အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း ၂၃၆။ မောက်မာသော အဘိုးအို၊ ဒီနေရာကနေ ထွက်သွားစမ်း
ထိုအချိန်တွင် ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး မိုးကြိုးအလား ပြင်းထန်သော လက်ဝါးရိုက်ချက်ကို လက်သီးတစ်ချက်ဖြင့် ကာကွယ်လိုက်လေသည်။
"ဘာဖြစ်သွားတာလဲ"
လူတိုင်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီး၊ ဘာလမ်း၏ အရှေ့တွင် ရပ်နေသော ထိုလူက တိုင်ပေါ်ရှိ အဘိုးအို ယဇ်ပုရောဟိတ်ကို ပြုံးလျက် ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
"သူက ဘယ်သူလဲ"
"ဘာလမ်းရဲ့ သူငယ်ချင်းလား"
"အဘိုးအို ယဇ်ပုရောဟိတ်ရဲ့ လက်ထဲကနေ လူကို လာကယ်ရဲတယ်ဆိုတော့"
"သတ္တိလည်း အရမ်းကောင်းလွန်းတယ်"
လူတိုင်း အံ့ဩတကြီး ဖြစ်နေကြပြီး၊ မျှော်လင့်ချက်မဲ့နေသော ဘာလမ်းမှာလည်း သူ့ရှေ့က လူကို အံ့အားသင့်စွာ ကြည့်နေလေသည်။ သူ ဒီလူကို လုံးဝ မသိပါဘူးလို့ ကျိန်ရဲသည်။
"မင်းက... အနက်ရောင် ဝက်ဝံဘုရင် ဘာဘရူးစ် ပါလား"
အဘိုးအို ယဇ်ပုရောဟိတ်က ထိုလူကို သေချာကြည့်ပြီးနောက် ရုတ်တရက် အံ့ဩစွာ အော်ဟစ်လိုက်လေသည်၊ "မင်း အသက်ရှင်နေသေးတယ်ဆိုတာ မယုံနိုင်စရာပဲ။ တကယ်ကို ကံကောင်းတာပဲ"
"ဘာဘရူးစ် ဟုတ်လား"
"ဘာဘရူးစ်က ဘယ်သူလဲ"
"သူပဲ ဖြစ်ရမယ်"
"မင်း သိလို့လား"
"သတ္တိခဲကြီးလေ၊ ဘယ်သူက မသိဘဲ နေမှာလဲ"
"ဘုရားရေ၊ သူပဲကိုး"
"သူ သေသွားပြီ မဟုတ်ဘူးလား"
"ဘယ်သူ သိမှာလဲ"
"ဘာဘရူးစ် ဟုတ်လား..."
လျှပ်စီးတိုက်တန်ဘုရင်က ဘာဘရူးစ်ကို သေချာစိုက်ကြည့်ကာ မျက်နှာမှာ အလွန် ပျက်ယွင်းသွားလေသည်။
တခြားသူတွေက မသိရင်တောင် အနက်ရောင် ဝက်ဝံဘုရင် ဘာဘရူးစ် ကို သူ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
ဘာဖြစ်လို့လဲဆိုတော့... ခေါင်းပေါ်မှာ သရဖူအစိမ်းရောင်ဆောင်း (မိန်းမဖောက်ပြန်ခြင်း) ခံခဲ့ရတဲ့ အရင်တိုက်တန်ဘုရင် ဆိုတာ သူ့အဖေပဲလေ။
"သေစမ်း.. ဒီယုတ်မာတဲ့ကောင်က မသေသေးဘူးပဲ"
လျှပ်စီးတိုက်တန်ဘုရင်က သွားကြိတ်ကာ ဘာဘရူးစ်ကို မျိုချပစ်ချင်စိတ် ပေါက်နေလေသည်။ ဘာဘရူးစ်ကို အသေသတ်ခဲ့တာတောင် ဘာလို့ အသက်ရှင်နေသေးလဲဆိုတာ သူ လုံးဝ နားမလည်နိုင်ပေ။
ပြီးတော့ သူ့ရဲ့ အရှိန်အဝါကို ကြည့်ရတာ နတ်ဘုရားတစ်ဝက်တောင် ဖြစ်နေပြီလား။ ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရား မျက်စိကန်းနေတာများလား။
"ဟားဟားဟား၊ အဘိုးအို ယဇ်ပုရောဟိတ်ကြီးက ကျွန်တော့်ကို မှတ်မိနေသေးတာပဲ" ဘာဘရူးစ်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဘာဘရူးစ်… မင်းလို သူပုန်ကောင်က"
အဘိုးအို ယဇ်ပုရောဟိတ်က မျက်လုံးကို ပြူးကာ "ရေဆိုးမြောင်းထဲမှာ ပုန်းမနေဘဲ ဒီကို ဘာလာလုပ်တာလဲ… ကလဲ့စားချေချင်လို့လား" ဟု မေးလိုက်လေသည်။
"ယဇ်ပုရောဟိတ်ကြီး မှားသွားပြီ… ဒီနေ့ ကျွန်တော် တိုက်တန်နတ်ဘုရားကျောင်းတော်ကို ပြန်လာတာ အရင်က ကိစ္စတွေအတွက် မဟုတ်ပါဘူး"
ဘာဘရူးစ်က ဖြည်းညင်းစွာ ပြုံးလိုက်ပြီး ဘာလမ်းကို ညွှန်ပြကာ၊ "ကျွန်တော့် မျက်စိထဲ ဝင်တဲ့ လူငယ်လေးကို တွေ့လို့… ယဇ်ပုရောဟိတ်ကြီး မျက်နှာထောက်ပြီး သူ့ကို လွှတ်ပေးပါလားလို့ တောင်းဆိုချင်တာပါ"
"မျက်နှာထောက်ရမယ်… မင်းက ဘာကောင်မို့လို့လဲ"
အဘိုးအို ယဇ်ပုရောဟိတ်က နှာခေါင်းရှုံ့လိုက်သည်၊ "မိစ္ဆာလမ်းစဉ်ကို ကူးပြောင်းပြီး တိုက်တန်သွေးမျိုးဆက်ကို ညစ်ညမ်းစေတာ တိုက်တန်မျိုးနွယ်ရဲ့ အရှက်ရစရာပဲ… သူ့ရဲ့သွေးနဲ့မှ ဒီအရှက်ကို ဆေးကြောလို့ရမယ်"
"ဒါဆို စကားပြောလို့ မရတော့ဘူးပေါ့" ဘာဘရူးစ် အပြုံးကို ရုပ်သိမ်းလိုက်သည်၊ "ဒါဆိုလည်း တိုက်ကြတာပေါ့..ခင်ဗျားရဲ့ စွမ်းအားကိုလည်း ကြည့်ချင်နေတာ"
"ဟွန့်"
အဘိုးအို ယဇ်ပုရောဟိတ်က နှာခေါင်းရှုံ့လိုက်ပြီး လေထိုးထားတဲ့ ပူဖောင်းကြီးတစ်ခုလို လျင်မြန်စွာ ဖောင်းကားလာလေသည်။
တွန့်လိမ်နေတဲ့ အရေပြားတွေက ပြည့်ဖြိုးလာတယ်။
ပိန်လှီနေတဲ့ ခန္ဓာကိုယ်က သန်မာလာတယ်။
ဖြူဖွေးနေတဲ့ ဆံပင်တွေက အနက်ရောင် ပြောင်းသွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာတင် သေခါနီးဖြစ်နေတဲ့ အဘိုးအိုကနေ သန်မာတောင့်တင်းတဲ့ တိုက်တန်ကြီးတစ်ယောက် အဖြစ် ပြောင်းလဲသွားလေသည်။
ထို့နောက် အလွန်ကြမ်းတမ်းပြီး ပြင်းထန်သော အရှိန်အဝါများက အဘိုးအို ယဇ်ပုရောဟိတ်ထံမှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားရာ ကြည့်ရှုသူများမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားကြလေသည်။
"သေစမ်း"
အဘိုးအို ယဇ်ပုရောဟိတ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်လေသည်။
"ဂျွတ်"
ဥက္ကာပျံကြီးတစ်ခု ကျဆင်းလာသကဲ့သို့ ကြီးမားလှသော လက်သီးအရိပ်ကြီးက အရာအားလုံးကို ဖျက်ဆီးပစ်မည့် အရှိန်အဟုန်ဖြင့် ဘာဘရူးစ်ထံသို့ ကျရောက်လာလေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်အောက်တွင် ပရိသတ်များမှာ အသဲအေးသွားပြီး သေမလောက် ကြောက်လန့်သွားကြလေသည်။
ဒါသာ သူတို့ကိုယ်ပေါ် ကျလာရင် အသားပြားလေး ဖြစ်သွားမှာ မဟုတ်ဘူးလား။
"လာစမ်း"
ဘာဘရူးစ် မျက်နှာမှာ တည်ကြည်သွားပြီး ကိုယ်ပေါ်တွင် အနက်ရောင်အငွေ့များ လှိမ့်တက်လာကာ လက်သီးဖြင့် ပြန်လည် ခုခံလိုက်လေသည်။
"ဂျွတ်"
လက်သီးချင်း ထိခတ်သွားသည်မှာ ဥက္ကာပျံများ ဝင်တိုက်သကဲ့သို့ မိုးကြိုးပစ်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများက ချက်ချင်း ပြန့်နှံ့သွားရာ ပရိသတ်များမှာ လေထဲတွင် လွင့်စင်သွားကြလေသည်။
ဘာဘရူးစ်လည်း နောက်သို့ ဆုတ်သွားရပြီး စင်မြင့်ပေါ်တွင် ခြေလှမ်းများဖြင့် ပြင်းထန်စွာ နင်းလိုက်ရာ အလွန်မာကျောသော စင်မြင့်ကြီးမှာ ချက်ချင်း ကြေမွသွားလေသည်။
"ဘာဘရူးစ်၊ မင်းတောင် မိစ္ဆာလမ်းစဉ်ကို ရောက်သွားတာလား"
အလွန် ဒေါသထွက်နေသော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး အဘိုးအို ယဇ်ပုရောဟိတ်က လေထဲတွင် ရပ်ကာ ဘာဘရူးစ်ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။ သူ၏မျက်လုံးများထဲမှ မီးတောက်များပင် ထွက်လာမတတ် ဖြစ်နေလေသည်။
"အခုမှ သိတာလား ယဇ်ပုရောဟိတ်ကြီး"
ဘာဘရူးစ်က သူ၏ သွေးကြောများကို ငြိမ်သက်အောင် လုပ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"မိုက်ရိုင်းလိုက်တာ….ခွင့်မလွှတ်နိုင်ဘူး"
အဘိုးအို ယဇ်ပုရောဟိတ် လုံးဝ ဒေါသထွက်သွားသည်၊ "မင်းက အရင်က နတ်ဘုရားသားတော် ဖြစ်ခဲ့ဖူးတာကို တိုက်တန်နတ်ဘုရားရဲ့ ကြီးမြတ်မှုကိုတောင် ဂရုမစိုက်ဘဲ မိစ္ဆာလမ်းစဉ်ကို ရောက်သွားတယ်ဆိုတော့…. သေချာပေါက် သေသင့်တယ်"
"မိစ္ဆာလမ်းစဉ်ကို ရောက်သွားတာတဲ့လား"
"ဘာဘရူးစ် လည်း မိစ္ဆာအဖြစ် ခံယူသွားတာလား…သူက နောက်ဆုံးကျန်တဲ့ သွေးစစ် အမှောင်တိုက်တန် လေ"
"သူ ဘာတွေ ဖြစ်ခဲ့တာလဲ"
ပရိသတ်များမှာ လက်မခံနိုင်အောင် ဖြစ်နေကြလေသည်။ ဘာဘရူးစ် ပုန်ကန်တာကို သူတို့ လက်ခံနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တိုက်တန်မျိုးနွယ်က ခွန်အားကို ကိုးကွယ်တာကိုး။
ဒါပေမဲ့ တိုက်တန်တစ်ယောက် မိစ္ဆာအဖြစ် ခံယူသွားတာကိုတော့ သူတို့ လုံးဝ လက်မခံနိုင်ပါဘူး။ တိုက်တန်တွေက မြင့်မြတ်ပါတယ်၊ ဘယ်လိုလုပ် မိစ္ဆာတွေဆီ ခိုလှုံရမှာလဲ။
"သေစမ်း"
အဘိုးအို ယဇ်ပုရောဟိတ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာကာ ခြေထောက်ဖြင့် ဘာဘရူးစ်ကို ပြင်းထန်စွာ နင်းချလိုက်လေသည်။
"လာစမ်း"
ဘာဘရူးစ် အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး ကိုယ်ပေါ်ရှိ အနက်ရောင်အငွေ့များ ချက်ချင်း ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကာ ကြွက်သားများက ချက်ချင်း ကြီးထွားလာပြီး လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်လေသည်။
"ဝုန်း"
သို့သော် ဤတစ်ကြိမ်တွင် အဘိုးအို ယဇ်ပုရောဟိတ်၏ ခြေထောက်က ယခင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေလေသည်။
ဘာဘရူးစ်၏ လက်သီးက ချက်ချင်း ဖယ်ရှားခံလိုက်ရပြီး ခြေထောက်က ဘာဘရူးစ်၏ ရင်ဘတ်ကို ပြင်းထန်စွာ နင်းချလိုက်ရာ အရိုးကျိုးသံများနှင့်အတူ ဘာဘရူးစ် လွင့်စင်သွားလေသည်။
"ဝုန်း"
ဘာဘရူးစ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပါးစပ်မှ သွေးများ အန်ထုတ်ကာ ခါးသက်သက် ပြုံးလိုက်လေသည်၊ "ဒီအဘိုးကြီးက ဒီလောက် စွမ်းမယ် မထင်ထားဘူး၊ သူ့ကို အထင်သေးမိသွားတာပဲ"
အဘိုးအို ယဇ်ပုရောဟိတ်က ဘယ်လောက်တောင် စွမ်းအားကြီးလဲ။
ဘာဘရူးစ် မသိပေ။
သူသိတာက သူ ငယ်ငယ်လေးကတည်းက အဘိုးအို ယဇ်ပုရောဟိတ်က တိုက်တန်နတ်ဘုရားကျောင်းတော်ကို အုပ်ချုပ်နေတဲ့သူ ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ အရင်အတိုင်းပဲ ဆိုတာပါပဲ။
ဘာဘရူးစ် ထင်ထားတာက အခု သူ့စွမ်းအားနဲ့ဆိုရင် အနည်းဆုံးတော့ အဘိုးအို ယဇ်ပုရောဟိတ်နဲ့ ယှဉ်နိုင်မယ်လို့ပါ။ ဒါပေမဲ့ တစ်ချက်တည်းနဲ့ ရှုံးသွားမယ်လို့တော့ မထင်ထားခဲ့ဘူး။ တကယ်ကို...
ကျားကြီးက ကျားကြီးပါပဲ။
"တိုက်တန်သွေးမျိုးဆက်ကို ညစ်ညမ်းစေတဲ့ မင်းတို့လို အမှိုက်ကောင်တွေ အကုန်လုံး ငရဲကို သွားသင့်တယ်"
အဘိုးအို ယဇ်ပုရောဟိတ်က ကောင်းကင်မှ ဆင်းသက်လာပြီး ခြေတစ်ဖက်က ဘာဘရူးစ်ကို နင်းထားကာ နောက်တစ်ဖက်က ဘာလမ်းကို နင်းလိုက်ရာ ထိုအရှိန်အဝါက မူလတန်းကျောင်းသားလေးတစ်ယောက် ဖားပြုတ်နှစ်ကောင်ကို နင်းသတ်မလိုပင် ဖြစ်နေလေသည်။
"သေတော့မှာပဲ"
"ဘယ်သူမှ သူ့ကို မကယ်နိုင်တော့ဘူး"
"ဒီ မိစ္ဆာအဖြစ် ခံယူသွားတဲ့ သူပုန်ကောင် သေချာပေါက် သေသင့်တယ်"
"သတ်လိုက်တာ အရမ်းကောင်းတယ်… ဒီလိုလူမျိုးကို အပိုင်းပိုင်းခုတ်ပြီး အပြစ်ပေးသင့်တယ်"
ဒီမြင်ကွင်းကို ကြည့်ပြီး ပရိသတ်များ အလွန် ဝမ်းသာနေကြလေသည်။ အထူးသဖြင့် လျှပ်စီးတိုက်တန်ဘုရင်ကတော့ ပျော်လွန်းလို့ ခုန်တောင် ခုန်ချင်နေလေပြီ။ တစ်ကွင်းလုံးမှာ ဘာဘရူးစ်ကို အသေချင်ဆုံးသူက ဘယ်သူလဲ။
သူပဲ ဖြစ်ရမယ်။
ဘာဘရူးစ် သေမှသာ သူ့အဖေရဲ့ အရှက်ရမှုက အပြီးတိုင် ပျောက်ကွယ်သွားမှာလေ။
"သခင် ကယ်ပါဦး"
တောင်လို ကြီးမားတဲ့ ခြေထောက်ကြီး နင်းချလာတာကို ကြည့်ပြီး ဘာဘရူးစ်က ဝက်တစ်ကောင် အသတ်ခံရသလို အော်ဟစ်လိုက်လေသည်။ သူ ဒီမှာ မသေချင်ပါဘူး။
လေပြေလေး တစ်ချက် တိုက်ခတ်သွားပြီး ဘာဘရူးစ်၏ အရှေ့တွင် လူတစ်ယောက် ရောက်ရှိလာလေသည်။
"နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီလား"
"သူက ဘယ်သူလဲ"
"သေချင်နေတာလား"
"ဘာဘရူးစ်မှာ အပေါင်းအပါတွေ ရှိသေးတာလား"
ရုတ်တရက် ပေါ်လာတဲ့ လူကို ကြည့်ပြီး ပရိသတ်များ အနည်းငယ် အံ့ဩသွားကြသော်လည်း ချက်ချင်းပင် လှောင်ပြောင်လိုက်ကြလေသည်။
"ဘယ်သူ လာလာ သေဖို့ပဲလေ… အဘိုး ယဇ်ပုရောဟိတ်ရဲ့ စွမ်းအားကို မင်းတို့ မှန်းဆလို့ ရနိုင်ပါ့မလား"
ရောက်လာတဲ့ လူက လက်သီးတစ်ချက် ထိုးလိုက်ရာ အဘိုးအို ယဇ်ပုရောဟိတ်၏ ခြေထောက်ဖြင့် လွင့်စင်သွားမည်ဟု လူတိုင်း ထင်ထားခဲ့သော်လည်း ရလဒ်မှာ လုံးဝ ပြောင်းပြန် ဖြစ်သွားလေသည်။
အဘိုးအို ယဇ်ပုရောဟိတ် ဒယိမ်းဒယိုင်နဲ့ နောက်ကို ဆုတ်သွားရပြီး ရောက်လာတဲ့လူကို အံ့ဩစွာ ကြည့်လိုက်လေသည်၊ "ကြောက်စရာကောင်းတဲ့ ခွန်အားပါလား…ငါ့ထက်တောင် မလျော့ဘူးပဲ"
"ဒါ... ဒါ..."
"ကာ... ကာကွယ်နိုင်သွားတယ်"
"ဘယ်လို ဖြစ်နိုင်မှာလဲ"
ပရိသတ်များ လုံးဝ အံ့အားသင့်သွားကြပြီး လျှပ်စီးတိုက်တန်ဘုရင် လည်း ရောက်လာသူကို စူးစိုက်ကြည့်နေလေသည်။
"မင်းက ဘယ်သူလဲ"
အဘိုးအို ယဇ်ပုရောဟိတ်က သံသယဖြင့် မေးလိုက်လေသည်။
"ခုနလေးတင် ငါ့ကို ချောတယ်လို့ နောက်ကွယ်ကနေ ပြောနေကြပြီးတော့ အခု ချက်ချင်း မမှတ်မိတော့ဘူးလား… ငါက မင်းတို့ ပြောနေတဲ့ မိစ္ဆာနတ်ဘုရား ဝင်စားတယ် ဆိုတဲ့သူပဲလေ"
ရောက်လာသူမှာ မုန်လဲ့ ဖြစ်လေသည်။
"မုန်လဲ့"
လျှပ်စီးတိုက်တန်ဘုရင် တစ်ကိုယ်လုံး တုန်ရီသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားလေသည်၊ "မိစ္ဆာ….ဒီ မိစ္ဆာက တိုက်တန်အင်ပါယာကို ရောက်လာပြီလား… ဘုရားရေ"
"မင်းက နဂါးနတ်ဘုရားအင်ပါယာက အဲဒီ မိစ္ဆာလား"
အဘိုးအို ယဇ်ပုရောဟိတ် အနည်းငယ် အံ့ဩသွားလေသည်။
"မှန်တယ်"
မုန်လဲ့ လက်နောက်ပစ်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"မင်းပဲ ဖြစ်နေတာကိုး… နဂါးနတ်ဘုရားအင်ပါယာမှာ မနေဘဲ တိုက်တန်အင်ပါယာကို ဘာလာလုပ်တာလဲ" အဘိုးအို ယဇ်ပုရောဟိတ်က မျက်လုံးကို ကျဉ်းမြောင်းကာ ဒေါသတကြီး မေးမြန်းလိုက်လေသည်။
"ရောက်လာပြီ ဆိုမှတော့ ကိစ္စရှိလို့ပေါ့"
မုန်လဲ့ ကောင်းကင်သို့ ပျံတက်သွားပြီး လျှပ်စီးတိုက်တန်ဘုရင်ကို ကြည့်ကာ၊ "တိုက်တန်ဘုရင်... တစ်ယောက်ယောက်က မင်းဆီကို ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါတွေကို ဆက်သခဲ့တယ်လို့ ကြားတယ်… ဟုတ်လား"
မုန်လဲ့၏ အမေးကို ခံလိုက်ရသောအခါ လျှပ်စီးတိုက်တန်ဘုရင်မှာ အလွန် ကြောက်လန့်သွားလေသည်။ သူက ဧကရာဇ် တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်သော်လည်း နာမည်ကြီးလွန်းလှသော မုန်လဲ့၏ အရှိန်အဝါကို ဘယ်လိုမှ မလွန်ဆန်နိုင်ပေ။
နဂါးဘုရင်ကို သတ်ပြီး နဂါးကျွန်းက နတ်ဘုရားတစ်ဝက်တွေကို မျိုးတုန်းအောင် သတ်ခဲ့တဲ့ မိစ္ဆာနတ်ဘုရား ဝင်စားသူ တစ်ယောက်ရဲ့ အရှေ့မှာ သူ့ရဲ့ ဧကရာဇ် ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ထိန်းနိုင်မှာလဲ။
"ဟုတ်... ဟုတ်ပါတယ်" လျှပ်စီးတိုက်တန်ဘုရင် မဖုံးကွယ်ရဲပေ၊ "ဒီအရှင်... ဘာလို့ မေးတာလဲ"
"ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါတွေကို ဆက်သတဲ့သူက ဘယ်သူလဲ"
မုန်လဲ့ ထပ်မေးလိုက်လေသည်။
"ဒါက..."
လျှပ်စီးတိုက်တန်ဘုရင် အနည်းငယ် တွေဝေသွားလေသည်။
"ဘယ်သူလဲ"
မုန်လဲ့ ထပ်မေးလိုက်ပြန်သည်။
"ကျွန်တော်ပါ"
ထိုအချိန်တွင် အရပ် ၃၀ မီတာရှိပြီး ကြေးနီရောင် အသားအရေရှိသော မြေကြီးတိုက်တန် တစ်ယောက် ထွက်လာပြီး မကြောက်မရွံ့ ပြောလိုက်လေသည်၊ "မနေ့က ကျွန်တော်က အရှင်မင်းကြီးဆီကို ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါတွေကို ဆက်သခဲ့တာပါ…ခင်ဗျား ဘာကိစ္စရှိလို့လဲ"
"မင်းဆိုရင်တော့ လွယ်သွားပြီ"
မုန်လဲ့ ပြုံးလိုက်လေသည်၊ "မင်း ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုဆီကနေ လုယူလာတဲ့ ရတနာတွေကို ထုတ်ပေးလိုက်… အဲဒါက မင်း ပိုင်ဆိုင်ရမယ့် အရာတွေ မဟုတ်ဘူး"
"ခင်ဗျား ဘာကို ဆိုလိုတာလဲ… ဘာ ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာလဲ…ကျွန်တော် လုံးဝ မသိပါဘူး" မြေကြီးတိုက်တန် မျက်နှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
"မသိဘူးလား… ဒါဆိုလည်း သိစရာ မလိုတော့ပါဘူး"
မုန်လဲ့ ဖြည်းညင်းစွာ ပြုံးလိုက်ပြီး လေထဲမှ လက်တစ်ချက် ဖမ်းဆုပ်လိုက်ရာ မြေကြီးတိုက်တန်ကို လေထဲသို့ ဆွဲတင်လိုက်လေသည်။
"လွှတ်… ငါ့ကို မြန်မြန် လွှတ်"
မြေကြီးတိုက်တန် အစွမ်းကုန် ရုန်းကန်နေသည်၊ "အရှင်မင်းကြီး ကယ်ပါဦး… ယဇ်ပုရောဟိတ်ကြီး ကယ်ပါဦး"
"မိုက်ရိုင်းလိုက်တာ"
အဘိုးအို ယဇ်ပုရောဟိတ် ဒေါသထွက်လွန်း၍ လက်သီးတစ်ချက် ထိုးလိုက်လေသည်၊ "ရဲတင်းလှတဲ့ မိစ္ဆာ ဒီနေရာက တိုက်တန်အင်ပါယာကွ….မင်း လာပြီး ရမ်းကားလို့ ရတဲ့ နေရာ မဟုတ်ဘူး"
မုန်လဲ့က ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ထိုလက်သီးကို ရှောင်လွှဲလိုက်ပြီး အဘိုးအို ယဇ်ပုရောဟိတ်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်၊ "အဘိုးကြီး... ဒါက ငါနဲ့ သူ့ကြားက ကိစ္စလေ... မင်းက ဝင်ပါချင်တာလား"
"ဟွန့်၊ သူက ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေကို ယူခဲ့တယ်ပဲ ထားပါတော့…ငါတို့ တိုက်တန်အင်ပါယာရဲ့ လက်ထဲ ရောက်လာတဲ့ အရာတွေကို သူများလက်ထဲ အလွယ်တကူ ထည့်ပေးရမှာလား"
အဘိုးအို ယဇ်ပုရောဟိတ်က နှာခေါင်းရှုံ့လိုက်သည်၊ "ကောင်လေး ဒီနေရာက တိုက်တန်အင်ပါယာကွ… နဂါးနတ်ဘုရားအင်ပါယာ မဟုတ်ဘူး… မင်း လာပြီး ရမ်းကားလို့ ရတဲ့ နေရာ မဟုတ်ဘူး"
"ကောင်းပြီ... အရမ်း ကောင်းတယ်"
မုန်လဲ့ လက်ခုပ်တီးကာ ရယ်မောလိုက်လေသည်၊ "ငါ့ပစ္စည်းကို ခိုးယူရဲတဲ့သူကို ပထမဆုံး တွေ့ဖူးတာပဲ... ပြီးတော့ ဒီလောက်တောင် ရဲတင်းနေသေးတယ်... တကယ် ဝမ်းသာစရာပဲ... တကယ်ကို ဝမ်းသာစရာပဲ"
"ကောင်လေး... တိုက်တန်အင်ပါယာကနေ ချက်ချင်း ထွက်သွားစမ်း"
အဘိုးအို ယဇ်ပုရောဟိတ်က ဟိန်းဟောက်လိုက်သည်၊ "မဟုတ်ရင် ဒီနေရာက မင်းရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်"
"ဟုတ်လား"
မုန်လဲ့ ရယ်မောလိုက်လေသည်။ ပြဿနာရှာဖို့ အကြောင်းပြချက် ရှာမတွေ့ဖြစ်နေတာ၊ မင်းတို့က ဒီလောက် ပူးပေါင်းဆောင်ရွက်ပေးနေမှတော့၊ ပြဿနာ မရှာရင် မင်းတို့ကို အားနာစရာ ဖြစ်သွားမှာပေါ့။