← Chapters

အခန်း ၁၀၃၆

Vol. 70 Ch. 1036

အခန်း ၁၀၃၆

Vol. 70 Ch. 1036

အခန်း ၁၀၃၆ -ပစ္စည်းတွေထားခဲ့ပြီး အဝတ်မပါဘဲ ထွက်သွားလိုက်

"ကြယ်တာရာအမြုတေသတ္တုကြော ဟုတ်လား။ အဲဒီကို တပ်မဆယ်ခု ခေါ်သွားလိုက်။ ဘာပဲပေးဆပ်ရပါစေ အဲဒီသတ္တုကြောကို မရရအောင် သိမ်းပိုက်ခဲ့ရမယ်"

"ဘာ... တယ်ကောင်းပါလား။ ဒီသတ္တုကြောကိုသာ သိမ်းပိုက်နိုင်ရင် စွမ်းအင်ကိစ္စအတွက် ကျွန်တော်တို့ ဘယ်တော့မှ ပူစရာလိုတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့အင်အားကို ပိုကြီးမားလာစေဖို့ တခြားစကြဝဠာတွေနဲ့တောင် သယံဇာတတွေ ဖလှယ်လို့ရတယ်"

"ချက်ချင်းထွက်ကြ။ တခြားသူတွေ ရောက်မလာခင် အဲဒီသတ္တုကြောကို ဦးအောင်နေရာယူထား။ အရင်ဦးဆုံးရောက်ရင် ငါတို့ အသာစီးရတယ်"

စကြဝဠာအသီးသီးက စစ်သည်တော်များကို တင်ဆောင်လာသော စစ်သင်္ဘောကြီးများမှာ ကြယ်တာရာအမြုတေသတ္တုကြောဆီသို့ အင်တိုက်အားတိုက် ချီတက်သွားကြသည်။ ဤသည်မှာ မြေပုံပေါ်တွင်မရှိသော စစ်မြေပြင်တစ်ခုဆီသို့ ဦးတည်သွားနေသည့် စစ်ပွဲတစ်ခုပင်။

"စိုးရိမ်နေလား"

စစ်သင်္ဘောတစ်စင်းပေါ်တွင်မူ စစ်သည်နှစ်ယောက်က ရယ်ရယ်မောမောဖြင့် စကားစမြည်ပြောနေကြသည်။

"ဟက်... ဘာကိုစိုးရိမ်ရမှာလဲ။ ငါ့ကိုယ်ငါ သေလူတစ်ယောက်လို့ သတ်မှတ်ထားပြီးသားပါ"

"ကိုယ့်လူရာ... သိပ်ပြီးတော့လည်း အဆိုးမြင်မနေပါနဲ့။ ငါတို့စကြဝဠာက အရမ်းအင်အားကြီးတာ။ ပြီးတော့ ဒီတစ်ခေါက် တပ်မဆယ်ခုတောင် စေလွှတ်ထားတာလေ။ ငါတို့ မနိုင်ခဲ့ရင်တောင် ကြီးကြီးမားမား အထိနာမှာတော့ မဟုတ်ပါဘူး"

ဤစကားကို ပြောလိုက်သူမှာ စစ်မြေပြင်တွင် ရာစုနှစ်တစ်ခုပင် မကြာသေးသော တပ်သားသစ်လေးတစ်ယောက် ဖြစ်၏။

"မင်း နားမလည်ပါဘူးကွာ"

ဝါရင့်စစ်သည်ကြီးက ခါးသက်သက် ပြုံးလိုက်သည်။

"မင်းက တပ်ထဲဝင်တာ သိပ်မကြာသေးတော့ အကြီးစားစစ်ပွဲတွေမှာ မပါဖူးသေးဘူးလေ။ ငါကတော့ ပါဖူးတယ်။ အဲဒီလိုစစ်ပွဲမျိုးကနေ အသက်ရှင်ရက် ပြန်လာနိုင်ခဲ့တာကိုက ငါ ကံကောင်းလွန်းလို့ပဲ"

ထိုဝါရင့်စစ်သည်၏ မျက်လုံးထဲတွင် အတိတ်တုန်းက အသားကြိတ်စက်ကြီးတစ်ခုလို ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင်ကို ပြန်မြင်ယောင်လာသလိုပင်။

"မင်း သိလား။ အဲဒီစစ်ပွဲက သတ္တုကြောသေးသေးလေးတစ်ခုအတွက် ဖြစ်ကြတာ။ ဒါပေမဲ့ စကြဝဠာပေါင်းများစွာက အဲဒါကို လိုချင်မက်မောလွန်းလို့ အဲဒီသတ္တုကြောကို သိမ်းပိုက်ဖို့ တစ်ဖွဲ့ကို အနည်းဆုံးတပ်မငါးခုစီ စေလွှတ်ခဲ့ကြတယ်"

"ငါလည်း အရင်က မင်းလိုပဲ တွေးခဲ့ဖူးတာပေါ့။ ဒါပေမဲ့ တကယ်တမ်း စစ်ပွဲလည်းစရော ငါ ဘယ်လောက်တောင် အတွေးမှားခဲ့လဲဆိုတာ သဘောပေါက်သွားတယ်။ အဲဒီနေရာမှာ အသက်ရှင်ကျန်ရစ်ဖို့ဆိုတာ ကိုယ့်စွမ်းအားပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး။ ကံတရားပေါ်မှာပဲ မူတည်နေတာ။ ငါတို့စေလွှတ်လိုက်တဲ့ တပ်မငါးခုထဲက နှစ်ခုဆိုရင် လုံးဝနီးပါးသုတ်သင်ခံလိုက်ရတာ။ ငါ့တပ်မမှာ စစ်သည်အင်အား တစ်ဆယ်ဘီလီယံကျော် ရှိခဲ့ပေမဲ့ သန်းနှစ်ဆယ်အောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်"

တပ်သားသစ်လေး၏ မျက်လုံးထဲတွင် ရုတ်ခြည်းပင် ထိတ်လန့်မှုအရိပ်အယောင်များ ပေါ်လာသည်။

အသက်ရှင်နိုင်ခြေက ၀.၂%တည်းလား။

"ဒီတစ်ခေါက် ငါတို့က ကြယ်တာရာအမြုတေသတ္တုကြောအတွက် တိုက်ပွဲဝင်ရမှာ။ အဲဒီသတ္တုကြောရဲ့ တန်ဖိုးကို မင်းသိလား။ သူ့စွမ်းအင်က ထိပ်တန်းအဆင့် စွမ်းအင်သလင်းကျောက်တွေထက်တောင် အများကြီးသာတယ်။ ငါတို့စကြဝဠာတစ်ခုတည်းကတင် တပ်မဆယ်ခု၊ စစ်သည်အင်အား နှစ်ရာဘီလီယံအပြည့် စေလွှတ်ထားတာ။ ဒီတစ်ခေါက်စစ်ပွဲမှာ တပ်မပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ၊ ဒါမှမဟုတ် သောင်းနဲ့ချီပြီး ပါဝင်လာနိုင်မလားဆိုတာ ငါတောင် ခန့်မှန်းကြည့်လို့မရဘူး"

"ဟားဟား..."

ဝါရင့်စစ်သည်က ခါးသက်သက် ရယ်မောလိုက်၏။

"ဒီတစ်ခေါက်တော့ ငါတို့ရဲ့အသက်ရှင်နိုင်ခြေက ၀.၀၂ရာခိုင်နှုန်းတောင် ရှိချင်မှရှိတော့မှာကွ"

တပ်သားသစ်လေး၏ လက်ဖဝါးနှစ်ဖက်မှာ ချွေးစို့လာပြီး အကြည့်များကလည်း တည်ငြိမ်နေရာမှ ပျာယာခတ်လာကာ နောက်ဆုံးတွင်မူ အကြောက်တရားအဖြစ် ပြောင်းလဲသွားပါတော့သည်။

...

စိုးရိမ်ထိတ်လန့်စရာကောင်းသော လေထုမှာ စကြဝဠာအသီးသီးရှိ စစ်သင်္ဘောအားလုံးနီးပါးကို ဖုံးလွှမ်းသွားသည်။ အချင်းချင်းဖလှယ်ထားသော ထောက်လှမ်းရေးသတင်းများအရ ဤတစ်ကြိမ်တွင် တပ်မပေါင်းနှစ်သောင်းကျော်အထိ ပါဝင်လာနိုင်သည်ဟု စိုးရိမ်နေကြသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံးနှင့် အကြီးကျယ်ဆုံး စစ်ပွဲကြီးတစ်ခု ဖြစ်လာမည်သာ။

တချို့က သေတမ်းစာများ ရေးနေကြသလို အချို့ကလည်း ဗီဒီယိုများ မှတ်တမ်းတင်နေကြသည်။ အချို့ကမူ မူးယစ်ဆေးများသုံးပြီး မိမိကိုယ်ကိုယ် ထုံထိုင်းသွားအောင် လုပ်နေကြသလို ပိုအဓိပ္ပာယ်မဲ့သည့် အပြုအမူများကိုပါ လုပ်လာကြသည်။ သူတို့အနေနှင့် အကြောက်တရားကို ကျော်လွှားပြီး ခံစားချက်များကို ပေါက်ကွဲထုတ်ပစ်ဖို့ လိုအပ်နေချေသည်။

အကယ်၍ သူတို့သာ ဤစစ်ပွဲက အသက်ရှင်လျက် ပြန်လာနိုင်မည်ဆိုပါက ရှုံးနိမ့်ခဲ့လျှင်ပင် ဂန္တဝင်ပုဂ္ဂိုလ်များ ဖြစ်လာကြပေမည်။

သို့သော် ဤသို့လေးနက်လှသော လေထုမျိုးက IPX-001တပ်ဖွဲ့မှာတော့ လုံးဝမရှိပါချေ။

"ဟေး... ဖုန်း"

"မာကျောက်"

"သေစမ်း... နောက်တစ်ပွဲ ထပ်ကစားမယ်"

...

"မြေရှင်ခေါ်မယ်"

"မခေါ်ဘူး"

"မြေရှင်လုမယ်"

"နှစ်ဆ"

"အထူးနှစ်ဆ"

...

"ချလေ။ အစွမ်းကုန်သုံးပြီး ချစမ်း"

"သောက်ကျိုးနည်း.. မင်း ကစားရောကစားတတ်ရဲ့လား အသုံးမကျတဲ့ကောင်။ မကစားတတ်ရင် ဖယ်လိုက်"

...

IPX-001တပ်ဖွဲ့၏ စစ်သင်္ဘောပေါ်တွင်မူ သပ်ရပ်ညီညာသော တပ်ဖွဲ့စည်းပုံများ၊ တည်ကြည်လေးနက်သော အငွေ့အသက်များ လုံးဝမရှိပါဘဲ အလွန်တက်ကြွပျော်ရွှင်နေသည့် အခြေအနေမှာသာ ရှိနေလေသည်။ ဘယ်သူမှ အသက်ရှင်ဖို့ မသေချာသည့် စစ်ပွဲကြီးထဲကို ဝင်ရောက်သွားသည်နှင့်မတူဘဲ အပျော်ခရီးထွက်နေကြသည့်အတိုင်းပင်။

IPX-001တပ်ဖွဲ့၏ အဘိဓာန်တွင် "ရှုံးနိမ့်ခြင်း"နှင့် "ထိခိုက်သေဆုံးခြင်း"ဟူသော စကားလုံးများက လုံးဝမရှိပါချေ။

IPX-001တပ်ဖွဲ့ စတင်တည်ထောင်ချိန်ကစ၍ စစ်ဆင်ရေးရာပေါင်းများစွာကို ဆင်နွှဲခဲ့သည်။ ရန်သူက အင်အားအဆပေါင်းများစွာ သာလွန်နေချိန်မှာပင် ယနေ့အထိ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်သေဆုံးဖူးခြင်း မရှိပေ။

"ထောက်လှမ်းရေးသတင်းတွေ ရပြီလား"

ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်မှ သူနှင့်အရင်းနှီးဆုံး ကျောင်းသားအချို့နှင့်အတူ ထိန်းချုပ်ခန်းထဲတွင် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ရင်း မေးလိုက်သည်။

"ဒီတစ်ခေါက် တပ်မဘယ်လောက် ပါဝင်လာလဲ"

"ကျောင်းအုပ်ကြီး... ကျွန်တော် စုံစမ်းရသလောက်တော့ ဒီကြယ်တာရာအမြုတေသတ္တုကြောကို လုယူဖို့ စကြဝဠာပေါင်းသုံးထောင်ကျော်က ဝင်ရောက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ဒေသမှာရှိတဲ့ စစ်တိုက်နိုင်စွမ်းရှိတဲ့ မျိုးနွယ်စုအားလုံးနီးပါး ပါဝင်လာတာပါ"

"ဝိုး... တော်တော်ဆွဲဆောင်မှုရှိတာပဲ"

"တခြားနည်းလမ်းမှမရှိတာ။ စစ်မြေပြင်မှာဆိုရင် ကျွန်တော်တို့စကြဝဠာက လက်ရှိ အဆင့်မြင့်အာကာသနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်ထားတာလေ။ သူတို့ရဲ့စွမ်းအင်တွေက ကမ္ဘာခြားစစ်မြေပြင်က သယံဇာတတွေအပေါ်မှာ မှီခိုနေရတာဆိုတော့ ဒီကြယ်တာရာအမြုတေသတ္တုကြောက စကြဝဠာတစ်ခုလုံးရဲ့ စုစုပေါင်းစွမ်းအင်ထက်တောင် ပိုပြီးကြောက်စရာကောင်းလောက်အောင် များပြားနေနိုင်တယ်။ ဒါကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်တာ သဘာဝပါပဲ"

"စုစုပေါင်း တပ်မဘယ်လောက်ရှိလဲ"

"သာမန်မျိုးနွယ်စုတွေက တပ်မငါးခုကနေ ဆယ်ခုအထိ စေလွှတ်ကြပြီး အကြီးဆုံးအဖွဲ့တွေကတော့ သူတို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ပြသတဲ့အနေနဲ့ တပ်မခြောက်ဆယ်ကျော်အထိ စေလွှတ်ထားတယ်လို့ ကြားရပါတယ်။ စုစုပေါင်းတပ်မအရေအတွက်က နှစ်သောင်းကျော်လောက် ရှိပါလိမ့်မယ်"

"လူတွေအများကြီးရှိတော့ရော ဘာထူးမှာလဲ။ ကျွန်တော်တို့မှာ တပ်မတစ်ခုတည်း ရှိရင်တောင် အဲဒီသတ္တုကြောကို သိမ်းပိုက်နိုင်တယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ရဲ့ IPX-001တပ်ဖွဲ့နာမည်ကို ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံး အုံးအုံးကျက်ကျက်ဖြစ်အောင် လုပ်ပြရမယ်။ ကျွန်တော်တို့ နာမည်ကောင်းရအောင် လုပ်ဖို့လိုတယ်"

"ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"

"ကျောင်းအုပ်ကြီး.. နောက်ထပ်ငါးနာရီခြောက်နာရီလောက် ကြာပါဦးမယ်"

"ဝိုး... ဒါဆို နောက်ထပ်နှစ်ပွဲသုံးပွဲလောက် ဆော့ဖို့ အချိန်ရသေးတာပေါ့။ ဂိမ်းထဲ ဝင်လိုက်ကြ"

"တီမီ"

...

"တပ်မှူးကို သတင်းပို့ပါတယ်။ ကီလိုမီတာငါးသိန်းအကွာမှာ မဟာမိတ်တပ်ပေါင်းစုတစ်ခုကို တွေ့ရှိထားပါတယ်။ အင်အားအရွယ်အစားကတော့ စံသတ်မှတ်ချက် တပ်မ၁၂ခုစာလောက် ရှိပါတယ်"

"ချလိုက်။ အဲဒီကောင်တွေကို ချလိုက်"

ကျန်းမုန့်လောင်က လက်ထဲရှိ ဂိမ်းကို အသည်းအသန် ကစားရင်း မေးလိုက်၏။

"ဘယ်မျိုးနွယ်စုလဲ။ ရန်သူလား။ မဟာမိတ်လား"

"တပ်မှူးကို သတင်းပို့ပါတယ်။ စကြဝဠာအမှတ်၁၅၇ကပါ။ သူတို့က လက်ရှိမှာ ကျွန်တော်တို့နဲ့ ဘာပဋိပက္ခမှမရှိဘဲ ကြားနေအခြေအနေမှာ ရှိပါတယ်"

"ကြားနေဆိုရင်လည်း သူတို့ဟာသူတို့ နေပါစေ။ ဆက်ချီတက်ကြ"

"ဒါပေမဲ့ တပ်မှူး... သူတို့ဘက်က တပ်မှူးတစ်ယောက်က ဆက်သွယ်မှုတောင်းဆိုလာပါတယ်။ တပ်မှူးနဲ့ ကိုယ်တိုင်စကားပြောချင်တယ်တဲ့"

"ကောင်းပြီ။ အသံချဲ့စက် ဖွင့်လိုက်"

ကျန်းမုန့်လောင်က ခေါင်းတစ်ချက်မမော့ဘဲ ပြောလိုက်လေသည်။

"ငါက စကြဝဠာအမှတ်၁၅၇က အဋ္ဌမမြောက်တပ်မရဲ့ တပ်မှူးပဲ။ မင်းတို့က စကြဝဠာအမှတ်၇ရဲ့ ဘယ်တပ်ဖွဲ့ကလဲ"

"IPX-001တပ်ဖွဲ့က ကျန်းမုန့်လောင်"

တစ်ဖက်လူခမျာ ခဏတာ တိတ်ဆိတ်သွားသည်။ သေချာသည်မှာ သူတို့အနေနှင့် ထူးဆန်းလှသော တပ်ဖွဲ့နာမည်မျိုးကို တစ်ခါမှ မကြားဖူးခြင်းပင်ဖြစ်ရမည်။

"တပ်မတစ်ခုတည်းနဲ့ လာသေရဲတယ်ဆိုတော့ မင်းတို့ တော်တော်သတ္တိရှိတာပဲ။ ဒီစစ်ပွဲက စကြဝဠာအမှတ်၇အနေနဲ့ ဝင်ရောက်ပတ်သက်ဖို့ အရည်အချင်းပြည့်မီတဲ့ပွဲမျိုး မဟုတ်ဘူး။ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိတာကို ထောက်ထားပြီး မင်းတို့ကို အခုချက်ချင်းဆုတ်ခွာဖို့ အကြံပေးပါရစေ"

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ထွက်သွားဖို့ အစီအစဉ်မရှိပါဘူး။ ခင်ဗျားတို့ပဲ အရင်ထွက်သွားတာ ပိုကောင်းမယ်ထင်တယ်။ တိုက်ပွဲစတဲ့အခါ ခင်ဗျားတို့ပါ ကြားညပ်ပြီး မြေစာပင်ဖြစ်သွားရင် မကောင်းဘူးလေ"

"ဟားဟားဟား..."

တစ်ဖက်မှ ရယ်မောသံများ ထွက်ပေါ်လာသည်။

"ငါတို့ကို ထိခိုက်အောင်လုပ်မယ် ဟုတ်လ။ စကြဝဠာအမှတ်၇က တပ်မတစ်ခုတည်းနဲ့များ"

"ပြောစရာရှိသေးလား။ ငါ ဂိမ်းဆော့နေလို့ မအားဘူး။ ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်"

"ဟွန့်... ကောင်းကောင်းပြောနေတာကို နားမဝင်ဘူးဆိုတော့လည်း မင်းတို့ကို ဘယ်နေရာမှာပဲ တိုက်တိုက် အတူတူပါပဲ။ မင်းတို့ကိုပဲ အရင်ဖျက်ဆီးပစ်ရတာပေါ့"

ရန်သူ့တပ်မှူးက ရယ်မောလိုက်သည်။ ဤစစ်ပွဲ၏အတိုင်းအတာက အလွန်ကြီးမားလွန်းသောကြောင့် ပြိုင်ဘက်တစ်ယောက်ကို အရင်ဖယ်ရှားလိုက်နိုင်ခြင်းမှာ သူတို့၏ အခွင့်အရေးကို ပိုမြင့်တက်စေမည်ဖြစ်ရာ ကျန်းမုန့်လောင်၏တပ်မကို သုတ်သင်ပစ်ဖို့ စီစဉ်လိုက်ခြင်းပင်။

"ငါ မင်းကို နောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်။ မင်းတို့နဲ့ ထိပ်တိုက်မတွေ့ချင်သေးဘူး။ အခုချက်ချင်း နောက်ပြန်လှည့်။ မဟုတ်ရင် မင်းတို့ကို တိုက်ခိုက်ရလိမ့်မယ်"

"မင်းတို့က တိုက်ချင်လို့လား"

ကျန်းမုန့်လောင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာလေသည်။

"အဲဒါက မင်းရဲ့သဘောထားအပေါ်မှာပဲ မူတည်တယ်"

"ကောင်းပြီလေ... ဒီအခြေအနေအထိ ရောက်လာမှတော့လည်း"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"အစကတော့ မင်းတို့ကို အလွတ်ပေးလိုက်မလို့ပဲ။ ဒါပေမဲ့ အခုတော့ လိုမယ်မထင်တော့ဘူး။ ကောင်းကောင်းနားထောင်... မင်းတို့ဆီမှာရှိတဲ့ ပစ္စည်းတွေအကုန်ထားခဲ့။ ပြီးရင် အဝတ်ဗလာနဲ့ လစ်ကြတော့"

************************

All Chapters