အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း ၂၂၂။ နှစ်ဦးသေ၍ တစ်ဦးထွက်ပြေးခြင်း၊ အမှောင် မိခင်ပင်ကြီး
သေခြင်းတရားကို တစ်ခါ ကြုံတွေ့ဖူးသူ ဖြစ်သည့် ဘာဘရူးစ် မှာ သေရမည်ကို မကြောက်သော်လည်း သေဆုံးပြီးနောက် အသက်မဲ့သော စစ်သည် အဖြစ် အရုပ်တစ်ခုလို ပြုလုပ်ခံရမည်ကိုတော့ သေရခြင်းထက် ပို၍ ကြောက်လန့်နေမိသည်။
"ဟီးဟီး... ငါလည်း အသက်မဲ့ စစ်သည်တွေ မလုပ်ရတာ ကြာပြီပဲ... လက်ရာတွေ ထုံနေပြီလား မသိဘူး..."
ပူဟာမန်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး အကျင့်ပျက် တိုက်တန်ကို အထက်အောက် စူးစိုက်ကြည့်ကာ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေလေသည်။
"ပထမဆုံး လက်တည့်စမ်းတဲ့ အနေနဲ့... နတ်ဘုရားတစ်ဝက် အဆင့်ရှိတဲ့ အကျင့်ပျက် တိုက်တန်ကြီးကို သုံးရမှာ ဆိုတော့... နည်းနည်း များလွန်းမနေဘူးလား... ငါ အရင်ဆုံး အရိုးစု အနည်းငယ်လောက်ကို ခေါ်ပြီး လက်သွေးရမလား..."
ပူဟာမန်က သူ့ကို ကစားစရာ တစ်ခုလို စိုက်ကြည့်နေသဖြင့် တိုက်တန်ကြီး မှာ ရင်ထဲတွင် ထိတ်လန့်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ "ဆိုးယုတ်တဲ့ သေမင်းတမန်... မင်း ငါ့အလောင်းကို ကစားဝံ့ရင်... ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး..."
"ဟီးဟီး... မင်း သေသွားပြီးရင်... ငါ့ရဲ့ စမ်းသပ်ခန်း စားပွဲပေါ် ရောက်လာမှာပဲလေ... ငါ သဘောရှိ လုပ်လို့ ရတာပဲ မဟုတ်လား..."
ပူဟာမန်က မစောင့်နိုင်တော့ဘဲ "သခင်... သူ့ကို မြန်မြန် သတ်လိုက်ပါတော့... ကျွန်တော် မစောင့်နိုင်တော့ဘူး..." ဟု ပြောလိုက်လေသည်။
မုန်လဲ့ ခေါင်းညိတ်လိုက်လေသည် "မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်..."
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့ သခင်..."
ပူဟာမန် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။
"တိုက်ခိုက်ကြစို့..."
အမှောင် နတ်သမီး ဘုရင်မ နှင့် ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ တို့ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး အခုမှ မလှုပ်ရှားလျှင် အကျင့်ပျက် တိုက်တန် သေဆုံးတော့မည်ကို သိသဖြင့် ပြတ်ပြတ်သားသားပင် တိုက်ခိုက်လိုက်ကြလေတော့သည်။
"ဝုန်း..."
ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ က ဟိန်းဟောက်လိုက်ရာ... သူမ၏ ခေါင်းပေါ်ရှိ ခေါင်းသုံးလုံး သတ္တဝါကြီး၏ အရိပ်က ပါးစပ်ကြီးကို ဟကာ ကောင်းကင် မြေပြင် တုန်ခါသွားမတတ် ဟိန်းဟောက်လိုက်လေသည်။
"ဘန်း..."
ပြင်းထန်သော အသံလှိုင်းများ ပေါက်ကွဲထွက်လာပြီး လေဟာနယ်ကြီး ပျက်စီးကာ မှောင်မည်းသော အပေါက်ကြီးများ ဖြစ်သွားလေသည်။
"အသံလှိုင်း တိုက်ခိုက်မှုလား... နှမြောစရာပဲ..."
မုန်လဲ့ ခေါင်းခါလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့်... ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ ၏ နောက်ကျောသို့ ရောက်ရှိသွားကာ သွေးရောင် ဓားကောက်က ဘုရင်မ၏ လည်ပင်းသို့ တိတ်တဆိတ် ရောက်ရှိသွားလေသည်။
"ဘုရင်မကြီး... ဘာလို့ သေကြောင်းကြံနေတာလဲ..."
မုန်လဲ့၏ မျက်လုံးများထဲတွင် သနားစရာ အရိပ်အယောင်များ ရှိနေလေသည်။
ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး မျက်နှာတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်ပြီး ဟားတိုက် ရယ်မောလိုက်လေသည်။
“ငါ့ရဲ့ အသံလှိုင်း အမြန်နှုန်း က အသံထက် အဆတစ်ရာ ပိုမြန်တာကို... မင်းက ရှောင်နိုင်တယ်... မင်းရဲ့ အမြန်နှုန်းက တကယ်ကို လောကမှာ ရှားပါးလွန်းတယ်..."
"ဒါက အမြန်နှုန်း မဟုတ်ဘူး... ချက်ချင်း ရွေ့လျားခြင်း ပဲ..."
မုန်လဲ့ ဖြည်းညင်းစွာ ပြုံးလိုက်လေသည် "ချက်ချင်း ရွေ့လျားခြင်း နဲ့ ဒီဓားကောက် ပေါင်းစပ်လိုက်ရင်... မင်းတို့ အားလုံးကို သတ်ဖို့ လုံလောက်တယ်..."
"ဒါကြောင့်... အညံ့ခံလိုက်စမ်း... မင်းတို့မှာ အခြေအနေကို ပြောင်းလဲနိုင်မယ့် အခွင့်အရေး လုံးဝ မရှိဘူး..."
"ချက်ချင်း ရွေ့လျားခြင်းလား"
ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အကျင့်ပျက် တိုက်တန် နှင့် အမှောင် နတ်သမီး ဘုရင်မ တို့၏ မျက်နှာတွင်လည်း ထိတ်လန့်မှုများ ထွက်ပေါ်လာလေသည်။
သူတို့သည် ယခင်က ဤကဲ့သို့သော လေဟာနယ် စွမ်းရည်မျိုးကို မကြားဖူးသော်လည်း နာမည်ကို ကြားရုံမျှဖြင့်ပင်... ဤသည်မှာ အလွန် ကြောက်စရာကောင်းသော လေဟာနယ် စွမ်းရည် ဖြစ်ကြောင်း သိလိုက်ကြရသည်။
ချက်ချင်း ရွေ့လျားခြင်း...
ဘယ်သူက တားဆီးနိုင်မှာလဲ။
"နတ်ဘုရား နယ်ပယ်..."
ထိုအချိန်တွင် ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး... ရွှေရောင် နဂါးခြင်္သေ့ ဆတ်ခ်လေး က မုန်လဲ့၏ နောက်ကျောတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ... ရက်စက်သော မျက်နှာဖြင့် ရောက်ရှိနေလေသည်။
"ကောင်လေး... မင်း ငါ့ကို ဒီလောက်တောင် အရှက်ခွဲရဲတယ်ပေါ့... မင်းကို ငါ အပိုင်းပိုင်း ခုတ်ပစ်မယ်..."
"နတ်ဘုရား စွမ်းရည်... လေဟာနယ် ဓားသွား..."
မှောင်မည်းနေသော လေဟာနယ် ဓားသွား အချို့ ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘုရား နယ်ပယ် ၏ ပိတ်ဆို့ခြင်းကို ခံထားရသော မုန်လဲ့ထံသို့ လျှပ်စီးအလား ဖြတ်သန်းသွားလေသည်။
"ငါ ပြောပြီးပြီပဲ... အသုံးမဝင်ဘူး လို့..."
မုန်လဲ့ ခေါင်းခါလိုက်ပြီး နတ်ဘုရား နယ်ပယ် ၏ ပိတ်ဆို့ခြင်းကို ဂရုမစိုက်ဘဲ မူလနေရာမှ ပျောက်ကွယ်သွားကာ လေဟာနယ် ဓားသွားများ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်ရှားလိုက်လေသည်။
သူက ရှောင်ရှားလိုက်သော်လည်း... ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ မှာမူ သနားစရာ ကောင်းလှစွာဖြင့်... ထက်မြက်လှသော လေဟာနယ် ဓားသွားများက သူမ၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီး ကာကွယ်ရေးကို ဖျက်ဆီးကာ နက်ရှိုင်းသော ဒဏ်ရာကြီးများ ဖြစ်သွားလေသည်။
တကယ်လို့ သူမရဲ့ နတ်ဘုရား ခန္ဓာကိုယ်က ခိုင်ခံ့မှု မရှိရင်... ချက်ချင်းပဲ အပိုင်းပိုင်း ပြတ်သွားမှာ သေချာတယ်... ဒါပေမဲ့ အခုလည်း သွေးတွေက ရေတံခွန်လို တဖွဲဖွဲ ကျနေတာပဲလေ...
"ဆတ်ခ်လေး..."
ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ ၏ မျက်နှာမှာ ရက်စက်စွာ ပြောင်းလဲသွားပြီး ဆတ်ခ်လေးကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။ သူမ၏ မျက်လုံးများထဲမှ မီးတောက်များ ထွက်ပေါ်လာမတတ် ဖြစ်နေလေသည်။
ဆတ်ခ်လေး အနည်းငယ် ကြောင်သွားပြီး "ဘုရင်မကြီး... မှားသွားတာပါ... ဒါက လုံးဝ မှားသွားတာပါ..." ဟု အလျင်အမြန် ပြောလိုက်လေသည်။
"မှားသွားတယ် ဟုတ်လား... ခဏနေရင် မင်းနဲ့ စာရင်းရှင်းမယ်..."
ဘုရင်မမှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ပင် ပေါက်ကွဲမတတ် ဖြစ်နေသော်လည်း... အခုက စာရင်းရှင်းရမည့် အချိန်မဟုတ်မှန်း သိသဖြင့် ပြင်းထန်သော အသက်စွမ်းအင်များ ထွက်ပေါ်နေသည့် အမြုတေ တစ်ခုကို ထုတ်ယူကာ ပါးစပ်ထဲသို့ မျိုချလိုက်ပြီး ဒဏ်ရာများကို ပြန်လည် ကုသလိုက်လေသည်။
"ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မကြီး က တကယ်ကို မဆိုးပါလား..."
မုန်လဲ့ ချီးကျူးလိုက်လေသည် "ဒါက သာမန် နဂါးမျိုးနွယ် နတ်ဘုရားတစ်ဝက် သာ ဆိုရင်... အပိုင်းပိုင်း ပြတ်သွားလောက်ပြီ..."
"ငါ့တို့ မျိုးနွယ်တွေက မှော်ပညာ ပါရမီမှာ တခြား နဂါးတွေထက် မသာပေမဲ့... ခန္ဓာကိုယ် ကာကွယ်ရေး ဘက်မှာတော့ ရွှေရောင် နဂါးတွေ မြေနဂါးတွေ တောင်မှ ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ဘုရင်မ ၏ မျက်နှာတွင် ဂုဏ်ယူသော အရိပ်အယောင်များ ပေါ်လာသော်လည်း နောက်တစ်စက္ကန့်တွင် သူမ တစ်ကိုယ်လုံး တောင့်တင်းသွားရလေသည်။ မုန်လဲ့၏ ဓားကောက်က ဘယ်အချိန်ကတည်းက သူမ၏ လည်ပင်းသို့ ထပ်မံ ရောက်ရှိနေမှန်း မသိပြန်ပေ။
"လေဟာနယ် ဓားသွား က မင်းကို မဖြတ်နိုင်ပေမဲ့... ငါ့ရဲ့ ဒီဓားကော ဖြတ်နိုင်မလား ကြည့်ရအောင်..."
မုန်လဲ့ တိုးတိုးလေး ရယ်မောလိုက်လေသည် "ဘုရင်မကြီး... မင်း စမ်းကြည့်ချင်လား..."
"မင်း... မင်း ဘာလုပ်ချင်တာလဲ..."
ဘုရင်မက တိုးတိုးလေး မေးမြန်းလိုက်ပြီး နဖူးမှ ချွေးစက်များ ကျလာကာ သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရလေသည်။
"နောက်ဆုံး တစ်ခေါက်... အညံ့ခံမလား..."
"ငါက ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ ပဲ... မင်းလို လူသားတစ်ယောက်ကို ဘယ်လိုလုပ် အညံ့ခံမှာလဲ..."
"အခွင့်အရေး ပေးခဲ့ပြီးပြီပဲ... ဒါပေမဲ့ မင်းက တန်ဖိုးမထားဘူး ဆိုတော့... ငါ့ကို အပြစ်မတင်နဲ့တော့..."
မုန်လဲ့ ခေါင်းခါလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ သွေးရောင် ဓားကောက်ဖြင့် ဖြူစင်သော လည်ပင်းကို ဖြတ်တောက်လိုက်ရာ... သွေးလိုင်းတစ်ခု ထွက်ပေါ်လာလေသည်။
ဘုရင်မမှာ မုန်လဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း... မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေတော့သည်။
ထို့နောက် နဂါးလိုလို ဆိတ်လိုလို မြွေလိုလို ခြင်္သေ့လိုလို ဧရာမ သတ္တဝါကြီး အဖြစ် ပြောင်းလဲသွားပြီး... ရင်ပြင်ပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်သွားအောင် ပြုတ်ကျကာ ခေါင်းက ဘေးသို့ လိမ့်ထွက်သွားပြီး မျက်လုံး အစုံမှာ ပိတ်မသွားခဲ့ပေ။
ဒါက ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ ၏ မူလ ခန္ဓာကိုယ်ပင် ဖြစ်လေသည်။
"သုံးယောက်ပဲ ကျန်တော့တယ်..."
ဘုရင်မကို သတ်ဖြတ်ပြီးနောက် မုန်လဲ့က ဘာမှမဟုတ်သည့် ကိစ္စတစ်ခုကို လုပ်ခဲ့သကဲ့သို့ ကျန်ရှိနေသော သုံးယောက်ကို ကြည့်လိုက်လေသည် "နောက်တစ်ယောက် ဘယ်သူလဲ..."
"မင်း... မင်း အမ်ဘရော့စ် ကို သတ်လိုက်တယ် ဟုတ်လား..."
နတ်ဘုရားတစ်ဝက် ၃ ပါးမှာ ဘုရင်မ၏ အလောင်းကို ကြည့်ကာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြတ်သန်းသွားလေသည်။
မုန်လဲ့က သုံးယောက်၏ ကိုယ်ပေါ်တွင် လှည့်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ဆတ်ခ်လေး ထံသို့ အကြည့် ရောက်ရှိသွားလေသည် "မင်းက အဟန်ဆောင်ဆုံးပဲ... ပြီးတော့ အမုန်းရဆုံးပဲ... မင်းပဲ ဖြစ်စေရမယ်..."
ထိုစကားကို ကြားသောအခါ ဆတ်ခ်လေး တစ်ကိုယ်လုံး ကြက်သီးထသွားပြီး ချက်ချင်းပင် မီတာ ထောင်ချီ နောက်ဆုတ်သွားလေသည်။
သို့သော် သူ မရပ်တန့်မီပင် မုန်လဲ့က အရိပ်အယောင်ကဲ့သို့ သူ၏ နောက်ကျောတွင် တိတ်တဆိတ် ပေါ်လာပြန်လေသည်။
"ပြေးမလို့လား... ပြေးလို့ လွတ်ပါ့မလား..."
မုန်လဲ့က အေးဆေးစွာ ပြောလိုက်လေသည် "မင်း ဒီနန်းတော်ကို ရောက်လာကတည်းက... မင်းရဲ့ ကံကြမ္မာ က သေချာပြီးသားပါ..."
"ဖွပ်..."
သွေးများ တဖွဲဖွဲ ကျလာပြီး ကြီးမားလှသော ခေါင်းကြီးတစ်ခု ကောင်းကင်သို့ လွင့်ထွက်သွားကာ ခေါင်းမရှိသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ထို့နောက် ကျောတွင် နဂါးတောင်ပံ ပါပြီး ခေါင်းတွင် နဂါးချို ပါကာ တစ်ကိုယ်လုံး ရွှေရောင် နဂါးအကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမ ခြင်္သေ့ကြီး အဖြစ် ပြောင်းလဲသွားလေသည်။
ဒါပေမဲ့ အခုတော့ ခေါင်းမရှိတဲ့ ခြင်္သေ့ကြီး ဖြစ်သွားရရှာပြီ။
တိတ်ဆိတ်သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားလေသည်။
လူတိုင်း ကွက်ကွက်ကွင်းကွင်း ကြည့်နေကြပြီး ပါးစပ်မှ အသက်ကို အလုအယက် ရှူနေကြကာ အားလုံး လုံးဝ ဆွံ့အသွားကြရလေသည်။
"နတ်ဘုရားတစ်ဝက် နှစ်ပါး... ဒီလိုပဲ သေသွားတာလား..."
ဖရက်ဒရစ် တိုးတိုးလေး ရေရွတ်လိုက်မိပြီး လုံးဝ ထိတ်လန့်သွားရလေသည်။ မုန်လဲ့က နဂါးမျိုးနွယ် နတ်ဘုရားတစ်ဝက်တွေကို သတ်ခဲ့တယ် ဆိုတာ ကြားရုံသာ ကြားဖူးပြီး ဘယ်သူမှ မမြင်ခဲ့ရပေ။
ဒါပေမဲ့ ဒီတစ်ခါတော့... မုန်လဲ့က နတ်ဘုရားတစ်ဝက် နှစ်ပါးကို သတ်ဖြတ်လိုက်တာကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် ထိုထိတ်လန့်မှုက ပိုမို ပြင်းထန်လှပေသည်။
"ဟီးဟီးဟီး... သခင် ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းတာပဲ..."
ပူဟာမန်က နှုတ်ခမ်းကို သပ်လိုက်လေသည်။ နှုတ်မှ ရယ်မောနေသော်လည်း ရင်ထဲတွင် ထိတ်လန့်မှုက တခြားသူတွေထက် မနည်းပေ။
သူကလည်း မုန်လဲ့ ရန်သူကို ရင်ဆိုင်တာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပြီး မုန်လဲ့ နတ်ဘုရားတစ်ဝက်ကို သတ်ဖြတ်တာလည်း ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။
ဒီလောက် သန့်ရှင်း သပ်ရပ်စွာဖြင့်... နတ်ဘုရားတစ်ဝက်ကို သတ်တာ... ဝက်တွေ ခွေးတွေကို သတ်သလိုပဲ... တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် သန်မာလွန်းတယ်။
"ဘိုး... ဘိုးဘေး... နတ်ဘုရားတစ်ဝက် နှစ်ပါး... ဒီလိုပဲ သေ... သေသွားတာလား..."
နန်းတော်နှင့် မလှမ်းမကမ်းတွင် ဖိလစ် သုံးဆယ့်နှစ် မှာ လုံးဝ ကြောက်လန့်သွားရလေသည်။ အစောပိုင်းက မုန်လဲ့ကို သေစေချင်နေခဲ့သော်လည်း ယခုအခါတွင်တော့ အဆုံးစွန်သော ကြောက်ရွံ့မှုများသာ ကျန်ရှိတော့လေသည်။
"သူက အရင်ကထက် ပိုပြီး ကြောက်စရာ ကောင်းလာပြီ..."
ဆမ်မြူရယ်၏ မျက်နှာမှာ ရှုပ်ထွေးနေလေသည် "ပြီးတော့ အဲဒီ ဓားကောက်ကလည်း... စစ်မှန်တဲ့ နတ်ဘုရား လက်နက် ဖြစ်ရမယ်..."
သံတူ...
လှံ...
နတ်ဘုရား အမြုတေ...
နတ်ဘုရား ဝက်အလောင်း...
အခုလည်း ဒီဓားကောက်...
တစ်ခုပြီးတစ်ခု... ဒါတွေ အားလုံးက နတ်ဘုရားတစ်ဝက် ပိုင်ဆိုင်နိုင်တဲ့ အရာတွေ မဟုတ်ဘူး... ဆမ်မြူရယ် စဉ်းစားလို့ မရတာက မုန်လဲ့က စစ်မှန်တဲ့ နတ်ဘုရား ပစ္စည်းတွေကို ဘယ်ကနေ ဒီလောက်အများကြီး ရလာတာလဲ ဆိုတာပါပဲ...
"ပူဟာမန်... ဒီအလောင်း နှစ်လောင်းက မင်းအတွက်ပဲ..."
မုန်လဲ့က ပူဟာမန်ကို ကြည့်လိုက်လေသည် "နောက်ပိုင်းကျရင်... အသက်မဲ့ ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ နဲ့ အသက်မဲ့ ရွှေရောင် နဂါးခြင်္သေ့ တို့ရဲ့ စွမ်းအားကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်..."
"သခင် လုံးဝ စိတ်ပျက်စရာ မရှိစေရပါဘူး..."
ပူဟာမန်က ဟီးဟီး ရယ်မောလိုက်ပြီး လက်ယမ်းကာ ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ အလောင်းနှင့် ရွှေရောင် နဂါးခြင်္သေ့ အလောင်းတို့ကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ကျန်ရှိနေသော အကျင့်ပျက် တိုက်တန် နှင့် အမှောင် နတ်သမီး ဘုရင်မ တို့ကို ကြည့်လိုက်လေရာ အဓိပ္ပာယ်က ရှင်းနေပါသည်။
"အခြေအနေ မကောင်းဘူး... ဆုတ်မယ်..."
အမှောင် နတ်သမီး ဘုရင်မ က တိုးတိုးလေး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ အဝေးသို့ ချက်ချင်း ပြေးထွက်သွားလေတော့သည်။
အခုမှ မပြေးရင်... ဘယ်အချိန် ပြေးမှာလဲ။
"ဘုရင်မကြီး... မင်း ဘယ်ကို သွားမလို့လဲ..."
မုန်လဲ့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လမ်းကို ပိတ်ဆို့လိုက်လေသည်။
"မင်း ငါ့ကို မတားနိုင်ဘူး..."
အမှောင် နတ်သမီး ဘုရင်မ က နှာခေါင်းရှုံ့လိုက်ပြီး မွေးရာပါ စွမ်းရည် ဖြစ်သော အမှောင်ဓာတ် အဖြစ် ပြောင်းလဲခြင်း ကို သုံးရန် ပြင်လိုက်လေသည်။
သို့သော် သူမကို မယုံကြည်နိုင်စရာ အခြေအနေတစ်ခု ဖြစ်ပေါ်လာလေသည်။ ပုံမှန်ဆိုလျှင် လွယ်ကူစွာ သုံးနိုင်သော မွေးရာပါ စွမ်းရည် မှာ ယခုအခါတွင် သုံး၍ မရတော့ခြင်းပင်။
အတိအကျ ပြောရရင်...
ရုတ်တရက် ဒီစွမ်းရည် ပျောက်ဆုံးသွားသလိုပဲ...
"ဘယ်လိုလဲ... သုံးလို့ မရတော့ဘူး မဟုတ်လား..."
မုန်လဲ့ ဟားတိုက် ရယ်မောလိုက်လေသည် "အမှောင်ဓာတ် အဖြစ် မပြောင်းလဲနိုင်ရင်... မင်း ငါ့လက်ကနေ လွတ်မှာ မဟုတ်ဘူး... အေးအေးဆေးဆေးပဲ အညံ့ခံလိုက်စမ်း..."
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ..."
အမှောင် နတ်သမီး ဘုရင်မ က မုန်လဲ့ကို ဒေါသတကြီး စိုက်ကြည့်နေပြီး စိတ်ဆိုးဒေါသထွက်နေကာ ရူးသွပ်မတတ် ဖြစ်နေလေသည်။
"ဒါကိုတောင် မသိဘူးလား..."
မုန်လဲ့ ရယ်သံကို ရပ်တန့်လိုက်လေသည် "သေချာတာပေါ့... မင်းရဲ့ စွမ်းရည်ကို ငါ လုယူလိုက်တာလေ..."
"လုယူတယ် ဟုတ်လား..." အမှောင် နတ်သမီး ဘုရင်မ ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး "ဒါဆို ခုနက..."
"ခန့်မှန်းတာ မှန်တယ်... ဒါပေမဲ့ ဆုမရှိဘူး..."
မုန်လဲ့က တိတ်တဆိတ် အမှောင်ဓာတ် အဖြစ် ပြောင်းလဲသွားပြီး အမှောင် နတ်သမီး ဘုရင်မ ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ် ပျံသန်းနေလေသည်။
"အရမ်း စိတ်ဆိုးနေလား..."
"ရူးသွပ်မတတ် ဖြစ်နေလား..."
"စိတ်ပျက်နေလား..."
"စိတ်ဆိုးတာ မှန်တာပေါ့..."
"ရူးသွပ်တာ မှန်တာပေါ့..."
"စိတ်ပျက်တာ မှန်တာပေါ့..."
"လာလေ... လာကိုက်လေ..."
"ဟားဟားဟား... ကိုက်လို့ မရဘူး မဟုတ်လား..."
"ဟီးဟီးဟီး... မင်းကို စိတ်ဆိုးအောင် လုပ်တာ..."
"ဂွတ်..."
အမှောင် နတ်သမီး ဘုရင်မ မှာ သွားများကို တကျိကျိ မြည်အောင် ဝါးထားပြီး... ရင်ဘတ်များ နိမ့်ချည် မြင့်ချည် ဖြစ်နေကာ မျက်လုံးများက လူကို စားမတတ် ဖြစ်နေလေသည်။
ဒါပေမဲ့လည်း... ဘာမှ မတတ်နိုင်ပေ။
မုန်လဲ့ကို ဘာမှ လုပ်လို့ မရပေ။
ပြောရရင်တော့... အမှောင်ဓာတ် အဖြစ် ပြောင်းလဲခြင်း က တကယ်ကို ကြောက်စရာကောင်းတဲ့ စွမ်းရည်ပဲ... ရုပ်ပိုင်းဆိုင်ရာနဲ့ မှော်ပညာ တိုက်ခိုက်မှုတွေကို ခုခံနိုင်ပြီး... မသေနိုင်တဲ့ ခန္ဓာကိုယ်နဲ့ တူနေတာ... အရမ်းကို ကြောက်စရာ ကောင်းလွန်းသည်။
"လူသား... မင်း စောင့်နေလိုက်..."
အမှောင် နတ်သမီး ဘုရင်မ အသက်ပြင်းပြင်း ရှူလိုက်လေသည် "တစ်နေ့နေ့ကျရင်... ဒီနေ့ ခံစားခဲ့ရတာတွေ အားလုံးကို အတိုးနဲ့တကွ မင်းကို ပြန်ပေးရစေမယ်..."
ထို့နောက် အမှောင် နတ်သမီး ဘုရင်မ ၏ ခြေထောက်အောက်တွင် အမှောင် မှော်အစီအရင် တစ်ခု ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် အမှောင် နတ်သမီး ဘုရင်မ တိုက်ရိုက် ပျောက်ကွယ်သွားလေတော့သည်။
"ပျောက်သွားပြီလား..."
မုန်လဲ့ အလွန် အံ့ဩသွားလေသည်။
"သခင်... ဒါက တိုက်ရိုက် ပို့ဆောင်တဲ့ မှော်အစီအရင် ပါ..."
ပူဟာမန်က သတိပေးလိုက်လေသည် "ကျွန်တော် ထင်တာ မမှားဘူးဆိုရင်... အမှောင် မိခင်ပင်ကြီး က သူမကို ကယ်ထုတ်သွားတာ ဖြစ်ရမယ်..."
"အမှောင် မိခင်ပင်ကြီးကဘာလဲ."
မုန်လဲ့ နားမလည်စွာဖြင့် မေးလိုက်လေသည်။
"အမှောင် မိခင်ပင်ကြီး ဆိုတာ အမှောင် နတ်သမီး မျိုးနွယ်တွေရဲ့ နတ်ဘုရား သစ်ပင်ပဲ... ပြီးတော့ အမှောင် နတ်သမီးတွေရဲ့ မိခင်ပင် လည်း ဖြစ်တယ်..."
"ပုံပြင်တွေအရ အမှောင် မိခင်ပင်ကြီး က အမှောင် နတ်သမီးတွေကို မွေးဖွားပေးနိုင်ရုံတင်မကဘဲ... တိုက်ရိုက် ပို့ဆောင်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ် လို့ ဆိုကြတယ်..."
ပူဟာမန်က ရှင်းပြလိုက်လေသည် "အမှောင် နတ်သမီး ဘုရင်မ က အမှောင် မိခင်ပင်ကြီး ရဲ့ ပို့ဆောင်မှုကြောင့် လွတ်သွားတာ ဖြစ်ရမယ်..."
"အဲဒီလို ကိုး..."
မုန်လဲ့ နားလည်သွားပြီး "ဒါပေမဲ့လည်း... ဘုန်းကြီး ပြေးလို့ လွတ်ပေမဲ့ ကျောင်းပြေးလို့ မလွတ်ပါဘူး... မင်း ဘယ်ကို ပြေးလို့ လွတ်မှာလဲ..." ဟု ပြောလိုက်လေသည်။
"သခင်က တကယ်ကို ထက်မြက်ပါတယ်…”