အခန်း ၁၀၃၇
Vol. 70 Ch. 1037
အခန်း ၁၀၃၇ - ပေါက်ကွဲခြင်းအနုပညာ
"ဆီဒက်.. သူ ဘာပြောလိုက်တာလဲ"
စကြဝဠာအမှတ်၁၅၇ရှိ တပ်မှူးတစ်ယောက်က မေးလိုက်လေသည်။
"သူတို့က ငါတို့တွေကို အကုန်ထားခဲ့တဲ့။ စစ်သင်္ဘောတွေ လက်နက်တွေ ကိရိယာတွေ ကိုယ်မှာဝတ်ထားတဲ့ အဝတ်အစားတွေအထိ အကုန်ချွတ်ပြီး ကိုယ်လွတ်ရုန်းပြေးဖို့ပြောနေတာ"
ဆီဒက်ဟုခေါ်သော တပ်မှူးက ပြောလိုက်လေသည်။ သူ့မျက်နှာကား ပြုံးနေသော်လည်း ဒေါသအငွေ့အသက်တစ်ခုကိုလည်း ဖုံးကွယ်ထားသည်။
"ပြိုင်ဘက်တွေက ဘယ်စကြဝဠာကလဲ။ သူတို့ရဲ့စစ်အင်အားကရော ဘယ်လောက်ရှိလဲ"
"စကြဝဠာအမှတ်၇က အမှိုက်တွေလေ။ တပ်ဖွဲ့လေးတစ်ခုတည်းပါ"
ဆီဒက်ကလည်း လှောင်ပြောင်လိုက်၏။
"စကြဝဠာအမှတ်၇ ဟုတ်လား။ ကမ္ဘာခြားစစ်မြေပြင်မှာ တတိယတန်းစားအဆင့်လို့တောင် သတ်မှတ်လို့မရတဲ့ သူတို့က တပ်ဖွဲ့တစ်ခုတည်းနဲ့ ဒီကိုလာပြီး သေကြောင်းကြံနေတာလား"
"သူတို့တပ်ဖွဲ့ရဲ့ ကုတ်နံပါတ်ကို တစ်ခါမှမကြားဖူးဘူး။ ဒါမှမဟုတ် အသစ်ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ပဲဖြစ်မယ်။ စကြဝဠာအမှတ်၇ရဲ့ အခြေအနေကို သေချာမသိဘဲ လာတာနေမှာပါ"
"ဆီဒက်.. စကြဝဠာအမှတ်၇ကို တအားလျှော့မတွက်နဲ့နော်"
အခြားတပ်မှူးတစ်ယောက်က ဝင်ပြောလေသည်။
"စကြဝဠာအမှတ်၇ရဲ့အင်အားက တော်တော်အားနည်းတယ်ဆိုပေမဲ့ အခုနောက်ပိုင်း သူတို့ရဲ့ဂုဏ်သတင်းက တော်တော်ကြီးလာတယ်"
"ဪ"
"သူတို့ရဲ့ ၁၉၂တပ်ဖွဲ့က ကျားပျံတပ်ဖွဲ့ဆိုတဲ့ အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထားတယ်တဲ့။ လူအယောက်ခြောက်ရာကျော်လောက်ပဲ ရှိပေမဲ့ အဖွဲ့ဝင်တိုင်းက အရမ်းသန်မာတယ်။ သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကလည်း စံနှုန်းမီအခြေစိုက်မြို့တော်တစ်ခုနဲ့တောင် ယှဉ်နိုင်တယ်တဲ့"
"တကယ်ကြီးလား"
ဆီဒက်ခမျာ မအံ့ဩဘဲ မနေနိုင်ချေ။
"စကြဝဠာအမှတ်၇ကို ရန်သူလိုသဘောထားတဲ့ အခြေစိုက်စခန်းမြို့တော်တွေလည်း သူတို့တိုက်ခိုက်တာကို ခံခဲ့ရတယ်။ သူတို့ပစ်မှတ်ထားလိုက်တဲ့ အခြေစိုက်စခန်းမြို့တော်တိုင်း ကပ်ဘေးက မလွတ်ခဲ့ဘူး။ သူတို့ရဲ့ခွန်အားက အဆင့်ခုနစ်အထွတ်အထိပ်အဆင့်သက်ရှိလောက် ရှိလိမ့်မယ်"
"ဘာပဲဖြစ်ဖြစ် တပ်ဖွဲ့တစ်ခုတည်းပဲဟာကို။ သူတို့တပ်ဖွဲ့တစ်ခုလုံးက ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ရင် ဒါမျိုးက စစ်ဆင်ရေးသေးသေးလေးတွေအတွက်ပဲ သင့်တော်တယ်။ ကြောက်စရာမလိုပါဘူး"
"ငါနားလည်ပါတယ်။ ငါက ဒီစကြဝဠာကို လျှော့မတွက်ဖို့ သတိပေးချင်ရုံပါ"
"စကြဝဠာအမှတ်၁၅၇... တပ်ဖွဲ့ဝင်အားလုံး တိုက်ခိုက်ရေးပုံစံကိုပြောင်းကြ။ စကြဝဠာအမှတ်၇က တပ်ဖွဲ့တစ်ခုတည်းနဲ့ ငါတို့ကို ဘယ်လိုစိန်ခေါ်မလဲဆိုတာ ကြည့်ချင်သေးတယ်"
"တပ်မှူးကို သတင်းပို့ပါတယ်။ တိုက်ခိုက်ဖို့ ပြင်ဆင်ပြီးပါပြီ။ အချိန်မရွေး တိုက်ခိုက်လို့ရပါပြီ"
"ပထမတပ်ရင်း.. စကြဝဠာအမှတ်၇ရဲ့ IPX-001တပ်ဖွဲ့ကို ပစ်မှတ်ထား။ သူတို့ကို အရင်နှုတ်ဆက်ပေးလိုက်ကြစို့"
"ဟုတ်ကဲ့"
….
"တပ်မှူး.. သူတို့ဘက်က တိုက်ခိုက်လိုက်ပါပြီ"
ကီလိုမီတာငါးသိန်းအကွာဆိုသည်မှာ ယခုလို အဆင့်မြင့်တိုက်ပွဲများအတွက်မူ မျက်နှာချင်းဆိုင်တိုက်ခိုက်ခြင်းနှင့် မခြားပေ။
"ကွမ်တမ်နယ်ပယ်စက်ကွင်းကိုဖွင့်လိုက်"
"ဟုတ်ကဲ့"
စစ်သင်္ဘောအုပ်စု၏ အရှေ့ဆုံးတွင် အလင်းတန်းအမြောက်များနှင့် အမှုန်အမြောက် အမြောက်အများထွက်ပေါ်လာပြီး တောက်ပလှသော ထိုအလင်းရောင်ကြောင့် ကြယ်တစ်စင်းထဲတွင် ပိတ်မိနေသလို ခံစားရသည်။
သို့သော် စစ်သင်္ဘောအုပ်စု၏ အပြင်ဘက်မီတာရာဂဏန်းအကွာမှာပင် ထိုအလင်းတန်းများက ထောင်ချောက်တစ်ခုထဲသို့ သက်ဆင်းသွားသည့်နှယ်။ သူတို့၏ စွမ်းအင်များ ချက်ချင်းလျော့ကျသွားပြီး နယ်ပယ်ကို ဖြတ်ကျော်သွားချိန်တွင်မူ မူလစွမ်းအင်၏ တစ်သောင်းပုံတစ်ပုံပင် မကျန်တော့ပေ။
လက်ကျန်စွမ်းအင်များက IPX-001တပ်ဖွဲ့၏ စစ်လေယာဉ်များကို လာထိသော်ငြား ယာဉ်ကိုယ်ထည်၏ ဆေးသားလေးပင် ပွန်းပဲ့သွားခြင်းမရှိချေ။
…
"တပ်မှူး.. ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုတွေ လုံးဝဟန့်တားခံလိုက်ရပါတယ်"
"မဖြစ်နိုင်တာ"
ဆီဒက်၏မျက်နှာထက်တွင် မယုံကြည်နိုင်လေဟန် အမူအရာတစ်ခု အထင်းသား ပေါ်လွင်နေချေသည်။
သူတို့အနေနှင့် စကြဝဠာအမှတ်၇နှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသော်လည်း စစ်ပွဲတွင် အောင်နိုင်ရန်အတွက် ရန်သူ့အကြောင်း လိုအပ်သည်ဖြစ်ရာ သူတို့၏မှတ်တမ်းထဲတွင် စကြဝဠာအမှတ်၇၏ စစ်သည်များနှင့် လက်နက်များအကြောင်း အချက်အလက်အများကြီး ရှိထားပြီးသားပင်။
သူတို့၏အာကာသယာဉ်များက သိပ်ခေတ်နောက်မကျသေးသော်လည်း နည်းပညာပိုင်းတွင် ကွာဟချက်ရှိနေဆဲပင်။ ဤတိုက်ခိုက်မှုက ပြင်းထန်လှသော ထိခိုက်မှုမျိုး မဖြစ်စေလျှင်ပင် ရန်သူ့အာကာသယာဉ်များကို အနည်းငယ်တော့ ထိခိုက်စေမည်သာ။
"သူတို့ ဘယ်လိုနည်းလမ်းနဲ့ ဟန့်တားလိုက်တာလဲ"
"မသိရပါဘူး။ ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေက သူတို့အာကာသယာဉ်တန်းနဲ့ အကွာအဝေးတစ်ခုကို ရောက်ရင် စွမ်းအင်တစ်သောင်းပုံတစ်ပုံအောက် လျော့သွားပါတယ်။ ကျွန်တော်တို့ရဲ့မှတ်တမ်းထဲမှာ စကြဝဠာအမှတ်၇က ဒီလိုခုခံရေးစနစ်မျိုး မရှိပါဘူး"
"တခြားစကြဝဠာတွေကရော"
ဆီဒက်က မေးလိုက်လေသည်။ စကြဝဠာအမှတ်၇သည် စကြဝဠာအချင်းချင်း ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်လေရာ မိတ်ဆွေပေါများလှသဖြင့် နည်းပညာဖလှယ်မှုမျိုး ရှိနိုင်သည်ဟု တွေးလိုက်မိသည်။
"တပ်မှူး.. တခြားစကြဝဠာတွေရဲ့ အာကာသယာဉ်တွေမှာလည်း ဒီလိုခုခံရေးစနစ်မျိုး မတွေ့ရပါဘူး"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဆီဒက်၏စိတ်ထဲတွင် ရှင်းပြ၍မရနိုင်သော စိုးရိမ်စိတ်တစ်ခု ပေါ်ပေါက်လာသည်။
…
"တပ်မှူး.. သူတို့ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အာကာသယာဉ်တွေလည်း ဘာမှမဖြစ်ပါဘူး။ ပြန်တိုက်ရမလား"
"အထူးပေါင်းစပ်လက်နက်အတွက် အာကာသယာဉ်တန်းပြုပြင်မှုတွေ လုပ်ပြီးပြီလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ပြီးပါပြီ။ ဒါပေမဲ့ လက်ရှိစွမ်းအားက အများဆုံးစွမ်းအားရဲ့ ၅၃ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။ ထပ်ပြီးချိန်ညှိဖို့ လိုပါတယ်"
"လုံလောက်ပါပြီ။ အဲဒါနဲ့ပဲ တစ်ချက်ပစ်ကြည့်လိုက်။ ငါတို့ စကြဝဠာအမှတ်၇က ငြိမ်ခံနေတတ်တဲ့ အမျိုးအစားထဲက မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ"
"ဝှစ်"
ရွှေရောင်အလင်းတန်းတစ်ခုက အလင်းအမြန်နှုန်း၏ တစ်ဆယ်ရာခိုင်နှုန်းနှင့် စကြဝဠာအမှတ်၁၅၇၏ အာကာသယာဉ်တန်းဆီသို့ ပစ်လွှတ်လိုက်သည်။
"တပ်မှူး.. သူတို့ တန်ပြန်တိုက်ခိုက်နေပါပြီ။ တစ်ချက်တည်းပါ"
"ဟမ့်.. စကြဝဠာအမှတ်၇က လက်နက်တွေက သာမန်တွေပါ။ ငါတို့ရဲ့လျှပ်စစ်သံလိုက်စက်ကွင်းက အဲဒါကို လုံးဝကာထားပေးနိုင်တယ်"
အမှန်ပင်။ အလင်းတန်းက အာကာသယာဉ်တန်းနားသို့ မရောက်ခင်မှာပင် အပြာရောင်ဒိုင်းက အထူးပေါင်းစပ်လက်နက်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။
ပင့်ကူအိမ်ထဲတွင် ပိတ်မိသွားသည့် ပိုးကောင်လေးတစ်ကောင်အလား သူတို့၏ဒိုင်းက ထိုလက်နက်ကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားနိုင်လိုက်သည်။
"ဟားဟားဟား… အသုံးမကျတဲ့ စကြဝဠာဆိုတာကတော့ ဘယ်အသုံးကျမလဲ။ ဒီနည်းပညာအဆင့်လောက်ပဲ ရှိတာကိုး"
"အဲဒီလက်နက်က ဘာကြီးလဲ"
အခြားတပ်မှူးများက ရေခဲသလင်းကျောက်ပုံစံ အထူးပေါင်းစပ်လက်နက်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
"အလင်းတန်းလက်နက်လည်း မဟုတ်ဘူး။ အမှုန်လက်နက်လည်း မဟုတ်ဘူး။ ရှေးဟောင်းလက်နက်တစ်မျိုးများလား"
"ဟင်.. အဲဒါက အက်ကွဲနေတာလား"
"မဟုတ်ဘူး။ ဒီပစ္စည်းက တစ်ခုခုတော့လွဲနေပြီ"
သူတို့ ကြည့်နေစဉ်မှာပင် ရေခဲသလင်းကျောက်ခွံက ကွဲအက်လာပြီး မျက်စိနှင့်မမြင်နိုင်လောက်အောင် သေးငယ်လှသော အမှုန်နှစ်ခုက တစ်စက္ကန့်ကို ကီလိုမီတာရာဂဏန်းရှိသည့် အမြန်နှုန်းနှင့် တိုက်မိကာ ပေါင်းစပ်ဓာတ်ပြုမှု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များ ချက်ချင်းပေါက်ကွဲထွက်လာလေသည်။
ကြယ်တစ်စင်းပေါက်ကွဲသည်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော စွမ်းအင်များက အချင်းကီလိုမီတာနှစ်ရာကျော်ရှိသည့် မီးလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး အာကာသယာဉ်ပေါင်းသောင်းဂဏန်းကို ဝါးမျိုပစ်လိုက်သည်။
အာကာသယာဉ်၏ ခုခံရေးစနစ်များက ဤစွမ်းအင်ကို လုံးဝမတားဆီးနိုင်ခဲ့ပေ။ အလွန်ပြင်းထန်လှသော အပူရှိန်ကြောင့် အာကာသယာဉ်၏ သံမဏိကိုယ်ထည်များ ချက်ချင်းအရည်ပျော်သွားပြီး စစ်သည်များလည်း ကြယ်တစ်စင်းပေါက်ကွဲသလို တောက်ပနေသော အလင်းရောင်ကိုသုာ မြင်လိုက်ရသည်။
"တပ်မှူးကို အစီရင်ခံပါတယ်။ စစ်သင်္ဘောအမှတ်၁ အဆက်အသွယ်ပြတ်တောက်သွားပါပြီ"
"စစ်သင်္ဘောအမှတ်၁ အဆက်အသွယ်ပြတ်သွားပါပြီ"
…
"စစ်သင်္ဘောအမှတ်၂၇၁၂၁ အဆက်အသွယ်ပြတ်သွားပါပြီ"
တစ်မိနစ်မပြည့်သေးခင်မှာပင် စစ်သင်္ဘောပေါင်း ၂၇၁၂၁စင်း ပျက်စီးသွားပြီး သေဆုံးသူဦးရေသန်းလေးရာကျော်သွားချေပြီ။
"အဲဒါက ဘာကြီးလဲ"
ဆီဒက်၏သူငယ်အိမ်များ တုန်ယင်နေချေသည်။ သူ့မှာ ဤမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေမိသည်။ ဤမျှကြီးမားလှသော ပျက်စီးမှုက ရေခဲသလင်းကျောက်လေးတစ်တုံးကြောင့် ဖြစ်သွားခြင်းလေလား။
"အဲဒါ ဟိုလက်နက်ပဲ"
တပ်မှူးတစ်ယောက်က အထိတ်တလန့် အော်ဟစ်လိုက်သည်။
"တလောတုန်းက စကြဝဠာတော်တော်များများရဲ့ အခြေစိုက်စခန်းမြို့တော်တွေလည်း အဲဒီလိုလက်နက်မျိုးနဲ့ တိုက်ခိုက်ခံရတယ်လို့ကြားတယ်။ တစ်ချက်ပစ်လိုက်တာနဲ့ အခြေစိုက်စခန်းမြို့တော်တစ်ခုလုံး ပျက်စီးသွားတာတဲ့။ ကံကောင်းတဲ့လူပဲ အသက်ရှင်တာ။ မဟုတ်ရင် ဘာမှတောင်ကျန်မှာမဟုတ်ဘူး။ ဒီလက်နက်ကို စကြဝဠာအမှတ်၇က တီထွင်တာလား"
"မင်း ကြားဖူးလို့လား"
"မင်းဘာသာ ရှာကြည့်လိုက်"
ဆီဒက်လည်း အချက်အလက်များကို တိတ်တဆိတ်စစ်ဆေးလိုက်သည်။ "ထူးကဲသော တိုက်ခိုက်ရေးပြင်းအား"၊ "အလွန်များပြားလှသော ပျက်စီးမှုဧရိယာ"၊ "ခုခံရန်နည်းလမ်းမရှိ" ဟူသော စကားလုံးသုံးလုံးက သူ့ကို အကြောက်တရားများ လွှမ်းခြုံသွားစေသည်။
"အဆင့်ခုနစ်သက်ရှိတွေကို ချက်ချင်းသတ်ဖြတ်နိုင်ပြီး ပေါက်ကွဲရာနေရာမှာရှိတဲ့ အဆင့်ရှစ်သက်ရှိတွေတောင် အပြင်းအထန်ဒဏ်ရာရနိုင်တယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ လက်နက်မျိုးက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
….
"တပ်မှူးကို သတင်းပို့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရန်သူ့စစ်သင်္ဘော ၂၇၁၂၁စင်း ပျက်စီးသွားပြီး ရန်သူသန်းလေးရာကျော် သေဆုံးသွားပါတယ်"
IPX-001တပ်ဖွဲ့ဝင်တစ်ဦးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
"ဘန်း.. ပေါက်ကွဲခြင်းက အနုပညာတစ်ရပ်ပဲ"
ကျန်းမုန့်လောင်က စကြဝဠာအမှတ်၁၅၇၏ ဆက်သွယ်ရေးစနစ်ကို ပြန်ချိတ်ဆက်ပြီး ပြောလိုက်၏။
"ကိုယ့်လူ စိတ်လှုပ်ရှားသွားပြီလား။ ငါ့အမြောက်ကြီးကို ကောင်းကောင်းအရသာခံလိုက်ရရဲ့လား"
"မင်း.. မင်းရဲ့လက်နက်က ဘာအမျိုးအစားလဲ"
"အီတလီအမြောက်ပဲ။ မိုက်တယ်မလား"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။
"ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ခုနတုန်းက ငါပြောတဲ့အတိုင်း လုပ်။ မဟုတ်လို့ကတော့ နောက်တစ်ကြိမ်ဆိုရင် ဒါမျိုးတစ်ချက်နဲ့တင် မပြီးဘူးနော်"
*******************