အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း ၂၄၃။ သေခြင်းနတ်ဘုရားမျိုးနွယ်စု၊ မီးလျှံမိစ္ဆာသခင်
"ဟာ... မင်း ဒီပစ္စည်းကို ဘယ်ကနေ ရလာတာလဲ..." မုန်လဲ့လက်ထဲရှိ သွေးရောင်တံစဉ်ကို မြင်သောအခါ ဒိုဒိုလာမှာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အံ့အားသင့်သွားသည်။
"တိုက်တန်အင်ပါယာရဲ့ ရတနာတိုက်ထဲကနေ လုယူလာတာလေ..." မုန်လဲ့က အမှန်အတိုင်း ဖြေလိုက်သည်။
"ငါ စမ်းသပ်ကြည့်ပြီးပြီ... ဒီတံစဉ်က အရမ်းထက်မြက်ပြီး စွမ်းအားလည်း အရမ်းကြီးတယ်... သေချာပေါက် စွမ်းအားကြီးတဲ့ နတ်ဘုရားလက်နက်တစ်ခုပဲ ဖြစ်ရမယ်..."
"စွမ်းအားကြီးရုံတင်မကဘူးကွ..." ဒိုဒိုလာက ခေါင်းခါရင်း ပြောသည်။ "ဒီအရာက သေမင်းတံစဉ်လို့ ခေါ်တယ်... ငရဲပြည်က သေမင်းရဲ့ ကိုယ်ပွားလက်နက်ပဲ... နတ်ဘုရားပေါင်း ဘယ်လောက်များများရဲ့ ခေါင်းတွေကို ဖြတ်ခဲ့ပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."
"သေမင်းတံစဉ်..." မုန်လဲ့က အံ့ဩတကြီး ရေရွတ်လိုက်သည်။ "သေမင်းဆိုတာ ဘာလဲ..."
"သေမင်းဆိုတာ သေခြင်းတရားကို အစိုးရတဲ့ နတ်ဘုရားကို ခေါ်တာ... သေချာတာကတော့ သေမင်းဆိုတာ လူတစ်ယောက်ကို ခေါ်တာမဟုတ်ဘူး... သေခြင်းနတ်ဘုရားမျိုးနွယ်စုဆိုတဲ့ မျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုတာ..." ဒိုဒိုလာက ဖြည်းညင်းစွာ ရှင်းပြလေသည်။
"တိုက်တန်နတ်ဘုရားမျိုးနွယ်စုတို့ ကောင်းကင်တမန်မျိုးနွယ်စုတို့လို လူဦးရေများတဲ့ မျိုးနွယ်စုတွေနဲ့ ယှဉ်ရင် သေခြင်းနတ်ဘုရားမျိုးနွယ်စုက အရမ်းကို ရှားပါးတယ်... ဒါပေမဲ့ သေမင်းတိုင်းက အလွန်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေချည်းပဲ... ဘာလို့လဲဆိုတော့ သေမင်းတိုင်းက အဆင့်မြင့်နတ်ဘုရားတွေ ဖြစ်နေလို့ပဲ..."
"အားလုံးက အဆင့်မြင့်နတ်ဘုရားတွေချည်းပဲ... ဘုရားရေ... အရေအတွက်သာ နည်းနည်းများရင် တခြားမျိုးနွယ်စုတွေအတွက် အသက်ရှင်ဖို့ လမ်းတောင် ရှိပါတော့မလား..." မုန်လဲ့မှာ အံ့အားသင့်လွန်း၍ အသက်ရှူပင် မှားသွားသည်။
မျိုးနွယ်စုတစ်ခုလုံးက အဆင့်မြင့်နတ်ဘုရားတွေချည်းပဲဆိုတော့ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။
"ဒါကြောင့်မို့လို့ သေခြင်းနတ်ဘုရားမျိုးနွယ်စုက ငရဲပြည်မှာ အစွမ်းအထက်ဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်နေတာပေါ့... လူဦးရေ နည်းပေမဲ့ ဘယ်သူကမှ သေခြင်းနတ်ဘုရားမျိုးနွယ်စုကို အထင်မသေးရဲကြဘူး..." ဒိုဒိုလာက ဆက်ပြောသည်။ "အထူးသဖြင့် သေခြင်းနတ်ဘုရားမျိုးနွယ်စုရဲ့ ဘုရင်... သေမင်းဘုရင်ဆိုရင် ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ အကြီးမြတ်ဆုံး တည်ရှိမှုတွေထဲက တစ်ခုပဲ..."
"ဒါဆို ဒီတံစဉ်က အဆင့်မြင့်နတ်ဘုရားတစ်ပါးရဲ့ လက်နက်ပေါ့..." မုန်လဲ့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။
ဒိုဒိုလာက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ဒီပစ္စည်းကို မင်းအသုံးပြုဖို့ ငါ အကြံမပေးချင်ဘူး... သေမင်းတံစဉ်က အရမ်းသွေးဆာပြီး ဆိုးယုတ်လွန်းတယ်... မင်းရဲ့ စိတ်ဝိညာဉ်ကို လွှမ်းမိုးသွားလိမ့်မယ်..."
"လက်နက်ဆိုတာ အသေ... လူဆိုတာ အရှင်..." မုန်လဲ့က ဂရုမစိုက်သလို ပခုံးတွန့်လိုက်သည်။ "အသက်ရှင်နေတဲ့ လူတစ်ယောက်က အသက်မရှိတဲ့ အရာတစ်ခုရဲ့ ချုပ်ကိုင်မှုကို ခံရပါ့မလား... စိတ်ချပါ... ငါ့ဘာသာငါ အသိဆုံးပါ..."
"ပေါ့ဆလို့ မရဘူးနော်..." ဒိုဒိုလာက သတိပေးလိုက်သည်။
"သိပါပြီ... သိပါပြီ..." မုန်လဲ့က ပြောရင်း အချိန်ကာလမျှော်စင်ထဲမှ ထွက်ခွာလာခဲ့သည်။
ပြောရမည်ဆိုလျှင် သေမင်းတံစဉ်၏ ပုံပန်းသဏ္ဌာန်က တကယ်ကို ကြီးကျယ်ခမ်းနားလှသည်။ ပခုံးပေါ်တွင် တင်ထားလိုက်ရုံဖြင့် မုန်လဲ့မှာ သူ့ကိုယ်သူ ပို၍ပင် ကြည့်ကောင်းသွားသည်ဟု ခံစားလိုက်ရသည်။
"အခွင့်အရေးရရင် ဒီရတနာကို သေချာပေါက် စမ်းသပ်ကြည့်ရမယ်..."
မုန်လဲ့သည် သေမင်းတံစဉ်ကို အလွန်သဘောကျနေပြီး အတန်ကြာ သေချာကြည့်ရှုနေပြီးမှ လေဟာနယ်နယ်မြေထဲမှ ထွက်ခွာကာ တိုက်တန်နတ်ဘုရားတောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"သခင်..." နာဂျီယာ၊ ဆယ်စီယာနှင့် ဘာဘရူးစ်တို့က အလျင်အမြန် ခရီးဦးကြိုဆိုလိုက်ကြပြီး မြေကြီးထောက်တိုင်နိုင်ငံသို့ သွားခဲ့သော ကလောက်စ်လည်း ပြန်ရောက်လာသည်။
"သခင်... ဒါက ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာတွေပါ..." ကလောက်စ်က လေဟာနယ်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။
"ပင်ပန်းသွားပြီ..."
မုန်လဲ့က လေဟာနယ်လက်စွပ်ကို လှမ်းယူလိုက်သည်။ ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ မျိုးနွယ်စု၏ ရတနာများမှာ တိုက်တန်အင်ပါယာလောက် မများပြားသော်လည်း အထင်သေး၍တော့ မရပေ။ စစ်ဆေးကြည့်ပြီးနောက် နိယာမမူလသလင်းကျောက် သန်း ၂၀ နှင့် ရှားပါးရတနာပေါင်းများစွာ ထပ်မံရရှိခဲ့သည်။
"ခရီးစဉ်က အောင်မြင်တယ်... အခု ပြန်လို့ရပြီ..."
မုန်လဲ့က ကျန်ရှိနေသော ရတနာများကို သိမ်းဆည်းလိုက်ပြီး လျှပ်စီးတိုက်တန်ဘုရင်ကို ခေါ်လိုက်သည်။ "တိုက်တန်ဘုရင်... မင်းက လူကောင်းတစ်ယောက်ပဲ... ဒါကြောင့် မင်းကို ငါ မသတ်တော့ဘူး..."
"အရှင်... အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..." တိုက်တန်ဘုရင်မှာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ကျလာသည်။
"ငါ ထွက်သွားတော့မယ်... နောက်ဆုံးအနေနဲ့ မင်းကို အကူအညီတစ်ခု ထပ်တောင်းချင်တယ်..." မုန်လဲ့က အေးဆေးစွာ ပြောလိုက်သည်။ "ရမလား..."
"အရှင် ခိုင်းတာမှန်သမျှ ကျွန်တော် အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်..." လျှပ်စီးတိုက်တန်ဘုရင်က အလျင်အမြန် ဖြေလိုက်သည်။ အခုအချိန်တွင် သူသည် မုန်လဲ့အား မြန်မြန်ထွက်သွားစေချင်ပြီး ဘယ်တော့မှ ပြန်မလာစေချင်တော့ပေ။
"ဒီမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို အကုန်လုံး သိအောင် ဖြန့်ဝေပေးပါ... တိုက်တန်အင်ပါယာရဲ့ ပြည်သူတွေ ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိပါစေ..." မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်သည်။ "လုပ်နိုင်မလား..."
"လုပ်နိုင်ပါတယ်... သေချာပေါက် လုပ်နိုင်ပါတယ်..." လျှပ်စီးတိုက်တန်ဘုရင်က အကြိမ်ကြိမ် ကတိပေးလိုက်သည်။
"အရမ်းကောင်းတယ်..." မုန်လဲ့က ခေါင်းညိတ်လိုက်ပြီး "ငါတို့ သွားရအောင်..."
"ဟုတ်ကဲ့ပါ သခင်..."
ကလောက်စ်က မူလပုံစံသို့ ပြောင်းလဲလိုက်ပြီး မုန်လဲ့နှင့် ကျန်သူများကို တင်ဆောင်ကာ ထွက်ခွာသွားလေသည်။
သူတို့ အဝေးသို့ ရောက်သွားပြီး အစက်အပြောက်လေး တစ်ခုအဖြစ်သာ မြင်ရတော့မှ လျှပ်စီးတိုက်တန်ဘုရင်သည် သက်ပြင်းချနိုင်တော့ပြီး မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ ကျဆင်းသွားသည်။
"သွားပြီ... ဒီမိစ္ဆာကြီး နောက်ဆုံးတော့ ထွက်သွားပြီ... အသက်ရှင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်..."
"အရှင်မင်းကြီး..." တိုက်တန်ဘုရင်ကတော်နှင့် အသက်ရှင်ကျန်ရစ်သူများက သူ့အနားသို့ ရောက်လာကြပြီး သူတို့၏ မျက်နှာများပေါ်တွင် သေဘေးမှ လွတ်မြောက်လာသည့် ဝမ်းသာမှုများ အထင်းသား ပေါ်လွင်နေသည်။
လျှပ်စီးတိုက်တန်ဘုရင်က အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်မကျနိုင်လောက်အောင် ဝမ်းနည်းသွားသည်။ နတ်ဘုရားတစ်ဝက် ဘိုးဘေးတွေလည်း အကုန်သေကုန်ပြီ၊ နန်းတော်က အရာရှိတွေ၊ သူကောင်းမျိုးတွေ၊ မြင့်မြတ်သောနယ်မြေအဆင့်တွေလည်း ဘယ်လောက်မှ မကျန်တော့ဘူး။ ဒါ ဘယ်လိုလုပ် ဆက်ရပ်တည်လို့ ရတော့မှာလဲ။
"သူပုန်... ယုတ်မာတဲ့ကောင်... လူဆိုး..."
လျှပ်စီးတိုက်တန်ဘုရင်က သွားကြိတ်ကာ မုန်လဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ်များ ပေါက်လာသည်။ "အရမ်း ဒေါသထွက်တာပဲ..."
"သွားပြီ... အကုန် သွားပြီ... ငါ့ရဲ့ အင်ပါယာကြီး..."
…
ကလောက်စ်သည် အနီရောင်လျှပ်စီးတစ်တန်းအလား ကောင်းကင်ယံတွင် အလွန်လျင်မြန်စွာ ပျံသန်းနေသည်။ မုန်လဲ့၊ ဘာဘရူးစ်နှင့် ကျန်သူများက သူ၏ ကျောပေါ်တွင် ထိုင်ကာ ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
"သခင်... သခင်က တိုက်တန်လား..." ဘာဘရူးစ်က မုန်လဲ့ကို စူးစိုက်ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်များ ပြည့်နှက်နေသည်။
"မသေချာဘူးလား... အဲဒါက လက်တစ်ရာတိုက်တန်လေ..." မုန်လဲ့က ပြုံးကာ ခေါင်းခါလိုက်သည်။
"လက်တစ်ရာတိုက်တန်..." ဘာဘရူးစ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ လက်တစ်ရာတိုက်တန်အကြောင်း သူ တစ်ခါမှ မကြားဖူးပေ။
"လက်တစ်ရာတိုက်တန်ဆိုတာ ဒဏ္ဍာရီထဲက သွေးမျိုးဆက် ဖောက်ပြန်ပြောင်းလဲသွားတဲ့ တိုက်တန်တစ်မျိုးပဲ... ဒါပေမဲ့ တိုက်တန်မျိုးနွယ်စုရဲ့ နှင်ထုတ်ခြင်းကို ခံရပြီး နောက်ဆုံးမှာတော့ ငရဲပြည်က အမြင့်ဆုံး သေမင်းရဲ့ အစောင့်အရှောက် ဖြစ်သွားခဲ့တယ်..." လျှပ်စီးဘုရင်မ ဆယ်စီယာက ရှင်းပြလိုက်ရင်း မုန်လဲ့ကို ပိုမို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
အရင်က ငရဲမီးလျှံ ဖီးနစ် သွေးမျိုးဆက်၊ အခု လက်တစ်ရာတိုက်တန် သွေးမျိုးဆက်... သခင့်ဆီမှာ လျှို့ဝှက်ချက်တွေ အရမ်းများလွန်းတယ်... ပဟေဠိတစ်ခုလိုပဲ...
"ဖောက်ပြန်ပြောင်းလဲသွားတဲ့ တိုက်တန်... အဲဒါလည်း တိုက်တန်ပဲလေ..." ဘာဘရူးစ်၏ မျက်လုံးများ တောက်ပသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"သခင်... ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တူညီတဲ့ သွေးမျိုးဆက်တွေ စီးဆင်းနေတာပဲ... ဟားဟားဟား..."
"ဒီလိုလည်း ဆိုနိုင်ပါတယ်..."
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီးနောက် နတ်ဘုရားစွမ်းအင် လှိုင်းဂယက်များ ထွက်ပေါ်နေသော နတ်ဘုရားတစ်ဝက် လက်နက် ရာကျော်ကို ထုတ်ယူလိုက်သည်။
"ဒီနတ်ဘုရားတစ်ဝက်သုံး လက်နက်တွေက နဂါးနတ်ဘုရားအင်ပါယာနဲ့ တိုက်တန်အင်ပါယာရဲ့ ရတနာတိုက်ထဲကနေ ငါ လုယူလာတာ... မင်းတို့အားလုံး ကိုယ့်အတွက် သင့်တော်မယ့် လက်နက် အနည်းငယ်စီ ရွေးယူလို့ရတယ်..."
"ဒီလောက်များတဲ့ နတ်ဘုရားတစ်ဝက် လက်နက်တွေ..."
ဘာဘရူးစ်တို့ လေးယောက်မှာ မျက်လုံးများ ပြူးထွက်မတတ် အံ့အားသင့်သွားကြသည်။ သူတို့က နတ်ဘုရားတစ်ဝက်များ ဖြစ်ကြရာ နတ်ဘုရားတစ်ဝက်သုံး လက်နက်များမှာ သူတို့အတွက် အသင့်တော်ဆုံး လက်နက်များပင် ဖြစ်သည်။ သို့သော် မြေအောက်ကမ္ဘာမှ နတ်ဘုရားတစ်ဝက်များအနေဖြင့် သူတို့အားလုံးက အလွန်ဆင်းရဲကြသည်။ ဤမျှများပြားသော နတ်ဘုရားတစ်ဝက် လက်နက်များကို ဘယ်အချိန်ကများ မြင်ဖူးခဲ့ကြမည်နည်း။
"သခင်... ကျွန်တော်တို့ တကယ် ရွေးယူလို့ ရတာလား..." ဘာဘရူးစ်က အနည်းငယ် ထိန်းချုပ်မရဖြစ်လာပြီး မုန်လဲ့ကို မျှော်လင့်တကြီး ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"သေချာတာပေါ့... စိတ်ကြိုက် ရွေးယူကြ..."
မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်ပြီးနောက် မျက်လုံးများ မှိတ်ကာ သူ၏ စိတ်ဝိညာဉ်ကို အချိန်ကာလမျှော်စင်ထဲသို့ ဝင်ရောက်စေလိုက်သည်။
၉၆ ထပ်မြောက်သည် အရင်အတိုင်းပင် မှိုင်းညို့နေသော သွေးရောင်ကမ္ဘာကြီးဖြစ်ပြီး လရောင်ကောင်းကင်နှင့် လရောင်မြေပြင်တို့ဖြင့် ဖွဲ့စည်းထားသည်။ သို့သော် ယခင်နှင့်မတူသည်မှာ လေဟာနယ်နယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အသံတစ်ချက်မျှ မကြားရခြင်းပင် ဖြစ်သည်။
အမှောင်မှော်သားရဲများ ပျောက်ကွယ်သွားသလို ဤနေရာတွင် စုပုံထားသော သောင်းနှင့်ချီသည့် မိစ္ဆာများလည်း ပျောက်ကွယ်သွားလေပြီ။ အားလုံး ပျောက်ကွယ်သွားကြသည်။
ရှောင်ခယ်လဲ့(ကိုလာ)ကတော့...
မုန်လဲ့သည် ရှောင်ခယ်လဲ့ကို မြက်ခင်းပြင်တစ်ခုထဲတွင် ရှာတွေ့ခဲ့သည်။ ကောင်မလေးက သူမ၏ တောင်ပံနှစ်ဖက်ဖြင့် ကိုယ်လုံးလေးကို သေချာဖုံးအုပ်ထားပြီး အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။
"တကယ်ကြီး အကုန်စားပစ်လိုက်တာလား... အရမ်းစားနိုင်လွန်းတယ်..."
မုန်လဲ့ အနည်းငယ် စကားဆွံ့အသွားသော်လည်း ထပ်မံဆင့်ခေါ်ရဦးမည်။ သို့မဟုတ်ပါက ကောင်မလေး ဗိုက်ဆာနေလိမ့်မည်။ ထို့ကြောင့် မုန်လဲ့က အဝေးရှိ မိစ္ဆာလောကကို အာရုံခံကာ မိစ္ဆာများကို စတင် ဆင့်ခေါ်လေတော့သည်။
အဆင့်မြင့်လောကတစ်ခုအနေဖြင့် မိစ္ဆာလောကနှင့် ကောင်းကင်ယံတိုက်ကြီးတို့၏ ကွာခြားချက်ကို မုန်လဲ့ ခံစားသိရှိနိုင်သည်။
နိယာမတရားများ ပိုမိုထင်ရှားပြီး မှော်စွမ်းအင်များကလည်း ပိုမိုပြည့်ဝသည်။ အထူးသဖြင့် အမှောင်စွမ်းအင်များဆိုလျှင် အလွန်ပြည့်ဝနေပြီး အမှောင်သက်ရှိများအတွက် မြင့်မြတ်သော နယ်မြေတစ်ခုပင် ဖြစ်သည်။
ထို့အပြင် မိစ္ဆာလောက၏ နေရာလွတ် တည်ဆောက်ပုံကလည်း ပိုမိုခိုင်မာပြီး နတ်ဘုရားတစ်ဝက်အဆင့် တိုက်ခိုက်မှုများက မိစ္ဆာလောက၏ လေဟာနယ်ကို လုံးဝ မလှုပ်ခတ်နိုင်ပေ။ နေရာလွတ်ကို ဆွဲဖြဲဖို့လား... စဉ်းစားတောင် မစဉ်းစားနဲ့။
သေချာသည်မှာ မိစ္ဆာလောကက ကောင်းကင်ယံတိုက်ကြီးထက် ပိုမိုကျယ်ပြန့်ပြီး အဆုံးအစမရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း မိစ္ဆာလောက၏ နေရာအများစုမှာ လူသူကင်းမဲ့သော နေရာများ ဖြစ်နေခြင်းဖြစ်သည်။
ဒါကြောင့်လည်း မုန်လဲ့သည် မိစ္ဆာလောက ကောင်းကင်ယံတွင် အချိန်အတော်ကြာ လှည့်လည်သွားလာနေသော်လည်း မိစ္ဆာအကောင် တစ်ရာခန့်သာ ဖမ်းမိခဲ့ပြီး ရှောင်ခယ်လဲ့အတွက် သွားကြားညှပ်ရန်ပင် မလောက်ပေ။
"ဒီအတိုင်းဆို အဆင်မပြေဘူး... အဆင့်တူလောက်ရှိမယ့် မိစ္ဆာတစ်ကောင်ကောင်ကို ရှာပြီး လမ်းမေးရမယ်..."
"ဟင်... အဲဒီနေရာက မိစ္ဆာအငွေ့အသက်တွေ အရမ်းပြင်းထန်တာပဲ..."
မုန်လဲ့သည် အပင်တစ်ပင်မျှ မပေါက်သော တောင်ကတုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။ တောင်ထိပ်မှ အမည်းရောင် အခိုးအငွေ့များ ထွက်ပေါ်နေသည်။ ထိုနေရာမှာ မီးတောင်တစ်ခုဖြစ်ပြီး မိစ္ဆာအငွေ့အသက်များက မီးတောင်ဝမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း အလွန်သိသာထင်ရှားလှသည်။
မီးတောင်ဝသို့ ရောက်သောအခါ ဆူပွက်နေသော ချော်ရည်များက ပူဖောင်းများ တစီစီ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ် အပူချိန်ကို ထုတ်လွှတ်နေကာ ပြင်းထန်သော မိစ္ဆာအငွေ့အသက်များက ချော်ရည်များထဲမှ ထွက်ပေါ်နေသည်။
"နတ်ဘုရားတစ်ဝက်အဆင့်ရှိတဲ့ မိစ္ဆာ ဖြစ်ရမယ်..." မုန်လဲ့က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံကို လူပုံစံဖန်တီးကာ စတင်စိန်ခေါ်လိုက်သည်။
"ဂါး..."
နက်ရှိုင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဆိတ်ချိုများပေါက်နေသော ဧရာမ ခေါင်းကြီးတစ်ခု ချော်ရည်များထဲမှ ထွက်ပေါ်လာသည်။ မျက်လုံးများက သွေးရောင်ပတ္တမြားများကဲ့သို့ နီရဲနေပြီး အလွန်ဆိုးယုတ်လှသည်။
"အောက်တန်းကျတဲ့ လူသား မှော်ဆရာ... ကြီးမြတ်တဲ့ သခင် ဂါဘရီရယ်ရဲ့ အိပ်စက်ခြင်းကို လာနှောင့်ယှက်ရဲတယ်ပေါ့... မင်းကို ငါ စားပစ်မယ်..."
"ဒီအငွေ့အသက်က... ဒါက... မီးမိစ္ဆာ လား..."
မုန်လဲ့၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လွင်လာသည်။ ဤနေရာသို့ လာစဉ်ကတည်းက မီးတောင်ထဲမှ ထွက်ပေါ်နေသော မိစ္ဆာအငွေ့အသက်များကို ရင်းနှီးနေသလို ခံစားရသည်။ တကယ်တော့ မီးတောင်ထဲတွင် မီးလျှံမိစ္ဆာ တစ်ကောင် အိပ်ပျော်နေခြင်းဖြစ်ပေသည်။
မီးလျှံမိစ္ဆာ... သူ အရင်က မီးမိစ္ဆာ သွေးမျိုးဆက်ကို ပေါင်းစပ်ခဲ့ဖူးသဖြင့် မုန်လဲ့ လုံးဝ မေ့မသွားနိုင်ပေ။
"ဂါး..."
ချော်ရည်ထဲမှ မီးလျှံမိစ္ဆာက တိုက်ခိုက်မှုကို စတင်လိုက်သည်။ ချော်ရည်များဖြင့် ဖွဲ့စည်းထားသော မီးနဂါးနှစ်ကောင် ချော်ရည်ကန်ထဲမှ ထွက်ပေါ်လာပြီး မုန်လဲ့ထံသို့ တိုက်ရိုက် ပျံသန်းလာသည်။
မုန်လဲ့က လက်ချောင်းလေး တစ်ချက် တွန့်လိုက်ရာ မီးနဂါးနှစ်ကောင် လားရာပြောင်းသွားပြီး မီးမိစ္ဆာထံသို့ ပြန်လည်ပျံသန်းသွားသည်။
"ကျစ်..."
မီးလျှံမိစ္ဆာက ချော်ရည်ကန်ကို ရိုက်ချလိုက်ရာ ချော်ရည်ရေတံခွန်တစ်ခု ထွက်ပေါ်လာပြီး မီးနဂါးနှစ်ကောင်ကို တားဆီးလိုက်သည်။
"နည်းနည်းတော့ စွမ်းအားရှိသားပဲ... ဒါပေမဲ့ ဒီနေရာက ငါ့ပိုင်နက်ကွ... ဒီမှာ လာပြီး ရမ်းကားလို့ ရမယ်ထင်နေလား..."
မီးမိစ္ဆာက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ချော်ရည်များထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ အရပ် ဆယ်ပေခန့် မြင့်ပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များ လွှမ်းခြုံထားသော အရွယ်ရောက်ပြီး မီးမိစ္ဆာ တစ်ကောင် ဖြစ်လေသည်။
"သေလိုက်စမ်း..."
မီးမိစ္ဆာက ဟိန်းဟောက်လိုက်ပြီး ချက်ချင်းပင် လျှပ်စီးတစ်တန်းအလား ပြေးဝင်လာသည်။
"အဆုံးစွန် ရွှေအသွင်ပြောင်းခြင်းပညာ..."
မုန်လဲ့က စကားလုံးလေးလုံးကို ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
မိစ္ဆာလောကတွင် သူက နတ်ဘုရားဝိညာဉ် ပုံစံဖြင့်သာ ရှိနေသဖြင့် နတ်ဘုရားခန္ဓာကိုယ်၊ နတ်ဘုရားစွမ်းအား၊ နတ်ဘုရားစွမ်းရည်နှင့် နတ်ဘုရားလက်နက်များကို အသုံးပြု၍မရပေ။ ထို့ကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အကြီးအကျယ် လျော့ကျနေသည်။
နတ်ဘုရားဝိညာဉ် ပုံစံဖြင့် အသုံးပြုနိုင်သော နည်းလမ်းများမှာ အလွန်နည်းပါးလှသည်။ စိတ်စွမ်းအင် တိုက်ခိုက်မှုများအပြင် နိယာမတရားများသာ ကျန်ရှိတော့သည်။ နတ်ဘုရားတစ်ဝက်အဆင့်ရှိ ဤမီးလျှံမိစ္ဆာကို အတိုတောင်းဆုံးအချိန်အတွင်း အနိုင်ယူချင်ပါက အစွမ်းအထက်ဆုံး နည်းလမ်းဖြစ်သည့် ရွှေနိယာမ ထိန်းချုပ်မှုကိုသာ အသုံးပြုရမည်ဖြစ်သည်။
"ဝှီး..."
တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး မီးမိစ္ဆာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားရာ တစ်ခဏအတွင်းမှာပင် မီးမိစ္ဆာအား လုံးဝ ရွှေတုံးအဖြစ်သို့ ပြောင်းလဲသွားစေသည်။
မုန်လဲ့က မိစ္ဆာလမ်းကြောင်းကို ဖွင့်ကာ မီးမိစ္ဆာကို ထုတ်ယူလာပြီးနောက် အဆုံးစွန် ရွှေအသွင်ပြောင်းခြင်းပညာကို ရုပ်သိမ်းလိုက်သည်။
"ဂါး..."
လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် မီးမိစ္ဆာက ကြမ်းတမ်းစွာ ရန်ပြုရန် ကြိုးစားလိုက်သော်လည်း ပတ်ဝန်းကျင်မှ အငွေ့အသက်များကို အာရုံခံမိသောအခါ မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်တင်းသွားပြီး မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပြည့်နှက်သွားလေသည်။
၁၊ ၂၊ ၃၊ ၄၊ ၅။
နတ်ဘုရားတစ်ဝက် ၅ ပါးတောင် ရှိနေပြီး နတ်ဘုရားတစ်ဝက်တိုင်း၏ အငွေ့အသက်က သူ့ထက် အများကြီး ပိုမို အစွမ်းထက်နေသည်။
"အ... အရှင်တို့..."
မီးမိစ္ဆာမှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ဒူးထောက်လိုက်သည်။
"ခေါင်းမော့စမ်း..." မုန်လဲ့က အေးဆေးစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်..."
မီးမိစ္ဆာက တုန်တုန်ရီရီဖြင့် ခေါင်းမော့လာပြီး မုန်လဲ့ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ မုန်လဲ့က သူ့ကို ဖမ်းလာခဲ့ခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
"မိစ္ဆာလောကရဲ့ အခြေအနေကို ပြောပြစမ်း…”