← Chapters

အခန်း ၁၀၄၈

Vol. 70 Ch. 1048

အခန်း ၁၀၄၈

Vol. 70 Ch. 1048

အခန်း ၁၀၄၈ - ငါးမိနစ်အတွင်း ထွက်သွားပါ... မဟုတ်ရင် အကျိုးဆက်ကို ခံစားရမယ်

"တပ်ခွဲမှူး... ကျွန်တော်တို့ရဲ့တပ်မှူးက အဆင့်ခြောက်သက်ရှိ မဟုတ်ဘူးလား"

စကြဝဠာအမှတ်၇မှ စစ်သည်များသည် သန့်စင်သော အလင်းရောင်များ လွှမ်းခြုံနေသည့် ကျန်းမုန့်လောင်အား အကြောင်သား စိုက်ကြည့်နေကြသည်။

သူတို့၏တပ်မှူးမှာ အရည်အချင်းရှိကြောင်း သူတို့သိထားကြသော်လည်း နိမ့်ကျသော သူ့သက်ရှိအဆင့်မှာ အမြဲတမ်း အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။ သို့သော် တပ်မှူးအပေါ် သူတို့ နားလည်ထားသည့် အရာများမှာ အပေါ်ယံသာဖြစ်ကြောင်း သူတို့ ရုတ်တရက်သဘောပေါက်သွားကြသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားက ခေါင်းခါပြလိုက်၏။

"ငါတို့ရဲ့တပ်မှူးက တကယ်ပဲ အဆင့်ခြောက်သက်ရှိပါ"

"ဒါပေမဲ့..."

ယခုအချိန်တွင် အနိုင်ယူ၍မရနိုင်သော အသွင်ဖြင့်ရှိနေသည့် ကျန်းမုန့်လောင်ကိုကြည့်လိုက်မိသည်။

ဒါက ဘယ်လိုလုပ်ပြီး အဆင့်ခြောက်သက်ရှိ ဖြစ်နိုင်မှာလဲ။

"ပြောလို့မရဘူး။ ပြောပြလို့မရဘူး"

အစောပိုင်းက ဂတ်ကိုရွန် အဆင့်ကိုးသက်ရှိအဖြစ် တက်လှမ်းသွားချိန်တွင် သူတို့၏တပ်မှူးများ သို့မဟုတ် တပ်မှူးများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ ဘာကြောင့် စိုးရိမ်ပူပန်မှုမရှိခဲ့ကြသလဲဆိုသည်ကို ယခုမူ စစ်သည်များ နားလည်သွားကြလေပြီ။ သူတို့တွင် ကြောက်ရွံ့စရာ ဘာအကြောင်းမှမရှိပေ။

"သောက်ကျိုးနည်း... လန့်သေတော့မလို့။ ညီအစ်ကိုတို့ရေ...နေကြာစေ့နဲ့ ပေါက်ပေါက်ဆုပ်တွေ သွားယူကြ"

"တပ်မှူးက မိုက်တယ်ကွာ။ သွားချပစ်လိုက်စမ်းပါ"

"နည်းနည်းလောက် ရှေ့တိုးပေးပါလားကွာ။ ဘာမှမမြင်ရဘူး။ မှန်ပြောင်းပါကြလား"

...

"ခုနက မင်း အရမ်း မာန်တက်နေခဲ့တာ မဟုတ်ဘူးလား။ ငါ ဒီမှာ ရပ်နေတယ်လေ။ လုပ်လိုက်စမ်းပါ"

ကျန်းမုန့်လောင်က ဘာဖြစ်ဖြစ် ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည့်ပုံစံဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော် ဂက်ကိုရွန်အနေနှင့် မည်သို့နှယ် လှုပ်ရှားရဲတော့မည်နည်း။ သူ့ခမျာ ကျန်းမုန့်လောင်၏ မျက်လုံးကိုပင် တည့်တည့်မကြည့်ရဲတော့ချေ။ ဖုံးလွှမ်းနေသော ဖိအားမှာ သူ အဆင့်ငါးသက်ရှိဖြစ်စဉ်က စကြဝဠာအမှတ်၆၅၏ အုပ်ချုပ်သူကို ကြည့်ခဲ့ရစဉ်ကထက်ပင် အဆပေါင်းတစ်သန်းမက ပိုကြောက်မက်ဖွယ်ကောင်းနေလေသည်။

"မင်းတို့တွေအကုန်လုံးကို သတ်ပစ်ရတာက နည်းနည်းတော့ နှမြောစရာကောင်းတယ်"

ကျန်းမုန့်လောင်က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အဆင့်ရှစ်သက်ရှိ အယောက်နှစ်ရာကျော်နှင့် အဆင့်ကိုးသက်ရှိတစ်ဦးတို့မှာ မည်သည့်နေရာတွင်မဆို အလွန်တရာ အင်အားကြီးမားသော စွမ်းအားတစ်ခုပင်။

"ဝိညာဉ်တံဆိပ်တုံး ဝိညာဉ်ထိန်းချုပ်ခြင်း"

ပြင်းထန်လှသော ဝိညာဉ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး သူတို့အားလုံး၏ ဝိညာဉ်များကို ချက်ချင်းပင် တံဆိပ်ခတ်နှိပ်လိုက်သည်။

ဤသည်မှာ အလွန်နက်နဲပြီး အစွမ်းထက်သော ဝိညာဉ်ရေးရာ နည်းစနစ်တစ်ခုဖြစ်ပြီး ထိုအရာကို ခံရသည့် မည်သူမဆို ကျင့်ကြံသူ၏ ကျွန်များအဖြစ် ချက်ချင်းပြောင်းလဲသွားမည်ဖြစ်ကာ ဝိညာဉ်ပိုင်းဆိုင်ရာအရ ချည်နှောင်ခံရပြီး သေဆုံးခြင်းကလွဲ၍ ဝိညာဉ်တံဆိပ်တုံး၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။

သူတို့၏ အကြည့်များမှာ ကြောက်ရွံ့မှုမှ တည်ငြိမ်မှုသို့ ပြောင်းလဲသွားပြီးနောက် အဆုံးတွင် မူ ရိုသေလေးစားမှုအဖြစ် ပြောင်းလဲသွားသည်။ အဆင့်ကိုးသက်ရှိတစ်ယောက်၊ အဆင့်ရှစ်သက်ရှိ နှစ်ရာကျော်နှင့် ထိုတပ်မ၁၂ခုရှိ စစ်သည်များအားလုံးမှာ ယခုအခါတွင် ကျန်းမုန့်လောင်၏ သစ္စာအရှိဆုံးကျွန်များ ဖြစ်လာခဲ့ကြလေပြီ။

"သောက်ကျိုးနည်း... အချိန်ပိုသွားပြီ"

ကျန်းမုန့်လောင်က အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်မိနစ်ကျော်လွန်သွားပြီဖြစ်ရာ သူ့အတွက် နောက်ထပ်ခွန်အားအမှတ်နှစ်သိန်း ကုန်ကျမည်ဖြစ်၏။

"ကြွားနေတာ အချိန်ကြာသွားတယ်။ ငနုလေးတွေရဲ့ အမှားမျိုးပဲ"

သို့သော် ဤတိုက်ပွဲမှ သူရရှိခဲ့သော အကျိုးအမြတ်များကို စစ်ဆေးကြည့်လိုက်သောအခါ ကျန်းမုန့်လောင်သည် ကျော်စောမှုရမှတ်၂၀မှတ်နှင့် ခြိမ်းခြောက်မှုရမှတ်၁၀မှတ် ရရှိခဲ့သည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်နေဆဲပင်။

"သခင်"

ဘီလီယံနှင့်ချီသော လူများက တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြလေရာ တောင်တန်းများကိုပင် တုန်ခါသွားစေသော သူတို့၏ အသံများနှင့် များပြားလှသော လူပင်လယ်ကြီးမှာ မယုံနိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

ကျန်းမုန့်လောင်၏ အရှိန်အဝါကား တဖြည်းဖြည်း မူလအခြေအနေသို့ ပြန်ရောက်သွားသော်လည်း ခြိမ်းခြောက်မှုအငွေ့အသက်များကတော့ ကျန်ရစ်နေဆဲပင်။

"မြင်လား။ အဲ့ဒါ ငါတို့ရဲ့တပ်မှူးပဲ"

"သူ့ကို အစွမ်းအထက်ဆုံးလူလို့ ငါ သတ်မှတ်တယ်"

"ဒီဆိုရိုးစကားကို မင်းတို့ ကြားဖူးလား။ အသက်သုံးဆယ်မှာ မြဲမြဲရပ်တည်နိုင်တယ်။ အသက်လေးဆယ်မှာ တွေဝေမှုကင်းတယ်။ အသက်ငါးဆယ်မှာ ကောင်းကင်ရဲ့အလိုကို သိတယ်။ အသက်ခြောက်ဆယ်မှာ နားက သိမ်မွေ့တယ်။ အသက်ခုနစ်ဆယ်မှာ စည်းဘောင်ကို မဖောက်ဖျက်ဘဲ နှလုံးသားရဲ့ ဆန္ဒအတိုင်း လိုက်နာနိုင်တယ်တဲ့။ အဲ့ဒါက ငါတို့ရဲ့ တပ်မှူးကို တင်စားထားတာပဲ"

"တပ်မှူး... အဲ့ဒါက ဘာကိုဆိုလိုတာလဲ"

"ဟုတ်တယ် တပ်မှူး... နားထောင်ရတာ တော်တော်လေးနက်နဲတဲ့ပုံပဲ"

စကြဝဠာအမှတ်၇ရှိ စစ်သည်တစ်စုမှာ အနားသို့ ဝိုင်းအုံလာကြပြီး ထိုအဆင့်ရှစ်သက်ရှိများပင် နားစွင့်နေကြလေသည်။

လျိုယိ : "ဆိုလိုချင်တာက အဆင့်ကိုးသက်ရှိအယောက်သုံးဆယ်က ငါတို့ရဲ့တပ်မှူးကို တိုက်ခိုက်လာအောင် လုပ်နိုင်တယ်တဲ့"

ဝမ်ခိုင် : "အဆင့်ကိုးသက်ရှိအယောက်လေးဆယ်က ငါတို့ရဲ့တပ်မှူးကို တိုက်သင့်မတိုက်သင့်စဉ်းစားအောင် လုပ်နိုင်တယ်"

ဝူယွဲ့ : "အဆင့်ကိုးသက်ရှိအယောက်ငါးဆယ်ဆိုရင် ငါတို့တပ်မှူးကို ရန်စတဲ့ကောင်တွေအနေနဲ့ တပ်မှူးက သူတို့ကိုနှိမ်နှင်းဖို့ ကောင်းကင်ဘုံက စေလွှတ်လိုက်တာဆိုတာကို သိသွားစေလိမ့်မယ်"

ချန်ချီ : "အဆင့်ကိုးသက်ရှိ အယောက်ခြောက်ဆယ်ဆိုရင် သူ့ကို လက်မပါအောင် အမြဲတမ်းမြှောက်ပင့်ချီးကျူးနေရမယ်"

ကျိုးယွင်ရှန် : "အဆင့်ကိုးသက်ရှိအယောက်ခုနစ်ဆယ်ဆိုရင် ငါတို့တပ်မှူးက သူဆန္ဒရှိသလို လွတ်လွတ်လပ်လပ် ရိုက်နှက်နိုင်တယ်"

"ငါတို့ဆီမှာ 'လွန်ဘာသာစကား'လို့ခေါ်တဲ့ ကျမ်းတစ်စောင်ရှိတယ်။ အဲ့ဒီမှာ ငါတို့နယ်မြေရဲ့ စည်းမျဉ်းတွေအကြောင်း ပြောထားတာ။ အကုန်လုံးက ငါတို့တပ်မှူး ချမှတ်ထားတာချည်းပဲ"

လျိုယိက စကြဝဠာသုံးဘာသာစကားဖြင့် ဘာသာပြန်ထားသော 'လွန်ကျမ်း'စာသားကို သူတို့ထံသို့ ပေးပို့လိုက်သည်။

"တပ်မှူး 'နံနက်ခင်းတွင် လမ်းစဉ်ကိုကြားလျှင် ညနေခင်းတွင် သေနိုင်သည်'ဆိုတာက ဘာကိုဆိုလိုချင်တာလဲ"

"မနက်ခင်းမှာ မင်းအိမ်ကို လာတဲ့လမ်းကို သိသွားရင် ညနေခင်းမှာ မင်း သေရမယ်လို့ ဆိုလိုတာ"

"ဒါကရော... တပ်မှူး အရှေ့ဘက်သို့ ခရီးသွားစဉ် ကလေးနှစ်ယောက် နေအကြောင်း ငြင်းခုံနေကြသည်ကို ကြားရ၏'တဲ့"

"အဲ့ဒါက ငါတို့တပ်မှူးက အပျော်သဘောနဲ့ အရှေ့ဘက်စကြဝဠာကို ခရီးထွက်လာတော့ ကလေးနှစ်ယောက်ကို တွေ့တယ်။ အဲ့ဒီမှာ အဲ့ဒီကလေးနှစ်ယောက်က မနက်ဖြန်နေကို မြင်ရပါဦးမလားဆိုပြီး ဆွေးနွေးငြင်းခုံကြတာကို ဆိုလိုတာ"

"ဘာ။ ငါတို့တပ်မှူးက ကလေးတွေကိုတောင် ရိုက်တာလား"

"ပေါက်ကရတွေ ပြောမနေနဲ့။ ဒါက ငါတို့တပ်မှူးရဲ့ အင်အားက အသက်အရွယ် ကျားမမရွေး အားလုံးကို ခြိမ်းခြောက်နိုင်ပြီဆိုတာကို ပြနေတာ"

...

အခြားသူများ လျှောက်ပြောနေကြစဉ်မှာပင် ကျန်းမုန့်လောင်သည် သူတို့အနောက်၌ သတိမထားမိလိုက်ဘဲ ပေါ်လာလေသည်။

"မင်းတို့တွေ ဘာတွေ ပွစိပွစိလုပ်နေကြတာလဲ"

"ဘာမှမဟုတ်ပါဘူး။ တပ်မှူး ဘယ်လောက်တောင် ချောမောခန့်ညားလဲဆိုတာ ကျွန်တော်တို့ သဘောတူနေကြတာပါ"

"ဟုတ်ပါတယ် တကယ်ပါ တပ်မှူး...တပ်မှူးရဲ့ ခန့်ညားတဲ့ပုံစံက ကျွန်တော့်စိတ်ထဲမှာ စွဲထင်နေတာနော်။ တပ်မှူးအပေါ် ကျွန်တော့်ရဲ့ လေးစားအားကျမှုက စီးဆင်းနေတဲ့ မြစ်ရေတွေလို အဆုံးအစ မရှိပါဘူး"

"ပါးစပ်ပိတ်ထား။ ပြီးတော့ စစ်မြေပြင်ကို ရှင်းလင်းဖို့ ပြင်ကြစမ်း"

"ဟုတ်ကဲ့ပါ"

"မစ္စတာကျန်း.. စောစောက ကျွန်တော့်ရဲ့ မလေးမစားလုပ်ရပ်တွေကို ခွင့်လွှတ်ပေးပါ"

အန်းတိလည်း ကျန်းမုန့်လောင်အား အလျင်အမြန် ဦးညွှတ်လိုက်၏။

"ခင်ဗျားကို သာမန်အဆင့်ခြောက်သက်ရှိလို့ ထင်ပြီး အထင်သေးခဲ့မိတယ်။ အခုမှပဲ ခင်ဗျားက နှိမ့်ချပြီး နေနေခဲ့တာဆိုတာကို သိရတော့တယ်"

"ဟုတ်တယ်။ ဟုတ်တယ်။ ငါက အမြဲနှိမ့်ချတတ်တဲ့ လူတစ်ယောက်ပါ"

ကျန်းမုန့်လောင်က အလျင်စလို ပြောလိုက်သည်။

"ခင်ဗျားကြောင့်သာ ဒီတစ်ခေါက် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတာပါ။ အခုအချိန်ကစပြီး ကျွန်တော်က စကြဝဠာအမှတ်၃၄ကို ကိုယ်စားပြုပြီး ခင်ဗျားတို့စကြဝဠာအမှတ်၇နဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်"

"သေချာတာပေါ့။ သေချာတာပေါ့။ စကြဝဠာအမှတ်၇က ငြိမ်းချမ်းရေးကို အမြတ်နိုးဆုံးပဲလေ"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"မင်းက ရည်မှန်းချက်ကြီးမှန်း ငါမြင်ပါတယ်။ အဲ့ဒီကြယ်တာရာအမြုတေသတ္တုကြောကို ငါတို့ သိမ်းပိုက်ပြီးတဲ့အခါ မင်းကို သေချာပေါက် တစ်စိတ်တစ်ပိုင်း ဝေစုခွဲပေးပါ့မယ်။ စကြဝဠာတစ်ခုတည်းနဲ့လည်း အဲ့ဒါတွေအကုန်လုံးကို သုံးလို့ကုန်မှာမှ မဟုတ်တာ"

ကျန်းမုန့်လောင်ထံမှ ဤကတိစကားကို ကြားလိုက်ရသောအခါ အန်းတိခမျာ အံ့သြဝမ်းသာစွာဖြင့် ပြုံးရွှင်သွားသည်။ ရိုးရိုးသားသားပြောရလျှင် သူတို့သည် မည်သို့ပင်ဖြစ်စေ အမြောက်စာအဖြစ် အသုံးချခံရမည်ဟု ယူဆကာ ထွက်လာခဲ့ခြင်းပင်။

ထောင်ပေါင်းများစွာသော မျိုးနွယ်စုများနှင့် သောင်းနှင့်ချီသော တပ်မများရှိနေသည်ဖြစ်ရာ သူတို့မျိုးနွယ်စု၏ အလှည့်က အဘယ်​မှာရောက်လာမည်နည်း။ ဤသည်မှာ သူတို့ဘိုးဘေးများ၏ သင်္ချိုင်းမှ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာလျှင်ပင် လုံလောက်မည်မဟုတ်ချေ။ တစ်ခုခုဖြစ်လာစေရန် သူတို့ဘိုးဘေးများ၏ သင်္ချိုင်းဂူကြီး မီးလောင်နေမှသာ ဖြစ်နိုင်ပေမည်။

သို့သော် ယခုအခါတွင်မူ သူသည် အလွန်တရာ အစွမ်းထက်လှသော အစ်ကိုကြီးတစ်ယောက်နှင့် တွေ့ဆုံခဲ့ရလေပြီ။ ထိုလူ့ထံတွင် အဆင့်မြင့် လက်နက်ကိရိယာများ ရှိရုံသာမက သံမဏိလက်သီးများလည်း ရှိပေသည်။ ယခု သူတို့၏ အစ်ကိုကြီးက သူတို့ကို အဆင့်သတ်မှတ်ချက်ပွဲစဉ်များသို့ ခေါ်သွားမည်ဟု ပြောနေပြီး အောင်ပွဲဆီသို့ပင် ဦးဆောင်သွားနိုင်ခြေရှိ၏။ သူတို့ ပျော်ရွှင်နေမည်လား။ မပျော်ဘူးလားဆိုသည်မှာ တွေးကြည့်၍ရနိုင်သည်။

"အခုအချိန်ကစပြီး စကြဝဠာအမှတ်၃၄ရဲ့ တပ်မအားလုံးကို ခင်ဗျားရဲ့တပ်မထဲကို ပေါင်းထည့်ပြီး ခင်ဗျားရဲ့အမိန့်အောက်မှာ ထားရှိပါမယ်"

...

ခဏတာအနားယူပြီးနောက် ကျန်းမုန့်လောင်၏ တပ်မကြီးမှာ သူတို့၏ ခရီးပန်းတိုင်ဆီသို့ ဆက်လက်ချီတက်သွားသည်။ အရွယ်အစားကိုလည်း ဆက်တိုက်ဆိုသလို တိုးချဲ့လာသည်။

တပ်မတစ်ရာ၊ တပ်မ၁၂၀၊ တပ်မကြီးနှစ်ရာ...

"သတင်းပို့ပါတယ် တပ်မှူး နက္ခတ္တဗေဒယူနစ်၄၅၀အကွာအဝေးမှာ တပ်မတစ်ခုကို တွေ့ထားပါတယ်"

"ဪ သူတို့ ကျွန်တော်တို့ကို မြင်သွားလို့ ထွက်ပြေးဖို့အတွက် ကွေးညွတ်မောင်းနှင်စနစ်ကို ဖွင့်နေကြတယ်"

"တပ်မှူး... တပ်မ၁၂ခုက ကျွန်တော်တို့ဆီကို အရှိန်အပြည့်နဲ့ ချဉ်းကပ်လာနေပါတယ်... နေပါဦး...သူတို့ လှည့်ပြေးသွားကြပြန်ပြီ"

"သတင်းပို့ပါတယ် တပ်မှူး... ရောက်ဖို့ နာရီဝက်ပဲ လိုပါတော့တယ်"

ထိုအချိန်တွင် ကျန်းမုန့်လောင်၏ တပ်မကြီးမှာ စစ်သင်္ဘောဘီလီယံကျော်နှင့်အတူ တပ်မသုံးရာနီးပါး အရွယ်အစားအထိ ကြီးမားလာခဲ့လေပြီ။

ဤမျှကြီးမားသော ယာဉ်တန်းအရွယ်အစားမှာ အတော်အတန် အားနည်းသော စကြဝဠာအချို့၏ ဧရာမတပ်မများ၏ စုစုပေါင်းအရွယ်အစားနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

"တပ်မှူး... ဒီတစ်ဝိုက်မှာ စွမ်းအင်အဆင့်တွေ မြင့်တက်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်။ကျွန်တော်တို့ သတ္တုကြောနယ်မြေနဲ့ နီးလာပြီထင်တယ်"

ပင်မစစ်သင်္ဘောကို မောင်းနှင်နေသော စစ်သည်က သတင်းပို့လိုက်သည်။

"ဘယ်လောက်ရောက်နေပြီလဲဆိုတာ စစ်ဆေးကြည့်လိုက်"

"လက်ရှိတော့ စကြဝဠာ၃၁၉၈ခုဆီကနေ အချက်ပြမှုတွေကို ထောက်လှမ်းတွေ့ရှိရပါတယ်။ ဒီနယ်မြေကို တပ်မပေါင်း၂၅၀၀၀ကျော် ရောက်ရှိနေပါပြီ။ အရှေ့မှာလည်း ဧရာမတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပါတယ်"

"အသံမက်ဆေ့ချ်တစ်ခု ပို့လိုက်"

ကျန်းမုန့်လောင်က ဆို၏။

"ဒီသတ္တုကြောကို အခု စကြဝဠာအမှတ်၇က ပိုင်ဆိုင်ကြောင်း ကြေညာလိုက်ပြီ။ ကျန်တဲ့လူတွေ နောက်လှည့်ပြီး ထွက်သွားဖို့ ငါးမိနစ်အချိန်ပေးမယ်။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရမယ်"

*********************

All Chapters