အခန်း ၁၀၃၉
Vol. 70 Ch. 1039
အခန်း ၁၀၃၉ - နောက်တစ်ချက်ပစ်ရင်ရော
"ငါကတော့ လုံးဝမယုံနိုင်ဘူးကွာ"
စကြဝဠာအမှတ်၁၅၇မှ တပ်မှူးတစ်ယောက်၏ နဖူးတည့်တည့်တွင် ခရမ်းရောင်အမှတ်အသားတစ်ခု ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ စွမ်းအင်လှိုင်းများက အရိုင်းဆန်ဆန် မြင့်တက်လာလေသည်။
စကြဝဠာအမှတ်၁၅၇တွင် အခြေခံကျင့်စဉ်များနှင့် သိုင်းပညာလျှို့ဝှက်ချက်များဟူသော သဘောတရားမျိုး သိပ်မရှိပေ။ ဤသည်မှာ သွေးမျိုးဆက်ကို အလေးအမြတ်ထားသော စကြဝဠာတစ်ခုဖြစ်၏။ မျိုးနွယ်စု၏ သွေးမျိုးဆက်က ပိုမိုအားကောင်းလေလေ သူတို့၏ မျိုးဆက်စွမ်းအင်ကို နိုးထစေပြီးနောက် ပိုမိုစွမ်းအားကြီးမားလာလေလေပင်။
ဤသီအိုရီကို လက်တွေ့အသုံးပြုရာတွင် အတိုင်းအတာတစ်ခုအထိ ပေးဆပ်ရသော်လည်း တစ်ကြိမ်နိုးထသွားသည်နှင့် တိုးပွားလာသော စွမ်းအားမှာ အချို့အစွမ်းထက်သိုင်းပညာလျှို့ဝှက်ကျင့်စဉ်များနှင့်ပင် ရင်ပေါင်တန်းနိုင်ပေသည်။
သူ့အနောက်တွင် ကြယ်များကိုပင် လက်ဗလာဖြင့် ချေမွနိုင်စွမ်းရှိပုံပေါ်သော ဧရာမလူသန်ကြီးတစ်ယောက်၏ အရိပ်ကြီးတစ်ခုက မှေးမှိန်စွာ ပေါ်ထွက်လာသည်။ သိပ်သည်းလှသော စကြဝဠာမူလစွမ်းအင်များ ရစ်ပတ်နေသည့် ထိုလက်သီးသည် အာကာသကိုပင် အနည်းငယ် ပုံပျက်သွားစေနိုင်သော တုန်ခါမှုလှိုင်းတစ်ခုကို သယ်ဆောင်လာပြီး အရှေ့ရှိ အတားအဆီးဆီသို့ ဦးတည်သွားလေသည်။
"ဝုန်း"
အတားအဆီးပေါ်တွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော လှိုင်းဂယက်တစ်ခု ပေါ်လာသော်လည်း လှိုင်းဂယက်ပြန့်သွားသည်နှင့်အမျှ စွမ်းအင်များလည်း တစ်နည်းနည်းဖြင့် ပြန့်ကျဲသွားကာ ခဏအကြာတွင် မူလအတိုင်း ပြန်လည်ငြိမ်သက်သွားသည်။
"ဒိုင်း ဒိုင်း ဒိုင်း"
သူ့လက်သီးများက ဒိုင်းကာကို ဆက်တိုက်ထုနှက်နေသော်လည်း ကြိုးစားမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်နေတော့သည်။
ဒိုင်းကာပေါ်သို့ လက်သီးတစ်ချက်ကျရောက်သွားတိုင်း ဒိုင်းကာပေါ်ရှိ ရယ်နေသောအီမိုဂျီမျက်နှာလေးက တဖြည်းဖြည်းလည်လာသဖြင့် သူတို့၏ ဒေါသများ ဆူပွက်လာလေသည်။
"အားလေးဘာလေး သုံးပါဦးကွ။ ထမင်းမစားထားဘူးလား"
ကျန်းမုန့်လောင်က အတွင်းမှနေ၍ အော်ပြောလိုက်သည်။
"လာစမ်းပါ။ အားနည်းနည်းလောက် ထပ်သုံးလိုက်။ မင်းခွဲနိုင်တော့မှာ။ လာစမ်းပါ.. မင်းဖောက်ဝင်နိုင်တာနဲ့ ငါ့ကို ဝင်သတ်လို့ရပြီလေ"
"အဆင့်ခြောက်သက်ရှိလား"
ထိုအချိန်မှသာ ဤအဆင့်ခြောက်သက်ရှိ၏အသံမှာ စောစောက သူတို့နှင့် စကားပြောခဲ့သော တပ်မှူး၏အသံနှင့် တစ်ထပ်တည်းကျနေကြောင်း သူတို့ သတိထားမိသွားကြသည်။ သူတို့၏ တပ်မှူးဆိုသူက အဆင့်ခြောက်သက်ရှိတစ်ဦး ဖြစ်နေလေသလား။
"ဘာဖြစ်လို့လဲ။ အဆင့်ခြောက်သက်ရှိကို အထင်သေးနေတာလား"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။
"ဒီမှာမတ်တပ်ရပ်ပြီး မင်းတို့ဆီမှာ အထိုးခံနေတာတောင် ငါ့ကို မင်းတို့ မထိနိုင်ဘူးလေ။ မင်းတို့ကောင်တွေအကုန်လုံး အသုံးမကျဘူး။ တစ်ယောက်မှ တိုက်နိုင်ခိုက်နိုင်တဲ့ကောင် မပါဘူး"
ထိုအဆင့်ရှစ်သက်ရှိများ၏ မျက်နှာများမှာ မှုန်ကုပ်သွားကြသည်။ အဆင့်ခြောက်သက်ရှိတစ်ဦးက သူတို့ရှေ့တည့်တည့်မှာပင် လှောင်ပြောင်စိန်ခေါ်နေသည်။ ပုံမှန်အခြေအနေဆိုလျှင် သူတို့မှုတ်ထုတ်လိုက်သော လေတစ်ချက်ဖြင့်ပင် သူ့ကို မြေကြီးပေါ်သို့ လဲကျသွားစေနိုင်သော်လည်း ယခုအချိန်တွင်မူ သူတို့ ဘာမှမလုပ်နိုင်ကြပေ။
"ဘာကြည့်နေတာလဲ။ မကျေနပ်ဘူးလား။ မကျေနပ်ရင် ဒီထဲဝင်ပြီး ငါ့ကိုလာသတ်လေ"
ကျန်းမုန့်လောင်က အရှေ့သို့ တစ်လှမ်းတိုးပြီး ဒိုင်းကာအတားအဆီးကို ဖောက်ကာ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
သို့သော် သူတို့ဘက်က တုံ့ပြန်မှုမလုပ်နိုင်ခင်မှာပင် ကျန်းမုန့်လောင်က အတွင်းသို့ ရုတ်တရက်ပြန်ဆုတ်သွားသည်။
"ဟေး.. ငါ အပြင်ထွက်လာပြီ"
"ဟေး.. ငါ ပြန်ဝင်သွားပြန်ပြီ"
...
"တပ်မှူးကတော့ တော်တော်ကလေးဆန်တာပဲ"
"ဘယ်လိုလုပ်ရမလဲ။ ငါတောင် သူ့ကို သွားသတ်ချင်စိတ်တွေ ပေါက်လာပြီ"
အဆင့်ရှစ်သက်ရှိများသာမက ကျန်းမုန့်လောင်၏ စစ်သည်များပင် အနည်းငယ် သွေးတက်သွားသည်။ အကယ်၍သာ သူတို့ကိုယ်တိုင် ဤသို့ စိန်ခေါ်ခံရမည်ဆိုလျှင် ဒေါသထွက်လွန်း၍ သွေးကြောများပင် ပေါက်ထွက်သွားနိုင်သည်။
"ငါတို့စကြဝဠာအမှတ်၇က IPX-001တပ်ဖွဲ့ရဲ့ နောက်ဆုံးပေါ် ကာကွယ်ရေးလက်နက်ဖြစ်တဲ့ 'ဟာသဒိုင်းကာ'နဲ့ မိတ်ဆက်ပေးပါရစေ"
ကျန်းမုန့်လောင်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"စွမ်းအင်နဲ့ တိုက်ခိုက်တာဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ တိုက်ခိုက်တာဖြစ်ဖြစ် အဆင့်ကိုးသက်ရှိတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုအဆင့်ကို မကျော်သရွေ့တော့ ကာကွယ်နိုင်ပါတယ်။ တစ်နာရီဆက်တိုက်လည်ပတ်ဖို့အတွက် ကြယ်အမြုတေဆယ်ခုပဲ ကုန်ကျမှာပါ"
အမှန်တော့ ဤသည်မှာ စစ်မှန်သော နည်းပညာလက်နက်တစ်ခု မဟုတ်ပါဘဲ မှော်မျိုးနွယ်စုတစ်ခုမှ ရရှိလာသော အဆင့်မြင့်ကာကွယ်ရေးဝင်္ကပါအစီအရင်တစ်ခုဖြစ်သည်။ သူချည်းသက်သက်ဆိုလျှင် အဆင့်ခြောက်သက်ရှိတစ်ဦး၏ တိုက်ခိုက်မှုများကိုသာ ခံနိုင်ရည်ရှိသည်။
သို့သော် မှော်ပညာတွင် ပေါင်းစပ်ပြီး ပိုမိုအားကောင်းလာစေနိုင်သော ဝိသေသလက္ခဏာရှိသည်။ အစီအရင်ပေါင်းများစွာဖြင့် အားဖြည့်ပေးခြင်းဖြင့် သီအိုရီအရ ဤအဆင့်မြင့်ကာကွယ်ရေးအစီအရင်ပါရှိသော စစ်သင်္ဘောအရေအတွက် လုံလောက်စွာရှိနေသရွေ့ ကာကွယ်နိုင်စွမ်းမှာ အဆမတန် မြင့်တက်လာနိုင်ပေသည်။
စစ်သင်္ဘောအစီးရေ တစ်သောင်းဖြင့်ဆိုလျှင် အဆင့်ရှစ်သက်ရှိများ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိလောက်အောင် အစွမ်းထက်သော ကာကွယ်ရေးအစီအရင်တစ်ခုကို ဖွဲ့စည်းနိုင်ပြီဖြစ်၏။ အဆင့်ကိုးသက်ရှိတစ်ယောက် ကိုယ်တိုင်လာရောက်ခြင်းကလွဲ၍ ဤအရာကို ချိုးဖျက်ရန်မှာ ခဲယဉ်းလှသည်။
အကယ်၍ တစ်ဖက်လူက ဘာကိုမှဂရုမစိုက်ဘဲ တရစပ်တိုက်ခိုက်နေမည်ဆိုလျှင်မူ သူတို့၏ စွမ်းအင်ကို ဝန်ပိစေနိုင်သည်။ သို့သော် ထိုစွမ်းအင်များ ကုန်ခမ်းမသွားခင်မှာပင် ရန်သူ့စစ်သင်္ဘောများလည်း သံတိုသံစများအဖြစ်သို့ ပြောင်းလဲသွားပြီးဖြစ်ပေလိမ့်မည်။
"သူတို့ရဲ့နည်းပညာက ဘာလို့ ဒီလောက်တောင် အဆင့်မြင့်နေရတာလဲ"
တပ်မှူးများခမျာ သူတို့၏ဘဝကိုပင် သူတို့ ပြန်မေးခွန်းထုတ်လာကြသည်။ သူတို့၏ လက်ရှိနည်းပညာအဆင့်အတန်းဖြင့်ဆိုလျှင် ထိုကဲ့သို့သော တိုက်ခိုက်ရေးလက်နက်များနှင့် ကာကွယ်ရေးစနစ်များကို ဖန်တီးရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
ယခုမူ အခြေအနေက ဆိုးဝါးသွားလေပြီ။ သူတို့၏ တိုက်ခိုက်မှုများက တစ်ဖက်လူ၏ လိပ်ခွံကိုပင် အက်ကွဲအောင် မလုပ်နိုင်ချေ။ ရန်သူ့ဘက်က အမြောက်တစ်ချက် ပစ်လိုက်ရုံဖြင့် သူတို့ဘက်ကတော့ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဤစစ်ပွဲကို မည်သို့ဆက်တိုက်ရမည်နည်း။
"မင်းတို့ ပျော်လို့ဝပြီဆိုတော့ အခု ငါ့အလှည့်ရောက်ပြီ မဟုတ်လား"
ကျန်းမုန့်လောင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"ဒုတိယတပ်ရင်းမှူး.. အီတလီအမြောက်ကို ပြင်ထား"
ရှေ့ဆုံးရှိ စစ်သင်္ဘောဆယ်စီးက သူတို့၏ အမြောက်ပြောင်းဝများကို ဖွင့်လိုက်လေရာ ရွှေရောင်စွမ်းအင်များက ပြောင်းဝများတွင် စုစည်းလာသည်။
"ဒုက္ခပါပဲ။ သူ ငါတို့ရဲ့ယာဉ်တန်းကို ထပ်တိုက်ခိုက်တော့မယ်"
သူတို့၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ အီတလီအမြောက်ဆယ်ချက်ဆိုလျှင် သူတို့၏ယာဉ်တန်းမှာ ထက်ဝက်ခန့် ပျက်စီးသွားနိုင်သည်။
"ပစ်"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်နှင့် ရွှေရောင်အလင်းတန်းဆယ်ခုသည် စကြဝဠာအမှတ်၁၅၇၏ ယာဉ်တန်းဆီသို့ တစ်ဟုန်ထိုးပြေးထွက်သွားလေသည်။
"ယာဉ်တန်းကို ကာကွယ်ကြ"
စကြဝဠာအမှတ်၁၅၇ယာဉ်တန်းမှ အဆင့်ရှစ် သက်ရှိများမှာ သူတို့၏လက်နက်များကို ချက်ချင်းထုတ်ယူလိုက်ကြသည်။ အကယ်၍ ယာဉ်တန်းသာ ပျက်စီးသွားပါက သူတို့၏ မျိုးနွယ်စုထံ ပြန်သွားသည့်အခါ စကြဝဠာ၏ အပြစ်ပေးမှုကို သေချာပေါက် ခံရမည်ဖြစ်၏။
ချက်ချင်းဆိုသလိုပင် မီးလုံးဆယ်လုံးက သူတို့ကို လုံးဝဝါးမျိုသွားသည်။ ထိုပေါက်ကွဲမှုလှိုင်းလုံးမှာ ရှေ့တန်းစစ်မြေပြင်တစ်ခုလုံးတွင် တောက်လောင်နေသော ကြယ်တစ်လုံးကို ဖန်တီးလိုက်သည့်အလားပင်။
အဆင့်ရှစ်သက်ရှိများမှာ ထိုကဲ့သို့သော အလွန်အားကောင်းလှသည့် အထူးပေါင်းစပ်လက်နက်များ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်သော်လည်း သူတို့၏ယာဉ်တန်းကို ကာကွယ်ရန်အတွက် သူတို့၏ ခန္ဓာကိုယ်ဖြင့်ပင် ဝင်ခံလိုက်ကြသည်။
"တပ်မှူး"
စကြဝဠာအမှတ်၁၅၇မှ စစ်သည်တော်များခမျာ မီးတောက်ထဲတွင် ဝါးမျိုခံနေရသော သူတို့တစ်သိုက်ကိုကြည့်ကာ စိုးရိမ်ပူပန်လေဟန် အမူအရာများ ပြသလာကြသည်။ ထိုသို့သော တိုက်ခိုက်မှုကို ခံယူရခြင်းမှာ အဆင့်ရှစ်သက်ရှိများအတွက်ပင် အထိအခိုက်ကင်းနိုင်ခြေမရှိပေ။
"စကြဝဠာအမှတ်၇က တကယ်ကြောက်စရာကောင်းတာပဲ"
"နောင်တစ်ချိန်မှာ ဒီစကြဝဠာကို ငါတို့ လုံးဝ ရန်သွားမစသင့်ဘူး။ မဟုတ်ရင် သူတို့ဘက်က ဒီလက်နက်တွေကို ပစ်လွှတ်လိုက်တာနဲ့ ငါတို့ရဲ့ ဌာနချုပ်ကလွဲရင် ဘယ်အခြေစိုက်စခန်းမြို့တော်ကမှ ဒီလိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
"ဒီသတင်းကို ဌာနချုပ်ဆီ ချက်ချင်းသယ်သွားပြီး ငါတို့ရဲ့ မဟာမိတ်တပ်ဖွဲ့တွေအားလုံးကို အကြောင်းကြားလိုက်"
...
[တင်! ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်။ ခြိမ်းခြောက်မှုရမှတ်ဆယ်မှတ် ရရှိပါတယ်]
"ဝမ်းသာစရာပဲ"
ကျန်းမုန့်လောင်၏ မျက်လုံးများမှာ ရယ်ရလွန်း၍ မှေးကျဉ်းသွားသည်။
မီးတောက်များမှာ တဖြည်းဖြည်းငြိမ်သက်သွားပြီးနောက် အဆင့်ရှစ်သက်ရှိများ၏ ခန္ဓာကိုယ်များကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
ပြင်းထန်လှသော ဓာတ်ရောင်ခြည်ကြောင့် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များအားလုံး ပြောင်စင်သွားပြီး အမာကျောဆုံး အစိတ်အပိုင်းများကလွဲ၍ သူတို့ဝတ်ဆင်ထားသော အဝတ်အစားများပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူတို့လက်ထဲရှိ အဖိုးတန်လက်နက်များမှာ ကျိုးပဲ့သွားခြင်း သို့မဟုတ် အရည်ပျော်သွားခြင်းများ ဖြစ်နေပြီး သာမန်သံတိုသံစများနှင့်ပင် ခွဲခြား၍မရလောက်အောင်ပင်။ ထိုလက်နက်များကို ရရှိရန်အတွက် သူတို့အနေနှင့် အဖိုးအခကြီးကြီးမားမား ပေးခဲ့ရသည်။
လူတိုင်း ပြင်းထန်လှသော မီးလောင်ဒဏ်ရာများကို ရထားကြပြီး အချို့ဆိုလျှင် ခြေလက်များပင် ပြတ်တောက်သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူမရှိသော်လည်း မည်သူ့ခန္ဓာကိုယ်တွင်မဆို အကောင်းအတိုင်း ကျန်ရစ်သည့် အစိတ်အပိုင်းဟူ၍ မရှိတော့ပေ။
သူတို့၏အရှိန်အဝါလည်း ထက်ဝက်နီးပါး ကျဆင်းသွားသည်။ ထိုပေါင်းစပ်လက်နက်၏ အာနိသင်မှာ အဆင့်ရှစ်သက်ရှိတစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှပြီး မှော်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာထိုးဖောက်မှုများပင် ပါဝင်နေသည်။
ဤဒဏ်ရာများမှ ပြန်လည်သက်သာရန် အနည်းဆုံး နှစ်ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာအထိ အချိန်ယူရပေလိမ့်မည်။
သူတို့ကိုယ်တိုင်ပင် ထိုလက်နက်များက ဤမျှအထိ အန္တရာယ်များလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ ဤလက်နက်များသာ ယခုထက်ပိုပြီး တိုးတက်လာမည်ဆိုလျှင် မျိုးနွယ်စု..မဟုတ်သေးချေ။ အဆင့်ရှစ်သက်ရှိ မျိုးနွယ်စုတစ်စုလုံးကိုပင် သုတ်သင်ပစ်နိုင်ပေလိမ့်မည်။
"ကျွတ် ကျွတ် ကျွတ်.. ဒီအသားကင်အနံ့က တော်တော်မွှေးတာပဲ။ နည်းနည်းလေးတော့ တူးသွားတယ်။ ဇီယာစေ့လေး နည်းနည်းထည့်လိုက်ရင် ကလေးတွေတောင် သွားရည်ကျလောက်တယ်"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်ပြီး သူတို့ကို သနားစာနာဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းတို့က တော်တော်ခံနိုင်ရည်ရှိတာပဲ"
"ဒုတိယတပ်ရင်းမှူး...ဒုတိယအသုတ်အတွက် ပြင်ထား"
ဤတစ်ကြိမ်တွင်မူ စစ်သင်္ဘောအစီးရေငါးရာက သူတို့၏ အမြောက်ပြောင်းဝများကို ဖွင့်လိုက်ကြလေရာ ရက်စက်ကြမ်းကြုတ်လှသော ပြောင်းဝများတွင် ကောင်းကင်ဘုံသို့ သွားရာလမ်းကြောင်းတစ်ခုနှင့် အလားသဏ္ဍာန်တူသော အလင်းရောင်များ ဖြာထွက်လာသည်။ ကျန်းမုန့်လောင်ကမူ လက်မြှောက်၍ သူတို့ကို ပြုံးပြလိုက်၏။
"နောက်တစ်ချက်လောက် ထပ်ပစ်ကြမလား။ အများကြီးပစ်လည်း ပိုက်ဆံပိုမတောင်းပါဘူး"
**********************