အခန်း ၁၀၃၈
Vol. 70 Ch. 1038
အခန်း ၁၀၃၈ - နည်းပညာဆိုတာ မူလထုတ်လုပ်မှုစွမ်းအားပဲ
"အီတလီအမြောက်တဲ့လား။ ဒါက ဒီလိုလက်နက်မျိုးရဲ့ စွမ်းအားလား"
အစအနပင် မကျန်တော့ဘဲ လုံးဝပြာကျသွားပြီဖြစ်သော ရှေ့တန်းတပ်ဦးကို ဆီဒက်ခမျာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
ဤတစ်ကြိမ်တွင် သူတို့ စစ်သင်္ဘောငါးသန်းကျော်ကို စေလွှတ်ခဲ့သည်ဖြစ်ရာ မည်သူမှမယှဉ်နိုင်လောက်အောင် အင်အားကြီးမားပုံရသော်လည်း ယခုလေးတင် စကြဝဠာအမှတ်၇ဘက်က တစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် သူတို့၏ယာဉ်တန်းမှာ အစီးရေနှစ်သောင်းကျော် ဆုံးရှုံးခဲ့ရလေပြီ။
ကြောက်စရာအကောင်းဆုံးမှာ ဤလက်နက်၏ ဖျက်ဆီးနိုင်စွမ်းကို နားလည်ထားသည်ကလွဲ၍ ကျန်အချက်များကို သူတို့ လုံးဝမသိခြင်းပင်။ ထိုအရာကို မည်သို့ကာကွယ်ရမလဲဆိုသည်မှာမူ ဆိုဖွယ်ရာပင် မရှိပေ။
သူတို့ဆီတွင် ယခုလိုလက်နက်မျိုး ဘယ်လောက်တောင် ရှိနေသေးသလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ သို့သော် ကျန်းမုန့်လောင် အစောပိုင်းက ခြိမ်းခြောက်သွားသည့် စကားအရဆိုလျှင် အရေအတွက်က နည်းမည်မဟုတ်ကြောင်း သေချာလှသည်။
အများကြီးပင် မလိုပေ။ အကယ်၍ တစ်ဖက်လူက အချက်တစ်ရာလောက်သာ ပစ်လိုက်မည်ဆိုလျှင် သူတို့၏ယာဉ်တန်းလည်း ခဏတွင်းချင်းမှာပင် ထက်ဝက်ကျော် ပျက်စီးသွားမည်ဖြစ်ပြီး နောက်ထပ် အချက်အနည်းငယ် ထပ်ပစ်လိုက်ပါက လုံးဝကုန်ခမ်းသွားနိုင်ချေရှိသည်။
"သေစမ်း"
ဆီဒက်လည်း စားပွဲကို ဆောင့်ထုလိုက်၏။
"သူကများ ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ။ သူတို့လို စကြဝဠာအမှတ်၇အသေးစားလေးက ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့"
ဆီဒက်ကိုယ်တိုင်ကတော့ ထိုလက်နက်မျိုးကို ကြောက်ရွံ့ခြင်းမရှိပေ။ လက်နက်က အစွမ်းထက်လှသည်ဆိုသော်လည်း အဆင့်ရှစ်သက်ရှိတစ်ယောက်အနေနှင့် သူ သတိမထားမိဘဲ လာမထိသရွေ့ ပေါက်ကွဲမှုမဖြစ်ခင် ရှောင်တိမ်းနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဤလက်နက်က သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။
သို့သော် သူ့ယာဉ်တန်းကမူ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ အီတလီအမြောက်၏ အမြန်နှုန်းမှာ အလင်းအမြန်နှုန်း၏ တစ်ဆယ်ရာခိုင်နှုန်းရှိလေရာ သူတို့၏ယာဉ်တန်းမှာ လွတ်မြောက်ရန်အတွက် အချိန်မီ အရှိန်မတင်နိုင်ဘဲ အသေခံပစ်မှတ်များသဖွယ် ဖြစ်နေတော့သည်။ သူ လွတ်မြောက်သွားလျှင်ပင် ယာဉ်တန်းကြီးတစ်ခုလုံး ပျက်စီးသွားပါက ဤစစ်ချီမှုမှာ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
ဤစစ်ချီတက်မှုအတွက် အခွင့်အရေးရလာစေရန် သူ အလွန်ကြိုးစားအားထုတ်ခဲ့ရသည်။ စစ်မြေပြင်သို့ မရောက်ခင်မှာပင် သူတို့သာ ပျက်စီးသွားခဲ့လျှင် မိမိတို့စကြဝဠာသို့ ဘယ်မျက်နှာနှင့် ပြန်ရမည်နည်း။
ဆက်လက်တိုက်ခိုက်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။ ဤသို့သောဆုံးရှုံးမှုကြီးကို သူတို့ ခံနိုင်ရည်မရှိချေ။
သူ့စိတ်ထဲတွင် အပြင်းအထန် တွက်ချက်နေမိသည်။ တစ်ဖက်လူတွင် တပ်ဖွဲ့တစ်ခုတည်းသာရှိသော်ငြား သူတို့တွင် တပ်ဖွဲ့ဆယ်ခုရှိပြီး သူတို့၏ တပ်ဖွဲ့တစ်ခုသည် ရန်သူ၏ တပ်ဖွဲ့ဆယ်ခုနှင့် ညီမျှသည်။ တစ်နည်းအားဖြင့် သူတို့ဘက်ရှိ အဆင့်ရှစ်သက်ရှိအရေအတွက်မှာ ရန်သူ့ထက် အဆပေါင်းများစွာ ပိုများနေပေသည်။
အကယ်၍ သူတို့သာ ရန်သူ့စစ်သင်္ဘောကို ချက်ချင်းဝင်ရောက်စီးနင်းပြီး တပ်မှူးကို သတ်ပစ်နိုင်မည်ဆိုပါက တစ်တပ်လုံး သဲမှုန်များလို ဖရိုဖရဲဖြစ်သွားမည်ဖြစ်ရာ မည်မျှပင် အစွမ်းထက်သော လက်နက်ဖြစ်စေ အသုံးဝင်တော့မည် မဟုတ်ပေ။
ကံကောင်းလျှင် အီတလီအမြောက်ဟုခေါ်သော ဤလက်နက်ကိုပင် သိမ်းပိုက်နိုင်မည်။ နောက်ပိုင်းတိုက်ပွဲများတွင် သူတို့အတွက် များစွာအထောက်အကူဖြစ်သဖြင့် နောက်ဆုံးအနိုင်ရသူများပင် ဖြစ်လာနိုင်သည်။
"မကောင်းတဲ့အကြံအစည်တွေ မတွေးနဲ့နော်။ မင်းတို့ ဘာကြံနေလဲဆိုတာ ငါသိတယ်"
ကျန်းမုန့်လောင်၏ အသံက ထပ်ထွက်လာပြန်သည်။
"ငါတို့လက်နက်က ပစ်ဖို့ တစ်စက္ကန့်ပဲ အချိန်ယူရတယ်။ မင်းတို့အနေနဲ့ တစ်စက္ကန့်အတွင်း ငါတို့အားလုံးကို အပြတ်ရှင်းနိုင်မယ်ထင်ရင်တော့ ဝင်လာခဲ့လိုက်လေ"
"ဒါမှမဟုတ် မင်းတို့က ကိုယ်လုံးတီးနဲ့ ငါတို့ရဲ့အီတလီအမြောက်ကို စိန်ခေါ်ချင်လို့လား။ မင်းတို့ခန္ဓာကိုယ်က ပိုမာလား။ ငါ့လက်နက်ကပဲ ပိုစွမ်းလားဆိုတာ စမ်းကြည့်ကြမလား"
ဆီဒက်နှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ တကယ်တမ်းတွင် သူတို့သည် ရန်သူ့ထက် အင်အားအဆတစ်ရာ သာလွန်ပြီး အဆင့်ရှစ်သက်ရှိအားလုံးကို အပြတ်ရှင်းနိုင်မည်ဆိုလျှင်ပင် ရန်သူက လက်နက်ခလုတ်ကို နှိပ်လိုက်ရုံဖြင့် သူတို့၏အောင်မြင်မှုမှာ အဓိပ္ပာယ်မဲ့သွားပေမည်။
"မင်းတို့ကို သီချင်းတစ်ပုဒ်စာ အချိန်ပေးမယ်။ မြန်မြန်လုပ်။ ငါတို့မှာ အစီအစဉ်တွေ ရှိသေးတယ်"
ဆီဒက်လည်း တည်ငြိမ်မှုရစေရန် ဒေါသကို ခဲယဉ်းစွာ ထိန်းချုပ်လိုက်ရသည်။ ယခုအချိန်တွင် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ နောက်ဆုံးတွင် သူတို့နိုင်ခဲ့လျှင်ပင် အကောင်းဆုံးရလဒ်မှာ ရန်သူ့တပ်ဖွဲ့ကို သုတ်သင်နိုင်ခြင်းသာဖြစ်ပြီး သူတို့လူများလည်း သေကြေပျက်စီးရမည်သာ။
"ဆုတ်ခွာမယ် ဟုတ်လား။ သင်္ဘောတွေ၊ လက်နက်တွေ၊ သယံဇာတတွေ အကုန်ချန်ထားခဲ့ပြီး အဝတ်အစားပါမကျန် ချွတ်ပေးခဲ့ရမယ် ဟုတ်လား။ ဒါက ဒီစစ်သည်တော်တွေအတွက်တော့ အကြီးမားဆုံး စော်ကားမှုကြီးပဲ"
မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ အခြေအနေမှာ ဆိုးဝါးလှသည်။ အကောင်းဆုံးနည်းလမ်းမှာ နှစ်ဖက်စလုံး တိုက်ခိုက်မှုရပ်စဲရန်သာ ဖြစ်ပေလိမ့်မည်။ ဤဆုံးရှုံးမှုများအတွက်မူ ပိုမိုကြီးမားသည့် အရေးကိစ္စကို ထောက်ရှု၍ အံတင်းတင်းကြိတ်ပြီး သည်းခံရုံသာ ရှိတော့သည်။
"တပ်မှူးကျန်းမုန့်လောင်.. စောစောက ဖြစ်သွားတာတွေက နားလည်မှုလွဲတာလို့ပဲ ကျွန်တော်ထင်ပါတယ်"
ဆီဒက်က ပြောလိုက်သည်။
"ကြည့်လိုက်ပါ။ ဒီမှာ ကျွန်တော်တို့ တိုက်ခိုက်ကြရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက် ရည်ရွယ်ချက်က ကြယ်တာရာအမြုတေသတ္တုတွင်းတွေပါ။ ဒီနေရာမှာ ပဋိပက္ခဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ကြားမှာ အပစ်အခတ်ရပ်စဲလိုက်ရင်ရော ဘယ်လိုလဲ"
"အပစ်အခတ်ရပ်စဲမယ် ဟုတ်လား"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။
"မင်းတို့က ငါတို့ကို တောင်းပန်နေတာလား"
"ဒီလိုသဘောထားလိုက်လို့ ရပါတယ်"
ဆီဒက်ခမျာ ဝန်ခံရန် ဝန်လေးနေသော်လည်း ယခုအချိန်တွင်မူ သူ့မာနကို ခဝါချထားရတော့သည်။
"ဆောရီးပဲ။ နောက်ကျသွားပြီ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"သစ်ပင်ကို ဝင်တိုက်မိမှ ကွေ့ရမှန်းသိတယ်။ နံရံကို ဝင်တိုက်မိမှ ကွေ့ရမှန်းသိတယ်။ စတော့ရှယ်ယာတွေ ဈေးတက်သွားမှ ဝယ်ရမှန်းသိတယ်။ အမှားလုပ်လို့ ပြစ်ဒဏ်ကျခံရမှ နောင်တရမှန်းသိတယ်။ နှပ်တွေ ပါးစပ်ထဲဝင်လာမှ သုတ်ရမှန်း သတိရတယ်။ တောင်းပန်ရုံနဲ့သာ ရမယ်ဆိုရင် ရဲတွေက ဘာလုပ်ဖို့လိုတော့မှာလဲ"
"ငါက မင်းတို့ကို သေသေချာချာ ကောင်းကောင်းမွန်မွန် ပြောနေတာနော်။ ရှေ့မှာ လမ်းအကျယ်ကြီးရှိတယ်။ ကိုယ့်လမ်းကိုယ် သွားကြဖို့ပဲ။ ပြဿနာတစ်ခုခုရှိရင် စစ်မြေပြင်မှာ ဖြေရှင်းကြမယ်လို့။ မင်းတို့က အရင်စတိုက်ခဲ့တာလေ။ ဘာလဲ... အခုမှ မနိုင်မှန်းသိလို့ အရှုံးပေးချင်နေပြီပေါ့။ ငါ့ကို ငတုံးများထင်နေလား"
"မင်းကို အခုလိုလာပြောနေတာက ကြောက်လို့ မဟုတ်ဘူး"
မိမိဘက်က အလျှော့ပေးလိုက်သော်လည်း ကျန်းမုန့်လောင်က လှောင်ပြောင်သရော်မှုများ၊ အထင်သေးမှုများနှင့်အတူ ဤမျှအထိ ခက်ထန်နေလိမ့်မည်ဟု ဆီဒက် လုံးဝထင်မထားပေ။
"ငါကတော့ ပြောမှာပဲ။ မင်း သတ္တိရှိတယ်ဆိုရင် ငါ့ကို လာကိုက်လှည့်ပါလား။ ဟမ်"
"ဒါကတော့ လွန်သွားပြီ"
"တိုက်ရမယ်ဆိုရင်လည်း တိုက်လိုက်။ ငါတို့ရဲ့ယာဉ်တန်း ပျက်သုဉ်းသွားရမယ်ဆိုရင်တောင် ဒီတပ်ဖွဲ့ကိုပါ ငါတို့နဲ့အတူ အသေခံခိုင်းပစ်မယ်"
စကြဝဠာအမှတ်၁၅၇၏ တပ်မှူးများနှင့် ဒုတပ်မှူးများမှာ ဘယ်အချိန်ကများ ဤမျှအထိ အရှက်ခွဲခံရဖူးသလဲ။ တစ်ခဏအတွင်းမှာပင် သူတို့အားလုံး ဒေါသထွက်ကာ ပေါက်ကွဲသွားကြသည်။
"မင်း ဘာလိုချင်တာလဲ"
ဆီဒက်က နောက်ဆုံးလက်ကျန်အသိတရားလေးကို ဖက်တွယ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"ဘေးကပ်ရပ်လိုက်။ မင်းတို့ရဲ့ သယံဇာတတွေနဲ့ ကိရိယာတွေအပါအဝင် သင်္ဘောပေါ်မှာ ရှိသမျှအားလုံးကို ချန်ထားခဲ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါက သနားတတ်တဲ့သူဆိုတော့ မင်းတို့ကို အောက်ခံဘောင်းဘီလေးတွေတော့ ဝတ်ခွင့်ပေးလိုက်ပါ့မယ်။ ဟုတ်ပြီလား။ တော်တော်ရင်ထဲထိတယ်မလား"
နောက်ဆုံးတွင် သူတို့၏ဒေါသကို မထိန်းချုပ်နိုင်ကြတော့ပေ။ တပ်ဖွဲ့တစ်ခုစီတွင် တပ်မှူးတစ်ဦးနှင့် ဒုတပ်မှူးတစ်ဒါဇင်ခန့်ရှိလေရာ ဤမဟာမိတ်တပ်ပေါင်းစုကြီးထဲတွင် အဆင့်ရှစ်သက်ရှိပေါင်းနှစ်ရာနီးပါး ပါဝင်လေသည်။
"ရှေ့တန်းစစ်သင်္ဘောတွေအားလုံး ကာကွယ်ရေးစနစ်ကို အစွမ်းကုန်မြှင့်ထား။ စစ်သင်္ဘောတွေကို စွန့်ခွာမယ်"
သူတို့သည် အီတလီအမြောက်ကို ရယူရန်အတွက် အစိတ်အပိုင်းတစ်ခုကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေကြသည်။ သူတို့အင်အား၏ ဆယ်ပုံတစ်ပုံသာ ကျန်ရစ်မည်ဆိုလျှင်ပင် နောက်ဆုံးစစ်မြေပြင်တွင် အစွမ်းထက်နေဦးမည်သာ။
ထို့ပြင် သူတို့၏ စစ်သင်္ဘောများအားလုံး မဆုံးရှုံးရခင် ထိုကျန်းမုန့်လောင်ကို ဖမ်းဆီးရန် လိုအပ်ပေသည်။
အဆင့်ရှစ်သက်ရှိ အယောက်၁၈၀ကျော်သည် စစ်သင်္ဘောများ၏ အပြင်ဘက်သို့ ချက်ချင်းထွက်လာပြီး ကျန်းမုန့်လောင်၏ စစ်သင်္ဘောဆီသို့ ဥက္ကာပျံများပမာ ပြေးဝင်သွားကြသည်။
"တပ်မှူး.. အဆင့်ရှစ်အဖြစ် မှတ်တမ်းတင်ထားတဲ့ အစွမ်းထက် သက်ရှိစွမ်းအင်အရင်းအမြစ် ၁၈၆ခု ချဉ်းကပ်လာပါတယ်။ ပြန်တိုက်ခိုက်ရမလား"
စစ်သင်္ဘောပေါ်ရှိ အော်ပရေတာများမှာ ထိုမျှများပြားသော အဆင့်ရှစ်သက်ရှိများနှင့် ရင်ဆိုင်ရသော်လည်း တည်ငြိမ်နေကြဆဲပင်။
"မလောနဲ့။ ဟာသဒိုင်းကာစနစ်ကို ဖွင့်လိုက်"
"ဟုတ်ကဲ့။ ဟာသဒိုင်းကာစနစ်ကို ဖွင့်နေပါပြီ"
"စွမ်းအင်ထပ်တူကျမှု ပြီးစီးပါပြီ"
"ဟာသဒိုင်းကာ စတင်လည်ပတ်နေပါပြီ"
ချက်ချင်းဆိုသလိုပင် ကျန်းမုန့်လောင်၏ ယာဉ်တန်းပတ်ပတ်လည်တွင် "ရယ်မောနေသော"အီမိုဂျီပုံစံများဖြင့် အလှဆင်ထားသည့် ဧရာမ အတားအဆီးတစ်ခု ပေါ်လာခဲ့သည်။
အဆင့်ရှစ်သက်ရှိများသည် ဤသည်မှာ ဘာအဓိပ္ပာယ်မှန်း နားမလည်ကြသော်လည်း ဒေါသထွက်စရာကောင်းသော မျက်နှာအမူအရာများက သူတို့၏ဒေါသကို ဆယ်ဆမက တိုးပွားစေခဲ့သည်။
သူတို့တွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ဤသည်မှာ ထိုတပ်မှူးကို ဖုန်မှုန့်ဖြစ်သွားသည်အထိ ချေမွပစ်ရန်ပင်။
"အဲဒါက ခုခံကာကွယ်ရေးစနစ်တစ်မျိုးလား"
"ဟွန့်.. သာမန်ကာကွယ်ရေးစနစ်လေးတစ်ခုက ငါတို့လို အဆင့်ရှစ်သက်ရှိတွေကို တားနိုင်မယ်များ သူတို့ထင်နေတာလား။ ငါတို့ကို အသုံးမကျဘူးလို့ ထင်နေကြတာလား"
ယခုအချိန်အထိ စစ်သင်္ဘောများပေါ်ရှိ ကာကွယ်ရေးလက်နက်များမှာ အဆင့်ခုနစ်သက်ရှိများကိုပင် ခက်ခက်ခဲခဲရင်ဆိုင်နေရသည်ဖြစ်ရာ အဆင့်ရှစ်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
သူတို့၏မျက်လုံးထဲတွင်မူ လှောင်ပြောင်နေသော ဤဒိုင်းကာကြီးမှာ စက္ကူတစ်ရွက်လိုဖြစ်ပြီး အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်သည်ဟု ထင်မြင်နေကြသည်။
"ဘုန်း"
သူတို့ ဟာသဒိုင်းကာကြီးကို ဝင်တိုက်မိသွားကြသည်။ သို့သော် တုံးတိတိအသံတစ်သံ ထွက်ပေါ်လာသည်ကလွဲ၍ ဘာမှဖြစ်မလာခဲ့ပေ။ သူတို့၏တိုက်ခိုက်မှုများက ဤကာကွယ်ရေးစနစ်ကို မထိုးဖောက်နိုင်ခဲ့ပေ။
"မဖြစ်နိုင်ဘူး"
သူတို့ခမျာ မယုံကြည်နိုင်လေဟန်ဖြင့် ရေရွတ်လိုက်ကြသည်။
"ငတုံးတွေ"
ကျန်းမုန့်လောင်၏ ပုံရိပ်မှာ ဒိုင်းကာအတွင်း၌ ပေါ်လာသည်။
"နည်းပညာဆိုတာ မူလထုတ်လုပ်မှုစွမ်းအားပဲကွ။ နားမလည်ဘူးလား။ မင်းတို့ရဲ့ ခေတ်နောက်ကျနေတဲ့ နည်းပညာတွေနဲ့ ငါ့ဉာဏ်ရည်ကို လာစိန်မခေါ်နဲ့။ မင်းတို့နဲ့မတန်ဘူး"
************************