အခန်း ၁၀၄၀
Vol. 70 Ch. 1040
အခန်း ၁၀၄၀ - သူတို့စကားနားမထောင်ရင် အကုန်လုပစ်လိုက်
ရွှေရောင်အလင်းတန်းများ စုစည်းလာပြီဖြစ်သော အမြောက်ပြောင်းဝကို ကြည့်ရင်း ထိုအဆင့်ရှစ်သက်ရှိများ၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ယခုအချိန်တွင် သူတို့မှာ အပြင်းအထန် ဒဏ်ရာရနေကြသော်လည်း ထိုအထူးပေါင်းစပ်လက်နက်များကို ရှောင်ရှားရန်မှာ ခက်ခဲသောကိစ္စတစ်ရပ်တော့ မဟုတ်ပေ။ သို့သော် သူတို့၏ လက်ရှိအခြေအနေအရ နောက်တစ်ချက် ထပ်အပစ်ခံရပါက သေချာပေါက် သေဆုံးသွားနိုင်ခြေရှိ၏။
ငါ ဒါကို မကာကွယ်ချင်တော့ဘူး။ ကာကွယ်လိုက်ရင် ငါပါ သေသွားလိမ့်မယ်။
သူတို့အတွက် ထွက်ပြေးရန်မှာ လွယ်ကူသော်လည်း အကယ်၍ သူတို့ ထွက်ပြေးရဲပါက သူတို့အနောက်တွင်ရှိသော စစ်သင်္ဘောငါးသန်းပါဝင်သည့် ဧရာမယာဉ်တန်းကြီး ချက်ချင်းပျောက်ကွယ်သွားမည်ဖြစ်ပြီး စစ်သည်တော်တစ်ဆယ်ဘီလီယံထဲက အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။ ထို့ပြင် သူတို့သည်လည်း စကြဝဠာအမှတ်၁၅၇၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော စစ်ရာဇဝတ်ကောင်များ ဖြစ်လာကြပေလိမ့်မည်။
"အသင့်ပြင်..."
"နေပါဦး"
ထိုအခိုက်အတန့်တွင် ကျန်းမုန့်လောင်၏ အထူးပေါင်းစပ်လက်နက်သည် သူတို့၏တပ်ဖွဲ့ကိုသာမက သူတို့၏ ဂုဏ်သိက္ခာကိုပါ ချေမွပစ်လိုက်လေပြီ။
ယနေ့တွင် ဖြစ်နိုင်ခြေရှိသော ရလဒ်နှစ်ခုသာ ရှိတော့သည်။ ပထမတစ်ခုမှာ သူတို့၏ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားပြီး စစ်သည်များအားလုံး အသက်ပေးလိုက်ရကာ စကြဝဠာအမှတ်၇၏ယာဉ်တန်းလည်း ခပ်တည်တည်ဖြင့် ထွက်ခွာသွားခြင်းပင်။
ဒုတိယတစ်ခုမှာမူ သူတို့၏ ပစ္စည်းများနှင့် စစ်လက်နက်ကိရိယာများကို အရှုံးပေးလိုက်ရပြီး စကြဝဠာအမှတ်၇၏ ယာဉ်တန်းက ထွက်ခွာသွားမည်ဖြစ်သော်လည်း သူတို့၏ စစ်သည်များအားလုံး အသက်ရှင်ကျန်ရစ်နိုင်ခြင်းပင်။
အခြားရွေးချယ်စရာ မရှိတော့ပေ။
ရလဒ်နှစ်ခုစလုံးက အဖြစ်ဆိုးသော်လည်း နှိုင်းယှဉ်ကြည့်ပါက ဒုတိယရွေးချယ်မှုက အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေးရှိသေးသဖြင့် ထိုအရာကား သူတို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။
"ငါတို့ အရှုံးပေးပါတယ်"
အခြားရွေးချယ်စရာမရှိတော့သဖြင့် နောက်ဆုံးတွင် သူတို့လည်း ကျန်းမုန့်လောင်၏ တောင်းဆိုမှုများကို လိုက်နာရတော့သည်။
ယခုမူ ဆီဒက်သည် နောင်တကိုသာ ခံစားနေရသည်။ မူလက သူတို့အနေနှင့် အေးချမ်းစွာ နေနိုင်ခဲ့သော်လည်း စကြဝဠာအမှတ်၇အား ကမ္ဘာခြားစစ်မြေပြင်တွင် အသက်ရှင်ရပ်တည်ရန် ရုန်းကန်နေရသည်ဟုထင်ကာ အထင်သေးပြီး ဂရုမစိုက်ခဲ့ပေ။
သို့သော် သူတို့အနေနှင့် ဆင်ကြီးက ပုရွက်ဆိတ်လေးထံတွင် ကိုက်သတ်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကြောင်းမှာ ဤပုရွက်ဆိတ်က သံနှင့် လုပ်ထားသောကြောင့် ဖိခြေ၍မရသည့်အပြင်ထက်ရှလှသော သွားများကိုသုံးပြီး မိမိအရေပြားကို ဖောက်နိုင်၍ပင်။
"မင်းတို့ ဒီလမ်းကို စောစောကတည်းက ရွေးချယ်ခဲ့ရင် ပြဿနာမရှိဘူးလေ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။
"အီတလီအမြောက်ကို ပိတ်လိုက်"
"မင်းတို့အားလုံး.. စစ်သင်္ဘောတွေကို ရပ်လိုက်။ ပြီးရင် အင်္ကျီနဲ့ဘောင်းဘီတွေချွတ်ကြ။ ငါက သနားညှာတာမှုမရှိဘူးလို့တော့ မပြောနဲ့။ မင်းတို့ရဲ့ အောက်ခံဘောင်းဘီတွေကိုတော့ ချန်ထားခွင့်ပြုမယ်။ ပြီးတော့ မင်းတို့အိမ်အစုတ်ဆီကို ပြန်ဖို့ သယ်ယူပို့ဆောင်ရေးအတွက် သင်္ဘောဆယ်စီးချန်ထားပေးခဲ့မယ်"
"စစ်သင်္ဘောအစင်းတစ်ထောင်တောင်လား"
ဆီဒက်ခမျာ ခါးသက်သက် ရယ်မောလိုက်သည်။
"ငါတို့မှာ လူဦးရေ ထရီလီယံနဲ့ချီပြီး ရှိတယ်။ စစ်သင်္ဘောတစ်စီးကို အပြည့်တင်မယ်ဆိုရင်တောင် အများဆုံး လူသောင်းဂဏန်းလောက်ပဲ ဆံ့မှာ"
"အဲဒါ အရမ်းခက်နေလို့လား"
ကျန်းမုန့်လောင်က အထင်သေးလေဟန် အမူအရာဖြင့် ပြောလိုက်လေသည်။
"ငါတို့နိုင်ငံမှာ ၇ယောက်စီးနိုင်တဲ့ ဝူလင်ဟုန်းကွမ်ကားတစ်စီးထဲမှာ လူအယောက်ငါးဆယ်လောက် ကျပ်သိပ်ပြီး စီးလို့ရတယ်။ အိန္ဒိယမှာဆိုရင် ဆိုင်ကယ်တစ်စီးပေါ်မှာ လူဆယ်ယောက်လောက် တင်နိုင်ပြီး ရထားတွဲတစ်တွဲထဲမှာ လူရာချီပြီး ဆံ့တယ်။ ဒါက စနစ်ကို ဖောက်ထွင်းဝင်ရောက်ရတဲ့ ကိစ္စလေးပဲ မဟုတ်ဘူးလား"
"ဒါပေမဲ့..."
"မင်း ဆက်ညည်းနေမယ်ဆိုရင် မင်းတို့အားလုံး လမ်းလျှောက်ပြန်ရလိမ့်မယ်"
ကျန်းမုန့်လောင်၏ သည်းခံနိုင်စွမ်းကား ကုန်ဆုံးသွားပြီဖြစ်၏။
ကျန်းမုန့်လောင်ကို ဤပုံစံဖြင့် မြင်လိုက်ရသောအခါ ဆီဒက်နှင့် အခြားသူများမှာ အလျှော့ပေးလိုက်လျောရန်သာ ရွေးချယ်ရတော့သည်။ အကယ်၍ သူတို့အနေနှင့် သူ့ကို ထပ်ပြီး ရန်စမိပါက သူ ဘာဆက်လုပ်မည်ကို မည်သူမှ မသိနိုင်ပေ။
"စကြဝဠာအမှတ်၇ မင်းတို့ကို ငါတို့မှတ်ထားမယ်"
သူတို့အားလုံး သူတို့၏လက်နက်များကို အပ်နှင်းလိုက်ကြပြီး ကျန်စစ်သင်္ဘောလေးသိန်းကျော်ကို နှမြောတသဟန်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့အတွက် တပ်ဖွဲ့ဆယ်ခုစာ စစ်သင်္ဘောများ ထုတ်လုပ်ရန်မှာ အလွန်ခက်ခဲနေပြီဖြစ်ရာ ဤမျှများပြားသော စစ်လက်နက်ပစ္စည်းပမာဏသည် စကြဝဠာအမှတ်၇ကဲ့သို့သော အားနည်းလှသည့် စကြဝဠာတစ်ခုအတွက် တပ်ဖွဲ့တစ်ရာခန့်ကိုပင် လက်နက်တပ်ဆင်ပေးနိုင်လိမ့်မည်။
...
"ကျောင်းအုပ်ကြီး.. သူတို့ ဝေးဝေးကိုထွက်သွားကြပ်ပြီ"
"ငါတို့ရလိုက်တဲ့ အကျိုးအမြတ်တွေကို တွက်ချက်ကြည့်လိုက်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တပ်မှူးကို သတင်းပို့ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ စစ်သင်္ဘော ၄၉၇၉၆၃၇စီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီစစ်သင်္ဘောတွေရဲ့ ပျမ်းမျှတိုက်ခိုက်နိုင်စွမ်းက ကျွန်တော်တို့ထက် နှစ်ဆလောက်ရှိပါတယ်"
"တပ်မှူးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ ကြယ်တာရာအမြုတေ ၁.၂သန်း၊ အဆင့်ငါး စွမ်းအင်သလင်းကျောက် လေးဘီလီယံနဲ့ တခြားအဆင့် စွမ်းအင်သလင်းကျောက် နှစ်ဆယ်ဘီလီယံကျော် ရရှိခဲ့ပါတယ်"
"တပ်မှူးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာအစုံ ၂၃၉.၈ဘီလီယံကျော် ရရှိခဲ့ပါတယ်။ သူတို့စစ်လက်နက်ကိရိယာတွေရဲ့ စွမ်းဆောင်ရည်က ကျွန်တော်တို့ရဲ့ စံသတ်မှတ်ထားတဲ့ ချပ်ဝတ်တန်ဆာတွေထက် ၁.၆ဆလောက် ပိုများပြီးတော့ သက်ဆိုင်ရာလက်နက်တွေလည်း အများကြီးပါပါတယ်"
"တပ်မှူးကို သတင်းပို့ပါတယ်..."
"မဆိုးပါဘူး"
ကျန်းမုန့်လောင်အနေနှင့် ဤပစ္စည်းများကို သိပ်အထင်မကြီးသော်လည်း ထိုအရာများမှာ စကြဝဠာအမှတ်၇ တပ်ဖွဲ့တစ်ခုလုံး၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း အသိအမှတ်ပြုထားသည်။ ဤအရာများဖြင့် သူတို့သည် တပ်ဖွဲ့တစ်ရာစာ စစ်လက်နက်ကိရိယာများကို အဆင့်မြှင့်တင် အစားထိုးနိုင်ပေလိမ့်မည်။
"စစ်သင်္ဘောတချို့ကို ချန်ထားခဲ့ပြီး ပစ္စည်းတွေကို စကြဝဠာအမှတ်၇ဆီကို ပို့လိုက်။ ပြီးတော့ ကျန်တဲ့စစ်သင်္ဘောတွေကို ယူသွားလိုက်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါတို့က စစ်တိုက်ဖို့ သွားနေတာဆိုတော့ အရှိန်အဝါပိုင်းမှာ အရှုံးပေးလို့မဖြစ်ဘူးလေ။ ဝန်ခံရရင်တော့ ငါတို့ရဲ့ယာဉ်တန်းက နည်းနည်းအထင်သေးချင်စရာ ဖြစ်နေတာတော့ အမှန်ပဲ"
ကောထန်၏စွမ်းရည်ဖြင့် ဤစစ်သင်္ဘောများကို အဝေးမှ အလွယ်တကူ ထိန်းချုပ်မောင်းနှင်နိုင်သည်။ တရစပ်ဟိန်းဟောက်သံများနှင့်အတူ စစ်သင်္ဘောငါးသန်းကျော်ဖြင့် ဖွဲ့စည်းထားသော ဧရာမယာဉ်တန်းကြီးမှာ ဆက်လက်ထွက်ခွာသွားလေသည်။
"ထောက်လှမ်းရေးကိရိယာတွေအားလုံးကို ဖွင့်ထားလိုက်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ရန်သူ ဒါမှမဟုတ် ကြားနေစကြဝဠာတွေရဲ့ ယာဉ်တန်းတွေကိုတွေ့ရင် ငါ့ဆီကို တိုက်ရိုက် သတင်းပို့။ တကယ်တော့ သူတို့ပြောတာ အမှန်ပဲ။ လမ်းမှာ ဖမ်းလို့ရမယ့် အကောင်ပေါက်လေးတွေရှိရင်လည်း အေးအေးဆေးဆေးပဲ ရှင်းပစ်လိုက်ကြတာပေါ့"
"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ လွတ်လပ်ခွင့် နည်းနည်း ပြန်ရပြီဆိုတဲ့ သဘောလား"
"ဟီးဟီးဟီး.. စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။ ငါအကြိုက်ဆုံးက လုယက်တိုက်ခိုက်ရတာပဲ"
...
ကမ္ဘာခြားစစ်မြေပြင်တစ်ခုတွင် ဧရာမတပ်ဖွဲ့နှစ်ခုသည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။ ဤစစ်ပွဲမှာ စကြဝဠာအမှတ်၃၄နှင့် စကြဝဠာအမှတ်၆၅တို့အကြား ဖြစ်ပွားနေခြင်းပင်။
ဤတစ်ကြိမ်တွင် စကြဝဠာအမှတ်၃၄က တပ်ဖွဲ့ငါးခု စေလွှတ်ခဲ့ပြီး စကြဝဠာအမှတ်၆၅ကမူ တပ်ဖွဲ့၁၂ခု စေလွှတ်ခဲ့လေရာ သူတို့၏ စစ်လက်နက်ကိရိယာများမှာ နှစ်ဆပိုများချေသည်။
စကြဝဠာအမှတ်၃၄နှင့် စကြဝဠာအမှတ်၇တို့သည် ကမ္ဘာခြားစစ်မြေပြင်တွင် အလွန်အားနည်းလှသော စကြဝဠာများပင်။ သူတို့၏ ပထဝီဝင်တည်နေရာ အလွန်နီးကပ်ခြင်းနှင့် မိမိတို့၏အိမ်ကို ငြိမ်းချမ်းစွာ ကာကွယ်လိုသည့် တူညီသော စိတ်ဓာတ်များကြောင့် စကြဝဠာအမှတ်၇နှင့် စကြဝဠာအမှတ်၃၄တို့သည် ပူးပေါင်းဆောင်ရွက်မှုရှိသော မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
မူလက စကြဝဠာအမှတ်၃၄၊ စကြဝဠာအမှတ်၇နှင့် အခြားမဟာမိတ်စကြဝဠာအချို့မှာ စစ်မြေပြင်အနီးတွင် စုဝေးရန် သဘောတူခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် အားနည်းသော စကြဝဠာများဖြစ်ကြလေရာ စည်းလုံးညီညွတ်ခြင်းဖြင့်သာ အစွမ်းထက်ပြီး အဆင့်မြင့်သော စကြဝဠာများကို တိုက်ခိုက်ရန် အခွင့်အရေးရနိုင်ပေမည်။
သို့သော် လမ်းခုလတ်တွင် သူတို့ အစွမ်းထက်လှသော စကြဝဠာအမှတ်၆၅နှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဤစကြဝဠာမှာ အစပိုင်းတွင် အင်အားကြီးသည်ဟု သတ်မှတ်မခံရသော်လည်း ပိုမိုကြီးမားသော အင်အားစုတစ်ခုကို တွယ်ကပ်ထားခြင်းဖြင့် ဤနေရာတွင် မသေရုံတမည် ရှင်သန်နိုင်ခဲ့သည်။
သို့သော် သူတို့ အင်အားကြီးထွားလာသည်နှင့်အမျှ တိုက်ပွဲကြီးတစ်ခုတွင် သူတို့၏ မဟာမိတ်တပ်ဖွဲ့များကိုပင် သစ္စာဖောက်ကာ သူတို့၏ စကြဝဠာကို အောင်မြင်စွာ ကျူးကျော်နိုင်ခဲ့သည်။ ထိုအချိန်ကစ၍ စကြဝဠာပေါင်းများစွာ၏ သယံဇာတများအပေါ် မှီခိုရင်း ကြီးပွားတိုးတက်လာခဲ့ကြသည်။
နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံချိန်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းကွာဟချက်မှာ ကြီးမားလှသဖြင့် သူတို့ဘက်က တိုက်ခိုက်နေစဉ်အတွင်း ဆုတ်ခွာရန် အခွင့်အရေးရှာခဲ့သော်လည်း စကြဝဠာအမှတ်၆၅က မဆုတ်မနစ် လိုက်လံတိုက်ခိုက်ခဲ့သည်။
စကြဝဠာစံတော်ချိန် တစ်နာရီမပြည့်ခင်မှာပင် သူတို့၏ဆုံးရှုံးမှုမှာ ၂၀ရာခိုင်နှုန်းထက် ကျော်လွန်သွားပြီး တပ်မှူးလည်း ဒဏ်ရာရကာ ဒုတပ်မှူးနှစ်ယောက်လည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။ ဤသည်မှာ အရေအတွက် ကွာဟချက်သာမက တိုက်ခိုက်နိုင်စွမ်းအရလည်း လုံးဝအဖိနှိပ်ခံရခြင်းပင်။
"ဒီစကြဝဠာအမှတ်၆၅က ကောင်တွေ"
တပ်မှူးအန်းတိသည် သူ့ရင်ဘတ်ပေါ်ရှိ ကြည့်ရဆိုးလှသော ဒဏ်ရာကို ကုသရင်း စကြဝဠာအမှတ်၆၅၏ ယာဉ်တန်းကို စူးစူးရဲရဲကြည့်ကာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ငါတို့ရဲ့အာကာသဖြတ်လမ်းပေါ်လာဖို့ အချိန်ဘယ်လောက်လိုသေးလဲ"
"တပ်မှူး.. နောက်ထပ်စကြဝဠာစံတော်ချိန်တစ်နာရီလောက်တော့ ကြာပါဦးမယ်"
"ဒီထက်ပိုမြန်အောင် လုပ်လို့မရဘူးလား"
အန်းတိက ပြောလိုက်သည်။
"ငါတို့တပ်မဟာက သိပ်ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"
"တပ်မှူး.. ဒါက အမြန်ဆုံး အမြန်နှုန်းဖြစ်နေပါပြီ"
နည်းပညာရှင်မှာလည်း စိုးရိမ်ပူပန်နေသည်။
"ဒီယာယီအာကာသဖြတ်လမ်းစနစ်ကို တပ်ဆင်ဖို့ အချိန်အကြာကြီး လိုအပ်တဲ့အပြင် ကျွန်တော်တို့ရဲ့ စွမ်းအင်တွေအများကြီးကို သုံးရမှာမို့ နည်းနည်းလောက် ဆက်တောင့်ခံထားပေးပါ"
"အနီးအနားမှာ စစ်ကူလာမယ့်သတင်း ဘာကြားသေးလဲ"
"အနီးအနားမှာ ကျွန်တော်တို့ရဲ့ အကူအညီတောင်းခံတဲ့အချက်ပြကို ရရှိတဲ့ စကြဝဠာနှစ်ခု ရှိပေမဲ့ တစ်ဖက်က စကြဝဠာအမှတ်၆၅ဆိုတာ ကြားလိုက်တာနဲ့ သူတို့ ချက်ချင်းထွက်သွားကြပါတယ်"
"အကူအညီတောင်းခံတဲ့ အချက်ပြကို ဆက်ပို့ထား"
"ဟုတ်ကဲ့ပါ"
...
"တပ်မှူး.. နက္ခတ္တဗေဒယူနစ်၁၂၀အကွာကနေ အကူအညီတောင်းခံတဲ့ အချက်ပြတစ်ခု လက်ခံရရှိပါတယ်။ စကြဝဠာနှစ်ခုက တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေကြတဲ့ပုံပါပဲ"
"ဪ တိုက်ပွဲဖြစ်နေတာလား"
ကျန်းမုန့်လောင်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
"သွားကြတာပေါ့။ ငါတို့ သွားပြီးဖျန်ဖြေပေးကြမယ်။ သူတို့စကားနားမထောင်ရင် အကုန်လုပစ်မယ်"
"အရှိန်ကုန်တင်ပြီး ရှေ့ဆက်သွားကြ"
*************************