← Chapters

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း ၁၀၄၄ - ငါ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ရဦးမယ်

"အခြေအနေ ဘယ်လိုရှိလဲ"

စကြဝဠာအမှတ်၇၏ ပင်မစစ်သင်္ဘောကြီးပေါ်တွင် ကျန်းမုန့်လောင်သည် နေကြာစေ့စားရင်း သိပ္ပံရုပ်ရှင်ကားတစ်ကားနှင့်တူသော စစ်မြေပြင်ကို ကြည့်ရှုနေလေသည်။

"ကျောင်းအုပ်ကြီး... ရှေ့တန်းက ရန်သူတွေကို ကျွန်တော်တို့ ချေမှုန်းလိုက်ပါပြီ။ စကြဝဠာအမှတ်၃၄ဆီကို တပ်ဖွဲ့တစ်ဖွဲ့ လွှတ်ပြီး သူတို့ကိုလည်း အသေအလဲ ထိုးနှက်နိုင်ခဲ့ပါတယ်။ အခု သူတို့ ထွက်ပြေးဖို့ ပြင်နေကြပါပြီ"

"သစ္စာတရားဆိုတာ နည်းနည်းလေးမှ မရှိကြဘူး"

ကျန်းမုန့်လောင်က အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။

"စကြဝဠာအမှတ်၁၅၇ရဲ့ တပ်မှူးက သူ့ယာဉ်တန်းကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးတတ်ပေမဲ့ ဒီကောင်တွေကတော့ ဘေးဒုက္ခကြုံလာတာနဲ့ ငှက်တွေလို ဖရိုဖရဲထွက်ပြေးကြတာပဲ"

"သူတို့တွေအကုန်လုံးကို ဝိုင်းထားလိုက်။ တစ်ယောက်မှ မလွတ်စေနဲ့"

"ဟုတ်ကဲ့ပါ"

စစ်သင်္ဘောသန်းငါးဆယ်ကျော်မှာ လမ်းကြောင်းပေါင်းစုံကနေ၍ တင်းကျပ်စွာ ပိတ်ဆို့ထားလိုက်သည်။ စကြဝဠာအမှတ်၆၅မှ လူများသည် မည်သည့်လမ်းကြောင်းမှ ဖောက်ထွက်ရန် ကြိုးစားစေကာမူ သူတို့ထက် အင်အားဆယ်ဆကျော် များပြားသော တပ်ဖွဲ့များနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

ဝိုင်းရံပိတ်ဆို့မှုက ပိုမိုကျဉ်းမြောင်းလာပြီး သူတို့၏ ဆုံးရှုံးမှုများကလည်း ပိုမိုများပြားလာလေသည်။ တပ်မဆယ့်နှစ်ခုအနက် နှစ်ခုနီးပါးခန့် ဆုံးရှုံးသွားသည်။

ကျန်တပ်မဆယ်ခုမှာမူ ကျန်းမုန့်လောင် ချထားသော ပိတ်ဆို့မှုထဲတွင် လုံးဝပိတ်မိနေပြီး ထွက်ပြေးရန် လမ်းစမရှိတော့ပေ။

နောက်ဆုံးတွင်မူ စကြဝဠာအမှတ်၃၄၏ ယာဉ်တန်းသည် ကျန်းမုန့်လောင်၏ ပင်မစစ်သင်္ဘောကြီးနှင့် လာရောက်ပူးပေါင်းလေသည်။

"ကျွန်တော်က စကြဝဠာအမှတ်၃၄ ပူးပေါင်းတပ်မကြီးတွေရဲ့ တပ်မှူးအန်းတိပါ"

တောင့်တင်းခိုင်မာပြီး ဒဏ်ရာရထားသော ထိုလူက ကျန်းမုန့်လောင်၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ခင်ဗျားတို့စကြဝဠာရဲ့ တပ်မှူးက ဘယ်မှာလဲ။ ကျွန်တော် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ပါ။ ခင်ဗျားတို့ရဲ့အကူအညီသာ မပါခဲ့ရင် ကျွန်တော်တို့ယာဉ်တန်း ထွက်ပြေးလွတ်မြောက်နိုင်ပေမဲ့ အင်အားတစ်ဝက်ကျော် ဆုံးရှုံးသွားနိုင်တယ်"

"ရှာနေစရာ မလိုပါဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"ကျွန်တော်က စကြဝဠာအမှတ်၇ IPX-001တပ်ဖွဲ့ရဲ့ တပ်မှူး ကျန်းမုန့်လောင်ပါပဲ"

"ခင်ဗျားက တပ်မှူးလား"

အန်းတိ ခဏမျှ မှင်တက်သွားသည်။ တပ်မှူးတစ်ယောက်က အဆင့်ခြောက်သက်ရှိတစ်ယောက်သာဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ဖယ်ထားလိုက်လျှင်ပင် ဤတပ်မ၏ တပ်ဖွဲ့တစ်ခုတည်းက ရန်သူ့တပ်မတစ်ခုလုံးကို တောင့်ခံထားနိုင်သည်။ ဤတိုက်ခိုက်နိုင်စွမ်းက သူတို့၏ တပ်မှူးသည် ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။ သို့မဟုတ်ပါက သူတို့အနေနှင့် ဤမျှအစွမ်းထက်သော တပ်မကြီးကို လေ့ကျင့်ပေးနိုင်မည် မဟုတ်ပေ။

သူ့စိတ်ထဲတွင် ဤတပ်မအသစ်၏ တပ်မှူးသည် အလွန်ကြီးကျယ်မြင့်မြတ်သူတစ်ယောက် ဖြစ်သင့်သည်။ တစ်ခါတစ်ရံတွင် အဆင့်ကိုးသက်ရှိတစ်ယောက်ကပင် ကိုယ်တိုင်ဦးစီးနေခြင်းဖြစ်နိုင်သည်။ ဤသည်မှာမူ အလွန်ယုတ္တိမတန်သော ကိစ္စဖြစ်သည်။

"ဒီတပ်မကြီးမှာ တပ်မှူးတစ်ယောက်ထက်ပိုပြီး ရှိတာမဟုတ်ဘူးလား"

မျိုးနွယ်စုပေါင်းများစွာတွင် တပ်မှူးများကို အုပ်ချုပ်ရေးပိုင်းနှင့် စစ်ရေးပိုင်းဟူ၍ ခွဲခြားထားတတ်ကြသည်။ စစ်ရေးပိုင်းတပ်မှူးများသည် ပြိုင်ဘက်၏ အထွတ်အထိပ်အင်အားစုများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် တာဝန်ရှိသည့် စွမ်းအားကြီး စစ်သည်တော်များ ဖြစ်ကြသည်။

အုပ်ချုပ်ရေးပိုင်း တပ်မှူးများသည် မြင့်မားသော သက်ရှိအဆင့်များရှိရန် မလိုအပ်သော်လည်း သူတို့အားလုံးမှာ အလွန်ပညာတတ်ပြီး စစ်ဗျူဟာပိုင်းတွင် ထူးချွန်သူများ ဖြစ်ကြသည်။ သူ့အမြင်တွင် ကျန်းမုန့်လောင်သည် ထိုသို့သော အုပ်ချုပ်ရေးပိုင်း တပ်မှူးတစ်ယောက်သာ ဖြစ်သင့်သည်။

သို့သော် ကျန်းမုန့်လောင်က သူနှင့် တန်းတူအဆင့်ရှိသူဟု မယူဆနိုင်သဖြင့် အနောက်ကိုသာ ဆက်ကြည့်နေမိသည်။

သို့သော် ဤလူစုများကြားတွင် အမြင့်ဆုံးသက်ရှိအဆင့်မှာ အဆင့်ခြောက်သက်ရှိသာ ရှိ၏။

"ဆက်မရှာပါနဲ့တော့။ ကျွန်တော်ပဲ ရှိတာပါ။ တခြားဘယ်သူမှ မရှိဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ဒီတပ်မကြီးတစ်ခုလုံးကို ခင်ဗျားတစ်ယောက်တည်း အုပ်ချုပ်နေတာပေါ့"

အန်းတိ ဆွံ့အသွားသည်။

"ဒီတပ်မကို ခင်ဗျား လေ့ကျင့်ပေးထားတာလား"

"ဟုတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ကျွန်တော် တာဝန်ယူခဲ့တာပါ။ သူတို့တွေအားလုံးက လူသစ်တွေချည်းပါပဲ။ တစ်နှစ်လောက် လေ့ကျင့်ပေးထားတော့ တိုက်ရည်ခိုက်ရည် အသင့်အတင့်တော့ ရှိပါတယ်"

"တစ်နှစ်တည်းလား"

"လူသစ်တွေတဲ့လား"

"တိုက်ရည်ခိုက်ရည်အသင့်အတင့် ရှိတယ်တဲ့လား"

ထိုစကားလုံးများမှာ အန်းတိအတွက် ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။

ဒါက 'တိုက်ရည်ခိုက်ရည်အသင့်အတင့်'ဆိုရင် သူ့တပ်မထဲက အထက်တန်းစားစစ်သည်တွေက ဘာတွေလဲ။ အမှိုက်တွေလား။

"ဒါက တကယ်မယုံနိုင်စရာပဲ"

အန်းတိမှာ ကျန်းမုန့်လောင်၏ စကားများကို သံသယဖြစ်နေဆဲပင်။ သို့သော် ထိုအချိန်တွင် သူ့လူများထဲရှိ တစ်ဦးက စကြဝဠာအမှတ်၇မှ ဗိုလ်ချုပ်တစ်ယောက်နှင့် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမုန့်လောင်သည် အမှန်တကယ်ပင် တပ်မှူးဖြစ်ကြောင်း တိတ်တဆိတ် သတင်းပို့လာလေသည်။

"ရဲရဲတင်းတင်း မေးခွင့်ပြုပါ။ ခင်ဗျားရဲ့ယာဉ်တန်း အရွယ်အစားက အနည်းဆုံး တပ်မတစ်ရာစာလောက် ရှိတယ်ဆိုတော့ တခြားစကြဝဠာတွေက တပ်မတွေများ ပါနေတာလား"

စကြဝဠာအမှတ်၇၏ အင်အားအရ သူတို့ချည်းသက်သက် တပ်မတစ်ရာစေလွှတ်ရန်မှာ မဖြစ်နိုင်ကြောင်း အန်းတိ ကောင်းကောင်းသိသည်။ အကယ်၍ ဤတိုက်ပွဲတွင်သာ သူတို့ အကြီးအကျယ် ဆုံးရှုံးသွားပါက သူတို့၏ ကိုယ်ပိုင်စကြဝဠာကိုပင် ကာကွယ်နိုင်မည် မဟုတ်တော့ပေ။

သူသည် ကျန်းမုန့်လောင်၏ ယာဉ်တန်းကို လေ့လာခဲ့ပြီးဖြစ်၏။ စကြဝဠာအမှတ်၇ပိုင်ဆိုင်သော စစ်သင်္ဘောသောင်းဂဏန်းအချို့ကလွဲ၍ ကျန်သန်းငါးဆယ်ကျော်မှာ မော်ဒယ်များနှင့် သတ်မှတ်ချက်အမျိုးမျိုး ရှိသည်။ ဤသည်မှာ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းထားသည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ညွှန်ပြနေသည်။

သို့သော် သူတို့တိုက်ခိုက်ဖူးသည့် စကြဝဠာအချို့မှ စစ်သင်္ဘောများကို သူ မှတ်မိသည်။ အများစုမှာ စကြဝဠာအမှတ်၇နှင့် ဆန့်ကျင်ဘက် ရပ်တည်နေကြသူများ ဖြစ်၏။ ရန်သူများနှင့် မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းခြင်းမှာ ယုတ္တိမတန်လှပေ။

"ဪ... အဲ့ဒီစစ်သင်္ဘောတွေလား။ ငါးသောင်းမပြည့်တပြည့်ပဲ ကျွန်တော်တို့ဟာပါ"

ကျန်းမုန့်လောင်က ပြန်ဖြေသည်။

"ခင်ဗျား သိတဲ့အတိုင်း ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးက အဲ့ဒီသတ္တုတွင်းဧရိယာအတွက် တိုက်ခိုက်နေကြတာလေ။ လမ်းမှာ ကျွန်တော်တို့ လူအများကြီးနဲ့ ဆုံခဲ့တယ်။ ရန်သူ့စကြဝဠာတွေ ဒါမှမဟုတ် သေချင်လို့ လာတဲ့လူတွေရဲ့ စစ်သင်္ဘောတွေနဲ့ ကြုံရတော့ သူတို့အားလုံးကို အသာရှင်းပစ်လိုက်တာပေါ့"

"သူတို့အားလုံးကို ရှင်းပစ်လိုက်တယ်ပေါ့"

"အကုန်လုံးတော့ မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော်က ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူပါ။ အသက်တစ်ချောင်းကို ကယ်တင်ရတာက ဘုရားခုနစ်ဆူတည်ရတာထက် ပိုမြတ်ပါတယ်။ သားသတ်ဓားကို ချလိုက်တာနဲ့ ချက်ချင်း ဘုရားဖြစ်တယ်တဲ့လေ။ ကျွန်တော် သိပ်မသတ်ခဲ့ပါဘူး။ သူတို့ရဲ့လက်နက်နဲ့ ကိရိယာတွေအားလုံးကို အပ်နေသရွေ့တော့ လူတွေကို လွှတ်ပေးလိုက်တာပဲ"

"ခင်ဗျားဆိုလိုချင်တာက ဒီလောက်များတဲ့ စစ်သင်္ဘောတွေကို သိမ်းယူခဲ့တယ်ပေါ့"

အန်းတိ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သင်္ဘောငါးသောင်းမှ သန်းငါးဆယ်ကျော်အထိ ရောက်ဖို့ဆိုလျှင် သူတို့အနေနှင့် စကြဝဠာဘယ်လောက်များများကို လုယက်ခဲ့ရသလဲ။

"ယဉ်ကျေးတဲ့လူတွေက ဒါကို လုယက်တယ်လို့ ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ။ ယုတ္တိဗေဒ ဒါမှမဟုတ် ရူပဗေဒတစ်ခုခုကိုတော့ နားလည်ထားဖို့ လိုတယ်မလား။ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့နဲ့ အကျိုးအကြောင်း သွားပြောလို့မှမရတာ။ ဟုတ်တယ်မလား။"

အန်းတိသာမက စကြဝဠာအမှတ်၃၄မှ အခြားတပ်မှူးများပင် ခိုင်လုံလှသော ဤယုတ္တိဗေဒကြောင့် အရှုံးပေးလိုက်လေသည်။ သေချာသည်မှာ စကြဝဠာအမှတ်၇၏ အစွမ်းထက်လှသော တိုက်ခိုက်နိုင်စွမ်းများကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေပေသည်။

"ခုနက ခင်ဗျားတို့သုံးသွားတဲ့ လက်နက်က ဘာလက်နက်လဲ"

"ဪ... အဲ့ဒါက မီးချီလင်အမှုန်စက်သေနတ်လို့ ခေါ်တယ်။ ကျွန်တော်တို့ကိုယ်တိုင် တီထွင်ထုတ်လုပ်ထားတာ။ အဆင့်ခြောက်သက်ရှိတွေကို ထိထိရောက်ရောက် သတ်ဖြတ်နိုင်တယ်"

"အထူးအိုင်းယွန်းအမြောက်ကတော့ အဆင့်ခုနစ်သက်ရှိတွေကိုသာ ထိသွားရင် တစ်ချက်တည်းနဲ့ အစတောင်ရှာမရအောင် ဖောက်ခွဲပစ်နိုင်တယ်"

"ပြီးတော့ ရန်သူရဲ့ အခြေစိုက်စခန်းမြို့တော်တွေကို တိုက်ခိုက်ဖို့ သီးသန့်ထုတ်ထားတဲ့ အီတလီ အမြောက်ကြီး ရှိသေးတယ်"

"စကြဝဠာအမှတ်၈၁ရဲ့ အခြေစိုက်စခန်းမြို့တော်က ခင်ဗျားတို့ရဲ့ အီတလီအမြောက်ကြီးနဲ့ အပစ်ခံလိုက်ရတာလား"

တပ်မှူးတစ်ဦးက ချက်ချင်း မေးလိုက်သည်။

"ဟုတ်တယ်"

"အမလေး... ခင်ဗျားတို့က တကယ်အံ့ဩစရာပဲ။ ဒီသတ္တုတွင်းဧရိယာမှာတော့ ခင်ဗျားတို့က အင်အားအကြီးဆုံးပြိုင်ဘက်တွေ ဖြစ်မယ်ထင်တယ်"

"မစ္စတာကျန်း"

ယခုအချိန်တွင် ကျန်းမုန့်လောင်အပေါ်ထားရှိသော အန်းတိ၏ သဘောထားမှာ ပြောင်းလဲသွားလေပြီ။ သူသည် အဆင့်ခြောက်သက်ရှိတစ်ဦးမျှသာ ဖြစ်လင့်ကစား ဤလက်နက်များကို တီထွင်ထုတ်လုပ်မှုတွင် အဓိကကြိုးကိုင်သူဖြစ်ပါက လေးစားမှုရရှိရန် လုံလောက်နေပြီဖြစ်၏။

"ခင်ဗျားတို့ဆီမှာ အဆင့်ရှစ်သက်ရှိတွေကိုပါ သတ်နိုင်တဲ့ လက်နက်တွေရော ရှိလား"

"လောလောဆယ်တော့ မရှိသေးဘူး"

ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။

"ကျွန်တော်တို့ သုတေသနလုပ်နေဆဲအဆင့်ပဲ ရှိသေးတယ်။ နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်လောက်အထိ အချိန်ယူရလိမ့်မယ်"

"ဒါဆို အဲ့ဒီအဆင့်ရှစ်သက်ရှိတွေကို ခင်ဗျားတို့ ဘယ်လိုရင်ဆိုင်မလဲ"

"ဟားဟားဟား.. ကျွန်တော်တို့ဆီမှာ အဆင့်ရှစ်သက်ရှိတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတဲ့ ဟာသဒိုင်းကာရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အနာတရဖြစ်အောင်မလုပ်နိုင်ပေမဲ့ သူတို့ကလည်း ကျွန်တော်တို့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလေ"

ကျန်းမုန့်လောင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ သူတို့ရဲ့ယာဉ်တန်းတွေကတော့ ကျွန်တော်တို့ရဲ့ အီတလီအမြောက်ကြီးကို မခံနိုင်ဘူးဆိုတော့ သူတို့ ရွေးချယ်စရာတစ်ခုတော့ လုပ်ရမှာပဲ မဟုတ်ဘူးလား"

"ပြောင်မြောက်လိုက်တာ"

အန်းတိက ချီးကျူးလိုက်သည်။

"မစ္စတာကျန်းက လူ့သဘာဝကို တကယ် နားလည်တာပဲ"

သူတို့စစ်သည်များ၏ အသက်ကို ကယ်တင်လိုသော ထိုတပ်မှူးများသည် လက်နက်နှင့် ကိရိယာများကို စွန့်လွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"သူတို့ကို လုယက်ပြီးတာနဲ့... အဟမ်း ပညာပေးပြီးတာနဲ့ ခင်ဗျားတို့ကို လက်နက်ကိရိယာတချို့ မျှပေးပါ့မယ်။ ကျွန်တော်တို့တွေက မဟာမိတ်တွေဆိုတော့ အချင်းချင်း အပြန်အလှန် ကူညီပံ့ပိုးရမှာပေါ့"

ကျန်းမုန့်လောင်က သူ့ရင်ဘတ်ကိုပုတ်လျက် ပြောလိုက်သည်။

"ဒါပေမဲ့ မစ္စတာကျန်း... ဒီလူတွေက မတူဘူးဗျ"

အန်းတိက ပြောလိုက်သည်။

"စကြဝဠာအမှတ်၆၅ရဲ့ အထက်ပိုင်းက လူတွေအကုန်လုံးက အကြံကြီးတဲ့လူတွေချည်းပဲ။ ခင်ဗျား ကြားချင်ကြားဖူးမှာပါ။ အရင်တုန်းက သူတို့ရဲ့ မဟာမိတ်တပ်ဖွဲ့တွေကိုတောင် သူတို့ သစ္စာဖောက်ခဲ့ဖူးတယ်"

"အင်း...ကောလာဟလတချို့တော့ ကြားဖူးပါတယ်"

"အလွန်ဆုံးဆိုရင် ကျွန်တော်တို့ သူတို့ကို မောင်းထုတ်နိုင်မယ်။ ဒါမှမဟုတ် သူတို့ရဲ့ယာဉ်တန်းကို ဖျက်ဆီးပစ်နိုင်ရုံပဲ ရမယ်။ သူတို့ရဲ့လက်နက်ကိရိယာတွေကို သိမ်းယူဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။ သူတို့ရဲ့ အဆင့်ရှစ်သက်ရှိတွေကို သတ်ဖြတ်ပြီး တိုက်ခိုက်လိုစိတ်တွေကို မချိုးနှိမ်နိုင်သရွေ့ သူတို့က သူတို့စစ်သားတွေအတွက်နဲ့တော့ လက်နက်ချမှာ မဟုတ်ဘူး"

"ဒါဆိုလည်း တိုက်ကြတာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့ဆီမှာ အဆင့်ရှစ်သက်ရှိနှစ်ရာကျော်တောင် ရှိတယ်။ ကျွန်တော်တို့ဆီမှာ အယောက်ခုနစ်ဆယ်လောက်ပဲ ရှိတယ်။ အကုန်လုံးနီးပါးကလည်း ဒဏ်ရာရထားကြတယ်။ ကျွန်တော်တို့... မစ္စတာကျန်း ခင်ဗျား ဘာလုပ်နေတာလဲ"

ကျန်းမုန့်လောင်က သူ့ကြွက်သားများနှင့် အဆစ်အမြစ်များကို စတင်ဖြေလျှော့နေသဖြင့် အန်းတိခမျာ စကားပြောနေရင်းတစ်ဝက်တွင် ရပ်သွားသည်။

"ဘာလုပ်နေလဲဆိုတော့.. ပြိုင်ဘက်ရဲ့ အဆင့်ရှစ်သက်ရှိတွေကို ရှင်းပစ်ချင်တယ်လို့ ခင်ဗျား ပြောလိုက်တယ်မဟုတ်လား။ ကျွန်တော်လည်း မတိုက်ခိုက်ရတာ တော်တော်ကြာပြီဆိုတော့ သွေးပူလေ့ကျင့်ခန်းလေး အရင်လုပ်ရဦးမယ်မလား"

*******************

All Chapters