာအိုကျင့်စဉ်များကြောင့် သူ၏ အသက်အစစ်အမှန်မှာ (၄၇၀) ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
ယွီခယ်အာ၏ အသက်သည်လည်း သူနှင့် များစွာ ကွာခြားမှု မရှိပါချေ။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် စုယွီက မေးလိုက်သည်။
"သူ အဆင့်ချိုးဖြတ်ဖို့ ကြိုးစားခဲ့သေးလား..."
ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ပြန်ဖြေလိုက်၏။
"နောက်ဆုံးအချိန်တွေမှာ သခင်မလေးက သခင်ကြီး ပို့ပေးလိုက်တဲ့ အရင်းအမြစ်တွေကို သုံးပြီး ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင် အဆင့်ချိုးဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်... ဒါပေမဲ့... နောက်ဆုံးတော့လည်း အောင်အောင်မြင်မြင် မတက်လှမ်းနိုင်ခဲ့ပါဘူး..."
အဆင့်ချိုးဖြတ်ရန် ကျရှုံးခဲ့ခြင်းက သူမ သက်တမ်းမဆွဲဆန့်နိုင်ခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။
စုယွီက မျက်လုံးများကို အချိန်ကြာမြင့်စွာ မှိတ်ထားလိုက်ပြီး တိတ်ဆိတ်နေသော တောအုပ်လေးအတွင်း ညည်းတွားသံ တစ်ချက်သာ ပဲ့တင်ထပ်သွားတော့၏။
ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်က ခေါင်းမော့ကြည့်လိုက်ချိန်တွင် စုယွီမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
"ဆရာ့ဆီ အရင်သွားလိုက်ဦးမယ်..."
ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်က ခေါင်းကို ကုတ်လိုက်ပြီး အပြေးအလွှား လိုက်သွားကာ အော်ပြောလိုက်သည်။
"အာ... သခင်ကြီး ထျန်းယွီ ဒီမှာ မရှိပါဘူး..."
စုယွီက သူ၏ ဂူစံအိမ်နှင့် တာအိုဆရာ ထျန်းယွီ၏ ခြံဝင်းငယ်လေးအတွင်း တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုပြီးနောက် အနောက်မှ လိုက်ပါလာသော ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်ကို အေးအေးဆေးဆေး မေးလိုက်၏။
"မင်း ဆိုလိုတာက... ဆရာ့ရဲ့ ခန္ဓာကိုယ်အစစ်က မိစ္ဆာမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့ သွားပြီးတော့... သူ့ရဲ့ တာအိုကိုယ်ပွားက အင်မော်တယ် တစ်သောင်း နန်းတော် ဆီ သွားပြီး ကြယ်ခူးမျှော်စင်နဲ့ လညွှန်နန်းတော်က အခင်းအကျင်း ပညာရှင်တွေကို သွားခေါ်တယ်ပေါ့ ဟုတ်လား..."
ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်က ခေါင်းညိတ်ကာ အမြီးနှံ့ရင်း လိုက်ပါလာပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ် သခင်ကြီး... အင်မော်တယ် တစ်သောင်း နန်းတော် က နန်းတော်သခင် ကျင်းဟုန်က မကြာသေးခင်က အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အစည်းအဝေးကို ခေါ်ယူပြီး မိစ္ဆာတွေရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့အတွက် သခင်ကြီးရဲ့ ရုပ်တုကြီးကို ထုတ်ယူဖို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အတင်းအကျပ် ဖိအားပေးခဲ့သေးတယ်... ဒါပေမဲ့ စံအိမ်သခင်ဖန်က အဲဒါကို ဟန့်တားခဲ့ပါတယ်…”