အခန်း ၁၀၄၃
Vol. 70 Ch. 1043
အခန်း ၁၀၄၃ - ပြေးနိုင်တုန်း ပြေးကြ
လူအင်အား နှစ်သောင်းတည်းဖြင့် တပ်မသုံးခုကို အပြင်းအထန် အထိနာစေခဲ့ပြီး ရန်သူများလည်း မျက်နှာပင် မပြရဲလောက်အောင် ကြောက်ရွံ့သွားသည်။ အဆင့်၇သက်ရှိများအတွက်ပင် ကျည်ဆန်တစ်တောင့်စာ အကွာအဝေးသာ ရှိတော့သည်။ နှစ်ဖက်စလုံးရှိ စစ်သည်များအတွက်မူ ဤမြင်ကွင်းမှာ သိပ္ပံရုပ်ရှင်ကားတစ်ကားလိုပင် ဖြစ်နေတော့သည်။
"ဒါက စကြဝဠာအမှတ်၇ရဲ့ IPX-001တပ်ဖွဲ့ ကျားပျံအထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ ပထမတပ်စုပဲ။ မင်းတို့ရဲ့ လက်နက်တွေကို ချက်ချင်းချဖို့နဲ့ အဓိပ္ပာယ်မရှိတဲ့ ခုခံမှုတွေအားလုံးကို ရပ်တန်းကရပ်ဖို့ ငါတို့ တောင်းဆိုတယ်။ ထပ်ပြောမယ်။ အဓိပ္ပာယ်မရှိတဲ့ ခုခံမှုတွေအားလုံးကို ရပ်တန်းကရပ်ပြီး လက်နက်ချလိုက်ကြ"
ဘီလီယံနှင့်ချီသော ရန်သူများကို ရင်ဆိုင်နေရသည့် လူနှစ်သောင်းက လက်နက်ချရန် တောင်းဆိုနေခြင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်ရဘဲ မည်သူက ယုံကြည်နိုင်မည်နည်း။
စကြဝဠာအမှတ်၆၅မှ ရှေ့တန်းစစ်သင်္ဘောများသည် စကြဝဠာအမှတ်၇၏ စစ်သည်များကို အရူးအမူး ပစ်ခတ်တိုက်ခိုက်ကြလေသည်။ ထို့ပြင် စစ်သင်္ဘောများ၏ အဝေးပစ်ပံ့ပိုးမှုနှင့်အတူ စစ်သင်္ဘောသိန်းပေါင်းများစွာ၏ ပစ်ခတ်မှုအင်အားက သူတို့ကို လွှမ်းခြုံသွားလေသည်။
"ကာကွယ်ရေးပုံစံ ပြောင်းလိုက်"
စကြဝဠာအမှတ်၇၏ ကျားပျံအထူးစစ်ဆင်ရေးတပ်ဖွဲ့ ပထမတပ်စုမှ အဖွဲ့ဝင်များသည် သူတို့၏ တိုက်ခိုက်ရေးဝတ်စုံပေါ်ရှိ ခလုတ်တစ်ခုကို ဖွဖွလေး နှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ခန္ဓာကိုယ်နှင့် ခန့်မှန်းခြေ မီတာဝက်အကွာတွင် အစိမ်းဖျော့ဖျော့ အမှုန်အကာအကွယ်ဒိုင်းတစ်ခု ချက်ချင်း ပွင့်ထွက်လာလေသည်။
အလင်းတန်းအမြောက်များရော အမှုန်အမြောက်များပါ ဤအကာအကွယ်ဒိုင်းကို မဖောက်ထွင်းနိုင်ကြပေ။ ဤသည်မှာ ထိုးဖောက်၍မရနိုင်သော အတားအဆီးတစ်ခုနှင့်ပင် တူနေတော့သည်။
"ဒီမကောင်းဆိုးဝါးတွေက ဘာတွေလဲကွာ။ ဘာလို့ သူတို့ဆီမှာ ဒီလောက်စွမ်းအားကြီးတဲ့ လက်နက်ကိရိယာတွေ ရှိနေရတာလဲ"
"သူတို့ကို ဝင်တိုက်ကြ။ ဘီလီယံနဲ့ချီတဲ့ စစ်သည်တွေက လူနှစ်သောင်းတပ်ကို မနှိမ်နင်းနိုင်ဘူးဆိုတာ ငါတော့မယုံဘူး"
"သူတို့ရဲ့ စွမ်းအင်တွေက ကုန်ခမ်းမသွားနိုင်ဘူးဆိုတာကို ငါ မယုံဘူး။ ဒီလောက်စွမ်းအားကြီးတဲ့ လက်နက်တွေက ကြောက်ခမန်းလိလိ စွမ်းအင်ပမာဏကို စားသုံးရမှာပဲ။ သူတို့ရဲ့စွမ်းအင်တွေ ကုန်သွားတာနဲ့ သူတို့လည်း သာမန်အဆင့်ငါးသက်ရှိတွေ ဖြစ်သွားမှာပဲ"
"ယာဉ်တန်း... ရှေ့ကနေ အကာအကွယ်ပေးထား"
စစ်သင်္ဘောရာပေါင်းများစွာသည် သူတို့၏ ကာကွယ်ရေးစနစ်များကို အစွမ်းကုန်ဖွင့်ကာ ဒိုင်းကာများအဖြစ် အသုံးပြု၍ ရှေ့သို့ မရပ်မနား တိုးဝင်လာသည်။ မီးချီလင်အမှုန်စက်သေနတ်သည် အလွန်စွမ်းအားကြီးမားသော်လည်း ၎င်း၏ ဖျက်ဆီးနိုင်စွမ်းအတိုင်းအတာမှာ မကြီးမားလှပေ။ယာဉ်တန်း၏ ကာကွယ်ရေးစနစ်များကြောင့် ထိုစွမ်းအင်များ အားနည်းသွားပြီးနောက်တွင် သင်္ဘောကိုယ်ထည်များကို အလွယ်တကူ ဖောက်ထွင်းနိုင်ဆဲဖြစ်သော်လည်း သင်္ဘောများနောက်တွင် ပုန်းအောင်းနေသော စစ်သည်များကိုမူ အန္တရာယ်မပြုနိုင်တော့ပေ။
"ဘုန်း"
"ဘုန်း"
အကြီးအကျယ်ပျက်စီးသွားသော စစ်သင်္ဘောများ အဆက်မပြတ် ပေါက်ကွဲသွားသဖြင့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ သူတို့သည် ထိပ်တန်းအဆင့် စစ်သင်္ဘောနှစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့်တိုင် ပြိုင်ဘက်၏ ရှေ့တန်းသို့ ရောက်ရုံသာ တိုးကပ်နိုင်ခဲ့သည်။
"သေစမ်း.. နှမြောစရာကောင်းလိုက်တာ။ အဲ့ဒါတွေက ငါတို့စစ်သင်္ဘောတွေကွ"
"မတိုက်ကြနဲ့တော့။ ရပ်ကြတော့။ ဒီထက်ပိုများသွားရင် အကုန်ပြောင်တော့မယ်"
"မင်းတို့စစ်သင်္ဘောတွေ ဟုတ်လား"
စကြဝဠာအမှတ်၃၄မှ စစ်သည်များက သူတို့ကို ကြည့်လိုက်ကြသည်။ ဒီစစ်သင်္ဘောတွေက ဘယ်လိုလုပ်ပြီး မင်းတို့ဟာတွေ ဖြစ်သွားတာလဲ။
"သူတို့တွေ လာနေကြပြီ။ သတိထားကြ"
ထိုအချိန်တွင် အပြင်းအထန်အထိနာပြီး မျက်နှာပင် မပြရဲလောက်အောင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးနောက် တိုးကပ်လာသော စစ်သင်္ဘောများ၏ နောက်ကွယ်မှနေ၍ စကြဝဠာအမှတ်၆၅၏ စစ်သည်အုပ်စုကြီးမှာ နောက်ဆုံးတွင် ပြေးထွက်လာကြလေသည်။ ပြိုင်ဘက်က လက်နက်ကိရိယာနှင့် အကွာအဝေးအားသာချက်ကိုသာ အားကိုးနေခြင်းဖြစ်၏။
သို့သော် ယခုလို အနီးကပ်အကွာအဝေးတွင်မူ အပူစွမ်းအင်သုံးလက်နက်များမှာ သူတို့၏ အကောင်းဆုံး အစွမ်းအာနိသင်ကို ဆုံးရှုံးသွားပြီဖြစ်ရာ ဤအချိန်တွင် သူတို့ အသာစီးရမည်မှာ သေချာပေါက်ပင်ဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်နေကြသည်။
"အဆင့်၇သက်ရှိတွေကို ချောင်းမြောင်းပစ်ခတ်ဖို့ လူအယောက်တစ်ရာချန်ထားခဲ့။ ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့"
ကျားပျံအထူးစစ်ဆင်ရေးတပ်ဖွဲ့ ပထမတပ်စု၏ တပ်မှူးက ပြောလိုက်သည်။
သူသည် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ယောက် မဟုတ်ပေ။ IPX-001တပ်ဖွဲ့မှ ထူးချွန်သော မျိုးဆက်သစ် စစ်သားတစ်ယောက်အဖြစ် ထင်ရှားလာသူသာ ဖြစ်၏။
"စကြဝဠာအမှတ်၃၄က လူတွေ ခဏလောက် နောက်ဆုတ်ပေးကြပါ။ ခဏနေရင် အခြေအနေက အရမ်းရှုပ်ယှက်ခတ်သွားမှာမို့လို့ ခင်ဗျားတို့ ထိခိုက်မိမှာ စိုးရိမ်လို့ပါ"
"အားလုံးပဲ ဘေးဖယ်ပေးကြပါ။ အခု စစ်မြေပြင်က ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ခင်ဗျားတို့ နောက်ဆုတ်ပြီး နေကြာစေ့သာ ထိုင်စားနေကြပါ"
"ဘာသဘောလဲ"
စကြဝဠာအမှတ်၃၄၏ စစ်သည်များက သူတို့ကို ကြည့်လိုက်ကြသည်။ သူတို့က ဤလူအင်အားနှစ်သောင်းတည်းနှင့် ပြိုင်ဘက်၏ ဘီလီယံချီသော အင်အားကို တောင့်ခံဖို့ ရည်ရွယ်ထားလေသလား။
သူတို့ ဝန်ခံပါသည်။ အစောပိုင်းက သူတို့၏ လက်နက်များ ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု တကယ်မထင်ထားပေ။ တကယ်တမ်းတွင် လူအယောက်နှစ်သောင်း၏ အင်အားကို အားကိုး၍ ပြိုင်ဘက်ကို ခြေတစ်လှမ်းပင် မတိုးနိုင်အောင် လုပ်နိုင်ခဲ့သည်။
သို့သော် ယခင်နှင့်မတူပါဘဲ ဤအကွာအဝေးတွင် အပူစွမ်းအင်သုံးလက်နက်များသည် သူတို့၏ အကောင်းဆုံးဖိနှိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပြီဖြစ်၏။ ပြိုင်ဘက်ကို တားဆီးရန်အတွက် သူတို့အနေနှင့် ကိုယ်ပိုင်စွမ်းအားစစ်စစ်ဖြင့် ယှဉ်ပြိုင်ရန် လိုအပ်လေသည်။
ဤအချိုးအစားအရဆိုလျှင် တစ်ယောက်လျှင် လူအယောက်တစ်သောင်းကို ရင်ဆိုင်ရမည်ဖြစ်၏။ အကယ်၍ ဤအဖွဲ့က အဆင့်ခြောက်သက်ရှိများချည်းသာဖြစ်လျှင် ဖြစ်နိုင်ခြေရှိသော်လည်း သူတို့မှာ အဆင့်ငါးအထွတ်အထိပ် သက်ရှိများသာ ဖြစ်နေချေသည်။
"အားလုံးပဲ လက်နက်ကိရိယာတွေကို ဖြုတ်ပြီး လှံစွပ်တပ်ကြ"
ပထမတပ်စု၏ တပ်မှူးက အမိန့်ပေးလိုက်သည်။ စူပါအိုင်းယွန်းအမြောက်များကို ကိုင်ဆောင်ထားသော စစ်သည်အယောက်တစ်ရာကလွဲ၍ ကျန်လူများအားလုံးမှာ သူတို့၏ လက်နက်ကိရိယာများကို သိမ်းဆည်းလိုက်ကြပြီး အဆင့်ခြောက်သိုင်းလက်နက်များဖြင့် အစားထိုးကိုင်ဆောင်လိုက်ကြသည်။
"အဆင့်ခြောက်လက်နက်တွေလား။ သူတို့တွေအကုန်လုံးက ဘယ်လိုလုပ်ပြီး အဆင့်ခြောက်လက်နက်တွေကို တပ်ဆင်ထားနိုင်ရတာလဲ"
စကြဝဠာအမှတ်၃၄ရှိ စစ်သည်များမှာ မနာလိုအားကျသည့် အမူအရာများကို ပြသကြလေသည်။ သူတို့စကြဝဠာ၏ စစ်တပ်ထဲတွင် အဆင့်ခြောက်သက်ရှိများကသာ ထိုသို့သော လက်နက်များကို ကိုင်ဆောင်ခွင့်ရှိပြီး အများစုမှာ ထိုလက်နက်မျိုး တစ်ခုမျှပင် မပိုင်ဆိုင်ကြပေ။
အဆင့်ခြောက်လက်နက်များ၏ ကုန်ကြမ်းပစ္စည်းများနှင့် လက်မှုပညာလိုအပ်ချက်များမှာ အလွန်တင်းကျပ်လှသည်။ သူတို့စကြဝဠာရှိ အဆင့်ခြောက်သက်ရှိ တပ်မှူးများအကြားတွင်ပင် လူတိုင်းကို ထိုလက်နက်မျိုး တပ်ဆင်ပေးရန် မဖြစ်နိုင်သော်လည်း စကြဝဠာအမှတ်၇ရှိ အဆင့်ငါးသက်ရှိများအားလုံးကမူ ထိုလက်နက်များကို ပိုင်ဆိုင်ထားကြလေသည်။
စကြဝဠာအမှတ်၃၄ရှိ စစ်သည်များ၏ စိတ်ထဲတွင်မူ စကြဝဠာအမှတ်၇သည် ဆင်းရဲသော စကြဝဠာတစ်ခု ဖြစ်သင့်သည် မဟုတ်ပါလော။ သူတို့သည် မည်သည့်သတ္တုတွင်းကြီးများ သို့မဟုတ် စွမ်းအင်မိုင်းတွင်းများကိုမှ သိမ်းပိုက်ထားနိုင်ခြင်းမရှိပါချေ။ တစ်ခါတစ်ရံတွင် စကြဝဠာအမှတ်၃၄ထံကပင် အရင်းအမြစ်များကို ချေးရသေးသည်။
ဤသည်မှာ မကြာခဏ ပိုက်ဆံလာချေးနေသော သူငယ်ချင်းတစ်ယောက်က တစ်နေ့တွင် ဆက်လက်ဖုံးကွယ်မထားနိုင်တော့ဘဲ သူ့အိမ်တွင် နွားများ၊ သိုးများနှင့် မြေယာများ ပြည့်နှက်နေကြောင်း ထုတ်ဖော်ပြသလိုက်သည်နှင့် တူနေလေတော့သည်။
"ဒါပေမဲ့ ဒီလိုဆိုရင်တောင် အဆင်ပြေမှာ မဟုတ်ဘူး"
စကြဝဠာအမှတ်၃၄၏ စစ်သည်များက စိုးရိမ်ပူပန်သော အမူအရာများကို ပြသလာကြသည်။ သူတို့၏ လက်နက်ကိရိယာများမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ လက်နက်ကိရိယာအားသာချက်ဖြင့် တစ်ချိန်တည်းတွင် လူသုံးယောက်မှ ဆယ်ယောက်အထိ တိုက်ခိုက်နိုင်ခြေရှိ၏။ သို့သော် ဤမျှကြီးမားလှသော အင်အားကွာဟချက်ကို ရင်ဆိုင်ရာတွင်မူ အနိုင်ရရန် မျှော်လင့်ချက်မရှိဟု ခံစားနေရဆဲပင်။
"အားလုံးတိုက်ကြ။ ငါတို့ မဟာမိတ်တွေကိုချည်း တိုက်ခိုင်းထားလို့ မဖြစ်ဘူး"
စကြဝဠာအမှတ်၃၄၏ တပ်မှူးများက သူတို့၏ စစ်သည်များကို ကိုယ်စီအမိန့်ပေးလိုက်ကြသည်။
သို့သော် ငွေရောင်အလင်းတန်းတစ်ခု၊ စူးရှတောက်ပသော အေးစက်စက်အလင်းရောင်တစ်ခုက ရုတ်ခြည်းပင် ကောင်းကင်ယံကို ဖောက်ထွက်သွားသည်။ ဤသည်မှာ စကြဝဠာအမှတ်၇ရှိ အဖွဲ့ထဲမှ သာမန်စစ်သည်တစ်ဦးထံမှဖြစ်ပြီး သူ့လှံတံကို ရှေ့သို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်ခြင်းပင်။
ကြီးမားလှသော ထိုးဖောက်နိုင်စွမ်းကို သယ်ဆောင်လာသည့် ထိုလှံတံမှာ ရန်သူတစ်ယောက်ပြီးတစ်ယောက် ဖောက်ထွင်းသွားသည်။ ဤတိုက်ခိုက်မှုအတွင်း အဆင့်ခြောက်သက်ရှိ တပ်မှူးသုံးယောက်အပါအဝင် ရာနှင့်ချီသော ရန်သူ့စစ်သည်များမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရသည်။
သူ့ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း မိုင်တစ်ထောင်အကွာသို့ ရောက်သွားပြီး လျင်မြန်စွာ ပျံသန်းလာသော လှံတံကို လှမ်းဖမ်းလိုက်၏။
"အေးစက်စက်အလင်းရောင်တစ်ခု အရင်ပေါ်လာမယ်။ ပြီးရင် လှံတံက နဂါးတစ်ကောင်လို ထွက်ပေါ်လာလိမ့်မယ်"
သူသည် ရန်သူ့တပ်ဖွဲ့အတွင်း လွတ်လပ်စွာ သွားလာနိုင်ပုံရပြီး သူ့တိုက်ခိုက်မှုတိုင်းမှာ ရာနှင့်ချီသော ရန်သူများ၏ အသက်ကို နှုတ်ယူသွားသည်။ အဆင့်ခြောက်သက်ရှိများပင် သူ့တိုက်ခိုက်ရေးအရှိန်ကို မလျှော့ချနိုင်ခဲ့ကြပေ။
"အလင်းရောင်ရဲ့ အရှိန်အဝါအောက်မှာ.."
မှော်တောင်ဝှေးကို ကိုင်ဆောင်ထားသော အမျိုးသမီးစစ်သည်တစ်ဦးသည် မျက်လုံးမှိတ်ကာ စွမ်းအင်များကို စုစည်းလိုက်သည်။ ရုတ်တရက်ဆိုသလို သန့်စင်သော စကြဝဠာမူလစွမ်းအင်များဖြင့်သာ ဖွဲ့စည်းထားသော အလင်းတန်းအမြောက်ထက်ပင် ပိုမိုအားကောင်းသည့် အလင်းတန်းတစ်ခုမှာ မီတာထောင်ပေါင်းများစွာကို ဖောက်ထွက်သွားသဖြင့် သူ့လမ်းကြောင်းပေါ်ရှိ မည်သူမှ အသက်ရှင်မကျန်ရစ်ခဲ့ပေ။
အခြားစစ်သည်တစ်ယောက်ကမူ ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ စကြဝဠာအမှတ်၆၅ရှိ စစ်သည်များ၏ တိုက်ခိုက်မှုများက သူ့ပေါ်သို့ ကျရောက်လာသော်ငြား ရန်သူတစ်ယောက်ကို သတ်ဖြတ်လိုက်တိုင်း သူ့ဓားမကြီးက စွမ်းအင်များကို ပြန်လည်ပေးစွမ်းလေသည်။ သူ့ဒဏ်ရာများက မျက်လုံးဖြင့်မြင်နိုင်လောက်သည့် အရှိန်ဖြင့် သက်သာပျောက်ကင်းသွားရုံသာမက သူ့ခွန်အားနှင့် အမြန်နှုန်းလည်း သိသိသာသာတိုးတက်လာသည်။
နောက်ထပ်စစ်သည်တစ်ယောက်က လက်နှစ်ဖက်ဖြင့် မန္တန်အကွက်များ ဖော်လိုက်ပြီးနောက် ကိုယ်ပွားထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားသည်။ ထိုကိုယ်ပွားအားလုံးနီးပါးမှာ သူ့မူလတိုက်ခိုက်ရေးစွမ်းအား ၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြပြီး အဆင့်ခြောက်သက်ရှိများကို ကြက်များနှင့် ခွေးများကို သတ်သလို သတ်ဖြတ်နေကြလေသည်။
ဤအယောက်နှစ်သောင်းသည် ယခုအခါ ဘီလီယံဆယ်နှင့်ချီသော ရန်သူများကို အမှန်တကယ် ဆုတ်ခွာသွားအောင် ဖိအားပေးနေကြလေပြီ။
"ဒိုင်း"
ပြိုင်ဘက်ဘက်မှ အဆင့်ခုနစ်သက်ရှိများမှာ နောက်ဆုံးတွင် ဝင်တိုက်ခိုက်လာကြသည်။ အဆင့်ခုနစ်သက်ရှိများသည် အဆင့်ခြောက်သက်ရှိတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သေအောင် ထိုးနိုင်သော်လည်း ယခု အထိုးခံရသော စစ်သည်မှာမူ ဒဏ်ရာအနည်းငယ်သာ ရခဲ့ပြီး ဆေးလုံးတစ်လုံးကိုသောက်ကာ သူတို့၏ တိုက်ခိုက်မှုကို ချက်ချင်း ပြန်လည်စတင်ခဲ့သည်။
ထိုအဆင့်ခုနစ်သက်ရှိမှာမူ အဆင့်ငါးသက်ရှိတစ်ယောက်က သူ့တိုက်ခိုက်မှုကို မည်သို့ခံနိုင်ရည်ရှိရသလဲဟု တွေးတောနေစဉ်မှာပင် အလွန်ပြင်းထန်သည့် အိုင်းယွန်းအမြောက်တစ်ခုက သူ့ကို ဝါးမျိုသွားလေတော့သည်။
"ပစ်မှတ်ကို ရှင်းလင်းပြီးပါပြီ"
အဝေးတစ်နေရာတွင် အဆင့်ခုနစ်သက်ရှိများကို ချောင်းမြောင်းပစ်ခတ်ရန် တာဝန်ယူထားသော စစ်သည်တစ်ယောက်က အခြားပစ်မှတ်တစ်ခုကို လျင်မြန်စွာ ချိန်ရွယ်လိုက်သည်။
"သူတို့က မကောင်းဆိုးဝါးတွေပဲ"
"ပြေးကြ။ ငါတို့ ဒါကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
"ငါတို့ရဲ့နောက်တန်းတပ်တွေလည်း တိုက်ခိုက်ခံနေရပြီ"
"ဆုတ်။ မြန်မြန်ဆုတ်ကြ။ စစ်သင်္ဘောတွေဆီ ပြန်သွားကြ။ ကာကွယ်ရေးစနစ်တွေ အကုန်ဖွင့်ထား။ ဆုတ်ခွာဖို့ ပြင်ဆင်ကြ။ သွားနိုင်တဲ့လူတွေ မြန်မြန်သွားကြတော့"
********************