အခန်း ၁၀၄၇
Vol. 70 Ch. 1047
အခန်း ၁၀၄၇ : မင်းက ငါ့ကို သတ်ချင်နေတာဆို
"မင်းရဲ့ဟာသက တော်တော်လေးရယ်ရတာပဲ"
ဂက်ကိုရွန်က ကျန်းမုန့်လောင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"မင်းတို့ရဲ့လက်နက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေးပြီး မင်းတို့တပ်မရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ်ဆိုရင် မင်းကို ငါတို့စကြဝဠာထဲ ဝင်ခွင့်ပြုပြီး ငါ့လက်အောက်က ဒုတပ်မှူးအနေနဲ့ အမှုထမ်းခွင့်ပြုဖို့ ငါ စဉ်းစားပေးချင် စဉ်းစားပေးနိုင်တယ်"
ဂက်ကိုရွန်သည် ကျန်းမုန့်လောင်အား အံတင်းတင်းကြိတ်ရလောက်သည်အထိ အမုန်းကြီးမုန်းနေသော်လည်း ကျန်းမုန့်လောင်၏ အစွမ်းထက်သော တပ်မကိုတော့ အလွန်စိတ်ဝင်စားနေဆဲပင်။
ဒါဇင်နှင့်ချီသော သို့မဟုတ် ရာနှင့်ချီသော တပ်မများကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်းရှိသည့် လက်နက်များနှင့် အဆင့်ငါးအထွတ်အထိပ် သက်ရှိအဆင့်မျှဖြင့် ဖျက်ဆီးနိုင်သော စစ်သည်များ ရှိနေခြင်းကြောင့် ထိုအရာများထဲမှ တစ်ခုခုကိုရရုံဖြင့် စကြဝဠာအမှတ်၆၅အား ဤကမ္ဘာခြားစစ်မြေပြင်တွင် မိုးကြိုးနှင့်လျှပ်စီးအလား ဩဇာလွှမ်းမိုးနိုင်စွမ်း ရရှိစေလိမ့်မည်။
"သွားပြီ"
အန်းတိ၏ နဖူးထက်မှ ချွေးသီးချွေးပေါက်ကြီးများ ကျဆင်းလာပြီး စကြဝဠာအမှတ်၃၄ရှိ အခြားတပ်မှူးများနှင့် ဒုတပ်မှူးများ၏ အမူအရာများမှာ မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်နေလေသည်။
သူတို့၏ စိတ်ခံစားချက်များမှာ ရိုလာကိုစတာစီးနေရသလို ဖြစ်နေလေသည်။ အနိမ့်ဆုံးအမှတ်မှ အမြင့်ဆုံးအထိ တက်သွားပြီး ယခုမူ အထွတ်အထိပ်မှ မျှော်လင့်ချက်မဲ့ခြင်းတွင်းနက်ကြီးထဲသို့ ထိုးကျသွားခဲ့လေပြီ။
အဆင့်ကိုးသက်ရှိတစ်ယောက်အနေနှင့် မကြာသေးခင်ကမှ အဆင့်ကိုးသို့ တက်လှမ်းထားသူဖြစ်လျှင်ပင် အချိန်အနည်းငယ်ပိုယူရုံမှလွဲ၍ သူတို့အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
သူတို့က အောင်ပွဲရရန် လက်တစ်ကမ်းသာ လိုတော့သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကျန်းမုန့်လောင်၏ ဆော့ကစားလိုသော သဘာဝကြောင့် သူတို့ မျှော်လင့်ချက်မဲ့ခြင်း ချောက်ကမ်းပါးထဲသို့ ပြန်ကန်ချခံလိုက်ရသည်။
သို့တိုင် သူတို့အနေနှင့် ကျန်းမုန့်လောင်ကို အပြစ်မတင်နိုင်ပေ။ အကြောင်းမှာ သူသာမရှိပါက သူတို့၏ ယာဉ်တန်းသည် စကြဝဠာအမှတ်၆၅မှ အကြံကြီးသော ထိုလူဆိုးများ၏ လက်ချက်ဖြင့် သုတ်သင်ခံရဖွယ် ရှိသောကြောင့်ပင်။
ဂက်ကိုရွန်သည် အဆင့်ကိုးသက်ရှိတစ်ယောက်၏ ကြီးမားလှသော အရှိန်အဝါကို ထိန်းချုပ်ထားခြင်းမရှိဘဲ ထုတ်လွှတ်လိုက်လေရာ ထိုဖိအားကြောင့် ထိုနေရာရှိ လူတိုင်း အသက်ရှူကျပ်သွားသည်။
"တပ်မှူး... ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
သတိကြီးသော စစ်သည်တစ်ယောက်က မေးလိုက်သည်။ သူသည် ကျန်းမုန့်လောင်နှင့် သူ့လူများထံတွင် လေ့ကျင့်မှု ခံယူခဲ့သော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်းကို ဘာမှမသိပေ။ သူ့တပ်မှူးမှာ အဆင့်ခုနစ်သက်ရှိတစ်ယောက်ကို အသာလေးသတ်ဖြတ်နိုင်ပြီး အဆင့်ရှစ်သက်ရှိတစ်ယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိကြောင်းကိုသာ သိထားလေသည်။
ထို့ပြင် သူတို့၏ယာဉ်တန်းမှာ အလွန်တရာ အစွမ်းထက်သဖြင့် အဆင့်ရှစ်သက်ရှိတစ်သိုက်ကို ရင်ဆိုင်ရလျှင်ပင် မားမားမတ်မတ် ရပ်တည်နိုင်ဆဲပင်။
သို့သော် ယခုအခါတွင်မူ သူတို့၏ ရင်ဆိုင်နိုင်စွမ်းထက် ကျော်လွန်နေသော အဆင့်ကိုးသက်ရှိတစ်ဦး ပေါ်ထွက်လာခဲ့လေပြီ။
"မင်းက ဘာကိုကြောက်နေတာလဲ"
တပ်ခွဲမှူးက လှောင်ပြောင်လိုက်၏။
"ငါတို့ရဲ့တပ်မှူး ဖြေရှင်းလို့မရတဲ့ ကိစ္စဆိုတာမရှိဘူး"
"ဒါပေမဲ့ တပ်မှူး... အဲ့ဒါက အဆင့်ကိုးသက်ရှိလေ။ ကျွန်တော်တို့ရဲ့လက်နက်တွေက အဆင့်ရှစ်သက်ရှိတွေကိုတောင် မနည်းကိုင်တွယ်ထားရတာဆိုတော့ အဆင့်ကိုးဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။ တပ်ခွဲမှူးကိုယ်တိုင်လည်း မြင်တာပဲ။ ကျွန်တော်တို့ရဲ့ အယ်လ်ထရာအဏုမြူပေါင်းစပ်လက်နက်က သူ့ကို ပွန်းပဲ့သွားအောင်တောင် မလုပ်နိုင်ဘူး"
"ကြည့်ပြီး သင်ယူထား"
ထိုလူငယ်က စစ်သည်ကို တစ်ချက်ကြည့်လိုက်၏။
"မင်း သင်္ဘောပေါ် ပြန်သွားပြီး ငါ့အတွက် နို့လက်ဖက်ရည်တစ်ခွက် သွားဖျော်ခဲ့။ ပြီးတော့ ပေါက်ပေါက်ဆုပ် နည်းနည်းယူခဲ့။ တပ်မှူး အစွမ်းပြဖို့ နေရာလေး ဖယ်ပေးလိုက်ကြစို့"
"ဘာတွေဖြစ်နေတာလဲ"
အန်းတိသည် ကျန်းမုန့်လောင်၏တပ်မထဲရှိ လူများကို တစ်ချက်ကြည့်လိုက်သည်။
အားလုံးက အဝေးသို့ ဆုတ်ခွာသွားကြပြီး အလယ်ရှိ စစ်မြေပြင်ကို ရှင်းလင်းပေးနေသည့်အလား ဝန်းရံထားသော စစ်သင်္ဘောများအားလုံးကို နောက်ဆုတ်နေကြကြောင်း သူ မြင်လိုက်ရသည်။
ထိုတပ်မှူးများမှာမူ ပွဲကြည့်ရန် လာရောက်သည့်အလား ထူးဆန်းသော အစားအသောက်အမျိုးမျိုးနှင့်အတူ ရှေ့ဆုံးစစ်သင်္ဘောပေါ်တွင် ထိုင်နေကြလေသည်။
ဂက်ကိုရွန်ပင် ဤမြင်ကွင်းကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
ဘယ်လိုအခြေအနေကြီးလဲ။ ဒီလူတွေက အသက်လုပြီး ထွက်ပြေးဖို့ ကမန်းကတန်း ပြင်ဆင်နေရမှာ မဟုတ်ဘူးလား။ အခု ဘာတွေဖြစ်နေတာလဲ။ သူတို့က သေရမှာ မကြောက်ကြဘူးလား။ ဒါမှမဟုတ် သူတို့ရဲ့ကံကြမ္မာကို အေးအေးဆေးဆေးပဲ လက်ခံလိုက်ကြတာလား။
"မင်းက ငါ့တပ်မရဲ့ လက်နက်ကိရိယာတွေနဲ့ လေ့ကျင့်ရေးနည်းစနစ်တွေကို လိုချင်နေတာလား"
ကျန်းမုန့်လောင်က ဂက်ကိုရွန်ကို ပြုံးဖြီးဖြီးဖြင့် ကြည့်လိုက်သည်။
"မင်းသာ ငါတို့နဲ့ပူးပေါင်းမယ်ဆိုရင် မင်းကို သင်ပေးဖို့ ငါ စဉ်းစားချင်စဉ်းစားပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါတို့တပ်မထဲမှာ အိမ်သာသန့်ရှင်းရေးသမားအနေနဲ့ အရင်စရမယ်နော်"
"မင်းကို ဒီလို အေးအေးဆေးဆေး စကားပြောနေတာကိုက တော်လှပြီ"
ဂက်ကိုရွန်က ကျန်းမုန့်လောင်အား အေးစက်ခက် ထန်စွာ စိုက်ကြည့်လိုက်၏။
"မင်းကို ကျေးဇူးကန်းတဲ့လူမဖြစ်အောင် အကြံပေးချင်တယ်။ ဒါမှမဟုတ် မင်း အခုထိ အခြေအနေကို သဘောမပေါက်သေးတာလား"
ဂက်ကိုရွန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေရာ ကျန်းမုန့်လောင် သိမ်းပိုက်ထားသော အဝေးရှိ စစ်သင်္ဘောဒါဇင်ပေါင်းများစွာမှာ သတ္တုတိုသတ္တုစများအဖြစ် ကြေမွသွားလေသည်။
"ဒါက သတိပေးရုံပဲရှိသေးတယ်။ ငါပြောတဲ့အတိုင်း မင်းမလုပ်ဘူးဆိုရင် နောက်ထပ်ကြေမွသွားမယ့်အရာက မင်းရဲ့လူတွေပဲ"
ဂက်ကိုရွန်၏ အကြည့်က ကျန်းမုန့်လောင်၏ တပ်မပေါ်သို့ ဖြတ်ပြေးသွားသည်။
"နောက်တစ်ခါကျရင် မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါ ချေမှုန်းပစ်မယ်"
"ရုတ်တရက်ကြီး အဆင့်ကိုးသက်ရှိအဖြစ် တက်လှမ်းသွားတာနဲ့ပဲ မင်းကိုယ်မင်း အနိုင်ယူလို့မရတော့ဘူးလို့ ထင်နေတာလား"
ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"စကြဝဠာအမှတ်၇မှာ ဘာလို့ လိုက်မစုံစမ်းကြည့်တာလဲ။ အဆင့်ကိုးသက်ရှိတော်တော်များများကို ငါ ပညာပေးခဲ့ဖူးတယ်"
"ဟားဟားဟား"
ဂက်ကိုရွန်က ရယ်မောလိုက်၏။
"ငါ့ကို ဘယ်လိုပညာပေးဖို့ စီစဉ်ထားလဲဆိုတာ ငါ မြင်ချင်သေးတယ်"
"နောင်တမရစေရဘူးလို့ ကတိပေးတယ်"
ကျန်းမုန့်လောင်က လက်ကို ဆန့်ထုတ်လိုက်သည်။
"ဖန်းကုပုဆိန်"
ချက်ချင်းဆိုသလိုပင် ရှေးဟောင်းအရှိန်အဝါတစ်ခု ဆင်းသက်လာသည်။ ရွှေရောင်ပုဆိန်ကြီးတစ်ခုက ကျန်းမုန့်လောင်၏ လက်ထဲတွင် ပေါ်လာပြီး လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်တော့မည့်အလား လှိုင်းဂယက်များ ထွက်ပေါ်နေလေသည်။
"အဆင့်ကိုးလက်နက်လား"
အန်းတိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤအရာမှာ အဆင့်ကိုးသက်ရှိများသာ ပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီသော အရာဖြစ်၏။
"မဟုတ်ဘူး။ ဒီပုဆိန်က အဆင့်ကိုးလက်နက်ထက်တောင် ပိုစွမ်းအားကြီးနေသေးတယ်"
အန်းတိမှာ သူတို့၏ စကြဝဠာအမှတ်၃၄ရှိ ဗိုလ်ချုပ်၏အိမ်တွင် ထိုသို့သောလက်နက်တစ်ခုကို မြင်ဖူးသည်။ စကြဝဠာ၏ အရင်းအမြစ်အားလုံးကို အသုံးပြု၍ ထိုသို့သောလက်နက်မျိုး ဆယ်ခုအောက်သာ ဖန်တီးနိုင်ခဲ့သည်။ တစ်ခုချင်းစီတိုင်းကလည်း ကြယ်တစ်ပွင့်ကို အသာလေး ခွဲပစ်နိုင်စွမ်းရှိသည်။
သို့သော် ဤပုဆိန်ကြီးနှင့် နှိုင်းယှဉ်လိုက်ပါက ထိုလက်နက်မှာ အဆင့်နိမ့်သွားလေသည်။
ဖန်းကုပုဆိန်
အဆင့် : အဆင့်သုံးနတ်လက်နက်
သုံးစွဲမှု : တစ်မိနစ်လျှင် ခွန်အားအမှတ်တစ်သိန်း
အကဲဖြတ်ချက် : ဤအရာမှာ ကမ္ဘာတစ်ခွင်ကို တစ်ချက်တည်းဖြင့် ခုတ်ဖြတ်နိုင်စွမ်းရှိသည်။ သတိထား၍ အသုံးပြုပါ။
"ကောထန်.. ဆရာလော့ဖုန်းရဲ့ စွမ်းအားကို ငါ့ကိုပေး"
ဆရာ၏အမည် : လော့ဖုန်း
သရုပ်မှန် : စကြဝဠာသခင်
သက်ရှိအဆင့် : အဆင့်တစ်ဆယ်အထွတ်အထိပ် သက်ရှိ
သုံးစွဲမှု : တစ်မိနစ်လျှင် ခွန်အားအမှတ်တစ်သိန်း
ထိုအချိန်တွင် ကျန်းမုန့်လောင်၌ ပိုလျှံနေသော စည်းစိမ်ရှိလေရာ တစ်မိနစ်လျှင် ခွန်အားအမှတ်တစ်သိန်းဆိုသည်မှာ သူ့အတွက် ဘာမှမဟုတ်ပေ။
ခဏအကြာတွင် ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခု ဆင်းသက်လာသည်။ ကျန်းမုန့်လောင်၏ အသွင်အပြင်မှာ အပြောင်းအလဲမရှိသော်လည်း သူသည် နတ်ဘုရားတစ်ပါးအလား လုံးဝအသစ်ဖြစ်သော အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့လေပြီ။
ထို့နောက် သူက ဂက်ကိုရွန်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။ သူ လျှောက်လှမ်းသွားသော နေရာတိုင်းတွင် လေဟာနယ်များ ကွဲအက်သွားပြီး အာကာသထဲ၌ အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ဂက်ကိုရွန်၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူ့အမိန့်ကို မနာခံတော့ပေ။
သူသည် အဆင့်ကိုးသက်ရှိတစ်ဦးအဖြစ် တက်လှမ်းခါစသာဖြစ်ပြီး သူတစ်ပါးအထက် သာလွန်မှု သို့မဟုတ် အထက်စီးကနေရခြင်းကို ခံစားခွင့်မရသေးပေ။ ကျန်းမုန့်လောင်၏ ရှေ့တွင်မူ သူ့စွမ်းအားမှာ သဲပွင့်လေးများအလား အရေးမပါလှကြောင်း ခံစားလိုက်ရသည်။
"မင်းက ငါ့ကို သတ်ချင်တယ်ဆို"
ကျန်းမုန့်လောင်က ဂက်ကိုရွန်ဘက်သို့ ခေါင်းစောင်းကာ မေးလိုက်သည်။
"အဆင့်ကိုးသက်ရှိတွေက စစ်ပွဲမှာ ပါဝင်ခွင့်မရှိဘူး။ ဒါက စစ်မြေပြင်ရဲ့ စည်းမျဉ်းပဲ။ မင်းက အဆင့်ကိုးသက်ရှိတစ်ယောက်ပဲ။ မင်း... မင်း လုပ်လို့မရဘူး..."
ဂက်ကိုရွန်ခမျာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"ဆောရီးပဲ... ငါက အဆင့်ကိုးသက်ရှိ မဟုတ်ဘူး။ အခုအချိန်မှာ ငါ့ကိုယ်ငါ အဆင့်တစ်ဆယ်သက်ရှိလို့ မှတ်ယူရမှာမို့ မင်းတို့ရဲ့စည်းမျဉ်းတွေအောက်မှာ အကျုံးမဝင်ဘူး"
ဘယ်လောက်တောင် ရဲတင်းတဲ့ အတွေးအခေါ်လဲ။
ဤစစ်မြေပြင်တွင် အသိအမှတ်ပြုထားသော အစွမ်းအထက်ဆုံး သက်ရှိများမှာ အဆင့်ကိုးဖြစ်ပြီး အဆင့်တစ်ဆယ်သက်ရှိများ ရှိမရှိကိုပင် မသိရပေ။ ထိုသို့သောဟာကွက်ကို အမှန်တကယ်ပဲ အသုံးချနိုင်ပါ့မလား။
ထို့ပြင် ကျန်းမုန့်လောင်က စည်းမျဉ်းများကို တကယ်ချိုးဖောက်ခဲ့လျှင်ပင် ဤပြဿနာကို ဖြေရှင်းရန် သတ္တိရှိသူ သို့မဟုတ် ဖြေရှင်းနိုင်စွမ်းရှိသူ ရှိပါ့မလား။
သူက အဆင့်ခြောက်သက်ရှိ မဟုတ်ဘူးလား။ မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြောက်စရာကောင်းလာရတာလဲ။
"သေချာတာပေါ့။ မင်း မကျေနပ်ဘူးဆိုရင် ဒီစည်းမျဉ်းကို ချမှတ်ခဲ့တဲ့လူကို ခေါ်ပြီး ဒီကိစ္စကို သူတို့ ဖြေရှင်းချင်လားလို့ မေးလို့ရတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"လူတွေကို ကိုယ်ကျင့်တရားနဲ့ အနိုင်ယူဖို့ ငါ အမြဲယုံကြည်တယ်။ သူသာ မကျေနပ်ရင် သူ့ကို ငါသတ်ပစ်မယ်"
[ခြိမ်းခြောက်မှုရမှတ်တစ်မှတ် ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]
[ကျော်စောမှုရမှတ်တစ်မှတ် ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]
[ခြိမ်းခြောက်မှုရမှတ်တစ်မှတ် ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]
[ကျော်စောမှုရမှတ်တစ်မှတ် ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]
*********************