အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း ၂၄၀။ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ တိုက်တန် စစ်မှန်တဲ့ နတ်ဘုရား
ဒီလှံချက်က မြန်ဆန်လွန်းလှသည်။ မည်သူမျှပင် သတိမထားလိုက်မိသည့် တစ်ခဏအတွင်းမှာပင် လေမုန်တိုင်းတိုက်တန် နတ်ဘုရားတစ်ဝက်မှာ အသက်ကင်းမဲ့စွာ မြေပြင်ပေါ်သို့ ပုံကျသွားလေတော့သည်။
"အီနုတ် အကြီးအကဲ"
ကျန်ရစ်သူ တိုက်တန်နတ်ဘုရားတစ်ဝက်တို့၏ မျက်ဝန်းများ ပြူးကျယ်သွားကြသည်။ စက္ကန့်ပိုင်းအလိုကမှ အသက်ရှင်လျက်ရှိနေသေးသော အီနုတ်အကြီးအကဲမှာ ယခုတော့ အသက်ငွေ့ငွေ့ပင် မကျန်တော့ချေ။
"မြင့်မြတ်တယ်... ဟုတ်လား... ရယ်စရာကောင်းလိုက်တာ... သေခြင်းတရားရဲ့ရှေ့မှောက်မှာတော့ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီး မြင့်မြတ်မနေပါဘူး"
မုန်လဲ့၏ လက်ထဲရှိ နတ်ဘုရားသတ်လှံထိပ်ဖျားမှ သွေးစက်များက တစ်တောက်တောက် ကျဆင်းနေသည်။ သူ၏အသံက အေးစက်တည်ငြိမ်နေ၏။ "ပိုမြင့်မြတ်နေလို့ မသေနိုင်ဘူးဆိုတာမျိုး ဒါမှမဟုတ် သေတဲ့အခါ ပိုပြီး ထူးခြားသွားတယ်ဆိုတာမျိုး လုံးဝမရှိဘူး"
"မင်းက တကယ့် မိစ္ဆာပဲ"
တိုက်တန်နတ်ဘုရားတစ်ဝက်တို့သည် မုန်လဲ့အား အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်များဖြင့်သာ လူသတ်၍ရမည်ဆိုပါက မုန်လဲ့မှာ အပိုင်းပိုင်းအစစ ခုတ်ထစ်ခံထားရပြီး ဖြစ်နေပေလိမ့်မည်။
"အခု မင်းတို့အလှည့် ရောက်ပြီ"
မုန်လဲ့က လှံပေါ်မှ သွေးစက်များကို ခါထုတ်လိုက်ရင်း အေးဆေးစွာ ဆိုလိုက်သည်။ "ဒါဟာ နောက်ဆုံးအခွင့်အရေးပဲ... ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင်တော့ ထာဝရအတွက် ဆုံးရှုံးသွားလိမ့်မယ်"
ဒီတစ်ကြိမ်တွင်မူ ကျန်ရှိနေသော တိုက်တန်နတ်ဘုရားတစ်ဝက်များအားလုံး တိတ်ဆိတ်သွားကြလေသည်။ အစောပိုင်းက ရှိခဲ့ဖူးသည့် မာနတရားများ ပျောက်ကွယ်သွားပြီး ဒေါသ၊ အရှက်ရမှုနှင့် မကျေနပ်မှုများသာ ကျန်ရစ်နေတော့သည်။
"ဘာလဲ... အားလုံး ဆွံ့အသွားကြပြီလား"
မုန်လဲ့က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ၏ အကြည့်များက ဓားသွားတစ်လက်အလား ထက်မြက်အေးစက်နေ၏။
"ငါတို့ တိုက်တန်နတ်ဘုရားတစ်ဝက်တွေကို ဒီလို ရက်ရက်စက်စက် သတ်ဖြတ်နေတာ... ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရားရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား" လျှပ်စီးတိုက်တန်တစ်ယောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အခြားသော တိုက်တန်နတ်ဘုရားတစ်ဝက်တို့၏ မျက်ဝန်းများ အရောင်လက်သွားကြသည်။ ရေနစ်သူ ဝါးရုံပင်ကို ဆွဲမိသကဲ့သို့ အားလုံးက ဟိန်းဟောက် အသံပြုလိုက်ကြသည်။
မိစ္ဆာတစ်ကောင်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေသော မုန်လဲ့၏ရှေ့မှောက်တွင် သူတို့သည် မည်သို့မျှ အန်တုနိုင်စွမ်း မရှိကြပေ။
သူတို့ အားကိုးစရာဟူ၍ တိုက်တန်နတ်ဘုရား တစ်ပါးတည်းသာ ကျန်ရှိတော့သည်။ ထိုအမည်နာမဖြင့် မုန်လဲ့အား ခြောက်လှန့်ကာ သတ်ဖြတ်မှုများကို ရပ်တန့်စေနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
"တိုက်တန်နတ်ဘုရား... စိတ်မရှိပါနဲ့... ငါက မင်းတို့ထက် တိုက်တန်နတ်ဘုရားအကြောင်းကို ပိုပြီး သိထားတယ်"
မုန်လဲ့က လှောင်ပြုံး ပြုံးလိုက်သည်။ "ဟုတ်တယ်... သူက အရမ်း စွမ်းအားကြီးတယ်... အထွတ်အထိပ် အလယ်အလတ် နတ်ဘုရားတစ်ပါးနဲ့တောင် ယှဉ်နိုင်စွမ်း ရှိတယ်"
"ဒါပေမဲ့... ဝမ်းနည်းစရာကောင်းတာတစ်ခုက ဒီကောင်းကင်ယံတိုက်ကြီးမှာ သူက ငါ့ကို ဘာအန္တရာယ်မှ မပေးနိုင်ဘူး... ဘာဖြစ်လို့လဲဆိုတာ မင်းတို့ သိကြလား"
တိုက်တန်နတ်ဘုရားတစ်ဝက်များအားလုံး တိတ်ဆိတ်နေကြသည်။
"ဘာလို့လဲဆိုတော့ တိုက်တန်နတ်ဘုရားက နိယာမတရားတွေကို မလေ့ကျင့်ဘဲ ခန္ဓာကိုယ်ကိုပဲ အဓိကထား လေ့ကျင့်လို့ပဲ... သူ့ရဲ့ နတ်ဘုရားစွမ်းအား ကိုယ်ပွားကို ဆင်းသက်စေရင်တောင် စွမ်းအား သိပ်ထုတ်နိုင်မှာ မဟုတ်ဘူး"
မုန်လဲ့က ခေါင်းခါရင်း ရယ်မောလိုက်သည်။ စစ်မှန်သော နတ်ဘုရားများ၏ ခန္ဓာကိုယ်အစစ်သည် ကောင်းကင်ယံတိုက်ကြီးသို့ ဆင်းသက်လာခွင့် မရှိပေ။ နတ်ဘုရားစွမ်းအား ကိုယ်ပွားများကိုသာ စေလွှတ်နိုင်သည်။ ထိုကိုယ်ပွားများမှာလည်း နတ်ဘုရားတစ်ဝက် စွမ်းအားကိုသာ အများဆုံး ထုတ်ဖော်နိုင်ကြသည်။
မည်မျှအထိ အစွမ်းပြနိုင်မည်ဆိုသည်မှာ စစ်မှန်သော နတ်ဘုရား၏ နိယာမတရားများအပေါ် နားလည်သဘောပေါက်မှုအပေါ်တွင် မူတည်နေသည်။ နိယာမတရားများကို နားလည်မှု နက်ရှိုင်းလေလေ ကိုယ်ပွား၏ စွမ်းအားက ပိုမို ကြောက်မက်ဖွယ် ကောင်းလေလေဖြစ်သည်။
သီအိုရီအရ ပြီးပြည့်စုံသော နတ်ဘုရားတစ်ပါး၏ ကိုယ်ပွားမှသာလျှင် နတ်ဘုရားတစ်ဝက်အဆင့်၏ အထွတ်အထိပ်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ယံတိုက်ကြီးတွင် ခေတ်ကြီး ၅ ခေတ် ဖြစ်ပေါ်ခဲ့ရခြင်းပင်။
မငြိမ်မသက်မှုများ ဖြစ်ပေါ်ချိန်တိုင်း နတ်ဘုရားတစ်ဝက်များ ပေါ်ထွက်လာကာ ယုံကြည်မှုများကို လုယူကြသည်။ ကောင်းကင်ယံတိုက်ကြီးအတွင်း ပုန်းကွယ်နေသမျှ ကာလပတ်လုံး စစ်မှန်သော နတ်ဘုရားများပင်လျှင် သူတို့ကို ဘာမှ လုပ်နိုင်မည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသောကြောင့် ဖြစ်သည်။
မုန်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ တိုက်တန်နတ်ဘုရားတစ်ဝက်များမှာ အံ့ဩထိတ်လန့်သွားကြသည်။
မုန်လဲ့က တိုက်တန်နတ်ဘုရားအကြောင်းကို ဤမျှအထိ သိရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ တိုက်တန်နတ်ဘုရား၏ အမည်နာမဖြင့် ခြောက်လှန့်၍ မရတော့သည်ကို သိလိုက်ရသဖြင့် သူတို့၏ နှလုံးသားများ ပိုမို လေးလံသွားကြသည်။
"တိုက်တန်နတ်ဘုရားက မင်းတို့ကို လာကယ်မယ်လို့ မျှော်လင့်မနေနဲ့... မင်းတို့ စိတ်ပျက်ရုံပဲ အဖတ်တင်လိမ့်မယ်"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။ "ဖြစ်နိုင်တာက... သူ အခုအချိန်မှာ ဒီနေရာကို စောင့်ကြည့်နေလောက်ပြီ"
---
မုန်လဲ့ ခန့်မှန်းချက် မှန်ကန်လှသည်။ ကောင်းကင်ယံတိုက်ကြီး၏ အပြင်ဘက်ရှိ ဖုံးကွယ်ထားသော နေရာတစ်ခုတွင် ကျယ်ပြန့်လှသော နတ်ဘုရားနိုင်ငံတော်တစ်ခု တည်ရှိနေသည်။
ထိုနေရာတွင် နတ်ဘုရားအရှိန်အဝါများ ပြည့်နှက်နေပြီး ဆုတောင်းသံများကလည်း တရစပ် ထွက်ပေါ်နေသည်။ မြင့်မားခမ်းနားလှသော နတ်ဘုရားကျောင်းတော်ကြီးအတွင်းတွင် အရပ်ပေတစ်သောင်းခန့်ရှိသော ဧရာမလူကြီးတစ်ဦး ထိုင်နေသည်။
သူ၏ ကြွက်သားများက ကျောက်တုံးများထက်ပင် မာကျောနေပြီး ဦးခေါင်းကြီးမှာ တောင်တန်းကြီးတစ်ခုအလား ကြီးမားလှသည်။ ဆံပင်များက ဧရာမ သစ်ပင်ကြီးများနှင့် တူညီနေကာ အသက်ရှူထုတ်လိုက်သော လေငွေ့များက လျှပ်စီးများအလား လျင်မြန်ပြင်းထန်လှသည်။ သူသည်ကား တိုက်တန်အင်ပါယာမှ သန်းပေါင်းများစွာသော ပြည်သူများ ယုံကြည်ကိုးကွယ်ရာ တိုက်တန်နတ်ဘုရားပင် ဖြစ်လေသည်။
"အဆင့်အတန်းနိမ့်ကျတဲ့ လူသား"
တိုက်တန်နတ်ဘုရား၏ မျက်ဝန်းများမှ ဒေါသမီးများ တောက်လောင်နေသည်။ သူ၏ အုပ်ချုပ်မှုကို အဆင့်နိမ့်ကျသော လူသားတစ်ယောက်က လာရောက် စိန်ခေါ်ရဲလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
"လာကြစမ်း" တိုက်တန်နတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရားကို ဂါရဝပြုပါတယ်"
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ကာ ရွှေလှံများကို ကိုင်ဆောင်ထားသော ဧရာမလူကြီးနှစ်ဦး ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာကြသည်။
"ဟယ်ရတ်စ်ကို ခေါ်လိုက်စမ်း" တိုက်တန်နတ်ဘုရားက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ... ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရား"
မကြာမီမှာပင် အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားသော ပိန်ပါးပါး လူတစ်ယောက် ကျောင်းတော်အတွင်းသို့ ရောက်ရှိလာပြီး ဒူးထောက်လိုက်သည်။ "ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရားကို ဂါရဝပြုပါတယ်"
"ဟယ်ရတ်စ်... ကောင်းကင်ယံတိုက်ကြီးဆီကို ဆင်းသွားပြီး အဆင့်အတန်းနိမ့်ကျတဲ့ လူသားတစ်ယောက်ကို သတ်ပစ်ဖို့ ငါ အမိန့်ပေးတယ်"
တိုက်တန်နတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။ "မင်းက ကောင်းကင်ယံတိုက်ကြီးမှာ မွေးဖွားခဲ့တဲ့သူ ဖြစ်တယ်... ပြီးတော့ နတ်ဘုရားဖြစ်လာတာလည်း နှစ်တစ်သောင်း မပြည့်သေးဘူးဆိုတော့ အဲဒီက လောကဆန္ဒက မင်းကို ချက်ချင်း ငြင်းပယ်မှာ မဟုတ်ဘူး... မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ဆင်းသွားလို့ ရတယ်"
"အရှင်မင်းကြီးရဲ့ ဆန္ဒက ကျွန်တော့်ရဲ့ လမ်းညွှန်ချက်ပါပဲ" ဟယ်ရတ်စ်က ရိုသေစွာဖြင့် အမိန့်နာခံလိုက်သည်။
ဟယ်ရတ်စ် ထွက်ခွာသွားသည်ကို ကြည့်ရင်း တိုက်တန်နတ်ဘုရားက အေးစက်စက် ရေရွတ်လိုက်သည်။ "အဆင့်အတန်းနိမ့်ကျတဲ့ လူသား... မင်းရဲ့ မိုက်မဲမှုနဲ့ အသိဉာဏ်မဲ့မှုအတွက် ကြီးမားတဲ့ ပြစ်ဒဏ်ကို မင်း ခံရလိမ့်မယ်"
---
"အခု မင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောတော့" မုန်လဲ့၏ အသံတွင် စိတ်မရှည်မှုများ ရောယှက်လာသည်။
"ဒီအရှင်... တကယ်ပဲ အားလုံးကို အပြတ်ရှင်းတော့မှာလား" သမုဒ္ဒရာတိုက်တန် နတ်ဘုရားတစ်ဝက်က မကျေမချမ်း ဟိန်းဟောက်လိုက်သည်။
"နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်... သေမလား အညံ့ခံမလား" မုန်လဲ့၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွားသည်။
တိုက်တန်နတ်ဘုရားတစ်ဝက်များ ထပ်မံ တိတ်ဆိတ်သွားကြပြန်သည်။
"မသေမချင်း အကြောတင်းနေတုန်းပဲကိုး"
မုန်လဲ့က နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ စကားပြောမနေတော့ဘဲ စတင် သတ်ဖြတ်တော့သည်။ ချက်ချင်းရွေ့လျားခြင်းကို အသုံးပြုကာ သရဲတစ္ဆေတစ်ကောင်အလား လှုပ်ရှားနေသည်။ နတ်ဘုရားသတ်လှံကလည်း ပြိုင်ဘက်ကင်းစွာ ထက်မြက်လွန်းလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်တန်နတ်ဘုရားတစ်ဝက်များသည် ကြယ်တံခွန်များ ကြွေကျသကဲ့သို့ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြလေသည်။
"ချမ်းသာပေးပါ... ကျွန်တော် အညံ့ခံပါတယ်"
"အညံ့ခံပါတယ်... ကျွန်တော် အညံ့ခံပါတယ်"
"နောက်ကျသွားပြီ"
ကျန်ရှိနေသော တိုက်တန်နတ်ဘုရားတစ်ဝက်များက ကြောက်လန့်တကြား တောင်းပန်ကြသော်လည်း မုန်လဲ့က မည်သည့် အခွင့်အရေးမှ မပေးတော့ချေ။ နတ်ဘုရားသတ်လှံဖြင့် ဆက်တိုက် ထိုးစိုက်ကာ သူတို့၏ အသက်ဝိညာဉ်များကို အဆုံးသတ်ပစ်လိုက်သည်။
အလောင်းဆယ်လောင်းကျော်က ကောင်းကင်ထက်မှ ကျဆင်းလာပြီး တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားသောအခါ မြေကြီးတစ်ခုလုံး တုန်ဟည်းသွားသည်။ ယခုအချိန်တွင်မူ လေထဲ၌ မုန်လဲ့တစ်ယောက်တည်းသာ မတ်တပ်ရပ်နေပြီး နတ်ဘုရားသတ်လှံကို ကိုင်ဆောင်ထားကာ နတ်ဆိုးတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းနေလေသည်။
"သေ... အကုန် သေသွားပြီလား... ဘိုးဘေးတွေ အကုန် သေသွားပြီလား"
အသက်ရှင်ကျန်ရစ်သူများက မုန်လဲ့အား ငေးမောကြည့်နေကြပြီး တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေကြသည်။ လူတစ်ယောက်တည်း လှံတစ်ချောင်းတည်းဖြင့် နတ်ဘုရားတစ်ဝက် ၁၆ ယောက်ကို သတ်ပစ်ခဲ့သည်တဲ့လား။ ဒါ လူသားတစ်ယောက်ရဲ့ လုပ်ရပ် ဟုတ်သေးရဲ့လား။
မိစ္ဆာ... သူက တကယ့် မိစ္ဆာပဲ။
"သွားပြီ... အကုန် သွားပြီ"
လျှပ်စီးတိုက်တန်ဘုရင်၏ ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်အတွင်းမှ အားအင်များ အားလုံး ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
တိုက်တန်အင်ပါယာ၏ အဆုံးသတ်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်း ဖြစ်သည်။ နတ်ဘုရားတစ်ဝက် ဘိုးဘေးများအားလုံး သေဆုံးသွားပြီဖြစ်ရာ တိုက်တန်အင်ပါယာမှာ ဘယ်သောအခါမျှ ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
"သခင်... တကယ်ကို စွမ်းအားကြီးတာပဲ"
နာဂျီယာနှင့် ဆယ်စီယာတို့က ကောင်းကင်ထက်ရှိ မုန်လဲ့အား ကြည့်ကာ မျက်ဝန်းများထဲတွင် အံ့ဩမှုနှင့် လေးစားမှုများ ပြည့်နှက်နေကြသည်။ ဤအချိန်တွင် မုန်လဲ့အား အညံ့ခံလိုက်ရခြင်းက ကံကောင်းမှုတစ်ခုဖြစ်ကြောင်း သူတို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဤမျှ စွမ်းအားကြီးမားသူ၏ နောက်သို့ လိုက်ပါရခြင်းက မြေအောက်ကမ္ဘာတွင် ပုန်းအောင်းနေရခြင်းထက် အဆပေါင်းများစွာ သာလွန်လှပေသည်။
"ဟာဇူးစ်... မင်း မြင်လား... အဲဒီ အဘိုးကြီးတွေ အကုန် သေကုန်ပြီ... ဒီနေ့ မင်းကို ဘယ်သူ ကယ်နိုင်သေးလဲ"
ဘာဘရူးစ်က ရယ်မောလိုက်ပြီး ဟာဇူးစ်အား အားရပါးရ ထိုးကြိတ်နေလေသည်။ သူသည် အစကတည်းက အသာစီးရနေခဲ့သူ ဖြစ်သည်။
ထို့အပြင် ဟာဇူးစ်မှာလည်း တိုက်တန်နတ်ဘုရားတစ်ဝက်များ အသတ်ခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် စိတ်ဓာတ်ကျဆင်းကာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။ ဘာဘရူးစ်၏ ပြိုင်ဘက် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ပေ။
အတန်ကြာ တိုက်ခိုက်ပြီးနောက်တွင် ဘာဘရူးစ်၏ စွမ်းအားများ ပိုမို မြင့်မားလာသည်။ ဟာဇူးစ်ကမူ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဘာဘရူးစ်၏ ဖိနှိပ်ကြိတ်ချေမှုကို ခံနေရလေသည်။
"ဟာဇူးစ်... သေလိုက်စမ်း"
ဘာဘရူးစ်သည် အရူးတစ်ယောက်အလား ရူးသွပ်စွာ ထုရိုက်နေသည်။ ဟာဇူးစ်၏ ဒဏ်ရာများမှာ ပိုမို ဆိုးရွားလာပြီး နောက်ဆုံးတွင်တော့ လဲကျသွားတော့သည်။ သို့တိုင် ဘာဘရူးစ်က သူ့ကို မလွှတ်ပေးခဲ့ပေ။ နောက်ဆုံးရလဒ်ကတော့ မြေပြင်ပေါ်တွင် အသားတုံး အစုအပုံကြီးတစ်ခု ထပ်တိုးလာခြင်းပင် ဖြစ်လေသည်။
ဘာဘရူးစ်က အသားတုံးဖြစ်သွားသော ဟာဇူးစ်၏ အလောင်းပေါ်တွင် ထိုင်ကာ အသက်ပြင်းပြင်း ရှူနေသည်။ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော အရှက်တကွဲဖြစ်မှုနှင့် မုန်းတီးမှုများက ယခုအချိန်တွင် ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။ အရပ်ပေငါးရာကျော်ရှိသော ဤဧရာမလူကြီးမှာ ကလေးငယ်တစ်ဦးအလား ရှိုက်ကြီးတငင် ငိုကြွေးချလိုက်တော့သည်။
"ယာစလီ... ငါ့ရဲ့ ချစ်သူ"
"နှစ်ပေါင်း ၁၈၄၅၉ နှစ်တောင် ကြာခဲ့ပြီ"
"ငါ နောက်ဆုံးတော့ မင်းအတွက် လက်စားချေပေးနိုင်ခဲ့ပြီကွာ"
လေပြင်းများက တောင်ကုန်းကို တိုက်ခတ်နေပြီး လွမ်းဆွတ်ဖွယ်ရာ အသံများ ထွက်ပေါ်နေသည်။ ဧရာမ တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဘာဘရူးစ်၏ ငိုကြွေးသံကသာ တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
မုန်လဲ့က ဘာဘရူးစ်ကို မနှောင့်ယှက်ခဲ့ပေ။ သူ၏ ရင်ထဲက နာကျင်မှုနှင့် ဒေါသများကို လွတ်လွတ်လပ်လပ် ဖောက်ထုတ်ခွင့် ပေးလိုက်သည်။ ထို့နောက် တိုက်တန်နတ်ဘုရား ရုပ်တုရှေ့သို့ ပျံသန်းသွားခဲ့သည်။
"ဒီလောက်များတဲ့ ယုံကြည်မှုစွမ်းအားတွေ... အကုန်လုံးကိုသာ စုပ်ယူလိုက်ရရင်တော့"
မုန်လဲ့က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး မျက်ဝန်းများထဲတွင် လောဘရောင်များ တောက်လောင်သွားသည်။ ယုံကြည်မှုစွမ်းအားက အရာကောင်းတစ်ခု ဖြစ်သည်။ နတ်ဘုရားဝိညာဉ်ကို ခိုင်မာစေပြီး နတ်ဘုရားစွမ်းအားကို သန့်စင်ပေးသည့် အကောင်းဆုံး ဆေးစွမ်းကောင်းပင် ဖြစ်သည်။
တစ်ခုတည်းသော အခက်အခဲမှာ မုန်လဲ့သည် ယခုအချိန်ထိ နတ်ဘုရားမီးတောက်ကို မလင်းထိန်နိုင်သေးခြင်း ဖြစ်သည်။ ယုံကြည်မှုစွမ်းအားကို နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပေးမည့် ကိရိယာ မရှိပေ။ ထို့ကြောင့် ယုံကြည်မှုစွမ်းအားကို သန့်စင်ရန်မှာ အလွန် နှေးကွေးနေမည် သေချာလှသည်။
"နတ်ဘုရားမီးတောက် မရှိရင်တော့... ဒီယုံကြည်မှုစွမ်းအားတွေကို နတ်ဘုရားဝိညာဉ် ခိုင်မာဖို့အတွက်ပဲ သုံးလို့ရတော့မှာပေါ့"
မုန်လဲ့က နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရုပ်တုကို ဖုံးလွှမ်းလိုက်ပြီး ယုံကြည်မှုစွမ်းအားများကို စတင် စုပ်ယူတော့သည်။ တစ်ခဏအတွင်းမှာပင် နတ်ဘုရားဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ အလွန် သက်သောင့်သက်သာရှိသော ခံစားချက်ကို ရလိုက်သည်။ တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"ကောင်လေး... အရမ်း ဇိမ်ကျနေတယ် မဟုတ်လား" ဒိုဒိုလာ၏ အသံက ခေါင်းထဲတွင် ပေါ်ထွက်လာသည်။
"အင်း... အရမ်း မိုက်တယ်"
"မိုက်တယ်ဆိုရင် ပြီးတာပဲ... ဒါက ယုံကြည်မှုစွမ်းအားရဲ့ အံ့ဩစရာကောင်းတဲ့ အချက်ပဲ" ဒိုဒိုလာက ရယ်မောရင်း ပြောလိုက်သည်။ "ဒါကြောင့် ယုံကြည်မှုတွေကို အများကြီး ရယူဖို့ ကြိုးစား... ယုံကြည်သူ များလေလေ... ယုံကြည်မှုစွမ်းအားရဲ့ ကောင်းကျိုးတွေကို ပိုခံစားရလေလေပဲ"
"ငါ သိပါတယ်" မုန်လဲ့က အေးဆေးစွာ ပြန်ဖြေလိုက်သည်။
"ဒါနဲ့... ယုံကြည်မှုစွမ်းအားတွေကို စုပ်ယူပြီးရင် အချိန်ကာလမျှော်စင်ထဲကို တစ်ခေါက် လာခဲ့ဦး... မင်းရဲ့ ချစ်စရာ သမီးလေးက အစားအသောက် ကုန်သွားပြန်ပြီ... ဝင်ပြီး သူ့အတွက် အစားအသောက်လေး လုပ်ပေးဦး" ဒိုဒိုလာက သတိပေးလိုက်သည်။
"အဲဒီလောက်များတဲ့ မိစ္ဆာတွေ အကုန် စားပစ်လိုက်ပြီလား"
မုန်လဲ့ အနည်းငယ် ကြောင်သွားသည်။ သူသည် မိစ္ဆာ သောင်းနှင့်ချီ၍ ဆင့်ခေါ်ကာ ၉၆ ထပ်တွင် ထားခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာသောင်းချီဆိုသည်မှာ နည်းသော အရေအတွက် မဟုတ်ပေ။ ထိုမျှများပြားသည်ကို အကုန် စားပစ်လိုက်ပြီတဲ့လား။
"သေချာတာပေါ့" ဒိုဒိုလာက မျက်လုံးလှန်ပြလိုက်သည်။ "သူက နတ်ဘုရားတစ်ဝက်အဆင့်ရှိတဲ့ ကောင်းကင် မိစ္ဆာနတ်သမီးလေ... အရမ်းစားနိုင်တာပေါ့... မင်းရဲ့ အဲဒီ မိစ္ဆာတွေက အဆင့်နိမ့်တွေချည်းပဲ... ဗိုက်မဝဘူးလေ"
"ဗိုက်မဝဘူး..." မုန်လဲ့မှာ အနည်းငယ် စကားဆွံ့အသွားရသည်။
"မြန်မြန်လုပ်... သူ့ကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့" ဒိုဒိုလာက တိုက်တွန်းလိုက်သည်။
"သိပါပြီ"
မုန်လဲ့က ပြန်ဖြေလိုက်ပြီး ယုံကြည်မှုစွမ်းအားများကို ဆက်လက် စုပ်ယူနေသည်။
နာဂျီယာနှင့် ဆယ်စီယာတို့မှာ အားကျသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း မုန်လဲ့ကို မည်သူမှ မနှောင့်ယှက်ရဲကြပေ။ ယုံကြည်မှုစွမ်းအားက ကောင်းမွန်သော်လည်း သူတို့သည် သခင်နှင့် လုစားရဲသည့် သတ္တိမျိုး မရှိကြချေ။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ မုန်လဲ့က ရုပ်တုထဲရှိ ယုံကြည်မှုစွမ်းအားများကို အသိစိတ်လောကအတွင်းသို့ အကုန် သိမ်းဆည်းလိုက်ပြီး နတ်ဘုရားဝိညာဉ်အား ဖြည်းဖြည်းချင်း အားဖြည့်ပေးရန် လုပ်ဆောင်လိုက်သည်။
"နတ်ဘုရားဝိညာဉ်က ယုံကြည်မှုစွမ်းအားတွေနဲ့ ဖုံးလွှမ်းနေတဲ့ ခံစားချက်က တကယ်ကောင်းတာပဲ... ယုံကြည်မှုစွမ်းအားက မူးယစ်ဆေးဝါးလိုပဲ... တစ်ခါ စွဲသွားရင် ဘယ်တော့မှ ဖြတ်လို့မရတော့ဘူးလို့ လူတွေ ပြောကြတာ မမှားဘူးပဲ" မုန်လဲ့ အနည်းငယ် သာယာသွားသည်။
မုန်လဲ့က ပြုံး၍ ခေါင်းခါလိုက်သည်။ ထို့နောက် လျှပ်စီးတိုက်တန်ဘုရင်ကို လှမ်းဖမ်းဆွဲလိုက်သည်။ "တိုက်တန်ဘုရင်... ခုနက ငါတို့ ပြောလက်စ စကားကို ဆက်ပြောရအောင်"
"အရှင်... အရှင် ဘာပဲခိုင်းခိုင်း... ကျွန်တော်... ကျွန်တော် အကုန် လုပ်ပေးပါ့မယ်"
လျှပ်စီးတိုက်တန်ဘုရင်မှာ လုံးဝ ကြောက်လန့်သွားပြီး ဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာဟူ၍ လုံးဝ မရှိတော့ပေ။
"တိုက်တန်အင်ပါယာရဲ့ ရတနာတိုက်မှာ လောကရဲ့ ထူးဆန်းတဲ့ ရတနာတွေ အများကြီး ရှိတယ်လို့ ကြားတယ်... ငါ အဲဒီထဲကို ဝင်ပြီး လေ့လာကြည့်ချင်တယ်... အရှင်မင်းကြီးက ငါ့ကို ခွင့်ပြုနိုင်မလား" မုန်လဲ့က မေးလိုက်သည်။
"ခွင့်ပြုပါတယ်... သေချာပေါက် ခွင့်ပြုပါတယ်"
လျှပ်စီးတိုက်တန်ဘုရင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ မုန်လဲ့က သူ့ကို တစ်ချက်တည်း ရိုက်သတ်လိုက်မည်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။ "အရှင်က ဝင်ကြည့်ချင်ရင် အချိန်မရွေး ဝင်ကြည့်လို့ ရပါတယ်"
"အရမ်း ကောင်းတယ်”