← Chapters

အခန်း ၁၀၄၁

Vol. 70 Ch. 1041

အခန်း ၁၀၄၁

Vol. 70 Ch. 1041

အခန်း ၁၀၄၁ - သူတို့ဆီမှာ အနည်းဆုံး တပ်ဖွဲ့တစ်ရာရှိတယ်

စကြဝဠာအမှတ်၆၅၏ ပင်မစစ်သင်္ဘောကြီးကို စစ်သင်္ဘောဟု ခေါ်ဆိုမည့်အစား ရွေ့လျားနေသော ဝေဟင်ခံတပ်ကြီးတစ်ခုဟု ခေါ်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

အဆင့်ရှစ်သက်ရှိအုပ်စုတစ်စုသည် ဤတိုက်ပွဲကို ဖန်သားပြင်ကတစ်ဆင့် ကြည့်ရှုနေကြပြီး သူတို့ကျူးကျော်သိမ်းပိုက်ထားသော စကြဝဠာတစ်ခုမှ ရရှိလာသည့် အထူးအရက်များကို ဖန်ခွက်များလှုပ်ကာ သောက်နေကြသည်။

"သူတို့ရဲ့ခံစစ်က တော်တော်လေးခိုင်မာတာပဲ။ စကြဝဠာစံတော်ချိန် တစ်နာရီကြာတဲ့အထိ လက်မလျှော့ကြသေးဘူး။ ဒီအတိုင်းဆိုရင် သူတို့အင်အားတွေ မကြာခင်ကုန်ခမ်းသွားတော့မှာပဲ"

"စိတ်မပူပါနဲ့။ သူတို့ သိပ်ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့ရဲ့တပ်မတော်တော်များများက ငါတို့ရဲ့တိုက်ခိုက်မှုကြောင့် အထိနာသွားပြီ။ ဒုတိယတပ်မှူးတော်တော်များများလည်း ကျဆုံးသွားပြီဆိုတော့ ဆုံးရှုံးမှုက ၂၀ရာခိုင်နှုန်းတောင် ကျော်နေပြီလေ"

"ငါတို့ အခုလေးတင် သူတို့ဆီက အကူအညီတောင်းတဲ့ အချက်ပြကို ကြားဖြတ်ဖမ်းယူလိုက်သေးတယ်။ အနီးအနားမှာလည်း စကြဝဠာနှစ်ခုက ယာဉ်တန်းတွေ ဖြတ်သွားတယ်"

"ဪ.. ဒါနဲ့ ဘာဆက်ဖြစ်သေးလဲ"

"သတ္တိကြောင်တဲ့ကောင်တွေပါ။ စကြဝဠာအမှတ်၆၅က ငါတို့မှန်းသိတာနဲ့ တန်းပြီး ထွက်ပြေးသွားကြတာပဲ"

"ဟားဟားဟား.. စကြဝဠာအမှတ်၆၅မှာ ယာဉ်တန်း၁၂စုပဲ ရှိပေမဲ့ အကုန်လုံးက ထိပ်တန်းအဆင့်တွေချည်းပဲလေ။ သာမန်မျိုးနွယ်စုတွေရဲ့ တပ်ဖွဲ့နှစ်ဆယ်လောက်ဆိုရင်တောင် ငါတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။ သူတို့က လာရဲပါ့မလား"

"မျိုးနွယ်စုသုံးထောင်ကျော်နဲ့ တပ်မပေါင်းနှစ်သောင်းကျော်ရှိပေမဲ့ ဘယ်သူကမှ အဲ့ဒီ ကြယ်တာရာအမြုတေသတ္တုကြောကို သိမ်းပိုက်နိုင်မယ်လို့ မကြွားရဲကြဘူး။ နောက်ဆုံးမှာ အနိုင်ရခဲ့ရင်တောင် အထိနာပြီးမှ ရတဲ့အောင်ပွဲမျိုးပဲ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒါကိုရခဲ့ရင်တောင် ဆက်ထိန်းထားဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး"

"ဟုတ်တယ်။ ဒီတစ်ခေါက် အင်အားနည်းတဲ့ စကြဝဠာယာဉ်တန်းတွေကို ချေမှုန်းပြီး သူတို့ဆီက အကျိုးအမြတ်တချို့ ရယူနိုင်သရွေ့တော့ ငါတို့ အများကြီး အမြတ်ထွက်မှာပဲ။ အဲ့ဒီ ကြယ်တာရာအမြုတေသတ္တုကြောအတွက် သူတို့အချင်းချင်း သွေးမြေကျတဲ့အထိ တိုက်ခိုက်ပါစေ"

တကယ်တော့ စကြဝဠာအမှတ်၆၅သည် အနည်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြင့် အများဆုံးသော အကျိုးအမြတ်ကို ရရှိနိုင်မည့် အကောင်းဆုံး အစီအစဉ်တစ်ခုကို ရေးဆွဲထားခြင်းပင်။ ကြယ်တာရာအမြုတေသတ္တုကြောဆိုသည်မှာ လူတိုင်း လိုချင်မက်မောလောက်သည့် ဆုလာဘ်တစ်ခု ဖြစ်သော်လည်း ကိုင်တွယ်ရခက်ခဲသော ပြဿနာတစ်ခုလည်း ဖြစ်၏။

...

"တီ.. တီ.. တီ..."

ရုတ်ခြည်းပင် ပင်မစစ်သင်္ဘောကြီး၏ ဆက်သွယ်ရေးကိရိယာမှာ အသံမြည်လာခဲ့သည်။

ကင်းထောက်စစ်သင်္ဘောတစ်စင်း၏ ကပ္ပတိန်က မမျှော်လင့်ဘဲ ဆက်သွယ်ရန် တောင်းဆိုလာပြီး သူ့မျက်နှာကား တစ်စုံတစ်ခုကို လန့်ဖျပ်နေသည့်အလား ဖြူရော်နေသည်။

"တပ်မှူး... ကြီးမားတဲ့ စွမ်းအင်ယူနစ် အစုအဝေးတစ်ခုက အာကာသကွေးညွှတ်မှုအမြန်နှုန်း အဆင့်ကိုးနဲ့ ကျွန်တော်တို့ဆီကို အမြန်ချဉ်းကပ်လာတာကို အခုလေးတင် ထောက်လှမ်းတွေ့ရှိရပါတယ်။ မိနစ်ပိုင်းအတွင်း ကျွန်တော်တို့နားကို ရောက်လာနိုင်ပါတယ်"

"ဘာ.. ငါတို့ကိစ္စကို ဝင်စွက်ဖက်ရဲတဲ့လူ ရှိသေးတာလား"

"သူတို့က ဒီအတိုင်း ဖြတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဂရုမစိုက်နဲ့။ တစ်ယောက်ယောက် လာရင်တောင် ငါတို့က ကြောက်နေစရာမလိုပါဘူး။ တစ်ယောက်လာလာ နှစ်ယောက်လာလာ အကုန်လုံးကို ရင်ဆိုင်နိုင်တယ်"

"ယာဉ်တန်းကို အကြောင်းကြားလိုက်။ ရင်ဆိုင်တိုက်ခိုက်ဖို့ တပ်မငါးခုကို ပြင်ဆင်ထား။ သူတို့ရဲ့ စွမ်းအင်စနစ်တွေကို သိပ်မပျက်စီးစေနဲ့။ သူတို့ရဲ့ ပစ္စည်းတွေကို ငါတို့ဆီယူလာဖို့ လိုသေးတယ်"

"ဒါပေမဲ့... တပ်မှူး သူတို့ဆီမှာ တပ်ဖွဲ့အရေအတွက် တော်တော်များပုံရတယ်"

"တော်တော်များတယ် ဟုတ်လား။ ငါတို့ဆီမှာ တပ်ဖွဲ့၁၂ခု ရှိတယ်။ စကြဝဠာအမှတ်၃၄က တပ်ဖွဲ့ငါးခုကို အခုလို အခြေအနေဖြစ်သွားအောင် ငါတို့တွေ တပ်ဖွဲ့သုံးခုပဲ သုံးခဲ့ရတာ။ နောက်ထပ် ဆယ်ခု ထပ်လာရင်တောင် ကြောက်စရာမလိုဘူး"

"သူတို့ဆီမှာ တပ်ဖွဲ့ဘယ်လောက်ရှိတယ်လို့ မင်းပြောလိုက်တာလဲ။ ဟားဟားဟား"

"တပ်.. တပ်မှူး ကျွန်တော်တို့ ထောက်လှမ်းရမိတဲ့ စွမ်းအင်ယူနစ်က သန်းငါးဆယ်ကျော်ပါတယ်။ တပ်မတစ်ခုမှာ စစ်သင်္ဘောငါးသောင်းရှိတဲ့ စံနှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် သူတို့ဆီမှာ အနည်းဆုံး တပ်ဖွဲ့တစ်ရာ ရှိပါတယ်"

"မင်းဘာပြောလိုက်တယ်။ တပ်ဖွဲ့တစ်ရာ ဟုတ်လား။ ဘယ်မျိုးနွယ်စုကများ တပ်ဖွဲ့တစ်ရာကို စေလွှတ်နိုင်မှာလဲ။ သူတို့ရဲ့စကြဝဠာကို မလိုတော့ဘူးလား"

ဘယ်မျိုးနွယ်စု၏ တပ်ဖွဲ့များမဆို အရေအတွက်တစ်ရာထက် ကျော်လွန်တတ်ကြသော်လည်း ယခုလို ခရီးဝေးစစ်ဆင်ရေးအတွက် တပ်မပေါင်းများစွာကို လုံးဝစေလွှတ်လေ့မရှိကြပေ။

သူတို့ရဲ့စကြဝဠာကို ကာကွယ်ဖို့ မလိုတော့ဘူးလား။

သူတို့ရဲ့အရင်းအမြစ်တွေအတွက် တပ်မတွေကို တပ်စွဲထားဖို့ မလိုတော့ဘူးလား။

အကယ်၍ သူတို့၏ တပ်ဖွဲ့များအားလုံးကို စေလွှတ်လိုက်ပါက သူတို့၏ဌာနချုပ်မှာ ဟာလာဟင်းလင်း ဖြစ်သွားပေမည်။ တစ်စုံတစ်ယောက်က ဤဟာကွက်ကို အခွင့်ကောင်းယူ၍ ဝင်ရောက်တိုက်ခိုက်ပါက ရရှိသည့်အမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားပေလိမ့်မည်။

"စကြဝဠာတစ်ခုတည်းက စေလွှတ်တဲ့ အများဆုံးအရေအတွက်က တပ်ဖွဲ့ခြောက်ဆယ်လို့ပဲ ကြားဖူးတယ်။ ဒါက စကြဝဠာတွေအများကြီး ပူးပေါင်းထားတဲ့ မဟာမိတ်တပ်မကြီးတွေ ဖြစ်နိုင်တယ်"

"သူတို့ ဘယ်သူဘယ်ဝါဆိုတာကိုရော အတည်ပြုပြီးပြီလား"

"ကျွန်တော်တို့ ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ပြန်ရတဲ့ အကြောင်းပြန်ချက်ကတော့ ကျွန်တော်တို့ နားမလည်နိုင်တဲ့ စာတန်းတစ်ခုပဲ ဖြစ်နေတယ်"

ကင်းထောက်စစ်သင်္ဘောက တပ်မှူးထံသို့ သတင်းစကားကို ပြသလိုက်လေရာ "ငါက မင်းအဖေပဲ"ဟူသော စာလုံးအကြီးစားများကိုသာ တွေ့လိုက်ရသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ"

"မသိရပါဘူး။ ဒီစာတန်းကလွဲပြီး သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ တုံ့ပြန်မှု ဒါမှမဟုတ် ရှင်းပြချက် တစ်ခုမှမရှိပါဘူး"

"တပ်ဖွဲ့တစ်ရာ..."

ဤမျှများပြားလှသော အရေအတွက်မှာ တွေးကြည့်လိုက်ရုံဖြင့် သူတို့ကို ကြက်သီးထစေသည်။

"ငါတို့ ဘာလုပ်သင့်လဲ။ ဆုတ်ခွာရမလား။ တကယ်လို့ ပဋိပက္ခဖြစ်လာမယ်ဆိုရင် အခုအချိန်က ထွက်သွားရမယ့် အချိန်ပဲ"

တပ်မှူးတော်တော်များများ ဆွေးနွေးလိုက်ကြသည်။

သူတို့၏တပ်ဖွဲ့များမှာ တိုက်ရည်ခိုက်ရည် ရှိကြသော်လည်း တပ်ဖွဲ့တစ်ရာကို ရင်ဆိုင်ရမည်ဆိုပါက မည်မျှပင်သန်မာစေကာမူ တောင့်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။

"မလောပါနဲ့ဦး။ စကြဝဠာအမှတ်၃၄က ပြိုလဲတော့မှာ။ ပြီးတော့ တစ်ဖက်လူက ငါတို့ဆီလာတာ မဟုတ်တာလည်း ဖြစ်နိုင်တယ်"

"ဟုတ်တယ်။ သူတို့က မဟာမိတ်တပ်ဖွဲ့အရေအတွက်ကို အားကိုးပြီး ရဲတင်းနေတာပါ။ တကယ်လို့ သူတို့ ငါတို့ကို စော်ကားမယ်ဆိုရင် ငါတို့စကြဝဠာကနေ တပ်တွေစေလွှတ်ပြီး တစ်ယောက်ချင်းစီကို ရှင်းပစ်လို့ရတာပဲ"

...

စကြဝဠာအမှတ်၃၄၏ စစ်မြေပြင်

"တပ်မှူး... ကျွန်တော်တို့ရဲ့ အကူအညီတောင်းခံမှုကို အကြောင်းပြန်လာပါပြီ။ မဟာမိတ်တပ်ဖွဲ့တစ်ခုက ကျွန်တော်တို့ဆီ လာနေပါပြီ"

"ဘယ်မျိုးနွယ်စုလဲ။ စကြဝဠာအမှတ်၂၁လား။ စကြဝဠာအမှတ်၁၉လား"

အန်းတိ၏ မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်သွားသော အမူအရာတစ်ခု ပေါ်လာသည်။ အကယ်၍ စစ်ကူရောက်လာပြီး ထိုစစ်ကူကသာ အလုံအလောက် အင်အားတောင့်တင်းမည်ဆိုပါက သူတို့ ဝိုင်းရံပိတ်ဆို့ခံထားရသည့်အဖြစ်ကို ဖောက်ထွက်နိုင်ရုံသာမက တန်ပြန်တိုက်ခိုက်မှုပင် ပြုလုပ်နိုင်ပေမည်။

"စကြဝဠာအမှတ်၇ကပါ"

"စကြဝဠာအမှတ်၇ ဟုတ်လား"

တပ်မှူးအန်းတိ၏ မျက်နှာထက်ရှိ ဝမ်းသာရိပ်တို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

စကြဝဠာအမှတ်၇သည် သူတို့၏ မဟာမိတ်ဖြစ်သော်လည်း သူ့အင်အားမှာ စကြဝဠာအမှတ်၃၄နှင့် ယှဉ်လျှင် များစွာအားနည်းပေသည်။ သူတို့၏ တပ်ဖွဲ့ဆယ်ခုသည် အင်အားကြီးသော စကြဝဠာများ၏ တပ်ဖွဲ့တစ်ခုနှင့်သာ ညီမျှပေလိမ့်မည်။

ဤတစ်ကြိမ်တွင် စကြဝဠာအမှတ်၇က တပ်ဖွဲ့တစ်ခုသာ စေလွှတ်လိုက်သည်ဟု သူ ကြားမိသည်။

တပ်ဖွဲ့တစ်ခုဆိုသည်မှာ တစ်ယောက်တစ်ပေါက် တံတွေးထွေးလိုက်လျှင်ပင် သူတို့၏ယာဉ်တန်းတစ်ခုလုံး အရှင်လတ်လတ် မြေမြှုပ်ခံရမည်သာ။

သူတို့က ဘာလို့ ဝင်ပါရတာလဲ။

"တစ်ဖက်က စကြဝဠာအမှတ်၆၅ရဲ့ ထိပ်တန်းတပ်ဖွဲ့လို့ သူတို့ကိုပြောလိုက်။ သူတို့ ချက်ချင်း ထွက်သွားသင့်တယ်"

အန်းတိက အမိန့်ပေးလိုက်သည်။

"တပ်မှူး... သူတို့က ထွက်သွားဖို့ ငြင်းဆန်နေပါတယ်။ သူတို့ဆီမှာ တပ်ဖွဲ့တစ်ခုပဲ ရှိပေမဲ့ စစ်သင်္ဘောသန်းငါးဆယ်ကျော် ပါလာတယ်လို့ ပြောပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သွားမလား။ တိုက်ပွဲကို တန်းစမလားလို့ မေးနေပါတယ်"

...

တပ်ဖွဲ့တစ်ရာပါဝင်သော အင်အားကြီးမားလှသည့် ဤယာဉ်တန်းမှာ ယခုမူ ကျန်းမုန့်လောင်၏ယာဉ်တန်း ဖြစ်နေလေပြီ။

စစ်မြေပြင်တစ်ခုလုံးတွင် အပြိုင်စကြဝဠာများဖြင့် ပြည့်နှက်နေပြီး စကြဝဠာပေါင်းသုံးထောင်ကျော်မှ ယာဉ်တန်းများကို စေလွှတ်ထားသည်။ လမ်းခရီးတစ်လျှောက်တွင် ပက်ပင်းတိုးနိုင်ခြေမှာ အလွန်မြင့်မားလှသည်။

ဤယာဉ်တန်းမှာ ကျန်းမုန့်လောင် လမ်းတစ်လျှောက်တွင် ရရှိခဲ့ခြင်းပင်။

ရန်သူ့စကြဝဠာများနှင့် ကြုံရသည့်အခါ ကျန်းမုန့်လောင်က တိုက်ခိုက်မှုကို ဦးဆောင်၍ လူများကို လွှတ်ပေးလိုက်သော်လည်း ထောက်ပံ့ရေးပစ္စည်းများနှင့် စစ်သင်္ဘောများကိုမူ သိမ်းယူထားလိုက်သည်။

သူတို့ကို အခြားစကြဝဠာများက မက်မောမှုများဖြင့် မကြာခဏ ကြည့်တတ်ကြသည်။

စကြဝဠာအမှတ်၇ဖြစ်ကြောင်း သိလိုက်ရသည့်အခါ တစ်ဖက်က ဝံပုလွေများအလား အလုအယက် ပြေးလာကြသည်။ အကြောင်းမှာ စကြဝဠာအမှတ်၇သည် ကြယ်တာရာအမြုတေသတ္တုကြောအတွက် ယှဉ်ပြိုင်နေသည့် မျိုးနွယ်စုသုံးထောင်ကျော်အနက် ထိပ်ဆုံးနှစ်ထောင်စာရင်းဝင်ပင် မဟုတ်ပါဘဲ အစာကွင်းဆက်၏ အောက်ဆုံးတွင် ရှိနေသောကြောင့်ပင်။

သို့သော် စကြဝဠာအမှတ်၇၏ ယာဉ်တန်းထံသို့ ရောက်လာချိန်တွင်မူ သူတို့အားလုံး ဆွံ့အသွားခဲ့ရသည်။

ဘုရားရေ... ဒါက အားနည်းတဲ့ စကြဝဠာအမှတ်၇ရော ဟုတ်သေးရဲ့လား။ သူတို့က တပ်ဖွဲ့ဒါဇင်ပေါင်းများစွာ အရွယ်အစားရှိတဲ့ ယာဉ်တန်းတစ်ခုကို ဘယ်လိုလုပ်ပြီး စေလွှတ်နိုင်ရတာလဲ။

သူတို့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အထူးပေါင်းစပ်လက်နက်တစ်ခုက သူတို့ဆီကို ရောက်လာခဲ့သည်။

နောက်ဆုံးတွင်မူ သူတို့အားလုံး စကြဝဠာအမှတ်၁၅၇နှင့်အလားတူ ဒုက္ခမျိုးကို မြည်းစမ်းခဲ့ရသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် မျိုးနွယ်စု ဒါဇင်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့သည်။ အစပိုင်းတွင် လူတိုင်းက အလုအယက် လာရောက်ကြွားဝါခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ ကြီးမားလှသော ယာဉ်တန်းကြီးကို ထောက်လှမ်းသိရှိသွားသောအခါ လမ်းလွှဲကာ ရှောင်သွားကြတော့သည်။

စစ်သင်္ဘော ၅၃.၈၃သန်းကျော်၊ တပ်ဖွဲ့အင်အားတစ်ရာကျော်ပင်။ ဤသည်မှာ စကြဝဠာအမှတ်၇၏ လက်ရှိစစ်အင်အားပင်။

"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ ရောက်ခါနီးပါပြီ"

"စကြဝဠာအမှတ်၃၄ကို မလန့်နဲ့လို့ ပြောလိုက်။ သူတို့ရဲ့ဧကရာဇ် ပြန်လာပြီလို့"

"ကျောင်းအုပ်ကြီး.. စကြဝဠာအမှတ်၃၄ဆီက အကြောင်းပြန်စာ ရပါပြီ။ စကြဝဠာအမှတ်၆၅က စေလွှတ်လိုက်တဲ့ ယာဉ်တန်းမှာ သူတို့ရဲ့ ထိပ်တန်းတပ်ဖွဲ့တွေ ပါဝင်တဲ့အတွက် တိုက်ရည်ခိုက်ရည် အရမ်းမြင့်မားတယ်တဲ့။ ကျွန်တော်တို့ သတိထားရမယ်လို့ ပြောပါတယ်"

"တပ်မှူး... စကြဝဠာအမှတ်၆၅က ကျွန်တော်တို့ကို ဟန့်တားဖို့ တပ်ဖွဲ့ငါးခု စေလွှတ်ထားပြီး သတိပေးချက်တွေ အဆက်မပြတ် ပို့နေပါတယ်"

"ထိပ်တန်းတပ်ဖွဲ့တွေဘာတွေ လာမပြောနဲ့။ ငါက အဲဒီထိပ်တန်းတွေကိုပဲ ဆော်မှာ။ အခုချက်ချင်း အကြီးကြီးကနေ စလိုက်စမ်း"

"ဟုတ်ကဲ့ပါ"

"အထူးပေါင်းစပ်လက်နက် ပစ်လွှတ်ဖို့ အသင့်ပါပဲ"

"ကျည်သွင်းပြီးပြီ။ ပစ်တော့"

************************

All Chapters