အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း ၂၃၇။ တိုက်တန် သေဆုံးခြင်း၊ နတ်ဘုရားတစ်ဝက် ဆယ့်ခုနစ်ပါး
မုန်လဲ့ ကောင်းကင်သို့ ပျံတက်သွားပြီး ထိုအဘိုးအိုနှင့် တစ်ပြေးညီရပ်ကာ သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။ ယဇ်ပုရောဟိတ်ကြီးကလည်း မုန်လဲ့ကို ပြန်လည် စိုက်ကြည့်နေပြီး သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသွားသောအခါ ပြင်းထန်သော မီးပွားများ လွင့်စင်ထွက်ပေါ်လာလေသည်။
ပရိသတ်များမှာ အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထိုအချိန်တွင် မုန်လဲ့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိသူ အချို့ ရှိနေပြီ ဖြစ်လေသည်။
နဂါးနတ်ဘုရားအင်ပါယာက လာတယ်။
မိစ္ဆာလို့လည်း ခေါ်ကြတယ်။
နာမည်ကြီးနေတဲ့ အဲဒီတစ်ယောက်ကလွဲရင် ဘယ်သူ ရှိနိုင်ဦးမှာလဲ။
"ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရား ... သူက နဂါးနတ်ဘုရားအင်ပါယာက အဲဒီ မိစ္ဆာလား"
"ကြည့်ရတာ တကယ်ကို ငယ်ရွယ်တာပဲ"
"အသက် ၁၆ နှစ်နဲ့ ဒီလောက်စွမ်းအားရှိတယ်ဆိုတော့... သူ ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ မသိဘူး"
ပရိသတ်များမှာ တီးတိုးပြောဆိုကာ ဆူညံသွားကြလေသည်။
နာမည်ကြီးလို့ ကြောက်တာပါပဲ။ မုန်လဲ့ဆိုတဲ့ နာမည်က အခုတလော ကောင်းကင်ယံတိုက်ကြီးမှာ အကျော်ကြားဆုံး နာမည်တစ်ခု ဖြစ်နေပြီလေ။
နဂါးနတ်ဘုရားအင်ပါယာ ဧကရာဇ်ကို သတ်တယ်။
နန်းတော်က မှူးမတ်တွေကို အကုန်သတ်တယ်။
မြင့်မြတ်သောနယ်မြေအဆင့် တစ်ထောင်ကျော်ကို သတ်တယ်။
နဂါးကျွန်းက နတ်ဘုရားတစ်ဝက်တွေကို မျိုးတုန်းအောင် သတ်တယ်။
အဲဒီထဲက တစ်ခုခုဆိုရင်တောင် လူတွေကို အံ့ဩထိတ်လန့်သွားစေနိုင်ပေမဲ့ မုန်လဲ့က အကုန်လုံး လုပ်ခဲ့တာလေ။ သူက နဂါးနတ်ဘုရားအင်ပါယာရဲ့ ထိပ်တန်းအရာရှိတွေကို အကုန် ရှင်းပစ်ခဲ့တာ... တကယ်ကို အံ့ဩစရာကောင်းပြီး စိတ်ကူးကြည့်လို့တောင် မရတဲ့ ကိစ္စပဲ။
အခု... အဲဒီလို ရက်စက်တဲ့သူတစ်ယောက်က သူတို့အရှေ့မှာ ရပ်နေတော့ ဘယ်သူကများ ပေါ့ပေါ့တန်တန် သဘောထားရဲမှာလဲ။
"သူက ငါတို့ တိုက်တန်အင်ပါယာကို ဘာလာလုပ်တာလဲ... ငါတို့ တိုက်တန်အင်ပါယာကိုပါ ဖျက်ဆီးမလို့လား... ဒါက အရမ်း ရက်စက်လွန်းနေပြီ မဟုတ်ဘူးလား"
"မကြားလိုက်ဘူးလား... သူက ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုအတွက် လာတာလေ"
လူတွေက အချင်းချင်း တီးတိုး ပြောဆိုနေကြလေသည်။
ထိုအချိန်တွင် မုန်လဲ့က စကားပြောလိုက်လေသည်၊ "အဘိုးကြီး... ငါ နဂါးကျွန်းကို ပထမဆုံး ရောက်သွားတုန်းက အဲဒီက နတ်ဘုရားတစ်ဝက်တွေကလည်း မင်းလိုပဲ မောက်မာခဲ့ကြတယ်... ဒါပေမဲ့ နောက်ဆုံး ရလဒ်ကတော့... သူတို့အားလုံး နဂါးကျွန်းမှာ ထာဝရ မြှုပ်နှံခံလိုက်ရတာပဲ"
နတ်ဘုရားကျောင်းတော်၏ အကြီးအကဲက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ပြန်ပြောလိုက်လေသည်၊ "ကောင်လေး... ဒီနေရာက တိုက်တန်အင်ပါယာကွ... နဂါးနတ်ဘုရားအင်ပါယာ မဟုတ်ဘူး... ငါ အဘိုးကြီးကလည်း နဂါးကျွန်းက နတ်ဘုရားတစ်ဝက်တွေ မဟုတ်ဘူး"
"နောက်ဆုံး ရလဒ်ကတော့ အတူတူပါပဲ"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်လေသည်၊ "ယဇ်ပုရောဟိတ်ကြီး... မင်းက အသက်ကြီးနေပြီဆိုတော့ ငါ မင်းကို အရင် တိုက်ခွင့်ပေးမယ်... မဟုတ်ရင် လူတွေက ငါက အဘိုးကြီးတွေကို အနိုင်ကျင့်တယ်လို့ ပြောနေကြဦးမယ်"
"သတ္တိကောင်းလှချည်လား"
ထိုအဘိုးအို မျက်လုံးပြူးသွားပြီး ပြင်းထန်စွာ လက်သီးတစ်ချက် ထိုးလိုက်ရာ မုန်လဲ့လည်း လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်လေသည်။
"ဂျွတ်"
လက်သီးနှစ်ခု ထိခတ်သွားသည်မှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှလေသည်။
ပြင်းထန်သော လှိုင်းလုံးများ လွင့်စင်သွားပြီး တိုင်ပေါ်မှာ ထိုင်နေတဲ့ လျှပ်စီးတိုက်တန်ဘုရင်နဲ့ ဆွဲဆောင်မှုရှိတဲ့ တိုက်တန်ဘုရင်ကတော်တို့ လွင့်စင်သွားကြလေသည်။
"မြန်မြန်... ဒီကနေ မြန်မြန် ထွက်သွားကြ... ဒီနေရာက ငါတို့ နေလို့ရတဲ့ နေရာ မဟုတ်တော့ဘူး"
လျှပ်စီးတိုက်တန်ဘုရင် ကြောက်လန့်တကြား ဖြစ်သွားပြီး တိုက်တန်ဘုရင်ကတော်ကို ဆွဲကာ အဝေးသို့ ထွက်ပြေးသွားလေသည်။ သူ နည်းနည်း နောက်ကျသွားရင် ဘေးအန္တရာယ် တွေ့သွားမှာကို စိုးရိမ်နေလေသည်။
ပရိသတ်တွေလည်း အဝေးသို့ ထွက်ပြေးသွားကြလေသည်။ နတ်ဘုရားတစ်ဝက်တွေရဲ့ တိုက်ပွဲကို သူတို့ ကြည့်လို့ ရပေမဲ့ ဒီလောက် အနီးကပ်တော့ လုံးဝ ကြည့်လို့ မရဘူးလေ... မဟုတ်ရင် အလကား သေသွားမှာပေါ့။
"ကောင်လေး... ဘာရပ်ကြည့်နေတာလဲ" ဘာဘရူးစ်က ဘာလမ်းကို ခြေထောက်နဲ့ ကန်လိုက်ပြီး ဆဲဆိုလိုက်လေသည်၊ "မြန်မြန် မသွားသေးဘူးလား... သေချင်နေတာလား"
"ဟုတ်ကဲ့ပါ အရှင်"
ဘာလမ်း အလျင်အမြန် သတိပြန်ဝင်လာပြီး တိုးတိုးလေး ကျေးဇူးတင်စကား ပြောကာ မြန်မြန် ထွက်ခွာသွားလေသည်။
"အခုခေတ် လူငယ်တွေကတော့"
ဘာဘရူးစ်က သူ၏ ကြီးမားသော ခေါင်းကြီးကို ခါယမ်းလိုက်ပြီး ကောင်းကင်ပေါ်က ပုံရိပ်နှစ်ခုကို ကြည့်ကာ မျက်လုံးတွေက တည်ကြည်သွားလေသည်။ သခင်... ဟိုအဘိုးကြီးကို နိုင်ပါ့မလား... အမှန်တိုင်းပြောရရင် သူလည်း သေချာ မသိဘူးလေ။
"လာစမ်း"
လက်သီးတစ်ချက် အပြီးတွင် မုန်လဲ့၏ သွေးများ ဆူပွက်လာပြီး တိုက်ခိုက်မှုကို စတင်လိုက်လေသည်။
နတ်ဘုရားလက်နက်လည်း မသုံး။
ဖျက်ဆီးခြင်းသံတူလည်း မသုံး။
သွေးရောင် ဓားကောက်လည်း မသုံး။
မွေးရာပါ စွမ်းရည်လည်း မသုံး။
ရိုးရှင်း ကြမ်းတမ်းတဲ့ လက်သီး သက်သက်သာ ဖြစ်လေသည်။
"ဝုန်း"
"ဝုန်း"
"ဝုန်း"
ပုံရိပ်နှစ်ခုက အဆက်မပြတ် ထိခိုက်လိုက်၊ ခွဲထွက်လိုက် ဖြစ်နေပြီး ခဏအတွင်းမှာတင် ကောင်းကင်ယံကြီး ပျက်စီးသွားပြီး မည်းမှောင်နေတဲ့ လေဟာနယ် အက်ကွဲကြောင်းတွေ အများကြီး ထွက်ပေါ်လာလေသည်။
သူတို့နှစ်ယောက်က လေဟာနယ် အက်ကွဲကြောင်းတွေ ကြားထဲမှာ သွားလာနေပြီး လေဟာနယ်လေပြင်းတွေ တိုက်ခတ်နေကာ ထက်မြက်တဲ့ လေဟာနယ် အက်ကွဲကြောင်းတွေက သူတို့နှစ်ယောက် ကိုယ်ပေါ်ကို ဖြတ်တောက်နေတာကို ကြည့်ပြီး ပရိသတ်တွေ ကြက်သီးထသွားကြလေသည်။
ဒါသာ သူတို့ဆိုရင် လေဟာနယ် အက်ကွဲကြောင်းတွေရဲ့ အပိုင်းပိုင်း ဖြတ်တောက်မှုကို ခံရပြီးသား ဖြစ်နေမှာပါ။ ဒါပေမဲ့ မုန်လဲ့နဲ့ ယဇ်ပုရောဟိတ်ကြီးကတော့ လေဟာနယ် အက်ကွဲကြောင်းတွေကို လုံးဝ ဂရုမစိုက်ကြပေ။
"ဒါက နတ်ဘုရားတစ်ဝက်တွေရဲ့ အစွမ်းလား"
ပရိသတ်တွေ အားလုံး အံ့အားသင့်သွားကြလေသည်။
"ဝုန်း ဝုန်း ဝုန်း"
ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာတော့ သူတို့နှစ်ယောက် ဘယ်သူမှ ဘယ်သူ့ကို မနိုင်ဘဲ တူညီတဲ့ အခြေအနေမှာ ရှိနေကြလေသည်။
"ယဇ်ပုရောဟိတ်ကြီးက ဒီလောက်တောင် စွမ်းတာလား"
"သူ စွမ်းတယ်ဆိုတာ သိပေမဲ့ ဒီလောက်ထိ စွမ်းမယ်လို့ မထင်ထားဘူး"
"အင်းလေ... ငါ့အဘိုးရဲ့ အဘိုးရဲ့ အဘိုး ငယ်ငယ်လေးကတည်းက သူက နတ်ဘုရားကျောင်းတော် ယဇ်ပုရောဟိတ် ဖြစ်နေတာလေ... ဘယ်လိုလုပ် သာမန် ဖြစ်နိုင်မှာလဲ"
အဘိုးအို ပြသလိုက်တဲ့ စွမ်းအားက ပရိသတ်တွေကို အံ့အားသင့်သွားစေသည် ။ သူတို့ သိတာက သူဟာ အစောကြီးကတည်းက နတ်ဘုရားကျောင်းတော် ယဇ်ပုရောဟိတ် ဖြစ်နေတယ်ဆိုတာပါပဲ... ဘယ်လောက် စွမ်းလဲဆိုတာတော့ ဘယ်သူမှ သေချာမသိပါဘူး။
အခု သူ့ရဲ့ ဒီလောက် ရိုင်းစိုင်းကြီးမားတဲ့ ခွန်အားကို မြင်လိုက်ရတော့ လူတွေအားလုံး မှင်သက်သွားကြသည်။
"ဝုန်း"
နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ သူတို့နှစ်ယောက် ရုတ်တရက် ရပ်တန့်သွားပြီး အဝေးကနေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေသည်။
မုန်လဲ့ရဲ့ ဝတ်ရုံရှည်တွေ လွင့်နေပြီး အေးအေးဆေးဆေး ရှိနေသလို အဘိုးကြီးကလည်း မျက်နှာအမူအရာ မပြောင်းဘဲ အသက်ရှူ မှန်နေလေသည်။
"အဘိုးကြီး... မင်း အရမ်း စွမ်းတာပဲ"
မုန်လဲ့က ချီးကျူးလိုက်လေသည်၊ "တကယ်ပဲ နဂါးကျွန်းက နတ်ဘုရားတစ်ဝက်တွေ အများကြီးထက် ပိုစွမ်းတယ်... သူတို့က ငါ့လက်ထဲမှာ တစ်ကွက်တောင် မခံနိုင်ဘူး"
"လူငယ်လေးတစ်ယောက်က မင်းလို စွမ်းအားမျိုး ရှိတာ တကယ်ကို ရှားပါးလှပါတယ်"
အဘိုးအို၏ အသံမှာ အေးစက်နေလေသည်၊ "နောက်ဆုံး အကြံပေးလိုက်မယ်... တိုက်တန်အင်ပါယာက မင်း လာပြီး ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး... မြန်မြန် ထွက်သွားလိုက်... မဟုတ်ရင် မျက်နှာပျက်ရလိမ့်မယ်"
"ထွက်သွားမယ်... မင်းတို့ တိုက်တန်အင်ပါယာက ငါ့ပစ္စည်းကို ခိုးထားပြီး အခုလို ခပ်တည်တည် လုပ်နေတာကို ငါ ဒီအတိုင်း ထွက်သွားရင်... ငါ့မျက်နှာ ဘယ်မှာ သွားထားရမလဲ"
မုန်လဲ့ ဖြည်းညင်းစွာ ခေါင်းခါလိုက်လေသည်၊ "အဘိုးကြီး... ငါလည်း မင်းကို အကြံပေးချင်တယ်... ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေကို ထုတ်ပေးလိုက်... ငါ ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်"
"မဟုတ်ရင်တော့... သေရာပါ ရန်သူတွေ ဖြစ်သွားလိမ့်မယ်"
"ကောင်လေး... မင်း အရမ်း မောက်မာလွန်းတယ်"
ယဇ်ပုရောဟိတ်ကြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်၊ "ခုနက ငါ အဘိုးကြီးက လက်ညှာထားပေးတာ... မင်းက ဒီလောက်တောင် စည်းကမ်းမသိရင် ငါ ရက်စက်တာကို အပြစ်မတင်နဲ့"
"တိုက်ဆိုင်လိုက်တာ... ငါလည်း ခွန်အားအကုန် မသုံးရသေးဘူး"
မုန်လဲ့ ဖြည်းညင်းစွာ ပြုံးလိုက်လေသည်။
"ဒါဆိုရင်လည်း အစွမ်းအစ အစစ်အမှန်ကို ကြည့်ကြတာပေါ့"
အဘိုးကြီးက နှာခေါင်းရှုံ့လိုက်ပြီး ကိုယ်ပေါ်မှ ရွှေရောင်လျှပ်စီးများ ရုတ်တရက် ထွက်ပေါ်လာကာ အနက်ရောင်ဆံပင်တွေ လွင့်စင်သွားပြီး အရှိန်အဝါတွေက ကြက်သွေးထိုးထားသလို ရုတ်တရက် တက်လာလေသည်။
"သေစမ်း"
သူက ရွှေရောင်လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း မုန်လဲ့အရှေ့သို့ ရောက်ရှိလာကာ ရွှေရောင်လျှပ်စီးတွေ ပါတဲ့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။ ဒီလက်သီးချက်က အမြင့်ဆုံး အမြန်နှုန်းသို့ ရောက်ရှိနေပြီး အရင်ကထက် အဆပေါင်းများစွာ ပိုမြန်နေလေသည်။
ဒါပေမဲ့ ထူးဆန်းတာက လုံးဝ လွဲချော်သွားခြင်းပင် ဖြစ်လေသည်။ မုန်လဲ့က မျက်စိရှေ့ကနေ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
"ဟင်"
ထိုအဘိုးအို အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူ၏ နောက်ကျောမှ မုန်လဲ့၏အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်၊ "အဘိုးကြီး... ငါ မင်းကို ပြောဖို့ မေ့သွားတယ်... ငါ အားအကောင်းဆုံးက ခန္ဓာကိုယ် မဟုတ်ဘူး"
သူက နှာခေါင်းရှုံ့လိုက်ပြီး နောက်သို့လှည့်ကာ လက်သီးတစ်ချက် ထိုးလိုက်သော်လည်း ထပ်မံ လွဲချော်သွားပြန်လေသည်။
"အရမ်း နှေးလွန်းတယ် အဘိုးကြီး"
မုန်လဲ့က ဘယ်ဘက်ဘေးတွင် ထူးဆန်းစွာ ပေါ်လာပြီး လက်ထဲတွင် အနက်ရောင်သံတူကြီး တစ်လက် ထွက်ပေါ်လာလေသည်။ ၎င်းမှာ နတ်ဘုရားလက်နက် ဖျက်ဆီးခြင်းသံတူပင် ဖြစ်လေသည်။
"ဂျွတ်"
မုန်လဲ့က ဖျက်ဆီးခြင်းသံတူကို လွှဲကာ ယဇ်ပုရောဟိတ်ကြီး၏ မေးစေ့ကို ရိုက်ချလိုက်ရာ အရိုးကျိုးသံတစ်ချက်နှင့်အတူ အဘိုးကြီး ချက်ချင်း လွင့်စင်သွားလေသည်။
မုန်လဲ့က ပုံရိပ်ယောင်ကဲ့သို့ လိုက်ပါသွားပြီး သူ၏နောက်ကျောတွင် တိတ်တဆိတ် ပေါ်လာကာ ဒုတိယသံတူဖြင့် နောက်စေ့ကို ရိုက်ချလိုက်လေသည်။
"ဂျွတ်"
ဦးခေါင်းနောက်ဘက်မှာ ချက်ချင်း ပွင့်ထွက်သွားပြီး သွေးများက ရေပန်းအလား ပန်းထွက်လာကာ သနားစရာကောင်းသော အဘိုးကြီးမှာ အော်ဟစ်သံပင် မထွက်နိုင်ဘဲ နေရာမှာတင် သေဆုံးသွားလေတော့သည်။
"အောက်ဆင်းသွားလိုက် အဘိုးကြီး"
မုန်လဲ့က အပေါ်ကနေ ထွက်ပေါ်လာပြီး ခြေထောက်နဲ့ ပြင်းထန်စွာ နင်းချလိုက်လေသည်။
"ဝုန်း"
အဘိုးအို ယဇ်ပုရောဟိတ်က ဥက္ကာပျံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရင်ပြင်ကြီးကို တွင်းကြီးတစ်ခု ဖြစ်သွားအောင် ဝင်တိုက်ကာ အထဲမှာ နစ်ဝင်သွားပြီး မလှုပ်မယှက် ဖြစ်သွားလေတော့သည်။
"ယဇ်ပုရောဟိတ်ကြီး... ဘယ်လို နေသေးလဲ"
"ရှုံးသွားတာလား... ဒါမှမဟုတ်... သေသွားတာလား"
အဝေးမှ ပရိသတ်တွေရဲ့ ကျောမှာ အေးစက်စက် ခံစားချက်တွေ ဖြစ်ပေါ်လာပြီး ဒီရလဒ်ကို လက်မခံနိုင် ဖြစ်နေကြလေသည်။ အထူးသဖြင့် သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တဲ့ လျှပ်စီးတိုက်တန်ဘုရင် ဆိုရင် လုံးဝ ပြိုလဲမတတ် ဖြစ်သွားလေသည်။
အရှုံးအနိုင် မပေါ်ဘူး မဟုတ်ဘူးလား။
ဘာလို့ မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရတာလဲ။
မှားနေတာလား။
တိုက်တန်ဘုရင် လန့်သွားလေသည်။ ရှေ့ဖြစ်နောက်ဖြစ်တွေ အရဆိုရင် မုန်လဲ့ရဲ့ နဂါးနတ်ဘုရားအင်ပါယာက လူသတ်မှုတွေက မျက်စိထဲမှာ မြင်ယောင်နေဆဲ ဖြစ်ပြီး သွေးနံ့တွေတောင် မပျောက်သေးဘူးလေ။
သူက ရူးသွပ်ပြီး တိုက်တန်အင်ပါယာကိုပါ လာတိုက်မှာလားဆိုတာ ဘယ်သူ သိမှာလဲ။
"ဘယ်လို လုပ်ရမလဲ... အခု ဘယ်လို လုပ်ရမလဲ"
လျှပ်စီးတိုက်တန်ဘုရင်က ရုတ်တရက် မြေကြီးတိုက်တန်ကို ကြည့်လိုက်ပြီး သူ့ကို လည်ပင်း ညှစ်သတ်ချင်စိတ်တွေ ပေါ်လာလေသည်၊ "ဒီယုတ်မာတဲ့ ဂျွန်ဟန်နက်စ်... ငါ့ကို ဒုက္ခပေးတာပဲ"
ဒီအချိန်မှာ မုန်လဲ့က ရုတ်တရက် လှည့်ကြည့်လာပြီး သူ၏ အကြည့်က လုံးဝ ထိမိနေလေသည်။
လျှပ်စီးတိုက်တန်ဘုရင် တောင့်တင်းသွားပြီး ငိုရမလို ရယ်ရမလို အပြုံးတစ်ခုကို အတင်း ဖန်တီးလိုက်ရလေသည်။
ဒါပေမဲ့ မုန်လဲ့က သူ့ကို လုံးဝ မကြည့်ဘဲ သူ့အနားက မြေကြီးတိုက်တန်ကိုသာ ကြည့်လိုက်လေသည်။ လျှပ်စီးတိုက်တန်ဘုရင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် မုန်လဲ့က လေထဲမှ လက်တစ်ချက် ဖမ်းဆုပ်လိုက်ရာ မြေကြီးတိုက်တန်ကို လေထဲသို့ ဆွဲတင်လိုက်လေသည်။
"မင်း ဘာလုပ်ချင်တာလဲ... ငါ့ကို လွှတ်... ငါ့ကို မြန်မြန် လွှတ်" မြေကြီးတိုက်တန် အစွမ်းကုန် ရုန်းကန်နေလေသည်။
"ဘာလုပ်ချင်တာလဲ... မင်း ကိုယ်တိုင် မသိဘူးလား"
မုန်လဲ့ မျက်နှာက အေးစက်နေလေသည်၊ "ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေကို ထုတ်ပေး... ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ်... မဟုတ်ရင် ဟိုအဘိုးကြီးလို ဖြစ်သွားလိမ့်မယ်"
"ငါ... ငါ..."
မြေကြီးတိုက်တန်က တွင်းထဲက အလောင်းကို တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း အသည်းအေးသွားလေသည်... ယဇ်ပုရောဟိတ်ကြီးတောင် သံတူတစ်ချက်နဲ့ အသတ်ခံရတာ... ငါက...
"ပြော... ငါ ပြောပါ့မယ်"
မြေကြီးတိုက်တန် တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည်၊ "ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေကို မြေကြီးထောက်တိုင် နိုင်ငံရဲ့ ရတနာတိုက်ထဲမှာ သိမ်းထားပါတယ်... အရှင် လိုချင်ရင် အခုပဲ သွားယူပေးပါ့မယ်"
"မလိုပါဘူး... ငါ ကိုယ်တိုင် သွားယူမယ်"
မုန်လဲ့က ဖျက်ဆီးခြင်းသံတူကို ပစ်လိုက်ရာ မြေကြီးတိုက်တန်၏ ခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်လေသည်။
မြေကြီးတိုက်တန် မျက်လုံးပြူးသွားပြီး သေတာတောင် မကျေနပ်နိုင် ဖြစ်သွားလေသည်။ သူက ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေကို ပေးပါ့မယ်လို့ ပြောပြီးတာတောင် ဘာလို့ မုန်လဲ့က သူ့ကို သတ်သေးတာလဲ။
"မင်းက ခွေးမှ မဟုတ်တာ... ခွေးအသက် ဘယ်မှာ ရှိလို့လဲ"
မုန်လဲ့က မီးနဂါး ကလောက်စ်ကို ကြည့်လိုက်လေသည်၊ "ကလောက်စ်... မြေကြီးထောက်တိုင် နိုင်ငံကို သွားပြီး ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေကို ယူလာခဲ့... နောက်ပြီး မြေကြီးထောက်တိုင် နိုင်ငံရဲ့ ရတနာတိုက်ကိုလည်း တစ်ခါတည်း ဝင်ပြီး ယူလာခဲ့လိုက်"
"ဟုတ်ကဲ့ပါ သခင်"
ကလောက်စ် ရိုသေစွာ အမိန့်နာခံလိုက်ပြီး တိမ်တိုက်များ ကြားထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။
"အရာအားလုံး ချောမွေ့ပါစေ"
မုန်လဲ့ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် လျှပ်စီးတိုက်တန်ဘုရင်ကို ဖမ်းဆွဲလိုက်ရာ လျှပ်စီးတိုက်တန်ဘုရင်မှာ သေမလောက် ကြောက်လန့်သွားပြီး သေးတောင် ထွက်ကျမတတ် ဖြစ်သွားလေသည်။
"တိုက်တန်ဘုရင်... ပြောစမ်း... ဒီနေ့ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ" မုန်လဲ့ အေးဆေးစွာ ပြောလိုက်လေသည်။
"အရှင်... အရှင် ပြောတဲ့ အတိုင်းပါပဲ"
လျှပ်စီးတိုက်တန်ဘုရင် တစ်ကိုယ်လုံး တုန်ရီနေလေသည်။
"ဒါကမှ ကိစ္စကို ဖြေရှင်းချင်တဲ့ ပုံစံပဲ... ခုနက အဘိုးကြီးထက် အများကြီး ပိုပြီး နားလည်မှု ရှိတာပဲ"
မုန်လဲ့က တိုက်တန်ဘုရင်၏ အမူအရာကို အလွန် ကျေနပ်နေလေသည်။
ငါက နားလည်မှု ရှိတာလား။ ငါက မင်းရဲ့ သံတူနဲ့ အရိုက်ခံရမှာ ကြောက်လို့ပါကွာ။
လျှပ်စီးတိုက်တန်ဘုရင် စိတ်ထဲတွင် တွေးလိုက်သော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်လေသည်၊ "အရှင် ဘာတောင်းဆိုချင်လဲဆိုတာ အမိန့်ရှိပါ... ကျွန်တော် အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်"
"ငါ့ရဲ့ တောင်းဆိုချက်က အရမ်း ရိုးရှင်းပါတယ်..."
ထိုအချိန်တွင် တိုက်တန်နတ်ဘုရားကျောင်းတော်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်သို့ ချက်ချင်း ပြန့်နှံ့သွားလေသည်။
ထို့နောက် ဒုတိယအရှိန်အဝါ... တတိယအရှိန်အဝါ... စတုတ္ထအရှိန်အဝါ... ပဉ္စမအရှိန်အဝါ... ဆဋ္ဌမအရှိန်အဝါ...
အကုန်လုံး ပေါင်းရင် ၁၇ ခုတောင် ရှိလေသည်။
"သူခိုးကောင်... မင်း သေဖို့ ထိုက်တန်တယ်”