အခန်း ၁၀၄၉
Vol. 70 Ch. 1049
အခန်း ၁၀၄၉ - တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး
"ဝုန်း"
"ဝုန်း"
သတ္တုကြော၏ အစွန်အဖျားပိုင်းတွင် တိုက်ပွဲကြီး စတင်နေပြီဖြစ်၏။ စစ်သင်္ဘောများမှာ အရှိန်အပြည့်ဖြင့် ပစ်ခတ်နေကြပြီး ရန်သူ့သင်္ဘောများဆီသို့ မီးလျှံများကို အရူးအမူး ထုတ်လွှတ်နေကြသည်။
နှစ်ဖက်စလုံးရှိ စစ်သည်များမှာ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီး ရိုးတိုးရိပ်တိတ်ဖြစ်နေသည့် မြင်ကွင်းကြောင့် မိတ်ဆွေနှင့် ရန်သူ ခွဲခြားရန် ခက်ခဲနေလေသည်။ အချို့ကံဆိုးသူများမှာ မိမိတို့ဘက်က ယာဉ်တန်း၏ ပစ်ခတ်မှုအောက်တွင်ပင် အသက်ဆုံးရှုံးကြရသည်။
အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများပင် ပြင်းထန်လှသော ထိုတိုက်ပွဲအတွင်း ပိတ်မိနေကြပြီး သူတို့၏တိုက်ခိုက်မှုများမှာ ပြင်းထန်လွန်းလှသဖြင့် ရိုက်ခတ်မှုလှိုင်းများကြောင့်ပင် အဆင့်ငါးသက်ရှိတစ်သိုက်ကို သေဆုံးသွားစေနိုင်သည်။ လက်ဟန်ခြေဟန်တစ်ချက်ဖြင့်တင် ထိပ်တန်းစစ်သင်္ဘောတစ်စင်းကို မြုပ်သွားစေနိုင်သည်။
အဆင့်ရှစ်သက်ရှိတပ်မှူးများပင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ထိန်းချုပ်ကန့်သတ်ရန် စတင်လာကြလေရာ ဤမြင်ကွင်းမှာ စစ်ပွဲ၏ အနှစ်သာရကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေပေသည်။
"ငါတို့ရဲ့တပ်မှူးသာ မရှိရင် ငါတို့လည်း အခု အဲ့ဒီအမြောက်စာတွေလို ဖြစ်နေလောက်ပြီ"
ကျန်းမုန့်လောင်၏ တပ်မအတွင်းရှိ စစ်သည်များမှာ ကိုယ်စီတွေးတောနေမိကြသည်။
ကျန်းမုန့်လောင်၏စစ်တပ်သို့ ဝင်ရောက်ခွင့်ရခြင်းမှာ သူတို့ဘဝ၏ ကံအကောင်းဆုံး ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ သူတို့၏ အင်အားမှာ အဆပေါင်းရာချီ၍ မြင့်တက်လာသဖြင့် သွေးချောင်းစီးနေသော ဤစစ်မြေပြင်ကို လွယ်လွယ်ကူကူနှင့် တည်တည်ငြိမ်ငြိမ် ဖြတ်သန်းသွားလာနိုင်ကြသည်။
"ဒီစာသားကိုပဲ ရွတ်ပြလိုက်။ လိုင်းအပြည့်သုံး ဆက်သွယ်ရေးလိုင်းကို သုံးပြီး စကြဝဠာတစ်ခုလုံး ကြားအောင် သေချာလုပ်"
...
သတ္တုကြောအစွန်အဖျား၏ ထောင့်တိုင်းနီးပါးတွင် စစ်ပွဲများ ဖြစ်ပွားနေသည်။ သိက္ခာရှိသူများက စစ်မျက်နှာတွင် တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြပြီး သိက္ခာမဲ့သူများကတော့ တစ်ယောက်ကိုတစ်ယောက် ချုံခိုတိုက်ခိုက်နေကြသည်။
အင်အားကြီးစကြဝဠာများမှာ နောက်လိုက်အုပ်စုများကို ဦးဆောင်ထားပြီး အင်အားနည်းစကြဝဠာများကတော့ အစွမ်းထက်သော စကြဝဠာများ၏ တိုက်ခိုက်မှုများကို ရှောင်ကွင်းကာ အခွင့်ကောင်းစောင့်ပြီး တိုက်ခိုက်ရန် ဝန်းရံပျံသန်းနေကြသည်။
တစ်မိနစ်ပြည့်တိုင်း ရေတွက်၍မရနိုင်သော အမြောက်စာများ သေဆုံးနေကြပြီး မရေမတွက်နိုင်သော စစ်သင်္ဘောများ ပျက်စီးကာ မိနစ်အနည်းငယ်အတွင်းမှာပင် တပ်မကြီးတစ်ခုလုံး ဤကစားပွဲထဲမှ လုံးဝပျောက်ကွယ်သွားရသည်။ ဤသည်မှာ အသားကြိတ်စက်ကြီးတစ်ခုအလားပင်။
လူတိုင်း၏ မျက်လုံးများမှာ သတ်ဖြတ်မှုများကြောင့် နီမြန်းနေကြသော်လည်း ထိုအချိန်မှာပင် ဆက်သွယ်ရေးလိုင်းအားလုံးမှ အသံတစ်သံ ပျံ့လွင့်လာသည်။
"လူတိုင်း နားထောင်ကြပါ။ ငါတို့က ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ စကြဝဠာအမှတ်၇ပါ။ ဒီကြယ်အမြုတေသတ္တုကြောကို အခု ငါတို့ ထိန်းချုပ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပြီ။ အခုအချိန်ကစပြီး ငါးမိနစ်အတွင်း အနီးအနားမှာ ရှိနေသေးတဲ့ ဘယ်သူ့ကိုမဆို ကျူးကျော်သူအဖြစ် သတ်မှတ်မယ်။ အကျိုးဆက်ကိုတော့ ကိုယ့်ဘာသာတာဝန်ယူကြပေါ့။ မှတ်ထားနော်။ မင်းတို့မှာ ငါးမိနစ်ပဲအချိန်ရှိတယ်။ ငါးမိနစ်ပဲနော်"
"နောက်တစ်ကြိမ် ထပ်ကြေညာပါမယ်..."
...
"စကြဝဠာအမှတ်၇ ဟုတ်လား။ ဘာတွေလျှောက်ပြောနေတာလဲ။ တစ်ခါမှမကြားဖူးဘူး"
"တော်တော််မာန်တက်နေတာပဲ။ သတ္တုကြောကို တစ်ဖက်သတ်သိမ်းပိုက်လိုက်တယ်လို့တောင် ပြောရဲတယ်ပေါ့။ ငါတို့ တခြားစကြဝဠာတွေက မရှိတော့ဘူးလို့ သူတို့ထင်နေတာလား"
"ဟားဟားဟား... စကြဝဠာအမှတ်၇လား။ သူတို့က စကြဝဠာတွေထဲမှာ အောက်ဆုံးအဆင့်က မဟုတ်ဘူးလား။ အရက်အတုတွေသောက်ပြီး ရူးသွားကြတာလား"
"အချက်အလက်တွေ ရှာတွေ့ပြီ။ စကြဝဠာအမှတ်၇က တပ်မတစ်ခုတည်းကိုပဲ အနိုင်ယူဖူးတာ။ ပြီးတော့ သူတို့ရဲ့တပ်မက ပုံမှန်စံနှုန်းမီ တပ်မတစ်ခုရဲ့ အင်အားတစ်ဝက်စာတောင် မရှိဘူး။ သူတို့ရဲ့လက်နက်ကိရိယာတွေက ခေတ်နောက်ကျနေပြီ။ စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း အောက်ခြေအဆင့်ပဲ။ ငါတို့ တပ်မတစ်ခုတည်းနဲ့တင် သူတို့တပ်မဆယ်ခုလောက် ချေမှုန်းပစ်လို့ရတယ်"
"သူတို့ကို ဂရုမစိုက်နဲ့။ ဒီတိုက်ပွဲမှာ စကြဝဠာအမှတ်၉ကမှ ငါတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ ဆက်တိုက်ကြစမ်း"
"ငတုံးတွေ... ငါးမိနစ်ကြာလို့မှ ငါတို့နောက်မဆုတ်ရင် ဘာဖြစ်မလဲဆိုတာ ကြည့်ချင်သေးတယ်"
...
စကြဝဠာအမှတ်၇၏ သတိပေးချက်မှာ မျိုးနွယ်စုပေါင်းသုံးထောင်ကျော်အထိ ပျံ့နှံ့သွားသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ အလေးအနက် မထားကြပေ။
ဤသည်မှာ ကလေးငယ်တစ်ယောက် မတ်တတ်ရပ်ပြီး လူကြီးတစ်ယောက်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်နေသလို ရယ်စရာကောင်းလှသည်။ စကြဝဠာအမှတ်၇ကဲ့သို့သော စကြဝဠာများအတွက်ဆိုလျှင် တပ်မတစ်ခုတည်း စေလွှတ်ရုံဖြင့် အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
"တပ်မှူး... ကျွန်တော်တို့ လူတိုင်းကို အကြောင်းကြားထားပေမဲ့ ဘယ်သူမှ ထွက်မသွားကြပါဘူး"
"ဘာမှပြန်မပြောဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော် သတင်းပို့ရမှာ ကြောက်လို့..."
"ပြောစမ်း"
"စကြဝဠာ၁၀၂၉ခုက တပ်မှူးကို ငတုံးလို့ ဆဲနေကြတယ်။ စကြဝဠာ၈၃၇ခုက မိသားစုကို စော်ကားကြတယ်။ ပြီးတော့ စကြဝဠာ၂၀၀ကျော်က ကျွန်တော်တို့ရဲ့ လက်ရှိကိုဩဒိနိတ်ကို ပြောပြခိုင်းနေတယ်။ ပြီးတော့ ကျွန်တော်တို့ ဆူညံဆူညံ မလုပ်နိုင်အောင် လာချေမှုန်းပစ်မယ်လို့ စိန်ခေါ်နေကြပါတယ်..."
"ကောင်းတယ်။ သိပ်ကောင်းတယ်"
ကျန်းမုန့်လောင်က လက်ခုပ်တီးလိုက်လေသည်။
"သူတို့ရဲ့သတ္တိကိုတော့ ချီးကျူးရမယ်"
"မင်း... အခုချက်ချင်း ငါတို့ရဲ့ကိုဩဒိနိတ်တွေကို ထုတ်လွှင့်လိုက်။ ဘယ်ကောင် သေရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ကျန်းမုန့်လောင်၏ အမူအရာကို မြင်လိုက်ရသောအခါ အန်းချန်ခမျာ ဤစစ်မြေပြင်ရှိ စကြဝဠာအားလုံးအတွက် ကောင်းကင်ဘုံ သနားညှာတာပါစေကြောင်း ရုတ်တရက် ဆုတောင်းပေးမိတော့သည်။
အာမင်...
...
"တပ်မှူး... စကြဝဠာအမှတ်၇က သူတို့ရဲ့ ကိုဩဒိနိတ်တွေကို တကယ်ထုတ်လွှင့်လိုက်ပြီ"
"သူတို့ကိုရှင်းပစ်ဖို့ တပ်မတစ်ခုလောက် လွှတ်လိုက်။ အာရုံနောက်အောင် ဆက်မလုပ်စေနဲ့"
"ဟုတ်ကဲ့ပါ"
ကျန်းမုန့်လောင်ကို ရန်စခဲ့သည့် ထိုစကြဝဠာနှစ်ရာကျော်အနက် တစ်ဝက်ကျော်မှာ ထုတ်ဖော်လိုက်သော နေရာဆီသို့ ယာဉ်တန်းများ စေလွှတ်လိုက်ကြသည်။ ဤစကြဝဠာများမှာ အလွန်အင်အားကြီးမားလှသည်။ တပ်မတစ်ခု၏ အင်အားမှာ သူတို့၏ စုစုပေါင်းတိုက်ခိုက်ရေးစွမ်းရည်အပေါ် သက်ရောက်မှု မရှိပေ။
သို့သော် သူတို့၏ မျက်စိရှေ့တည့်တည့်တွင် အမည်မသိစကြဝဠာတစ်ခုက ဗြောင်ကျကျစိန်ခေါ်နေသည်ကိုတော့ သူတို့ လက်ပိုက်ကြည့်မနေနိုင်ချေ။
ဤစစ်မြေပြင်ရှိ တပ်မတိုင်းကို စိန်ခေါ်နေလေသလား။ အကျိုးဆက်ကတော့ သေချာပေါက် ရှိလာမည်သာ။
...
စကြဝဠာအမှတ်၂၀၏ တတိယမြောက်ယာဉ်တန်း
"အမှန်အတိုင်းပြောရရင် ပျင်းစရာကြီးပါကွာ။ တပ်မှူးက ဘာလို့ ငါတို့ကို အရေးမပါတဲ့ စကြဝဠာအမှတ်၇ကို သွားရှင်းခိုင်းရတာလဲ"
ဒုတိယတပ်မှူးတစ်ယောက်က သမ်းဝေရင်း ပြောလိုက်သည်။
စကြဝဠာအမှတ်၂၀သည် ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးတွင် ထိပ်တန်းအဆင့်တစ်ရာအတွင်း ရှိသည်။ စကြဝဠာအမှတ်၇၏ ယာဉ်တန်းကို ချေမှုန်းပစ်ရခြင်းမှာ သူတို့အတွက် အချိန်နှင့် လုပ်အား ဖြုန်းတီးခြင်းမျှသာ။
"ငါတောင် မညည်းတာ မင်းက ဘာလို့ညည်းနေတာလဲ"
တတိယယာဉ်တန်း၏ တပ်မှူးက ပြောလိုက်သည်။
"ငါတို့က တပ်မမှူးရဲ့အမိန့်ကို နာခံရုံပဲ"
"တပ်မမှူးကလည်း ပေါက်ကရတွေသိပ်လုပ်တာပဲ။ သူက တပ်မမှူးထက် အသက်နှစ်ပေါင်းသန်းနည်းနည်းလောက်ပဲ ပိုကြီးတာ။ တိုက်ခိုက်ရေးစွမ်းရည်ပိုင်းမှာဆိုရင် သူ့တပ်မကြီးက ငါတို့တပ်မကြီးကိုတောင် မမီဘူး။ စစ်သူကြီးက ဘာလို့ ဒီတစ်ခေါက် သူ့ကို အမိန့်အာဏာ ပေးလိုက်တာလဲဆိုတာ တကယ်စဉ်းစားလို့မရဘူး"
"တော်ပြီ။ ဆက်မပြောနဲ့တော့"
တပ်မှူးက ပြုံးလိုက်ပြီးနောက် ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်သည်။
"စကြဝဠာအမှတ်၇ကတော့ လူတော်တော်များများရဲ့ ဒေါသကို ဆွလိုက်ပြီထင်တယ်။ ကြည့်စမ်း.. အနည်းဆုံး တပ်မ၁၅၀လောက်က သူတို့ရဲ့ ကိုဩဒိနိတ်ဆီကို သွားနေကြပြီ။ သူတို့မှာ ငါတို့ကို စိန်ခေါ်ရဲလောက်အောင် ဘာယုံကြည်မှုမျိုး ရှိနေလဲဆိုတာ တကယ်သိချင်မိတယ်"
ရုတ်ခြည်းပင် တပ်မမှူး၏ အမူအရာက ထူးဆန်းသွားသည်။
"ဘာဖြစ်လို့လဲ တပ်မမှူး"
စစ်ဦးစီးအရာရှိက တစ်ခုခုမူမမှန်ကြောင်း ရုတ်တရက် ရိပ်မိသွားသည်။
"ဒါ ဘာဖြစ်တာလဲ။ တပ်မတွေရဲ့ အရေအတွက်က ဘာလို့ တရစပ်လျော့နည်းသွားရတာလဲ။ သူတို့ တခြားစကြဝဠာတွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာလား"
တပ်မ၁၅၀ကျော်၏ ပျံသန်းမှုလမ်းကြောင်းများကို ခပ်စိပ်စိပ်ပြသနေသော စောင့်ကြည့်မျက်နှာပြင်သည် စကြဝဠာအမှတ်၇က မှတ်သားထားသော ကိုဩဒိနိတ်များဆီသို့ ဦးတည်ပြသနေသည်။
သို့သော် ထိုလမ်းကြောင်းများမှာ သိသာလှသော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားနေပေသည်။
၁၄၀
၁၃၀
၁၂၀
ဤသို့သော ထောက်လှမ်းရေးကိရိယာအမျိုးအစားသည် စွမ်းအင်တုံ့ပြန်မှုဖြင့် တိုင်းတာခြင်းဖြစ်လေရာ ဘယ်နည်းပညာကမှ ထိုထောက်လှမ်းမှုကို မရှောင်ကွင်းနိုင်ပေ။ ပိုအရေးကြီးသည်မှာ ယခုလိုထိပ်တိုက်ရင်ဆိုင်ရသော စစ်မြေပြင်တွင် ထိုသို့သောနည်းပညာမျိုးကို အသုံးမလိုပေ။
ထို့ကြောင့် ဤသည်မှာ ထိုစွမ်းအင်တုံ့ပြန်မှုများ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သက်သေပြနေပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ထိုတပ်မကြီးများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခြင်းပင်။
"တပ်မမှူး... ဟိုမှာကြည့်ပါဦး။ အဲ့ဒါ ဘာလဲ"
စစ်ဦးစီးအရာရှိက အဝေးတစ်နေရာသို့ ရုတ်တရက် လက်ညှိုးထိုးပြလေသည်။
ဤသည်မှာ ကြယ်တံခွန်များအလား လှပသော အမြီးတန်းများကို ချန်ရစ်ထားသည့် ရွှေရောင်အလင်းတန်းများစွာပင်။ သူတို့၏ စစ်သင်္ဘောအုပ်စုဆီသို့ ဦးတည်၍ လာနေခြင်းပင်။
"ကာကွယ်ရေးစနစ်တွေကို အမြန်ဖွင့်ကြစမ်း"
သို့သော် ဤသည်မှာ အချည်းနှီးလှုပ်ရှားမှုသာ ဖြစ်၏။
"ဝုန်း"
စကြဝဠာအမှတ်၂၀၏ တတိယမြောက်တပ်မကြီးသည် ရွှေရောင်အလင်းတန်းများအကြား ပျောက်ကွယ်သွားလေတော့သည်။
...
"သတင်းပို့ပါတယ် တပ်မမှူး...ချဉ်းကပ်လာတဲ့ စကြဝဠာအမှတ်၂၀ရဲ့ တတိယမြောက်တပ်မကြီးကို ချေမှုန်းပြီးပါပြီ။ သက်ရှိအယောက် ၁၀၂ယောက်ပဲ အသက်ရှင်ကျန်ပါတော့တယ်"
"သတင်းပို့ပါတယ် တပ်မမှူး... ချဉ်းကပ်လာတဲ့ စကြဝဠာအမှတ်၂ရဲ့ ၁၅ခုမြောက် တပ်မကြီးကို ချေမှုန်းပြီးပါပြီ။ သက်ရှိ၉၈ယောက်ပဲ ကျန်ပါတော့တယ်"
"သတင်းပို့ပါတယ် တပ်မမှူး... ချဉ်းကပ်လာတဲ့ တပ်မကြီး ၁၅၇ခုလုံးကို လုံးဝချေမှုန်းပစ်လိုက်ပါပြီ။ ခရီးဆက်ဖို့ အမိန့်ပေးပါဦး"
"ငါးမိနစ်ပြည့်ပြီလား"
ကျန်းမုန့်လောင်က တည်ငြိမ်စွာ မေးလိုက်သည်။
"တပ်မမှူး... ၂၀စက္ကန့်ပဲ လိုပါတော့တယ်"
"ပြည့်ခါနီးပါပြီ"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်၏။
"မင်းတို့ စောစောကတည်းက မထွက်သွားမှတော့ အခု တစ်ယောက်မှ ထွက်သွားလို့မရတော့ဘူး"
*********************