← Chapters

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း ၃၃၃ - ကလေးများ၏ ခေါင်းဆောင်

သွေးထွက်သံယို မြင်ကွင်းတစ်ခုဖြစ်ပြီး အသက်မကြီးသေးသော ဤကောင်မလေးများသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြချေ။

ယင်းနှင့် နှိုင်းယှဉ်လျှင် နျိုနျိုလေးသာလျှင် အနည်းငယ် ပို၍ မြင်ဖူးလေ၏။

မည်သို့ပင်ဆိုစေကာမူ နျိုနျိုလေးသည် ဝက်သတ်သည်ကို မြင်ဖူးပေသည်။

နျိုနျိုလေးက ခြံဝင်းတံခါးဝသို့ ပြေးသွားကာ မေးလိုက်သည်။

“အဒေါ်ဖန်းချောင်... ဆရာ ဒဏ်ရာရသွားပြီ... ဘယ်လိုလုပ်ရမလဲ...”

အဒေါ်ဖန်းချောင်က ဝင်လာပြီး ကြည့်လိုက်လေ၏။ ဤခြေအနေကို မြင်သောအခါ သူမ အံ့အားသင့်သွားပြီး အခြားနန်းဆောင်တစ်ခုသို့ ချက်ချင်းသွားကာ ငယ်ရွယ်ပြီး ခွန်အားကြီးသော မိန်းမစိုးငယ် အနည်းငယ်ကို ခေါ်လာတော့သည်။

ဆရာကြီးဝူသည် နံနက်ပိုင်းတွင် လမ်းလျှောက်လာခဲ့သော်လည်း အတန်းမဆင်းမီမှာပင် နန်းတွင်းဆေးရုံသို့ သယ်ဆောင်သွားခြင်း ခံလိုက်ရချေသည်။

ကျောင်းစတက်သည့် ပထမဆုံးနေ့မှာပင် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရသဖြင့် ကောင်မလေးခြောက်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့သည်။

“ငါတို့ အတန်းဆက်တက်ဖို့ လိုသေးလား...”

ကောင်မလေးတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

နျိုနျိုလေးက ပြောလိုက်သည်။

“ဆရာတောင် အတန်းထဲက ထွက်သွားပြီပဲ... ဘာလို့ အတန်းဆက်တက်နေရဦးမှာလဲ...”

အခြားသူများက ထိုစကားကို ကြားသည်နှင့် ဘာမှမမှားဘူးဟု ချက်ချင်း ခံစားလိုက်ရပေသည်။

တတိယသခင်မလေးလီကသာ ပြောလိုက်သည်။

“ဆရာ မရှိရင်တောင် ကြိုးကြိုးစားစား စာလုပ်ရမယ်လေ...”

မူလက ပျော်ရွှင်ချင်နေကြသော အခြားလူများ၏ ရင်ထဲတွင် ထပ်မံဖိနှိပ်ခံလိုက်ရပြန်၏။

နျိုနျိုလေးက တတိယသခင်မလေးလီကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင်လည်း နင့်ဘာသာနင် စာဖတ်နေလိုက်လေ...”

တတိယသခင်မလေးလီသည် နျိုနျိုလေးကို ပထမဆုံးအကြိမ် တွေ့ကတည်းက မုန်းတီးခဲ့လေ၏။ နန်းတွင်းသူလေးက ရေပက်လိုက်သဖြင့် မယ်တော်ကြီးနှင့် တွေ့ခွင့်မရခဲ့ဘဲ ယခုအခါ နန်းတွင်း၏ ရယ်စရာတစ်ခု ဖြစ်နေရသည်။ နျိုနျိုလေးက ထိုနန်းတွင်းသူလေးအတွက်ပင် တောင်းပန်ပေးခဲ့သဖြင့် တတိယသခင်မလေးလီသည် နျိုနျိုလေးကို ပို၍ပင် မုန်းတီးလာတော့သည်။

တတိယသခင်မလေးလီက ပြောလိုက်သည်။

“ငါတို့ ခြောက်ယောက်ထဲမှာ ငါက အကြီးဆုံးပဲ... နင်တို့ ငါပြောတာ နားထောင်သင့်တယ်... ဆရာက အရင်က ပြောဖူးတယ်... ရှေ့ကိုမတိုးရင် နောက်ဆုတ်သွားလိမ့်မယ်...”

နျိုနျိုလေးက သူမကို ပျင်းစရာကောင်းသည်ဟုသာ ထင်ကာ ပြောလိုက်သည်။

“အသက်ကို အခြေခံတာလား... ဒါဆို ငါခေါ်လာတဲ့ အဒေါ်ဖန်းချောင်က အကြီးဆုံးပဲ... ငါတို့အားလုံး သူပြောတာ နားထောင်ရမှာပေါ့...”

တတိယသခင်မလေးလီသည် နျိုနျိုလေးကို ဆူပူခဲ့သော ဆရာကြီးဝူ၏ စကားမှာ အမှန်တကယ် မှန်ကန်ကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး နျိုနျိုလေးကဲ့သို့ စကားပြောပြတ်သူကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“နင်... အဓိပ္ပာယ်မရှိတာ... အောက်လက်ငယ်သားက သခင်နဲ့ ဘယ်လို နှိုင်းယှဉ်လို့ရမှာလဲ...”

တတိယသခင်မလေးလီက ငြင်းခုံလိုက်လေသည်။

နျိုနျိုလေးက သူမ၏ ခေါင်းလေးကို စောင်းကာ ပြောလိုက်သည်။

“နင်ပြောတာက အသက်နဲ့ နှိုင်းယှဉ်တာ မဟုတ်ဘူးလား... ဒီလိုဆိုရင် အသက်က ပထမဖြစ်ရမှာပေါ့... ကျန်တာအကုန်လုံးကို လျစ်လျူရှုထားလို့ ရတယ်လေ...”

တတိယသခင်မလေးလီသည် နျိုနျိုလေးနှင့် မငြင်းခုံနိုင်တော့ဘဲ ဒေါသထွက်လွန်း၍ သူမ၏ နှာခေါင်းမှာ ရွဲ့စောင်းလုနီးပါး ဖြစ်သွားတော့သည်။

ချင်ကျင့်ရှုက နျိုနျိုလေးကို လေးစားစွာ ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“နျိုနျို... နင်တကယ် မိုက်တာပဲ...”

နျိုနျိုလေးက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ဒါ ဖေဖေ သင်ပေးထားတာ... ကိုယ်မကြိုက်တဲ့သူနဲ့ တွေ့ရင် ကမောက်ကမ လုပ်ပြီး ကောက်ကျစ်တဲ့ မူဝါဒတွေနဲ့ တစ်ဖက်လူကို အနိုင်ယူလို့ရတယ်တဲ့...”

တတိယသခင်မလေးလီက နျိုနျိုလေးကို မကြိုက်သလို နျိုနျိုလေးကလည်း သူမကို မကြိုက်ပေ။

ချင်ကျင့်ရှုက မနေနိုင်ဘဲ ပြောလိုက်သည်။

“နင့်အဖေက တကယ်ကို တော်တာပဲ...”

အမှန်တကယ်တော့ ချင်ကျင့်ရှုသည် နျိုနျိုလေးအပေါ် ကုမင်တာ့၏ ဂရုစိုက်မှုကို ပို၍ပင် အားကျမိလေ၏။ မည်သည့်အရာကိုမျှ ပြန်လည်မတောင်းဆိုဘဲ သမီးဖြစ်သူ ဘဝပိုကောင်းစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားပေးနေခြင်း ဖြစ်သည်။

အခြားသူများက သူမ၏ မိသားစုကို ချီးကျူးသည်ကို နျိုနျိုလေးက အနှစ်သက်ဆုံးပင်။ သူမက ဂုဏ်ယူစွာဖြင့် ရင်ဘတ်လေးကိုကော့ကာ ပြောလိုက်သည်။

“ဒါပေါ့... ငါ့ဖေဖေက အများကြီး သိတာ... ငါ အိမ်မှာရှိတုန်းက ငါ့စာတွေကို ဖေဖေ ကိုယ်တိုင် သင်ပေးတာ...”

“နင့်အဖေသာ ငါတို့ကို လာသင်ပေးရင် သိပ်ကောင်းမှာပဲ... သေချာပေါက် အသုံးဝင်တဲ့ အရာတွေ အများကြီး သင်ပေးမှာ... ငါက အမျိုးသမီးတွေရဲ့ ကိုယ်ကျင့်တရားတို့ နာခံခြင်းတို့ လုံးဝ မသင်ချင်ဘူး...”

နျိုနျိုလေးက သူမ၏ သူငယ်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်လေ၏။

ချင်ကျင့်ရှုက အနားသို့လာကာ တိုးတိုးလေး ပြောလိုက်သည်။

“ဆရာကြီးဝူ သင်ပေးတာတွေ ငါ အိမ်မှာ သင်ပြီးသား... ပြောင်းပြန်တောင် ပြန်ရွတ်ပြလို့ရတယ်...”

နျိုနျိုလေး၏ အာရုံစိုက်မှုမှာ အမြဲတမ်း အနည်းငယ် ထူးဆန်းပေသည်။ ဤတစ်ကြိမ်တွင် သူမက ချင်ကျင့်ရှုကို လေးစားစွာ ကြည့်ကာ ပြောလိုက်သည်။

“ဒီလောက် ဆိုးဝါးတဲ့ဟာတွေကို နင်က ပြောင်းပြန်တောင် ရွတ်ပြနိုင်တယ်ပေါ့...”

ချင်ကျင့်ရှု၏ မျက်နှာမှာ တောင့်တင်းသွားပြီး နျိုနျိုလေး၏ ဖော်ပြချက်မှာ အလွန်သင့်လျော်သည်ဟု ရုတ်တရက် ခံစားလိုက်ရချေသည်။ ယခင်က နာခံခြင်းသုံးပါးနှင့် အကျင့်သီလလေးပါးကို သူမ ဘာကြောင့် မကြိုက်ခဲ့မှန်း မသိခဲ့သော်လည်း ယခု နျိုနျိုလေး ဤသို့ပြောသည်ကို နားထောင်ပြီးနောက် သူမက ဆိုးဝါးသည်ဟု ခံစားလိုက်ရလေ၏။

နျိုနျိုလေးသည် ဤအရာကို အလိုအလျောက် မနှစ်သက်ဘဲ ပြောလိုက်သည်။

“ဆရာ သင်ပေးတဲ့ အရာတွေ သင်လို့ ဘာအသုံးကျမှာလဲ... လက်တွေ့ကျတဲ့ အရာတစ်ခုခု သင်တာက ပိုကောင်းတယ်... ပိုးကောင်တွေကို မှတ်မိရင်တောင် ပိုကောင်းသေးတယ်...”

“ကုရှီ... နင်က ပိုးကောင်တွေကို မှတ်ရတာ ကြိုက်လို့လား...”

နျိုနျိုလေး မသိသော အခြားကောင်မလေးတစ်ဦးက အနားသို့လာကာ မေးလိုက်သည်။

နျိုနျိုလေး၏ ထူးဆန်းသော အကြည့်ကို ရင်ဆိုင်ရသောအခါ ကောင်မလေးက ချက်ချင်း ရှင်းပြလိုက်လေ၏။

“ငါ့နာမည်က စုန့်မြောင်မြောင် ပါ... ငါက ဒီနှစ် ခုနစ်နှစ် ပြည့်ပြီ...”

နျိုနျိုလေးသည် ဆရာကြီးဝူကို ရဲဝံ့စွာ ဆန့်ကျင်ပြောဆိုရဲပေသည်။ တတိယသခင်မလေးလီမှလွဲ၍ ကျန်ကောင်မလေးများက နျိုနျိုလေးကို အလွန်အစွမ်းထက်သည်ဟု ထင်ကြလေ၏။ သူမကို အလွန်သတ္တိရှိသည်ဟု ထင်ကာ အလွန်လေးစားကြသည်။

နျိုနျိုလေးက ခေါင်းခါပြလိုက်သည်။

“ငါက ပိုးကောင်တွေကို မှတ်ရတာ မကြိုက်ပါဘူး... ငါ့ကိုကိုလတ်ကသာ ပိုးကောင်တွေကို မှတ်ရတာ ကြိုက်တာ... ငါ့ကိုကိုလတ်က အရမ်းတော်တယ်... ပိုးကောင်တွေ အများကြီး သိရုံတင်မကဘူး... ပိုးကောင်မွေးတာလည်း အရမ်းတော်တယ်... သူ့ကို အရမ်းသဘောကျတဲ့ သမားတော်ကြီးတစ်ယောက်တောင် ရှိတယ်... တပည့်အဖြစ် အတင်းလက်ခံချင်နေတာ...”

နျိုနျိုလေးက သူမ၏ မိသားစုအကြောင်း ပြောပြသောအခါ သူမ ပါးစပ်မှ ဘာပဲထွက်ထွက် ဂုဏ်ယူဝင့်ကြွားနေမည်သာ ဖြစ်သည်။

ဤအချိန်တွင် အခြားကောင်မလေးများလည်း အနားသို့ စုရုံးလာကြလေ၏။ သူတို့မှာ အသက်မကြီးသေးဘဲ အမှားနှင့် အမှန်ကို ခွဲခြားနိုင်စွမ်း သိပ်မရှိကြချေ။ နျိုနျိုလေး ပြောသည်ကို နားထောင်ရင်း ပိုးကောင်များကို ကိုင်တွယ်ရသည်မှာလည်း အထူးစွမ်းရည်တစ်ခုဖြစ်သကဲ့သို့ အံ့သြတကြီး အသံပြုလိုက်ကြသည်။

“ကုရှီ... နင်ကရော ဘာလုပ်တတ်လဲ... နင့်အစ်ကိုက အဲဒီလောက်တော်မှတော့ နင်လည်း သေချာပေါက် ညံ့မှာမဟုတ်ဘူး...”

စုန့်မြောင်မြောင်သည် စိတ်ခံစားမှုတန်ဖိုးကို ပေးစွမ်းရာတွင်လည်း အထူးတော်သော ကလေးတစ်ဦးဖြစ်သည်။

နျိုနျိုလေးသည် တကယ်ပင် သူမ၏ ခေါင်းလေးကို စောင်းကာ အချိန်အကြာကြီး စဉ်းစားပြီးမှ ပြောလိုက်သည်။

“ငါက ဆော့တတ်တယ်... သဲအိတ်ဘယ်လို ကစားရမလဲဆိုတာ သင်ပေးမယ်လေ... ကောင်းလား...”

ဤအရာရှိမိသားစုများမှ သခင်မလေးများသည် အသက်သိပ်မကြီးသော်လည်း သူကောင်းမျိုးများအတွက် လေ့ကျင့်ရေးစည်းကမ်းများကို ကစားတတ်ကြလေ၏။ မိသားစုက ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီစသည်တို့ကို ပြုစုပျိုးထောင်ရန် အာရုံစိုက်ထားပြီး တစ်ခါတစ်ရံတွင် စစ်တုရင်ကစားခြင်းနှင့် အိုးပစ်ခြင်းကဲ့သို့သော ကစားနည်းများဖြင့် ဖျော်ဖြေကြသည်။

ဤအချိန်တွင် နျိုနျိုလေးက သူတို့ကို ယူဆောင်လာပေးသည်မှာ နှစ်ပေါင်းများစွာ လူအများကြား ရေပန်းစားခဲ့သော ကစားနည်းငယ်လေးတစ်ခုဖြစ်ပြီး ကမ္ဘာသစ်တစ်ခုသို့ တံခါးဖွင့်ပေးလိုက်သကဲ့သို့ ချက်ချင်း ခံစားလိုက်ရတော့သည်။

နျိုနျိုလေးက စည်းကမ်းချက်များကို ပြောပြပြီး မကြာမီမှာပင် ကောင်မလေးတစ်စုသည် ချက်ချင်း ပျော်ရွှင်စွာ အတူတကွ ကစားကြတော့သည်။ ဆရာကြီးဝူ၊ စာဖတ်ခြင်းနှင့် အခြားအရာများအတွက်မူ သူတို့အားလုံးကို နောက်ချန်ထားရစ်ခဲ့လေပြီ။

ဤအချိန်တွင် တတိယသခင်မလေးလီ တစ်ဦးတည်းသာ အိမ်ထဲတွင် ထိုင်နေပြီး အမျိုးသမီးများ၏ ပညတ်တော် စာအုပ်တစ်အုပ်ကို စိတ်မပါဘဲ ဖတ်နေကာ အပြင်ဘက်မှ အခြားကလေးများ၏ ရယ်မောသံများက သူမ၏ နားထဲသို့ အခါအားလျော်စွာ ဝင်လာနေတော့သည်။

နင်တို့ ဘာတွေကစားနေကြတာလဲ... အဲဒါ ပျော်စရာကောင်းလား...။

တတိယသခင်မလေးလီ၏ စိတ်ထဲတွင် ဤအတွေးများ အမြဲပေါ်နေလေ၏။ သူမက စာအုပ်များကို ချထားပြီး သူတို့နှင့်အတူ အပြင်ထွက်၍ ဆော့ကစားချင်သော်လည်း နျိုနျိုလေးနှင့် စကားများထားရုံသာမက မျက်နှာပူနေသဖြင့် မသွားနိုင်ချေ။

နျိုနျိုလေးသည် တတိယသခင်မလေးလီ၏ ရှုပ်ထွေးမှုကို လုံးဝ မသိခဲ့ပေ။ အဒေါ်ဖန်းချောင်က လာရောက်သတိပေးသည်အထိ ခြံဝင်းထဲတွင် ကောင်မလေးတစ်စုကို ခေါ်ကာ တစ်နာရီနီးပါး ဆော့ကစားနေခဲ့လေ၏။

နျိုနျိုလေးက လှည့်ကာ အခြားကောင်မလေးများကို ပြောလိုက်သည်။

“နေ့လယ်စာ စားတော့မယ်... ငါ အရင်ပြန်တော့မယ်... နောက်မှ ပြန်ဆုံပြီး အတူတူ ဆော့ကြတာပေါ့...”

“ကောင်းပါပြီ... ကောင်းပါပြီ...”

ကောင်မလေးတစ်စုက ပျော်ရွှင်စွာ သဘောတူလိုက်ကြလေ၏။

ချင်ကျင့်ရှုက သတိပေးလိုက်သည်။

“နျိုနျို... ဆရာကြီးဝူ ဘယ်တော့နေကောင်းမလဲ မသိဘူး... ပြီးတော့ နေ့လယ်ဘက် အတန်းရှိမရှိလည်း မသိဘူး... ငါတို့ ဘယ်အချိန် ဘယ်လို တွေ့ကြမလဲ...”

ဤအရာသည် တကယ်ပြဿနာတစ်ခုဖြစ်ကြောင်း နျိုနျိုလေး ခံစားလိုက်ရပြီး ပြောလိုက်သည်။

“ငါလည်း ဆက်တိုက် သင်နေလို့ မရဘူး... အတန်းမရှိရင် စာလုံးကြီးတွေ လေ့ကျင့်ရလိမ့်မယ်...”

နျိုနျိုလေးတွင် သင်ယူမှုကို ငြီးငွေ့နေသော စိတ်နေသဘောထား အပြည့်အဝ မရှိချေ။ သူမက ဆရာကြီးဝူကို မကြိုက်ရုံသာဖြစ်သည်။ ကုမင်တာ့က သူမကို ပေးအပ်ထားသော အိမ်စာများကို သူမ အမြဲတမ်း ရင်ထဲတွင် မှတ်ထားလေ၏။

“မနက်ဖြန် အတန်းမရှိရင် ငါတို့ နင့်ဆီ လာဆော့လို့ရမလား...”

စုန့်မြောင်မြောင်က နျိုနျိုလေး၏ အင်္ကျီစကို ဆွဲကာ မေးလိုက်သည်။ သူမသည် နျိုနျိုလေးနှင့် ကစားရသည်ကို အလွန်သဘောကျလွန်းလှပြီး နျိုနျိုလေးတွင် ပျော်စရာကောင်းသော အကြံဉာဏ်များ မရေမတွက်နိုင်အောင် ရှိနေပုံရသည်။

All Chapters