အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း ၂၄၁။ သံမဏိတောင်ပံ ကောင်းကင်တမန်နှင့် ရွှေရောင်မူလနတ်ဘုရားခန္ဓာကိုယ်
မုန်လဲ့ မျှော်လင့်ထားသည့်အတိုင်းပင် တိုက်တန်အင်ပါယာ၏ ရတနာတိုက်သည်လည်း လေဟာနယ်နယ်မြေတစ်ခုအတွင်း၌ တည်ရှိနေလေသည်။ ထိုနေရာသည် လေထုမရှိသလို မှော်စွမ်းအင်များလည်း ကင်းမဲ့ကာ သေဆုံးနေသည့် လေဟာနယ်နယ်မြေတစ်ခုသာ ဖြစ်သည်။
သို့သော် နဂါးမျိုးနွယ်များနှင့် မတူညီသောအချက်မှာ တိုက်တန်အင်ပါယာ၏ ရတနာများက ပိုမိုများပြားပြီး အမျိုးအစားလည်း ကွဲပြားနေခြင်းပင်တည်း။
တိုက်တန်များသည် နဂါးများကဲ့သို့ တလက်လက်တောက်ပနေသည့် အရာများကို ရူးသွပ်စွာ နှစ်သက်ခြင်း မရှိကြချေ။ ထို့ကြောင့် ရွှေဒင်္ဂါးများ ကျောက်မျက်ရတနာများနှင့် မှော်ကျောက်တုံးများကဲ့သို့သော ရတနာများမှာ လုံးဝနီးပါး မရှိပေ။
သို့သော်လည်း စွမ်းအင်သလင်းကျောက်များနှင့် နိယာမမူလသလင်းကျောက်များကဲ့သို့သော ရတနာများကမူ အလွန်ပင် များပြားလှသည်။ ရူးရူးမူးမူး သိမ်းဆည်းလိုက်ပြီးနောက် သူ၏ ကြွယ်ဝချမ်းသာမှုက တိုက်ရိုက်ပင် သန်း ၂၅.၉ အထိ ထိုးတက်သွားခဲ့လေသည်။
''နိယာမမူလသလင်းကျောက်တွေ ဒီလောက်တောင် များနေတာလား... နဂါးနတ်ဘုရားအင်ပါယာထက် အများကြီး ပိုများတာပဲ'' ဟု မုန်လဲ့က အံ့ဩတကြီး တွေးလိုက်သည်။
ထို့နောက် သေချာစဉ်းစားကြည့်လိုက်သောအခါ ဤအရာမှာ သဘာဝကျလှကြောင်း သူ ခံစားလိုက်ရသည်။ ကောင်းကင်ယံတိုက်ကြီးသည် ခေတ်ကာလငါးခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ အယ်လ်ဖ်ခေတ်၊ တိုက်တန်ခေတ်၊ သားရဲလူသားခေတ်၊ နဂါးခေတ်နှင့် ယခု မျိုးနွယ်လေးခု အတူယှဉ်တွဲနေထိုင်သည့် ခေတ်ဟူ၍ ဖြစ်သည်။
တိုက်တန်ဘီလူးကြီးများသည် ဒုတိယခေတ်ကာလကို ကြီးစိုးခဲ့ကြပြီး နဂါးနတ်ဘုရားအင်ပါယာထက် သက်တမ်းပိုမိုရှည်ကြာစွာ ရပ်တည်ခဲ့ကြသဖြင့် သူတို့၏ အခြေခံအုတ်မြစ်မှာ ပိုမိုနက်ရှိုင်းနေခြင်းက အံ့ဩစရာ မဟုတ်ပေ။
''အရင်က ရှိခဲ့တဲ့ သန်း ၂၃.၅၁ နဲ့ ပေါင်းလိုက်ရင်... ငါ့ရဲ့ ကြွယ်ဝချမ်းသာမှုက ၄၉.၄၁ သန်းအထိ ရောက်သွားပြီပဲ... ဒီတစ်ခေါက်တော့ တော်တော်လေး အမြတ်ထွက်သွားတာပဲ''
မုန်လဲ့တစ်ယောက် ရင်ထဲတွင် အလွန်ကျေနပ်ပျော်ရွှင်နေလေသည်။
''ဆက်ပြီး သိမ်းရမယ်... အသုံးဝင်တာရော အသုံးမဝင်တာရော အကုန်သိမ်းမယ်''
နောက်ဆုံးတွင် မုန်လဲ့သည် အထူးပစ္စည်းများ သိမ်းဆည်းထားသည့် နေရာသို့ ရောက်ရှိသွားသည်။ အထူးပစ္စည်း အရေအတွက်မှာ အလွန်များပြားလှပြီး အများစုမှာ သားရဲအရိုးများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် သားရဲသွားများ ဖြစ်ကြသည်။
တိုက်တန်ဘီလူးကြီးများသည် အကြမ်းဖက်ခြင်းကို မြတ်နိုးကြပြီး သားကောင်များကို အောင်နိုင်ပြီးနောက် အမှတ်တရအဖြစ် သွားများနှင့် ဦးခေါင်းခွံများကို စုဆောင်းလေ့ရှိကြသည်။ ထို့ကြောင့် ဤနေရာတွင် သားရဲအရိုးများ အများအပြား ရှိနေခြင်းက ပုံမှန်သာ ဖြစ်လေသည်။
''လေစွမ်းအင် နတ်ဘုရားလှိုင်းဂယက်က တော်တော်လေး ပြင်းထန်တာပဲ... စစ်မှန်တဲ့ နတ်ဘုရားရဲ့ ပစ္စည်း နောက်တစ်မျိုးပဲ''
''ဒီသွားတွေက အရမ်းထက်မြက်တဲ့ပုံပဲ... သိမ်းထားလိုက်ဦးမယ်''
''တော်တော်ကြီးတဲ့ ဦးခေါင်းခွံကြီးပါလား... ပေတစ်ထောင်လောက်တောင် မြင့်မယ်ထင်တယ်... သူ့ရဲ့ မူလခန္ဓာကိုယ်က ဘယ်လောက်တောင် ကြီးမားနေမလဲ မသိဘူး''
''ဟင်... ဒါက...'' ဟု မုန်လဲ့က အံ့ဩတကြီး တွေးရင်း ပစ္စည်းများကို လိုက်လံကြည့်ရှုနေလေသည်။
သူ၏ မျက်စိရှေ့တွင် သုံးလေးမီတာခန့် ရှည်လျားသည့် ရွှေရောင်ပုရွက်ဆိတ်ကြီး တစ်ကောင် ထွက်ပေါ်လာသည်။ ထိုပုရွက်ဆိတ်ထံမှ ပြင်းထန်လှသော ရွှေစွမ်းအင် နတ်ဘုရားလှိုင်းဂယက်များ ထွက်ပေါ်နေပြီး အသက်ငွေ့ငွေ့လေးသာ မရှိတော့ပါက အသက်ရှင်နေသည့် သတ္တဝါတစ်ကောင်နှင့် လုံးဝတူညီနေပေလိမ့်မည်။
''ရွှေရောင် နတ်ဘုရားသတ် ပုရွက်ဆိတ်'' မုန်လဲ့သည် ထိုရွှေရောင်ပုရွက်ဆိတ်ကြီး၏ မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
အကြောင်းမှာ ၎င်းသည် ရှောင်ကျင်းနှင့် အလွန်တူညီလွန်းပြီး ရှောင်ကျင်း၏ ပုံကြီးချဲ့ထားသည့် ဗားရှင်းအလား ဖြစ်နေသောကြောင့်ပင်။
ထိုရွှေရောင် နတ်ဘုရားသတ်ပုရွက်ဆိတ်ကြီး သေဆုံးနေပြီ ဖြစ်သော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော နတ်ဘုရားစွမ်းအင် လှိုင်းဂယက်မှာ အလွန်အားကောင်းလှသဖြင့် နတ်ဘုရားတစ်ဝက်အဆင့်ရှိ ရွှေရောင် နတ်ဘုရားသတ်ပုရွက်ဆိတ် တစ်ကောင်ဖြစ်ကြောင်း သေချာနေလေသည်။
''အဲဒီကပ်ဘေးကြီးတုန်းက သေဆုံးသွားခဲ့တဲ့ ရွှေရောင် နတ်ဘုရားသတ်ပုရွက်ဆိတ် ဖြစ်ရမယ်'' ဟု မုန်လဲ့က ခန့်မှန်းလိုက်သည်။
ထိုရွှေရောင် နတ်ဘုရားသတ်ပုရွက်ဆိတ်၏ အလောင်းကို သိမ်းဆည်းလိုက်ပြီးနောက် သူ ဆက်လက် လေ့လာကြည့်ရှုရာ နောက်ထပ် ကိုယ်လက်အင်္ဂါ မစုံလင်တော့သည့် ရွှေရောင် နတ်ဘုရားသတ်ပုရွက်ဆိတ် အလောင်းအချို့ကို တွေ့လိုက်ရပြန်သည်။
လက်ပြတ်ခြေပြတ် ဖြစ်နေသူများ ရှိသလို အာရုံခံနှာမောင်း ပြတ်တောက်နေသူများနှင့် ဦးခေါင်းမရှိတော့သူများလည်း ပါဝင်နေရာ မသေဆုံးမီက ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲကြီးကို ဖြတ်သန်းခဲ့ရကြောင်း သိသာထင်ရှားနေသည်။
''ဒါက ဘာကြီးလဲ'' ဟု စိတ်ထဲမှ ရေရွတ်ကာ မုန်လဲ့သည် တောင်ပံတစ်စုံရှေ့သို့ ရောက်ရှိသွားသည်။
ဤတောင်ပံမှာ ငွေရောင်သတ္တုစပ်ဖြင့် ပြုလုပ်ထားသကဲ့သို့ ရှိနေပြီး မျက်နှာပြင်ပေါ်တွင် အဖြူရောင်အလင်းတန်းများ လှည့်ပတ်စီးဆင်းနေကာ ထက်မြက်ပြီး မြင့်မြတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။
မုန်လဲ့က ပေါ့ပေါ့ပါးပါးပင် စမ်းသပ်ထိတွေ့ကြည့်လိုက်ရာ ဖျပ်ခနဲ အသံနှင့်အတူ သိမ်မွေ့သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ လက်ချောင်းတွင် ပြတ်ရှရာတစ်ခု ထွက်ပေါ်သွားလေသည်။
''တောက်... ဒီလောက်တောင် ထက်မြက်ရသလား'' ဟု မုန်လဲ့က အလွန်အံ့ဩသွားသည်။
သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ အထွတ်အထိပ် နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ်ဖြစ်ပြီး နတ်ဘုရားသတ် ကြွက်သွေးမျိုးဆက်နှင့် လက်တစ်ရာတိုက်တန် သွေးမျိုးဆက်တို့ကိုပါ ပေါင်းစပ်ထားသဖြင့် သူ၏ ကာကွယ်နိုင်စွမ်းမှာ အံ့မခန်း အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် အလွန်အကြမ်းခံနိုင်ခြင်းပင် ဖြစ်သည်။ ယခင်က တိုက်တန်နတ်ဘုရားတစ်ဝက် ၁၅ ပါးက သူ့ကို အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရာလေးတစ်ချက်ပင် မချန်ထားနိုင်ခဲ့ခြင်းက သူ မည်မျှအကြမ်းခံနိုင်ကြောင်း သက်သေပြနေသည်။
သို့သော် ယခုမူ ဤတောင်ပံ၏ အမွေးအတောင်တစ်ခုကို ဖွဖွလေး ထိမိရုံဖြင့် ပြတ်ရှဒဏ်ရာ ရသွားခဲ့ရာ ဤတောင်ပံမှာ မည်မျှအထိ ထက်မြက်နေမည်ကို မှန်းဆကြည့်နိုင်သည်။
ထိုအချိန်တွင် စနစ်၏ အသိပေးသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
''ကျလာတဲ့ ပစ္စည်းကို တွေ့ရှိထားပါတယ်... ကောက်ယူမှာလား''
''ကျလာတဲ့ ပစ္စည်း ဟုတ်လား'' ဟု မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားသည်။
"ကောက်ယူမယ်" ဟု သူက ချက်ချင်း ဖြေကြားလိုက်သည်။
''ပေါင်းစပ်ခြင်း အောင်မြင်ပါတယ်... ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ် ကို ရရှိပါတယ်... ပေါင်းစပ်ချင်ပါသလား''
"ဟာ... ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်... မှားနေတာတော့ မဟုတ်ပါဘူးနော်" ဟု မုန်လဲ့မှာ အလွန်အမင်း အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကသာဆိုလျှင် ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်မှာ မည်သို့သောအရာဖြစ်ကြောင်း သူ သိမည်မဟုတ်သဖြင့် ယခုလောက် အံ့ဩမည်မဟုတ်ပေ။ သို့သော် ယခုမူ သူ ကောင်းကောင်း သိထားပြီ ဖြစ်သည်။ ထို့ကြောင့် ပို၍ပင် အံ့အားသင့်နေရခြင်း ဖြစ်သည်။
ဒိုဒိုလာ၏ အပြောအရ မူလနတ်ဘုရားခန္ဓာကိုယ်များသည် ကျယ်ပြောလှသော စကြဝဠာကြီးအတွင်းရှိ အစွမ်းအထက်ဆုံး နတ်ဘုရားခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်ပြီး နိယာမမူလနှင့် ကိုက်ညီမှုရှိသောကြောင့် လေ့ကျင့်ရေးအရှိန်အဟုန် အလွန်မြန်ဆန်ရုံသာမက အလွန်လည်း စွမ်းအားကြီးမားကာ တွေးတော၍ပင်မရနိုင်သော မွေးရာပါ စွမ်းရည်များနှင့် အစွမ်းသတ္တိများ ပါဝင်နေသည်ဟု ဆိုသည်။
''အခုတော့ ငါက ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်ကို ကောက်ရလိုက်ပြီပေါ့... တောက်... ဒီတောင်ပံက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ'' ဟု မုန်လဲ့ တွေးရင်း ဒိုဒိုလာထံမှ အကူအညီကို ချက်ချင်း တောင်းခံလိုက်သည်။
"ဟင်" ဒိုဒိုလာက သတ္တုစပ်တောင်ပံကို ကြည့်ကာ သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားလေသည်။
"မင်းကံကောင်းတာပဲ ကောင်လေး... ဒီရတနာကိုတောင် ရလာခဲ့တယ်ပေါ့... တိုက်တန်အင်ပါယာရဲ့ ရတနာတိုက်ကို ဓားပြတိုက်လာတာလား"
"ဟားဟား... တကယ်ပဲ မင်းကို ဖုံးကွယ်ထားလို့ မရပါလား" ဟု မုန်လဲ့က ဟားတိုက်ရယ်မောလိုက်သည်။
"မင်း သတ္တိတော်တော်ကောင်းတာပဲ... တိုက်တန်နတ်ဘုရားကိုတောင် ဆွပေးရဲတယ်ဆိုတော့ သူ့ရဲ့ လက်စားချေမှုကို မကြောက်ဘူးလား" ဟု ဒိုဒိုလာက မုန်လဲ့အား နောက်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"သူ လာရဲရင် သူ့ကို သံတူနဲ့ ရိုက်သတ်ပစ်မယ်" ဟု မုန်လဲ့က တိုက်တန်နတ်ဘုရားကို လုံးဝ ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ စစ်မှန်သော နတ်ဘုရား မဖြစ်လာမချင်း ကောင်းကင်ယံတိုက်ကြီးထဲမှ လုံးဝမထွက်ခွာရန် သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။
စစ်မှန်သော နတ်ဘုရားဖြစ်လာသည့်အချိန်တွင် သူသည် ပြီးပြည့်စုံသော နတ်ဘုရားအဆင့်သို့ ရောက်ရှိနေမည်ဖြစ်ရာ ထိုအချိန်ကျလျှင် တိုက်တန်နတ်ဘုရားကို ကြောက်နေစရာ လိုမည်မဟုတ်တော့ပေ။
"တိုက်တန်နတ်ဘုရားက မင်းကို ဘာမှမလုပ်နိုင်တာတော့ အမှန်ပဲ" ဟု ဒိုဒိုလာက ရယ်မောလိုက်ပြီး "ဒါပေမဲ့ သူက အထွတ်အထိပ် အလယ်အလတ် နတ်ဘုရားတစ်ပါး ဆိုတာကို မမေ့နဲ့ဦး... မင်းကို ဒုက္ခပေးနိုင်တဲ့ နည်းလမ်းတွေ သူ့ဆီမှာ အများကြီးရှိတယ်... မင်း နည်းနည်းတော့ သတိထားနေတာ ကောင်းမယ်" ဟု သတိပေးလိုက်သည်။
"စိတ်ချပါ... ငါ့အကြောင်းငါ အသိဆုံးပါ" ဟု မုန်လဲ့က ပြုံးကာ ပြန်ပြောလိုက်ပြီး "ဒါနဲ့ နေပါဦး... ဒီဟာက ဘာကြီးလဲ"
"ပစ္စည်းကောင်းပဲ... တကယ့်ကို ရှားပါးတဲ့ ပစ္စည်းကောင်းပဲ... သံမဏိတောင်ပံ ကောင်းကင်တမန်အကြောင်း မင်း ကြားဖူးလား" ဟု ဒိုဒိုလာက ပြုံးကာ မေးလိုက်သည်။
"သံမဏိတောင်ပံ ကောင်းကင်တမန်... မကြားဖူးပါဘူး" ဟု မုန်လဲ့က ခေါင်းခါလိုက်ပြီး
"ငါက ကောင်းကင်တမန်နဲ့ ကောင်းကင်ကျ မိစ္ဆာနတ်သမီး အကြောင်းပဲ ကြားဖူးတာ"
"သံမဏိတောင်ပံ ကောင်းကင်တမန်နဲ့ ကောင်းကင်ကျ မိစ္ဆာနတ်သမီးဆိုတာ တကယ်တော့ ကောင်းကင်တမန်တွေ ဆီကနေ ဆင်းသက်လာတာချည်းပဲ... ကွာခြားချက်ကတော့ ကောင်းကင်ကျ မိစ္ဆာနတ်သမီးဆိုတာ လမ်းမှားရောက်သွားပြီးနောက် ဖြစ်တည်လာတဲ့ ကောင်းကင်တမန် မျိုးနွယ်စု ဖြစ်တယ်" ဟု ဒိုဒိုလာက ရှင်းပြလေသည်။
"သံမဏိတောင်ပံ ကောင်းကင်တမန်ကတော့ ကောင်းကင်တမန်တွေရဲ့ သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲမှုကနေ ဖြစ်တည်လာတဲ့ သက်ရှိအသစ်တွေပေါ့"
"သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲမှု" မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားသည်။
"ဟုတ်တယ်... သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲမှု"
ဒိုဒိုလာက အတည်ပြုပေးလိုက်သည်။
"လက်တစ်ရာတိုက်တန်တွေက တိုက်တန်နတ်ဘုရားမျိုးနွယ်စုရဲ့ သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲရာကနေ ဖြစ်တည်လာသလိုပဲ သံမဏိတောင်ပံ ကောင်းကင်တမန်တွေကလည်း ကောင်းကင်တမန်တွေရဲ့ သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲရာကနေ ဖြစ်တည်လာတဲ့ သက်ရှိအသစ်တွေပဲ"
""သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲမှုမှာ ကောင်းတာရှိသလို ဆိုးတာလည်း ရှိတယ်... တချို့ပြောင်းလဲမှုတွေက သက်ရှိတွေရဲ့ စွမ်းအားကို အဆမတန် မြင့်တက်သွားစေပေမဲ့ တချို့ပြောင်းလဲမှုတွေကတော့ စွမ်းအားကို ထိုးကျသွားစေတယ်""
"ဒါဆို သံမဏိတောင်ပံ ကောင်းကင်တမန်ကရော" ဟု မုန်လဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လက်တစ်ရာတိုက်တန်တွေလိုပဲ သူတို့ကလည်း ကောင်းမွန်တဲ့ ဘက်ကို ပြောင်းလဲသွားတာပဲ" ဟု ဒိုဒိုလာက သတ္တုစပ်တောင်ပံကို တစ်ချက်ကြည့်ကာ ဖြေလေသည်။
"ဖောက်ပြန်ပြောင်းလဲပြီး ဖြစ်တည်လာတဲ့ သံမဏိတောင်ပံ ကောင်းကင်တမန်တွေမှာ အလင်းဓာတ်အပြင် ရွှေဓာတ်ပါ ထပ်တိုးလာတယ်"
"ဒါကြောင့်မို့လို့" ဟု ဒိုဒိုလာက စကားချီကာ "သံမဏိတောင်ပံ ကောင်းကင်တမန်တွေမှာ သာမန်ကောင်းကင်တမန်တွေရဲ့ မွေးရာပါ စွမ်းရည်တွေ အစွမ်းသတ္တိတွေ အကုန်ရှိတဲ့အပြင် ရွှေဓာတ်နဲ့ သက်ဆိုင်တဲ့ စွမ်းရည်တွေပါ ထပ်တိုးလာတာပေါ့... တိုက်ခိုက်ရေးစွမ်းရည်မှာဆိုရင် သံမဏိတောင်ပံ ကောင်းကင်တမန်တွေက သာမန်ကောင်းကင်တမန်တွေထက် အများကြီး ပိုအားကောင်းတယ်"
"ဒါပေမဲ့ လက်တစ်ရာတိုက်တန်တွေနဲ့ မတူတာက သံမဏိတောင်ပံ ကောင်းကင်တမန်တွေကို ကောင်းကင်တမန် မျိုးနွယ်စုက နှင်ထုတ်ခြင်း မလုပ်တဲ့အပြင် အဓိကထားပြီးတောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးကြတယ်" ဟု ဒိုဒိုလာက ခံစားချက်ပါပါဖြင့် ပြောလေသည်။ "သံမဏိတောင်ပံ ကောင်းကင်တမန်တွေကလည်း တကယ်ကို အားကိုးရတယ်... အရေအတွက် မများပေမဲ့ အားလုံးနီးပါးက အဆင့်မြင့် နတ်ဘုရားတွေ ဖြစ်လာကြတယ်... ပြီးတော့ ပြီးပြည့်စုံတဲ့ နတ်ဘုရားတစ်ပါးတောင် ပေါ်ထွက်လာသေးတယ်... အဲဒါက ကောင်းကင်တမန် မျိုးနွယ်စုရဲ့ စွမ်းအားနဲ့ အခြေခံအုတ်မြစ်ကို အကြီးအကျယ် မြင့်တက်သွားစေပြီး ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ နာမည်အရမ်း ကြီးလာခဲ့တာပဲ"
"သံမဏိတောင်ပံ ကောင်းကင်တမန်တွေက ဒီလောက်တောင် အစွမ်းထက်တာလား" ဟု မုန်လဲ့က အံ့ဩချီးကျူးလိုက်ပြီး
"သံမဏိတောင်ပံ ကောင်းကင်တမန် တိုင်းက ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြတာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ဒိုဒိုလာက ချက်ချင်း ခေါင်းခါလိုက်သည်။ "မူလနတ်ဘုရားခန္ဓာကိုယ်ဆိုတာ ဘယ်လောက်တောင် ရှားပါးသလဲ... မျိုးနွယ်စုတစ်ခုလုံး အဲဒီလို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်ဘူးလား" မုန်လဲ့ တွေးတောသွားသည်။
"သေချာပေါက် မဖြစ်နိုင်ဘူးပေါ့" ဟု ဒိုဒိုလာက အတည်ပြုပေးသည်။ "အယ်လ်ဖ်နတ်သမီးကိုပဲ ကြည့်လေ... သူက သစ်သားမူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမဲ့ တခြား အယ်လ်ဖ်တွေကလည်း သစ်သားမူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုတာမှ မဟုတ်တာ... တကယ်တမ်းကျတော့ မရေမတွက်နိုင်တဲ့ အယ်လ်ဖ်တွေထဲမှာမှ အယ်လ်ဖ်နတ်သမီး တစ်ပါးတည်းကသာ သစ်သားမူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလေ"
"သံမဏိတောင်ပံ ကောင်းကင်တမန်တွေလည်း ဒီအတိုင်းပဲ... တစ်ခါတလေမှ သံမဏိတောင်ပံ ကောင်းကင်တမန် တစ်ပါးပါးက ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပေမဲ့ အားလုံးက ပိုင်ဆိုင်ဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူး"
"အော်... ဒီလိုကိုး" ဟု မုန်လဲ့က သဘောကျစွာ ရယ်မောလိုက်သည်။ "ဒါဆိုရင် ငါ့ကံက အရမ်းကောင်းလွန်းနေပြီပေါ့... သံမဏိတောင်ပံ ကောင်းကင်တမန်ရဲ့ တောင်ပံတစ်စုံကို အမှတ်မထင် ကောက်ရလိုက်တာနဲ့တင် ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်နဲ့ သွားဆုံနေပြီလေ"
"ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်" ဟု ဒိုဒိုလာက နားမလည်နိုင်စွာဖြင့် ""ဒီတောင်ပံပိုင်ရှင်က ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ မင်းပြောချင်တာလား... နောက်နေတာလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒိုဒိုလာ... ဒါ တကယ်ပြောတာ" ဟု မုန်လဲ့က ပြုံးကာ ပြောလိုက်သည်။ "ဒီတောင်ပံပိုင်ရှင်က တကယ်ပဲ ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ"
"တကယ်လား... မင်းက ဘယ်လိုလုပ် သိတာလဲ" ဒိုဒိုလာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ သိတယ်ဆို သိတာပေါ့" ဟု မုန်လဲ့က ပြုံးလိုက်ပြီး ဒိုဒိုလာ ဆက်မေးမည်ကိုပင် မစောင့်တော့ဘဲ စနစ်နှင့် ချက်ချင်း ချိတ်ဆက်လိုက်သည်။ "စနစ်... ဘာမှ ဆက်ပြောမနေနဲ့တော့... ရွှေရောင်မူလ နတ်ဘုရားခန္ဓာကိုယ်ကို ပေါင်းစပ်ပေး"
''ပေါင်းစပ်ခြင်း စတင်နေပါပြီ''
''ဝှီး...''
ထိုအသံနှင့်အတူ ရွှေရောင်စွမ်းအင်စီးကြောင်းတစ်ခုသည် သူ၏ ဦးနှောက်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး မုန်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားကာ အရိုးအဆစ်များနှင့် သွေးကြောများမှတစ်ဆင့် နေရာအနှံ့အပြားသို့ စိမ့်ဝင်သွားလေသည်။
ထိုခဏချင်းမှာပင် ဆဲလ်များသည် တဖြည်းဖြည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အသားစများ၊ အရိုးများ၊ ကလီစာများနှင့် အရေပြားများပါမကျန် ရွှေရောင်အဖြစ်သို့ ကူးပြောင်းသွားကြသည်။
မုန်လဲ့တစ်ယောက်လုံး ရွှေဓာတ်ပညာရပ်ဖြစ်သည့် အဆုံးစွန် ရွှေအသွင်ပြောင်းခြင်းပညာ၏ လွှမ်းမိုးမှုကို ခံလိုက်ရသကဲ့သို့ တဖြည်းဖြည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ" ဟု ဒိုဒိုလာမှာ မုန်လဲ့၏ ရုတ်တရက် အပြောင်းအလဲကြောင့် လန့်သွားပြီး "မုန်လဲ့... မင်း ဘာဖြစ်သွားတာလဲ" ဟု အလောတကြီး မေးလိုက်သည်။
သို့သော် မုန်လဲ့ကမူ ဂရုမစိုက်အားဘဲ မျက်စိမှိတ်ကာ သူ၏ ခန္ဓာကိုယ် အပြောင်းအလဲကို သေချာစွာ ခံစားနေလေသည်။ တဟုန်းဟုန်း တောက်လောင်နေသော ရွှေစွမ်းအင်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးနေကြောင်း သူ ခံစားသိရှိနေသည်။
၎င်းမှာ ရွှေနိယာမ မဟုတ်သလို ရွှေနတ်ဘုရားစွမ်းအားလည်း မဟုတ်ပေ။ ရွှေမှော်စွမ်းအင်လည်း မဟုတ်သကဲ့သို့ ရွှေသိုင်းစွမ်းအင်လည်း မဟုတ်ချေ။
တိတိကျကျ ဆိုရလျှင် မည်သည့်အရာဖြစ်ကြောင်း မုန်လဲ့ကိုယ်တိုင်ပင် သေချာမပြောပြတတ်ပေ။ သူ သိရှိခံစားနိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းသည် အလွန်ထူးဆန်းလှသော ရွှေစွမ်းအင်တစ်မျိုး ဖြစ်သည်ဆိုခြင်းပင်တည်း။
ပေါင်းစပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် မည်သည့်နာကျင်မှုမျှ မရှိခဲ့ဘဲ အလွန်လည်း မြန်ဆန်လှသည်။ တစ်မိနစ်ပင် မကြာလိုက်ဘဲ ပေါင်းစပ်ခြင်း ပြီးဆုံးသွားခဲ့သည်။ သို့သော် ထိုတိုတောင်းလှသော တစ်မိနစ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကြီး အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြောင်း မုန်လဲ့ ခံစားလိုက်ရသည်။
''တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ကြီးပဲ'' ဟု မုန်လဲ့ ရေရွတ်လိုက်သည်။
ကမ္ဘာလောကကြီးထဲတွင် ပြန့်နှံ့နေသော ရွှေနိယာမများသည် သူ၏ မိတ်ဆွေများ၊ ကျေးကျွန်များအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ သူ၏ စေခိုင်းမှုနှင့် ထိန်းချုပ်မှုကို နာခံရန် အသင့်ရှိနေကြောင်း သူ ခံစားသိရှိနေသည်။
၎င်းမှာ ရွှေနိယာမကို လုံးဝ စိုးမိုးထိန်းချုပ်လိုက်နိုင်သည့် ခံစားချက်မျိုးဖြစ်ပြီး ယခင်က နားလည်သဘောပေါက်ခဲ့မှုနှင့် လုံးဝကို ကွဲပြားခြားနားနေလေသည်။
ယခင်က သူသည် ရွှေနိယာမကို နားလည်သဘောပေါက်ခဲ့သော်လည်း ၎င်းမှာ ဘာသာရပ်တစ်ခုကို သင်ယူတတ်မြောက်သွားသကဲ့သို့ ထိုဘာသာရပ်၏ အသိပညာများကိုသာ သိရှိသွားခြင်း ဖြစ်သည်။
သူသည် ထိုအသိပညာများကို အသုံးပြု၍ မှော်ပညာရပ်များ၊ တားမြစ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်အသုံးပြုနိုင်ခဲ့သည်။ ၎င်းမှာ ပုံတူကူးချကာ လက်တွေ့အသုံးချခြင်းမျိုးသာ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် ထိုအသိပညာများကို သူ့အတွက် အလုပ်လုပ်ပေးရန် တိုက်ရိုက် အမိန့်ပေးနိုင်ပြီဖြစ်သည်။ ငါ့အတွက် မှော်ပညာရပ်တစ်ခု ထုတ်ပေးစမ်း... တားမြစ်ပညာရပ်တစ်ခု ထုတ်ပေးစမ်း... နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်ပေးစမ်း... စသဖြင့် လုံးဝကို အမိန့်ပေး ထိန်းချုပ်နိုင်သည့် ပုံစံမျိုး ဖြစ်သွားလေသည်။
ထိုနှစ်ခုကြားရှိ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။ ပို၍ တိတိကျကျ ပြောရလျှင် ပထမနည်းလမ်းသည် စိတ်စွမ်းအင်၊ မှော်စွမ်းအင်နှင့် နတ်ဘုရားစွမ်းအားများကို အသုံးပြုရသည်။
ဒုတိယနည်းလမ်းကမူ စိတ်စွမ်းအင် အနည်းငယ်မျှသာ အသုံးပြုရန် လိုအပ်ပြီး မှော်စွမ်းအင်နှင့် နတ်ဘုရားစွမ်းအားများကို လုံးဝ အသုံးပြုရန် မလိုတော့ပေ။ ၎င်းမှာ အခြေခံအားဖြင့် ကွဲပြားခြားနားသွားခြင်းပင် ဖြစ်လေတော့သတည်း။