အခန်း ၁၀၄၆
Vol. 70 Ch. 1046
အခန်း ၁၀၄၆ - အဆင့်ကိုးသက်ရှိအဖြစ် တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဒီညီအစ်ကိုကို ဂုဏ်ပြုပါတယ်
ကျန်းမုန့်လောင်နှင့် အခြားသူများ၏ လုပ်ရပ်များမှာ စကြဝဠာအမှတ်၆၅မှ လူများကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။ အထူးသဖြင့် ထိုအဆင့်ရှစ်သက်ရှိ တပ်မှူးများအတွက်ပင်။ အဆင့်နိမ့်သက်ရှိများက ဆီးကိုအသုံးပြု၍ သူတို့ကို စော်ကားကြလိမ့်မည်ဟု သူတို့ အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့ချေ။
သူတို့ကို အကြီးအကျယ် ဒေါသထွက်စေသည့်အရာမှာ သူတို့ မည်မျှပင် ပြင်းပြင်းထန်ထန် ဆဲဆိုနေပါစေ တစ်ဖက်လူက "မင်းတို့ သေးပန်းခံလိုက်ရပြီ"ဟူ၍သာ ပြန်လည်ချေပနေခြင်းပင်။ ဤသည်မှာ ဝါဂွမ်းကို လက်သီးဖြင့် ထိုးနေရသလို ခံစားရသည်။
"တပ်မှူး ကျွန်တော် သေးကုန်သွားပြီ"
"သေးကုန်သွားပြီ ဟုတ်လား။ ဒါဆို ထပ်သောက်လေ။ မင်းတို့ကို ငါက အချိုရည်ဝယ်တိုက်ရဦးမှာလား"
စစ်သည်တစ်ဘီလီယံက ရေသောက်၍ တစ်ပြိုင်တည်းဆီးသွားနေကြပြီး ဤအရာကို အကြိမ်ရာချီ၍ လေ့ကျင့်ထားသည့်အလား လှုပ်ရှားနေကြသည်။
"သူတို့က အမြဲတမ်း ဒီလိုအရိုင်းအစိုင်းဆန်ကြတာလား"
တပ်မှူးအန်းတိသည် ကျန်းမုန့်လောင်အား အကြောင်သားကြည့်နေမိပြီး တပ်မှူးတစ်ယောက်က ဤမျှအထိ အောက်တန်းကျနိုင်ပါ့မလားဟု တွေးတောနေမိသည်။
"သူတို့ကို အသေသာတိုက်ကြ။ ငါတို့ရဲ့စကြဝဠာမူလစွမ်းအင်တွေ အကုန်ကုန်ခမ်းသွားပြီး ဒီနေရာမှာပဲ သေရမယ်ဆိုရင်တောင် အဲ့ဒီစကြဝဠာအမှတ်၇ရဲ့ တပ်မှူးခေါင်းကို ဖြတ်ယူရမယ်"
စကြဝဠာအမှတ်၆၅၏ တပ်မဆယ့်နှစ်ခုမှ တပ်မှူးများခမျာ ဆက်သည်းမခံနိုင်တော့ပေ။ ရွံရှာဖွယ်ကောင်းသော ဆီးငွေ့များနှင့် ဆီးမိုးများကို လျစ်လျူရှု၍ အာကာသယာဉ်ပေါ်က ဒေါသတကြီး ထွက်လာခဲ့လေသည်။
"အဲ့ဒါက စကြဝဠာအမှတ်၆၅ရဲ့ လက်ရှိစစ်ဆင်ရေးတပ်မှူး ဂက်ကိုရွန်ပဲ"
အန်းတိက ခန္ဓာကိုယ်တောင့်တင်းပြီး အသားမည်းမည်းနှင့်လူကို လက်ညှိုးထိုးပြလိုက်သည်။
"သူက ရင်ဆိုင်ရခက်ခဲတဲ့လူပဲ။ မဟာမိတ်တပ်ဖွဲ့တွေကို သစ္စာဖောက်ခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူက သူပေါ့။ မဟာမိတ်တပ်ဖွဲ့တွေရဲ့ တပ်မှူးလေးယောက်ကိုတောင် ချောင်းမြောင်း သတ်ဖြတ်ခဲ့သေးတယ်"
"သစ္စာဖောက်တစ်ယောက်လို ရုပ်ပေါက်နေတာ မဆန်းပါဘူးလေ"
ကျန်းမုန့်လောင်က တီးတိုးရေရွတ်လိုက်သည်။
"သတိထား။ သူ့ရဲ့ သက်ရှိအဆင့်က အဆင့်ကိုးသက်ရှိအဆင့်ကို ကပ်နေပြီတဲ့။ သူ့ကို သွားမဆွသင့်ဘူးနော်။ အစွန်းရောက်သွားတဲ့အထိ ဖိအားပေးခံရရင် သူ ဘာတွေလုပ်လာမလဲဆိုတာ မှန်းဆလို့မရဘူး"
"ဘာလဲ။ ဒေါသထွက်ရင် သူက ပိုပြီးစွမ်းအားကြီးလာမှာမို့လို့လား။ သူက စူပါဆိုင်းယန်မှ မဟုတ်တာ"
ကျန်းမုန့်လောင်က ဂက်ကိုရွန်ကို လက်ညှိုးထိုးလိုက်၏။
"သူတို့ခေါင်းဆောင် ထွက်လာပြီ။ အားလုံးပဲ အာရုံစိုက်ထား။ သူ့ကို ချိန်ထားကြ"
အယောက်ဘီလီယံနှင့်ချီသော အုပ်စုကြီးမှာ ရေတံခွန်တစ်ခုအလား ဂက်ကိုရွန်ဆီသို့ အဟုန်ပြင်းစွာ စီးဆင်းသွားသည်။ ထိုသို့သော အင်အားမျိုးက စစ်သင်္ဘောတစ်စင်းကိုပင် ရပ်တန့်သွားစေနိုင်သည်။
"ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ။ စကြဝဠာအမှတ်၇က တကယ့်မိစ္ဆာတွေပဲ"
စကြဝဠာအမှတ်၃၄ရှိ စစ်သည်များက အံ့အားသင့်လျက် စောင့်ကြည့်နေကြသည်။
"ဟုတ်တယ်။ သူတို့က ငါတို့ရဲ့မဟာမိတ်တွေ ဖြစ်နေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီနေ့ အရှက်ကွဲရမယ့်လူတွေက ငါတို့ဖြစ်နေမှာ"
"နေပါဦး။ အဲ့ဒီလူ ဘာလုပ်နေတာလဲ"
ရုတ်ခြည်းပင် စကြဝဠာအမှတ်၇မှ စစ်သည်တစ်ယောက်က သူ့တင်ပါးကိုကွယ်လျက် ထွက်လာပြီး ကျန်းမုန့်လောင်ထံသို့ ချဉ်းကပ်လာသည်။
"တပ်မှူး.. ကျွန်တော် ဗိုက်မကောင်းဘူးထင်တယ်။ ခဏလောက် သွားခွင့်ပြုပါဦး"
ကျန်းမုန့်လောင်၏ အမူအရာမှာ ကောက်ကျစ်စဉ်းလဲသွားလေသည်။
"ဝမ်းသွားချင်တဲ့လူ ဘယ်သူရှိသေးလဲ။ ရှေ့ထွက်ခဲ့ကြစမ်း"
ဂက်ကိုရွန်ခမျာ မရေမတွက်နိုင်သော တင်ပါးများ သူ့ဘက်သို့ လှည့်လာသည်ကို မြင်သောအခါ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဤလူများမှာ အရှက်မရှိရုံသာမက လုံးဝစိတ်ဖောက်ပြန်နေကြသူများ ဖြစ်နေချေသည်။
ဒေါသ၊ အရှက်ကွဲမှုနှင့် နာကြည်းမှုများက အဆုံးမဲ့စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာလေသည်။ ဤစွမ်းအားသည် အနက်ရှိုင်းဆုံးသော သူ့မျိုးရိုးဗီဇအလားအလာကို နိုးကြားစေခဲ့ပြီး သူ့ဗီဇအဆင့်ကို မကြုံဖူးသော အမြင့်တစ်နေရာသို့ အံ့ဖွယ်ကောင်းအောင် တက်လှမ်းသွားစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဂက်ကိုရွန်၏ အရှိန်အဝါမှာ မြေငလျင်လှုပ်ခတ်သည့်အလား ကြီးမားလှသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားပြီး သူ့အသွင်အပြင်ကလည်း နယ်ပယ်သစ်တစ်ခုသို့ ဝင်ရောက်သွားပုံရလေသည်။
သူ့ဒေါသများက ခွန်အားအဖြစ် ပြောင်းလဲသွားပြီး သက်ရှိအဆင့် ဆင့်ကဲပြောင်းလဲမှု၏ နောက်ဆုံးအဆင့်ကို ဖြစ်ပေါ်စေသဖြင့် အဆင့်ကိုးသက်ရှိသို့ တက်လှမ်းနေပြီဖြစ်၏။
"အခြေအနေ မကောင်းတော့ဘူး။ သူ့စွမ်းအားတွေ တစ်ဟုန်ထိုး တက်လာနေပြီ"
အန်းတိ၏ မျက်နှာကား ဖြူရော်သွားသည်။ လုံးဝမဖြစ်နိုင်သော ဤအဖြစ်အပျက်က တကယ်ဖြစ်လာခဲ့လေပြီ။
ဘယ်သက်ရှိမဆို အဆင့်ကိုးသက်ရှိ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားတစ်ပါးနှင့် တူသွားပြီး ဘီလီယံနှင့်ချီသော စစ်တပ်ကြီးပင် ပုရွက်ဆိတ်များသာ ဖြစ်သွားပေလိမ့်မည်။ စစ်မြေပြင်ရှိ အဆင့်ကိုးသက်ရှိများမှာ အချင်းချင်း ထိန်းချုပ်ထားသောကြောင့် အလွယ်တကူ ဝင်ရောက်စွက်ဖက်လေ့ မရှိကြပေ။
ကမ္ဘာခြားစစ်မြေပြင်တွင် ပြဋ္ဌာန်းထားခြင်းမရှိသော စည်းမျဉ်းတစ်ခု ရှိသည်။ အဆင့်ကိုးသက်ရှိများမှာ မည်သည့်စစ်ပွဲများတွင်မဆို ပါဝင်ပတ်သက်ခြင်းမပြုရပေ။ ချိုးဖောက်သူများအနေနှင့် စကြဝဠာတစ်ခုလုံး၏ ဖယ်ကြဉ်ခြင်းကို ခံရမည်။
သို့သော် တိုက်ပွဲအတွင်း အဆင့်တက်လှမ်းနိုင်သူများကိုမူ ကင်းလွတ်ခွင့်ပေးထားသည်။ သူတို့သည် စစ်ပွဲပြီးဆုံးသည်အထိ တိုက်ခိုက်ခွင့် ရှိကြသည်။
ဤကြယ်တာရာအမြုတေသတ္တုကြောစစ်ပွဲအတွင်း အဆင့်တက်လှမ်းနိုင်ရန်နှင့် သူတို့၏အောင်ပွဲကို သေချာစေရန် ဂက်ကိုရွန်မှာ မျှော်လင့်ထားခဲ့သော်လည်း အရေးပါပုံမရသည့် မျိုးနွယ်စုတစ်ခုက သူ့ကို ဤအခြေအနေသို့ တွန်းပို့ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မြန်မြန်... သူ အဆင့်မတက်နိုင်အောင် တားကြ။ သူ့ရဲ့ဗီဇပြောင်းလဲမှုက မပြီးသေးဘူး။ ငါတို့ဆီမှာ အခွင့်အရေးရှိသေးတယ်"
စကြဝဠာအမှတ်၃၄မှ စစ်သင်္ဘောအားလုံး ဂက်ကိုရွန်ကို အရူးအမူးပစ်ခတ်လိုက်ကြလေသည်။ အန်းတိအပါအဝင် အဆင့်ရှစ်သက်ရှိတိုင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်တိုက်ခိုက်ကြလေသည်။
အကယ်၍ အသေခံမတိုက်ခိုက်ဘဲ သူသာ အဆင့်တက်လှမ်းသွားပါက သူတို့အားလုံး ဤနေရာတွင် သေဆုံးရမည်ကို သူတို့ နားလည်ထားကြသည်။
"ဘုန်း!"
မရေမတွက်နိုင်သော တိုက်ခိုက်မှုများက နေရာတစ်ခုတည်းသို့ စုဆုံသွားကြလေရာ ထိုဆုံမှတ်ရှိ ပြင်းထန်မှုမှာ ကြယ်တစ်ပွင့်၏ အမြုတေအပူချိန်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။ သို့သော် ဂက်ကိုရွန်၏အရှိန်အဝါကမူ အားနည်းမသွားသည့်အပြင် ဆက်လက်၍ပင် မြင့်တက်နေဆဲပင်။
"တပ်မှူးကျန်း မြန်မြန်လုပ်။ ခင်ဗျားဆီမှာ အဲ့ဒီစူပါလက်နက် ရှိတယ်မလား။ အဲ့ဒါက အဆင့်ရှစ်သက်ရှိတွေကို ထိခိုက်စေနိုင်တယ်ဆိုတော့ သူ့ကို တားဆီးနိုင်မှာ သေချာတယ်"
"စိတ်ဝင်စားစရာပဲ"
ကျန်းမုန့်လောင်ကတော့ လုံးဝတုန်လှုပ်လေဟန်မတူပေ။ တိုက်ခိုက်မည့် အရိပ်အယောင်လည်း မပြချေ။
"ကျွန်တော်က မူဝါဒရှိတဲ့လူတစ်ယောက်ပါ။ အဆင့်တက်လှမ်းနေတဲ့အချိန်မှာ လူတစ်ယောက်ကို တိုက်ခိုက်တာက အောက်တန်းကျလွန်းတယ်"
"ခင်ဗျားမှာ မူဝါဒရှိတယ်ပေါ့"
အန်းတိမှာ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေချေသည်။
"ခင်ဗျားမှာ မူဝါဒရှိရက်နဲ့ တပ်မကြီးတစ်ခုလုံးကို ဆီးတွေနဲ့ ဦးဆောင်နေတာလား။ ခင်ဗျားမှာ မူဝါဒရှိရက်နဲ့ တခြားသူတွေကို ဝမ်းသွားဖို့ အမိန့်ပေးခဲ့တာလား။ ခင်ဗျား မူဝါဒရှိသင့်တဲ့အချိန်တုန်းကတော့ မရှိခဲ့ဘဲနဲ့ မရှိသင့်တဲ့အချိန်ကျမှ မူဝါဒအကြောင်း လာပြောနေတာလား"
"ဟားဟားဟား"
စကြဝဠာအမှတ်၆၅၏ အခြားတပ်မှူးများမှာ အရူးအမူး ရယ်မောလိုက်ကြသည်။ သူတို့ သေရတော့မည်ဟု ထင်ထားခဲ့သော်လည်း သူတို့၏ ခေါင်းဆောင်က အဆင့်ကိုးသက်ရှိသို့ တက်လှမ်းသွားသည်ကို မြင်လိုက်ရသဖြင့် မျှော်လင့်ချက် ပြန်ရသွားကြလေပြီ။
အဆင့်ကိုးသက်ရှိတစ်ယောက်၏ အဆင့်တက်လှမ်းမှုကို အနှောင့်အယှက်ပေးခြင်းမှာ ကလေးကစားစရာ မဟုတ်ပေ။ ပြိုင်ဘက်တွင် ထိုသို့သောစွမ်းအားမျိုး မရှိသည်မှာ သိသာလှသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အလင်းတန်းတစ်ခုမှာ မှေးမှိန်သွားပြီး ဂက်ကိုရွန်က လေထဲတွင် လွင့်မျောလာသည်။ သူသည် လက်တစ်ဖက်ကိုမြှောက်၍ အရှေ့ရှိ ဟာသဒိုင်းကာကို ရိုက်ချလိုက်သည်။
မီလီစက္ကန့်အတွင်း ယာဉ်တန်း၏ အပြင်ဘက်တစ်ဝိုက်တွင် လှိုင်းဂယက်တစ်ခု ဖြတ်ပြေးသွားသည်။ အဆင့်ကိုးသက်ရှိတစ်ယောက်၏ စွမ်းအားက ဟာသဒိုင်းကာ၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့လေပြီ။
"ဝုန်း"
စကြဝဠာအမှတ်၇၏ ကာကွယ်ရေးစနစ်ကား ချက်ချင်းပင် ပြိုကျသွားလေသည်။
"အယ်လ်ထရာအဏုမြူပေါင်းစပ်လက်နက်ကို တပ်ဆင်မယ်။ ပစ်တော့"
ကျန်းမုန့်လောင်၏ အမိန့်နောက်ဝယ် ရွှေရောင်အလင်းတန်း ဒါဇင်ပေါင်းများစွာမှာ ဂက်ကိုရွန်ဆီသို့ ဦးတည်သွားကြသည်။
"ကလေးကလားလက်နက်တွေ"
ဂက်ကိုရွန်က လှောင်ပြောင်လိုက်ပြီး ရွှေရောင်အလင်းတန်းများကို သူ့အား လာမှန်ခွင့်ပြုလိုက်သည်။
မီးလုံးများက မမြင်ရသော နံရံတစ်ခုကို ဝင်တိုက်မိသွားလေဟန်ဖြင့် အရှေ့သို့ ဆက်မသွားနိုင်တော့ပေ။ ထိုအရာများက စကြဝဠာအမှတ်၆၅၏ ယာဉ်တန်းကို အန္တရာယ်မပြုနိုင်ရုံသာမက ဂက်ကိုရွန်၏နောက်တွင် ခိုအောင်းနေသော စစ်သည်များနှင့် တပ်မှူးများလည်း အထိအခိုက်မရှိကြပေ။
"ဒီလက်နက်က စွမ်းအားကြီးပါတယ်။ အဆင့်ရှစ်သက်ရှိဆိုရင် အချက်ပေါင်းများစွာ အပစ်ခံရရင် သေသွားနိုင်တယ်"
ဂက်ကိုရွန်က သူ့လက်ကို ဝှေ့ယမ်းကာ မီးတောက်များကို နေရာခွဲလိုက်သည်။
"ဒါ မင်းတို့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်လား"
"ဪ.. မဟုတ်ဘူး။ မဟုတ်ဘူး"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။
"ဒါကို မီးရှူးမီးပန်းတွေအဖြစ် သတ်မှတ်လိုက်ပါ။ အဆင့်ကိုးသက်ရှိအဖြစ် တက်လှမ်းနိုင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ကိုယ့်လူ ဂုဏ်ပြုပါတယ်"
"ငါပြောခဲ့တဲ့အတိုင်း လုပ်မယ်။ မင်းရဲ့ခေါင်းကို ဖြတ်ယူမယ်"
ဂက်ကိုရွန်က ရက်စက်လှသော အပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်သည်။ အခြေအနေမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။
"ဒီနေ့ ဒီမှာရှိနေတဲ့ ဘယ်သူမှ အသက်ရှင်ရက် ပြန်ထွက်သွားလို့မရဘူး"
*******************