အခန်း ၁၀၅၀
Vol. 70 Ch. 1050
အခန်း ၁၀၅၀ - ဒီနေ့ တစ်ယောက်မှဆင်းလို့မရဘူး
"တပ်မှူး... စကြဝဠာအမှတ်၁၉ရဲ့ ယာဉ်တန်းကို ကျွန်တော်တို့ အနိုင်ယူလိုက်ပါပြီ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုက တစ်ဝက်ကျော်သွားပြီမို့ အခု ကျွန်တော်တို့ရဲ့ တိုက်ပွဲနယ်မြေထဲကနေ ဆုတ်ခွာသွားပါပြီ"
"ဟားဟားဟား သိပ်ကောင်းတာပေါ့"
စကြဝဠာအမှတ်၂၀ယာဉ်တန်း၏ တပ်မှူးက တစ်သီတစ်တန်းကြီး တက်လာသော သတင်းကောင်းများကို ကြည့်ရင်း ကျေနပ်နေလေသည်။
ဤသတ္တုကြောအတွက်ကြောင့် သူတို့စကြဝဠာသည် တပ်မ၃၅ခုတိတိ စေလွှတ်ခဲ့သည်။ သူတို့၏ အင်အားတောင့်တင်းမှုကြောင့် ပြိုင်ဘက်များကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖယ်ရှားနိုင်ခဲ့သည်။
"အခု စကြဝဠာအမှတ်၃နဲ့ ၅ပဲ ကျန်တော့တာပေါ့"
သူ့အကြည့်များက တဖြည်းဖြည်း တည်ကြည်လေးနက်သွားသည်။ စကြဝဠာအမှတ်၃နှင့် စကြဝဠာအမှတ်၄တို့မှာ အစွမ်းအထက်ဆုံး စကြဝဠာများထဲတွင် ပါဝင်ချေသည်။ ထိုလူတို့ကသာ သူတို့၏ တကယ့်ပြိုင်ဘက်စစ်စစ်များ ဖြစ်ကြသည်။
"စစ်သင်္ဘောတွေအားလုံးကို ပြန်ခေါ်လိုက်"
တပ်မှူးက အမိန့်ပေးလိုက်သည်။
"ငါတို့ရဲ့ ထိခိုက်ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရမယ်။ အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ လိုတယ်"
စကြဝဠာအသီးသီးရှိ ယာဉ်တန်းများမှာ စစ်မြေပြင်ပေါ်က ဆုတ်ခွာသွားကြလေရာ ကျန်ရှိနေသူများမှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် အဆင်သင့်ဖြစ်နေသော အင်အားကြီးစကြဝဠာများနှင့် မျိုးနွယ်စုအချို့၏ ပူးပေါင်းတပ်ဖွဲ့များသာ ဖြစ်၏။
"တပ်မှူး... ဒီတစ်ခေါက် ကျွန်တော်တို့ တပ်မ၃၅ခု စေလွှတ်ခဲ့တာ လက်ရှိအချိန်အထိ ဆုံးရှုံးမှုက တပ်မတစ်ခုစာတောင် မပြည့်သေးပါဘူး။ တပ်မအားလုံးရဲ့ လက်နက်နဲ့ စွမ်းအင်သိုလှောင်မှုကလည်း ထူးထူးခြားခြား ပြည့်စုံနေဆဲပါပဲ... နေပါဦး..."
"ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ"
တပ်မှူး၏ အမူအရာက ရုတ်တရက် အနည်းငယ် ပျာယာခတ်သွားသည်။
"တတိယတပ်မရဲ့ အချက်ပြလိုင်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါပြီ"
"စစ်သင်္ဘောအမှတ်တစ် အကြောင်းပြန်ပါ။ စစ်သင်္ဘောအမှတ်နှစ် အကြောင်းပြန်ပါ"
ဆက်သွယ်ရေးအရာရှိက စစ်သင်္ဘောတချို့ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဘာတုံ့ပြန်မှုမှ ပြန်မလာခဲ့ပေ။
"အိုင်းဆက်တစ်ယောက် ဘာတွေလုပ်နေတာလဲ"
တတိယတပ်မ၏ တပ်မှူးဖြစ်သူ အိုင်းဆက်သည် သူ တပ်မှူးရာထူး ရယူထားခြင်းအပေါ် အလွန်မကျေမနပ်ဖြစ်နေကြောင်း ဤတပ်မှူး သိထားသည်။ သို့သော် အနည်းဆုံးတော့ ထိုလူသည် အများအကျိုးကို ငဲ့ညှာတတ်ပြီး မဆင်မခြင် လုပ်ရပ်မျိုး လုပ်မည်မဟုတ်ဟု သူ ထင်ခဲ့မိသည်။
"သူတို့ကို ကြွားလုံးထုတ်နေတဲ့ ဟိုစကြဝဠာအမှတ်၇ကို သွားရှင်းဖို့ လွှတ်လိုက်တာ မဟုတ်ဘူးလား။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ သာမန်စကြဝဠာအမှတ်၇ တပ်မတစ်ခုက သူတို့ကို တကယ်ပဲ ဒုက္ခပေးနိုင်လို့လား"
"ငါတို့တင်မကဘူး။ တခြားစကြဝဠာတော်တော်များများလည်း အဲ့ဒီစကြဝဠာအမှတ်၇ကို လိုက်ရှာဖို့ ယာဉ်တန်းတွေ လွှတ်ထားကြတယ်။ သူတို့ တခြားစကြဝဠာယာဉ်တန်းတွေနဲ့ ပဋိပက္ခဖြစ်နေလို့ ငါတို့ကို အကြောင်းပြန်ဖို့ အချိန်မရတာလည်း ဖြစ်နိုင်ပါတယ်"
"ငါကိုယ်တိုင် ဆက်သွယ်လိုက်မယ်"
စကြဝဠာအမှတ်၂၀၏ တပ်မှူးမှာ တတိယတပ်မ၏ တပ်မှူးအိုင်းဆက်ထံသို့ ကိုယ်တိုင်ဆက်သွယ်လိုက်တော့သည်။
သို့သော် ဆက်သွယ်ရေးလိုင်းမှာ အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှုမရှိသဖြင့် တပ်မှူး၏ အမူအရာမှာ ပိုမိုခက်ထန်လာသည်။ သူက တမင်သက်သက် ဆက်သွယ်မှုကို လက်မခံသည်ဖြစ်စေ၊ သို့မဟုတ် ထူးခြားပြီး မမျှော်လင့်ထားသောအရာတစ်ခုခု ဖြစ်ပျက်သွားသည်ဖြစ်စေ မည်သည့်အရာကမှ လက်ရှိအခြေအနေအတွက် သတင်းကောင်း မဟုတ်ပေ။
တတိယတပ်မသည် သူတို့၏ စစ်တပ်တစ်ခုလုံးတွင် အင်အားအကောင်းဆုံး တပ်မများထဲမှ တစ်ခုဖြစ်ပြီး အစွမ်းထက်သော အဆင့်ရှစ်သက်ရှိ ၄၇ယောက်ရှိ၏။ စကြဝဠာအမှတ်၂၀၏ အကောင်းဆုံး ထိပ်တန်းလက်နက်ကိရိယာများကို တပ်ဆင်ထားသည်။ သူတို့သာ တစ်ခုခုဖြစ်သွားပါက အလွန်တရာကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
နာရီဝက်ခန့် ကြာပြီးနောက် ဆက်သွယ်ရေးအချက်ပြလိုင်းမှာ နောက်ဆုံးတွင် ချိတ်ဆက်မိသွားသည်။
"အိုင်းဆက် သောက်ကျိုးနည်း..."
တပ်မှူးက အော်ဟစ်ဆဲဆိုရန် ပြင်လိုက်သော်လည်း အိုင်းဆက်၏အဖြစ်ကို မြင်လိုက်ရသည့် အချိန်မှာပင် သူ ဆွံ့အသွားရသည်။
သူတို့နှစ်ယောက်လုံးက စကြဝဠာအမှတ်၂၀၏ ထိပ်သီးပညာရှင်များပင်။ သူတို့က အယူအဆချင်းမတူညီသဖြင့် မကြာခဏ ပဋိပက္ခဖြစ်တတ်ကြသော်လည်း သူတို့နှစ်ယောက်စလုံးမှာ စကြဝဠာအမှတ်၂၀၏ ဒေါက်တိုင်များဟု သတ်မှတ်ခံထားရပြီး အင်အားချင်းလည်း အလွန်နီးစပ်သည်။ အဆင့်ရှစ်သက်ရှိလောကတွင် သူတို့နှင့်ယှဉ်နိုင်သော ပြိုင်ဘက်ဟူ၍ ခဲယဉ်းလှသည်။
သို့သော် ယခုမူ ဟိုလိုဂရမ်ပုံရိပ်ထဲရှိ အိုင်းဆက်မှာ လူပုံစံပင် မပေါက်တော့ချေ။
သူ့အဝတ်အစားများမှာ လုံးဝနီးပါးလောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်ကလည်း ဆူပါနိုဗာပေါက်ကွဲမှုမှ ဂမ်မာရောင်ခြည်လှိုင်းများကို ခံလိုက်ရသည့်အလားပင်။ ပြင်းထန်လှသော ရောင်ခြည်ဖြာထွက်မှုကြောင့် ဆဲလ်များသေဆုံးကာ အရေပြားအားလုံး ကွာကျသွားသည့်ပုံစံမျိုး ဖြစ်နေပြီး ခန္ဓာကိုယ်မှ စီးကျလာသော အရည်များမှာ သွေးများသာမက ရွံရှာဖွယ်ကောင်းသော အကျိအချွဲများလည်း ပါနေလေသည်။
သူ့ဘယ်ဘက်ပခုံးနှင့် ညာဘက်ခြေထောက်မှာ လုံးဝနီးပါး ပျောက်ဆုံးနေပြီး ခေါင်းတစ်ခြမ်းပင် ပျက်စီးနေသည်။ ယခုအချိန်တွင် ဆက်သွယ်ရေးလိုင်းကို ဆက်ထိန်းထားနိုင်ရန်ပင် သူ့အင်အားနှင့် စိတ်ဓာတ်ခွန်အားအလုံးစုံကို အသုံးချနေရဟန်ပင်။
"မင်း ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားရတာလဲ"
တပ်မှူး၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း ဤမျှပြင်းထန်သော ဒဏ်ရာမျိုး ရဖူးသည်ကို သူ တစ်ခါမှမမြင်ဖူးချေ။ ဤဒဏ်ရာများကို အမြန်ဆုံး မကုသနိုင်ပါက အသက်ရှင်ဖို့ပင် လွယ်မည်မဟုတ်ပေ။
အိုင်းဆက်၏ အသံကြိုးများမှာ လောင်ကျွမ်းသွားသဖြင့် အသံကောင်းကောင်း မထွက်နိုင်တော့ပေ။ ယခုအချိန်တွင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ကလွဲ၍ အခြားဘာခံစားချက်မှ သူ့တွင် မရှိတော့ချေ။
အထူးပေါင်းစပ်လက်နက်ပေါင်းများစွာက သူ့တပ်မကို တိတိကျကျ ထိမှန်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့တပ်မကြီးလည်း စစ်သင်္ဘောများ၊ လူများနှင့်အတူ အငွေ့ပျံကာ လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။
ထို့ပြင် အိုင်းဆက်၏ ပင်မစစ်သင်္ဘောမှာ ကျန်းမုန့်လောင်၏ အထူးဂရုစိုက်မှုကို ခံခဲ့ရသည်။
ပထမဆုံးအထူးပေါင်းစပ်လက်နက်က သင်္ဘောကို ထိမှန်ချိန်ဝယ် သူ့ခမျာ တုန်ခါမှုကိုသာ ခံစားခဲ့ရပြီး ဒဏ်ရာမရခဲ့ပေ။
သို့သော် စွမ်းအင်ရိုက်ခတ်မှုကြောင့် သူ့ပြင်ပအာရုံခံစားမှုများ ပျောက်ဆုံးသွားပြီး သူ့ယာဉ်တန်းတစ်ခုလုံး လုံးဝနီးပါး ချေမှုန်းခံလိုက်ရသည်ကို မြင်လိုက်ရချိန်တွင် ဒုတိယမြောက်အထူးပေါင်းစပ်လက်နက်က သူ့ဘေးနားတင် ထပ်ပေါက်ကွဲသွားပြန်သည်။
ထိုအချိန်တွင် သူ အနည်းငယ် ဒဏ်ရာရသွားသော်လည်း ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။
သို့သော် တတိယမြောက်အထူးပေါင်းစပ်လက်နက်ကတော့ သူ့ကို တည့်တည့်ထိမှန်ခဲ့သည်။ ထိုတိုက်ခိုက်မှုက အဆင့်ရှစ်သက်ရှိတစ်ယောက်၏ အားအပြည့် ထိုးနှက်ချက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ထို့နောက် စတုတ္ထအကြိမ်ရိုက်ခတ်မှု၊ ပဉ္စမအကြိမ်...
သူ့လက်အောက်ခံ တပ်မှူးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ထိုပေါက်ကွဲမှုမှ နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သူကိုယ်တိုင်လည်း ယခုလို အသက်ရှင်နေရခြင်းကိုပင် အလွန်ကံကောင်းသည်ဟု မှတ်ယူရပေမည်။
"ဦးနှောက်ကွမ်တမ်လှိုင်းတွေကို ချိတ်ဆက်လိုက်"
တပ်မှူးက ချက်ချင်း အမိန့်ပေးလိုက်သည်။
တတိယတပ်မတစ်ခုလုံး ပျောက်ကွယ်သွားပြီး မည်သည့်အချက်အလက် သို့မဟုတ် သက်သေအထောက်အထားမှ ပြန်လည်ပေးပို့နိုင်ခြင်း မရှိခဲ့ချေ။ တတိယတပ်မတွင် ဘာဖြစ်ခဲ့သလဲဆိုသည်ကို သူ လုံးဝမသိရသဖြင့် ယခုအချိန်တွင် အခြေခံအကျဆုံး နှုတ်ဖြင့်ပြောကြားမှုအပေါ်၌သာ အားကိုးရတော့မည်ဖြစ်၏။
ဦးနှောက်ကွမ်တမ်လှိုင်း ဆက်သွယ်မှုမှာ စိတ်ချင်းဆက်သွယ်ခြင်း သဘောတရားနှင့် ဆင်တူသော အလွန်ရိုးရှင်းသည့် ဆက်သွယ်ရေးနည်းလမ်းတစ်ခုဖြစ်ပြီး အဝေးဆုံးနေရာကပင် ချက်ချင်း ဆက်သွယ်နိုင်သည်။
"အိုင်းဆက်... ဘာဖြစ်ခဲ့တာလဲ။ ဘယ်စကြဝဠာက မင်းတို့ကို ချုံခိုတိုက်ခိုက်လိုက်တာလဲ"
"စကြဝဠာအမှတ်၇ပဲ။ သူတို့က ငါတို့အပါအဝင် စကြဝဠာ၁၅၀ကျော်ရဲ့ ယာဉ်တန်းတွေကို အကုန်ချေမှုန်းပစ်လိုက်တာ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စကြဝဠာအမှတ်၇မှာ ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်မျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ သူတို့ တခြားမျိုးနွယ်စုတွေနဲ့ ပူးပေါင်းတပ်ဖွဲ့များ ဖွဲ့ထားလို့လား။ ဒါပေမဲ့ အဲ့ဒါ မဖြစ်နိုင်ဘူးလေ။ သူတို့အကြောင်း ဘာသတင်းအချက်အလက်မှတောင် မကြားမိပါဘူး။ ငါတို့က ဘယ်လိုလုပ်ရှုံးသွားရတာလဲ"
"သူတို့ရဲ့ လက်နက်သစ်ကြောင့်"
အိုင်းဆက်က ပြောလိုက်သည်။
"အဲ့ဒီပစ္စည်းက တစ်ချက်တည်းနဲ့တင် အနည်းဆုံး စစ်သင်္ဘောသောင်းပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်တယ်။ ငါတို့လို အဆင့်မြင့်သက်ရှိတွေတောင် တည့်တည့်ထိရင် အသက်ရှင်ဖို့ခက်တယ်။ ငါ့ခန္ဓာကိုယ်ကသာ မာကျောမနေရင် အခုလောက်ဆို သေနေတာကြာလှပြီ"
"သူတို့ဆီမှာ အဲ့ဒါမျိုး ဘယ်လောက်တောင် ရှိနေလို့လဲ"
"ငါတို့ သူတို့ရဲ့ယာဉ်တန်းကိုတောင် မမြင်လိုက်ရဘူး"
အိုင်းဆက်က ကူကယ်ရာမဲ့စွာ ပြောရှာသည်။ ရန်သူကိုပင် မမြင်ရဘဲ ချေမှုန်းခံလိုက်ရခြင်းမှာ အလွန်တရာ အရှက်ရစရာကောင်းလှသည်။
"သူတို့ရဲ့ပစ်ခတ်မှုစွမ်းအားက ဘယ်လောက်တောင် ပြင်းထန်လို့လဲ"
"စုစုပေါင်းတိုက်ခိုက်မှု အကြိမ်ငါးဆယ်ပဲ ရှိတယ်။ ဆယ်စက္ကန့်အတွင်းမှာတင် ငါတို့ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားခဲ့တာ"
အိုင်းဆက်က ဆိုသည်။
"တခြားစကြဝဠာယာဉ်တန်းတွေလည်း ဒီလိုပဲ ကြုံတွေ့ခဲ့ရလိမ့်မယ်လို့ ငါထင်တယ်။ အနီးအနားမှာရှိတဲ့ ဘယ်မျိုးနွယ်စုမဆို သူတို့ရဲ့တပ်မှူးတွေအပါအဝင် အကုန်လုံး သုတ်သင်ရှင်းလင်းခံလိုက်ရပြီ"
"အရင်ဆုံးပြန်လာပြီး ဒဏ်ရာတွေ ကုသလိုက်ဦး"
စကြဝဠာအမှတ်၂၀၏ ခေါင်းဆောင်မှာ စကြဝဠာအမှတ်၇၏ယာဉ်တန်း ရှိနေသည့် ကိုဩဒိနိတ်များကို ကြည့်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာတင် တပ်မ၁၅၀ကို ချေမှုန်းပစ်နိုင်ခြင်းမျိုး။ ဘယ်စကြဝဠာတွင်မှ ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး မရှိပေ။
ရုတ်ခြည်းပင် ကောင်းကင်ယံထက်တွင် နီရဲရဲအမြှေးပါးတစ်ခု ပေါ်လာပြီး စစ်မြေပြင်တစ်ခုလုံးနှင့် သတ္တုတွင်းနယ်မြေတစ်ခုလုံးကို ဧရာမဒိုင်းကြီးတစ်ခုက ဖုံးအုပ်လိုက်သည့်အလား လျင်မြန်စွာ ကျယ်ပြန့်လာကြောင်း သူ မြင်လိုက်ရသည်။
"အဲ့ဒါ ဘာကြီးလဲ"
ရေတွက်၍မရနိုင်သော လူများက ထိုအကာအရံကြီးကို စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် စကြဝဠာအမှတ်၇မှ ပြောရေးဆိုခွင့်ရှိသူ၏အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
"ချစ်လှစွာသော ရဲဘော်တို့... မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီနော်။ ဒါပေမဲ့ မင်းတို့က တန်ဖိုးမထားခဲ့ကြဘူး။ အခြေအနေက ဒီလိုဖြစ်လာမှတော့ ဒီနေ့ ငါ ဒီကားတံခါးကို ဂဟေဆော်ပြီး ပိတ်ပစ်လိုက်တော့မယ်။ ဒီနေ့တော့ ဘယ်ကောင်မှ ကားပေါ်ကဆင်းဖို့ မစဉ်းစားနဲ့"
********************