← Chapters

အခန်း ၁၀၄၂

Vol. 70 Ch. 1042

အခန်း ၁၀၄၂

Vol. 70 Ch. 1042

အခန်း ၁၀၄၂ - လူကြီးမင်း... ခေတ်တွေပြောင်းသွားပြီ

"တပ်မှူးကို သတင်းပို့ပါတယ်။ ရန်သူတွေဘက်က တိုက်ခိုက်လာပါပြီ။ ကျွန်တော်တို့ ကာကွယ်ရေးစနစ်တွေကို ဖွင့်ထားပါပြီ... ဒါ မဖြစ်နိုင်ဘူး"

ရှေ့ဆုံးစစ်သင်္ဘောကပ္ပတိန်၏ မျက်စိရှေ့တွင်ပင် သူတို့၏ ကာကွယ်ရေးစနစ်များမှာ တစ်စစီကျိုးပျက်သွားပြီးနောက် အရာအားလုံးကို အမှောင်ထုထဲ ဝါးမျိုသွားမည့်အလား ပြင်းထန်လှသောအလင်းရောင်နှင့်အတူ လောင်ကျွမ်းလုမတတ်သော အပူရှိန်တစ်ခု ထွက်ပေါ်လာသည်။

"စစ်သင်္ဘောအမှတ်၅၀၀၀၁ အခြေအနေ ဘယ်လိုရှိလဲ။ စစ်သင်္ဘော၅၀၀၀၁... ဖန်သားပြင်ကို ပြောင်းကြည့်စမ်း"

ပင်မစစ်သင်္ဘောကြီး၏ မဟာဗျူဟာခွဲခြမ်းစိတ်ဖြာရေးအခန်းထဲတွင် ရှေ့ဆုံးစစ်သင်္ဘော၏ အခြေအနေကို ချက်ချင်းမြင်တွေ့လိုက်ရသော်လည်း ထိုနေရာ၌ အကောင်းပကတိရှိနေသော သင်္ဘောတစ်စင်းမှ မရှိတော့ပေ။ စစ်သင်္ဘော အစင်းနှစ်သောင်းနီးပါးမှာ ရေတွက်၍မရနိုင်သော အပျက်အစီးအပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး ရန်သူက ဘယ်လက်နက်ကို သုံးသွားသလဲဆိုသည်ကိုပင် မသိကြသေးပေ။

"အဲ့ဒီလိုလက်နက်မျိုးပဲ။ စကြဝဠာအမှတ်၈၁က အခြေစိုက်မြို့တော်တစ်ခုလည်း ဒီလက်နက်နဲ့ပဲ ဖျက်ဆီးခံလိုက်ရတာ"

စကြဝဠာအမှတ်၆၅နှင့် စကြဝဠာအမှတ်၈၁တို့မှာ တရားဝင်မဟာမိတ်များ မဟုတ်ကြသော်လည်း နှစ်ခုစလုံးမှာ ပြင်ပသို့ ကျူးကျော်နယ်ချဲ့ရန် ဆန္ဒရှိကြသဖြင့် အပြန်အလှန် နားလည်မှုတစ်ခုတော့ ရှိထားကြသည်။

မကြာသေးခင်က စကြဝဠာအမှတ်၈၁နှင့် အခြားစကြဝဠာအချို့ရှိ အခြေစိုက်မြို့တော်ပေါင်းများစွာသည် အမည်မသိလက်နက်တစ်ခု၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ ဤလက်နက်၏ အစွမ်းမှာ အလွန်ကြီးမားလှပြီး အခြေစိုက်မြို့တော်တစ်ခုလုံးကို ပြာကျသွားစေရန်အတွက် တစ်ချက်ပစ်ခတ်ရုံဖြင့် လုံလောက်လေသည်။

ထိုလက်နက်၏ ခြိမ်းခြောက်နိုင်စွမ်းမှာ နျူကလီးယားလက်နက်ခေတ်သို့ ဝင်ရောက်လာသော အဆင့်တစ်မျိုးနွယ်စုနှင့် ဆင်တူနေပြီး ကာကွယ်ရေးစနစ်မရှိပါက နျူကလီးယားဗုံးတစ်လုံးတည်းနှင့်ပင် လုံလောက်သည်။ မကြာသေးခင်က အခြေစိုက်မြို့တော်များစွာမှာ ထိုလက်နက်မျိုးဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ကာ ထိတ်လန့်နေခဲ့ကြသည်။ မထင်မှတ်ထားပါဘဲ ယနေ့တွင် ထိုလက်နက်နှင့် သူတို့ကိုယ်တိုင် ကြုံတွေ့ရလေပြီ။

"တိုက်ပွဲဆုံးရှုံးမှုအခြေအနေကို သတင်းပို့စမ်း"

"တပ်မှူးကို သတင်းပို့ပါတယ်။ စစ်သင်္ဘောအစင်းနှစ်သောင်းနီးပါး ဆုံးရှုံးသွားပြီး တိုက်ခိုက်ခံရတဲ့ အတိုင်းအတာအတွင်းမှာ ရှစ်စင်းပဲ အသက်ရှင်ကျန်ရစ်ပါတော့တယ်"

"တပ်မှူးကို သတင်းပို့ပါတယ်။ သူတို့ရဲ့ယာဉ်တန်းက ကျွန်တော်တို့ကို စတင်တိုက်ခိုက်နေပါပြီ။ သူတို့ရဲ့ ပစ်ခတ်မှုအင်အားက အရမ်းပြင်းထန်လွန်းလို့ ကျွန်တော်တို့ တောင့်မခံနိုင်တော့ပါဘူး"

ဖန်သားပြင်ပေါ်တွင် ရေတွက်၍မရနိုင်သော အလင်းတန်းအမြောက်များနှင့် အမှုန်အမြောက်များ ပစ်ခတ်နေသည့် လမ်းကြောင်းများကို မြင်တွေ့နေရပြီးနောက် ဆုံးရှုံးမှုအစီရင်ခံစာများလည်း အဆက်မပြတ် ဝင်ရောက်လာလေသည်။

ရန်သူ့ထံတွင် စစ်သင်္ဘောသန်းငါးဆယ်ကျော်ရှိသော်လည်း သူတို့ဘက်က ဟန့်တားရန် တပ်ဖွဲ့ဆယ်ခုသာ စေလွှတ်ခဲ့သဖြင့် တိုက်ခိုက်ရေးစွမ်းအားကွာဟချက်မှာ အဆနှစ်ဆယ်ထက်ပင် ပိုနေလေသည်။

"ဒီလူတွေက ဘယ်သူတွေလဲ"

"တပ်မှူး... သူတို့က စကြဝဠာအမှတ်၇ရဲ့ IPX-001ယာဉ်တန်းလို့ ဆိုပါတယ်။ ကျွန်တော်တို့ကို ခုခံတာရပ်ဖို့၊ လက်နက်ချဖို့နဲ့ စကြဝဠာအမှတ်၃၄ကို တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုနေပါတယ်"

"စကြဝဠာအမှတ်၇ ဟုတ်လား။ အဲ့ဒီအသုံးမကျတဲ့ကောင်တွေက ဘယ်အချိန်ကစပြီး ဒီလို လက်နက်နည်းပညာမျိုးကို ပိုင်ဆိုင်သွားတာလဲ"

ဆင်များက ပုရွက်ဆိတ်များ ဘာလုပ်နေသလဲဆိုသည်ကို ဂရုမစိုက်သလို စကြဝဠာအမှတ်၆၅၏ တပ်မှူးများက စကြဝဠာအမှတ်၇အား ထည့်သွင်းဆွေးနွေးရန်ပင် တန်သည်ဟု မယူဆခဲ့ကြပေ။

"အခု ဘယ်လိုလုပ်ကြမလဲ"

"ဆုတ်ခွာမယ်"

"တပ်မှူး... ကျွန်တော်တို့ ပြန်ဆုတ်လို့မရတော့ဘူး။ သူတို့ရဲ့ယာဉ်တန်းတွေက ဝိုင်းထားလိုက်ပါပြီ"

...

စကြဝဠာအမှတ်၃၄နှင့် စကြဝဠာအမှတ်၆၅ကြားရှိ စစ်မြေပြင်

"ဘုန်း"

စကြဝဠာအမှတ်၆၅၏ ယာဉ်တန်းအလယ်တွင် ရွှေရောင်အလင်းတန်းဆယ်ခု ပေါက်ကွဲသွားပြီး စံသတ်မှတ်ချက်တပ်ဖွဲ့သုံးခုမှ ကြယ်တာရာစစ်သင်္ဘောတစ်သိန်းခွဲနီးပါးခန့်မှာ ချက်ချင်းပင် ပြာကျပျက်စီးသွားလေသည်။

သင်္ဘောပေါ်က မဆင်းရသေးသော အချို့စစ်သည်များပင် သူတို့၏ စစ်သင်္ဘောများနှင့်အတူ အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရသည်။

စကြဝဠာအမှတ်၃၄၏ စစ်သည်များကို နောက်ဆုတ်သွားအောင် ဖိအားပေးနေသော စကြဝဠာအမှတ်၆၅၏ စစ်သည်များခမျာ နောက်လှည့်ကြည့်လိုက်ချိန်ဝယ် သူတို့၏ယာဉ်တန်းအစိတ်အပိုင်းအမြောက်အမြား အကြောင်းပြချက်မရှိပါဘဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဆွံ့အသွားသည်။

သူတို့တပ်ဖွဲ့သာမက စကြဝဠာအမှတ်၃၄မှ စစ်သည်များပင် စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။ စကြဝဠာအမှတ်၆၅၏ ယာဉ်တန်းကို ရင်ဆိုင်နေရသော သူတို့ခမျာ ကောင်းကင်ယံထက်တွင် အလင်းတန်းဆယ်ခု ဖြတ်သန်းသွားပြီးနောက် မီးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရလေသည်။

သူတို့တစ်သက်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော လက်နက်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ကြပေ။

သာမန်လက်နက်များ၏ အမြင့်ဆုံးစွမ်းဆောင်ရည်မှာ တစ်ချက်ပစ်လိုက်ရုံဖြင့် အဆင့်တူစစ်သင်္ဘော တစ်စင်းကိုသာ ဖျက်ဆီးနိုင်သည်။ လုံးဝဖျက်ဆီးနိုင်ရန်အတွက် စွမ်းအင်အမြုတေကို တည့်တည့်ထိမှန်ရန်ပင် လိုအပ်သေးသည်။

တစ်ချက်တည်းပစ်ခတ်ရုံဖြင့် စစ်သင်္ဘောထောင်သောင်းချီ၍ ဖျက်ဆီးပစ်နိုင်သည်ဆိုလေရာ ဤသည်မှာ လက်နက်ရော ဟုတ်လေသလား။ အဆင့်ကိုးသက်ရှိတစ်ယောက်ပင် ဤမျှများပြားသော စစ်သင်္ဘောများကို တစ်ခဏအတွင်း ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

"ဘာတွေဖြစ်ကုန်တာလဲ"

"ရန်သူ့တိုက်ခိုက်မှု။ ဒါ ရန်သူတွေ တိုက်ခိုက်တာ"

ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးသောကြောင့် စကြဝဠာအမှတ်၆၅၏ စစ်သည်များမှာ တည်ငြိမ်မှုများပျောက်ဆုံးကာ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

"ငါတို့ရဲ့စစ်ကူတွေ ရောက်လာပြီ"

ဆန့်ကျင်ဘက်အနေနှင့် စကြဝဠာအမှတ်၃၄၏ စစ်သည်များမှာမူ အားတက်သွားကြသည်။ မျှော်လင့်ချက်မဲ့စွာ ပိတ်မိနေပြီးနောက် အခြေအနေက ပြောင်းပြန်ဖြစ်သွားသဖြင့် သူတို့၏ရင်ထဲတွင် အဆုံးမဲ့သော ခွန်အားများဖြင့် ပြည့်နှက်သွားလေသည်။

"အကုန်လုံးကို ရှင်းပစ်လိုက်"

"ငါ့ရဲဘော်တွေအတွက် လက်စားချေရမယ်"

"စကြဝဠာအမှတ်၆၅က သတ္တိကြောင်တဲ့ကောင်တွေ"

သို့သော်လည်း တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်က ရှိနေဆဲပင်။ စကြဝဠာအမှတ်၆၅သည် စကြဝဠာပေါင်းများစွာမှ အရင်းအမြစ်များကို ထိန်းချုပ်ထားသဖြင့် သူတို့၏ စစ်သည်များသည် အင်အားရော လက်နက်ကိရိယာများတွင်ပါ အသာစီးရထားသည်။ စစ်သင်္ဘောတစ်သိန်းခွဲကျော်၏ အကာအကွယ်ကို ဆုံးရှုံးလိုက်ရခြင်းမှာ တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်ကို အနည်းငယ်သာ ကျဉ်းမြောင်းသွားစေခဲ့သည်။

"ဇွိ"

အလင်းတန်းတစ်ခုက ကောင်းကင်ကို ရုတ်တရက်ဖောက်ထွက်လာပြီး စကြဝဠာအမှတ်၆၅မှ အဆင့် ခြောက်သက်ရှိခေါင်းဆောင်တစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားလေသည်။

သူ့ခမျာ သူ့တိုက်ခိုက်ရေးဝတ်စုံပေါ်ရှိ အပေါက်ကြီးကို မယုံနိုင်လေဟန်ဖြင့် ငေးကြည့်နေမိသည်။ အဆင့်ခြောက်သက်ရှိတစ်ယောက်သည် မည်သည့်အပူစွမ်းအင်သုံးလက်နက်၏ တိုက်ခိုက်မှုကိုမဆို လျစ်လျူရှုထားနိုင်ပြီး အပြင်းထန်ဆုံးသော သင်္ဘောလက်နက်ပင်လျှင် သူတို့ကို ဒဏ်ရာအနည်းငယ်သာ ရစေနိုင်သော်လည်း ဤအလင်းတန်းကမူ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့လေပြီ။

သူ့သက်စောင့်စွမ်းအင်များလည်း လျင်မြန်စွာ ကုန်ခမ်းသွားသည်။ အပြင်းအထန် ဒဏ်ရာရရှိထားသော်လည်း အဆင့်ခြောက်သက်ရှိတစ်ယောက်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခုမဟုတ်ပေ။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ ထိုအလင်းတန်းက သူ့ဦးခေါင်းတစ်ခုလုံးကို အငွေ့ပျံသွားစေသည်။

"ဘယ်သူလဲ"

ကျဆုံးသွားသော အဆင့်ခြောက်သက်ရှိနှင့် တိုက်ခိုက်နေသည့် စကြဝဠာအမှတ်၃၄ယာဉ်တန်း၏ တပ်မှူးမှာ သူတို့ကို ဘယ်သူလာကူညီသလဲဟု အနီးအနားပတ်ဝန်းကျင်ကို ရှာဖွေကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် စစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာသော အင်အားနှစ်ထောင်ကျော် ပါဝင်သည့် တပ်စုငယ်တစ်ခုကိုသာ သူ တွေ့လိုက်ရသည်။

"ကျွန်တော်တို့က စကြဝဠာအမှတ်၇ကနေ ခင်ဗျားတို့ကို ကူညီဖို့ ရောက်လာတာပါ"

"ငါတို့ကိုကူညီမယ် ဟုတ်လား။ မင်းတို့အယောက်နှစ်ထောင်လုံးကလား"

ထိုတပ်ဖွဲ့၏ တပ်ခွဲမှူးက မချိပြုံးပြုံးလိုက်သည်။ ရန်သူ့တပ်ဖွဲ့တွင် ဘီလီယံရာနှင့်ချီ၍ အင်အားရှိသည်။ သူတို့၏ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်တွင်ပင် စစ်သည်အများစုမှာ သင်္ဘောအပြင်သို့ ရောက်နေကြသဖြင့် လူအသေအပျောက် အနည်းဆုံးဖြစ်ခဲ့လေသည်။

စစ်သည်နှစ်သောင်းအနက် တစ်ယောက်ချင်းစီကသာ ရန်သူအယောက်သန်းပေါင်းများစွာကို မသတ်ဖြတ်နိုင်လျှင် သို့မဟုတ် သူတို့ကိုယ်တိုင်က အဆင့်ခြောက်များ မဟုတ်ခဲ့လျှင် အင်အားနှစ်သောင်းမဆိုထားနှင့်။ သန်းနှစ်ရာဆိုလျှင်ပင် လက်ရှိကြုံတွေ့နေရသော ဧရာမဖိအားကို လျှော့ချပေးနိုင်မည် မဟုတ်ပေ။ သို့သော် သူတို့၏ သက်ရှိရှာဖွေရေးကိရိယာများအရ ဤလူများမှာ အဆင့်ငါးများသာ ဖြစ်ကြောင်း ပြသနေသည်။

အဖွဲ့ဝင်ရာဂဏန်းသာ ရှိသော်လည်း အခြေစိုက်စခန်းမြို့တော်များကို ဖျက်ဆီးနိုင်သည်ဟု နာမည်ကြီးသည့် စကြဝဠာအမှတ်၇၏ ကျားပျံတပ်ဖွဲ့အကြောင်း သူတို့ ကြားဖူးသော်လည်း တပ်ဖွဲ့များကို သုတ်သင်ရှင်းလင်းရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

သို့သော် သူတို့၏အတွေးကား မကြာခင် ပြောင်းလဲသွားသည်။ စကြဝဠာအမှတ်၇မှ စစ်သည်နှစ်သောင်းသည် တစ်ခါမှ မမြင်ဖူးသော လက်နက်များကို တပ်ဆင်ထားကြသည်။ စွမ်းအင်အိတ်နှင့်တူသော ကျောပိုးအိတ်တစ်ခုကို တပ်ဆင်ထားသည့် တစ်မီတာခန့်ရှည်သော ကိရိယာများက မီးတောက်များကို လျင်မြန်စွာ ပစ်ခတ်နေချေသည်။ အဆင့်ခြောက်သက်ရှိကို အဆုံးသတ်သွားစေသော အလင်းတန်းမှာ ထိုလက်နက်တစ်ခုမှ ပစ်ခတ်လိုက်ခြင်းပင်။

တပ်ဖွဲ့ပုံစံမပျက်​စေဘဲ စစ်သည်နှစ်သောင်းမှာ ရန်သူများကို သူတို့၏ 'မီးချီလင်'အမှုန်စက်သေနတ်များဖြင့် အရူးအမူး ပစ်ခတ်ကြသည်။ အဆင့်ငါးသက်ရှိများကို ရင်ဆိုင်ရာတွင်ပင် ကျည်ဆန်တစ်တောင့်၏ အရွေ့စွမ်းအင် ကုန်ဆုံးသွားစေရန်အတွက် ခန္ဓာကိုယ်ပေါင်းများစွာကို ဖောက်ထွင်းသွားရန် လိုအပ်လေသည်။

အဆင့်ခြောက်သက်ရှိများပင် တစ်ချက်အပစ်ခံရရုံဖြင့် ကြီးမားလှသောဒဏ်ရာမျိုး ရနိုင်သဖြင့် ဘီလီယံဆယ်ဂဏန်းရှိသော အဆင့်ငါးနှင့် အဆင့်ခြောက်များကို အဝေးတွင်သာ ဟန့်တားထားနိုင်သည်။

"ငတုံးတွေ"

အသက်ပေါင်းများစွာကို ရိတ်သိမ်းနေသည့် ထူးဆန်းလှသော ဤလက်နက်ကြောင့် စိတ်ပျက်သွားသော စကြဝဠာအမှတ်၆၅ရှိ အဆင့်ခုနစ်သက်ရှိအချို့မှာ ရန်သူအယောက်နှစ်သောင်းကို သုတ်သင်ရှင်းလင်းရန် ဝင်ရောက်လာကြသည်။

"အယ်လ်ထရာအိုင်းယွန်းအလင်းတန်းအမြောက်ကို အဆင်သင့်ပြင်ထား"

သူတို့ထဲတွင် ရာနှင့်ချီသော စစ်သည်များက အခြားလက်နက်တစ်ခုကို ပြောင်းကိုင်လိုက်ပြီး စွမ်းအင်ဖြည့်တင်းခြင်း၊ ချိန်ရွယ်ခြင်းနှင့် ပစ်ခတ်ခြင်းတို့ကို တစ်စက္ကန့်အတွင်း လုပ်ဆောင်လိုက်ကြသည်။

"ဘုန်း"

အချင်းနှစ်မီတာကျော်ရှိသော ဧရာမအလင်းတန်းကြီးများက လက်နက်များထဲမှ ထွက်ပေါ်လာပြီး အဆင့်ခုနစ်သက်ရှိများပင် ရှောင်တိမ်းရန် မလွယ်ကူလောက်အောင် မြန်ဆန်လွန်းလှသည်။

အပြင်းအထန်တိုက်ခိုက်ရန် ကြိုးစားနေသော ရာနှင့်ချီသည့် အဆင့်ခုနစ်သက်ရှိများမှာ အနားသို့မကပ်နိုင်ခင်မှာပင် ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သည့် တစ်ဦးတည်းသော အဆင့်ခုနစ်သက်ရှိမှာ သူတို့လူမျိုးများကို သတ်ဖြတ်နိုင်စွမ်းရှိသည့် ဤလက်နက်အကြောင်းကို သွေးချင်းချင်းနီနေသော မျက်လုံးများဖြင့် မေးခွန်းထုတ်နေမိရင်း သူ့ဂုဏ်သိက္ခာ အနည်းငယ် ကျဆင်းသွားသလို ခံစားလိုက်ရသည်။

သို့သော် စစ်သည်များက အလွန်ပြင်းထန်သည့် သူတို့၏ အိုင်းယွန်းအလင်းတန်းအမြောက်များကို ပြန်သိမ်းလိုက်ကြပြီး ပြောင်းဝကတစ်ဆင့် ထွက်နေသော မီးခိုးငွေ့များကို မှုတ်ထုတ်ကာ အေးအေးဆေးဆေးပင် ပြောလိုက်ကြသည်။

"ဘယ်လောက်ပဲအရည်အချင်းရှိရှိ သားသတ်ဓားကိုတော့ ကြောက်ရတာပဲ။ လူကြီးမင်း... ခေတ်တွေပြောင်းသွားပြီဗျ"

***********************

All Chapters