အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း ၂၅၀။ ရှောင်ခယ်လဲ့ ထွက်ခွာခြင်း... ဆူနာမီလှိုင်းလုံးများ တိုက်ခတ်ခြင်း
"နတ်ဘုရားအမြုတေ"
နတ်ဘုရားအမြုတေများကို မြင်လိုက်ရသောအခါ ၄ ယောက်လုံး တစ်ကိုယ်လုံး တုန်ခါသွားပြီး သူတို့၏ မျက်လုံးများမှာ ဆူဖြိုးနေတဲ့ဝက်လေးများကို မြင်လိုက်ရသော ဆာလောင်နေသည့် ဝံပုလွေများအလား လောဘတကြီးနှင့် ပြင်းပြသော ဆန္ဒများ အထင်းသား ပေါ်လွင်နေလေသည်။
"ငါက အမြဲတမ်း အပြစ်ရှိရင် အပြစ်ပေးတယ်... အကျိုးပြုရင် ဆုချတယ်... ဒီတစ်နှစ်အတွင်းမှာ မင်းတို့ လုပ်ခဲ့တာတွေ အရမ်းကောင်းတယ်... ငါ အရမ်း ကျေနပ်တယ်... ဆုချကို ချရမယ်"
မုန်လဲ့က လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအမြုတေ ၄ ခုမှာ ၄ ယောက်ထံသို့ ပျံသန်းသွားလေသည်။ အနက်ရောင် နတ်ဘုရားအမြုတေက ဘာဘရူးစ်ထံသို့၊ ငွေရောင်က ဆယ်စီယာထံသို့၊ အပြာရောင်က နာဂျီယာထံသို့၊ ရွှေရောင်က ကလောက်စ်ထံသို့ အသီးသီး ရောက်ရှိသွားကြသည်။
"အခု ဒါတွေက မင်းတို့ဟာတွေပဲ"
မုန်လဲ့က ပြုံးကာ ပြောလိုက်သည်။ "ဒီနတ်ဘုရားအမြုတေ ၄ ခုကို ငါ သန့်စင်ပြီးပြီ... မူလပိုင်ရှင်ရဲ့ လွှမ်းမိုးမှုကို ခံရမှာ မပူဘဲ စိတ်ချလက်ချ ပေါင်းစပ်လို့ ရပြီ"
"ကျေးဇူးတင်ပါတယ် သခင်"
၄ ယောက်လုံး ဒူးထောက်ချလိုက်ကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ နတ်ဘုရားအမြုတေ... သခင်က သူတို့ကို နတ်ဘုရားအမြုတေတွေ ဆုချလိုက်တာ... ဒါက တကယ့်ကို ကြီးမားလှတဲ့ ကျေးဇူးတရားပဲ။
"အဆင့်နိမ့်နတ်ဘုရားအမြုတေလေးတွေပါ... သိပ်ပြီး အရေးလုပ်စရာ မလိုပါဘူး"
မုန်လဲ့က အေးဆေးစွာ ပြုံးလိုက်ပြီး "မင်းတို့သာ ငါ့အတွက် သေချာ အလုပ်လုပ်ပေးမယ်ဆိုရင် အလယ်အလတ် နတ်ဘုရားအမြုတေတွေလည်း ရလာဦးမှာပဲ... အဆင့်မြင့် နတ်ဘုရားအမြုတေတွေတောင် ရလာနိုင်တယ်" ဟု ဆက်ပြောလိုက်သည်။
"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီး သစ္စာရှိရှိ အလုပ်လုပ်ပေးပါ့မယ်" ဟု ၄ ယောက်လုံး အလျင်အမြန် ကတိပေးလိုက်ကြသည်။
ဤအခိုက်အတန့်တွင် မုန်လဲ့ကို အညံ့ခံလိုက်ခြင်းသည် သူတို့ ဘဝတစ်လျှောက်လုံးတွင် ပြုလုပ်ခဲ့သမျှ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ အဆင့်နိမ့်နတ်ဘုရားအမြုတေ... ၎င်းကို ပေါင်းစပ်လိုက်ရုံဖြင့် သူတို့သည် အဆင့်နိမ့်နတ်ဘုရားများ ဖြစ်လာနိုင်ပြီဖြစ်သည်။ ယခင်ကဆိုလျှင် အိပ်မက်ထဲတွင်ပင် မက်ရဲခဲ့သော အရာတစ်ခု ဖြစ်သော်လည်း ယခုမူ တကယ် ဖြစ်လာတော့မည်ဖြစ်သည်။ တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်။
"သွားတော့... နတ်ဘုရားအမြုတေတွေကို သွားပေါင်းစပ်ကြတော့"
မုန်လဲ့က လက်ကာပြကာ သူတို့ကို နန်းတော်ထဲမှ ထွက်သွားစေလိုက်သည်။
ထို့နောက် မုန်လဲ့သည် အချိန်ကာလမျှော်စင်၏ ၉၆ ထပ်မြောက်သို့ ချက်ချင်း ဝင်ရောက်သွားလေသည်။ တစ်နှစ်ကျော်ကြာ ရှောင်ခယ်လဲ့ကို မမြင်တွေ့ရသဖြင့် မုန်လဲ့ အနည်းငယ် စိုးရိမ်နေမိသည်။
နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ၉၆ ထပ်မြောက် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသော်လည်း ရှောင်ခယ်လဲ့ကို မတွေ့ရပေ။ မုန်လဲ့ အံ့အားသင့်သွားပြီး အထပ် ၁၀၀ သို့ ချက်ချင်း ကူးပြောင်းသွားလေသည်။
"ဒိုဒိုလာ... ရှောင်ခယ်လဲ့ရော"
ဒိုဒိုလာမှာ အိပ်မောကျနေစဉ် မုန်လဲ့၏ အော်သံကြောင့် လန့်နိုးသွားပြီး ဒေါသထွက်ကာ "မင်း အရူးလား... သူများ အိပ်နေတာကို အနှောင့်အယှက် ပေးရလား" ဟု အော်လိုက်သည်။
"ရှောင်ခယ်လဲ့ရော"
မုန်လဲ့က ဂရုမစိုက်နိုင်တော့ဘဲ ထပ်မေးလိုက်သည်။
"သူလား... မိစ္ဆာလောကကို ပြန်သွားတာ ကြာလှပြီ"
ဒိုဒိုလာက အိပ်မှုန်စုံမွှား မျက်လုံးများကို ပွတ်သပ်ရင်း မကျေမနပ်ဖြင့် ပြန်ဖြေလိုက်သည်။ "မင်းက တစ်နှစ်ကျော်တောင် အိပ်နေတာဆိုတော့ သူက မပြန်ဘဲ နေပါ့မလား"
"မိစ္ဆာလောကကို ပြန်သွားတယ် ဟုတ်လား"
မုန်လဲ့ တစ်ကိုယ်လုံး တုန်ခါသွားသည်။ "သူ ဘယ်လိုလုပ် မိစ္ဆာလောကကို ပြန်သွားတာလဲ... ဘာတွေ ဖြစ်ခဲ့တာလဲ"
"သေချာပေါက် သူ့ဘာသာသူ ထွက်သွားတာပေါ့"
ဒိုဒိုလာက မျက်စောင်းထိုးလိုက်သည်။ "တစ်နှစ်ကျော်တောင် ရှိနေပြီ... သူသာ မထွက်သွားရင် ငတ်သေမှာပေါ့... မင်းလည်း စိတ်ပူမနေပါနဲ့... သူက ကောင်းကင်ကျ မိစ္ဆာနတ်သမီး တစ်ပါးပဲ... မိစ္ဆာလောကမှာ နေတာက ဒီထက် ပိုကောင်းတယ်"
"သူ ဘယ်တုန်းက ထွက်သွားတာလဲ... မင်းက ဘာလို့ သူ့ကို မတားတာလဲ" မုန်လဲ့ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
"တားရမယ်... မင်းက သူ့ကို ငတ်သေစေချင်လို့လား"
ဒိုဒိုလာက နှုတ်ခမ်းမဲ့လိုက်သည်။ "မင်း အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပဲ ရှောင်ခယ်လဲ့က မိစ္ဆာတွေ အကုန်လုံးကို စားပစ်လိုက်တယ်... ငါ ခဏ သတိလွတ်သွားတာနဲ့ သူက မိစ္ဆာလောကကို ပြန်သွားတာပဲ"
မုန်လဲ့ တိတ်ဆိတ်သွားသည်။
ကောင်းကင်ကျ မိစ္ဆာနတ်သမီးဆိုသည်မှာ မူလကတည်းက မိစ္ဆာလောက၏ မျိုးနွယ်စုဖြစ်ပြီး မွေးရာပါ မိစ္ဆာလောကနှင့် အဆက်အသွယ် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
ရှောင်ခယ်လဲ့ တကယ် ထွက်သွားချင်သည်ဆိုပါက ဒိုဒိုလာက အမြဲတမ်း စောင့်ကြည့်မနေလျှင် တားနိုင်မည် မဟုတ်ပေ။ ထို့အပြင် အစားအစာများ အကုန်ကုန်သွားပြီး နေ့တိုင်း ဗိုက်ဆာနေမည်ဆိုလျှင် ဒိုဒိုလာက မည်သို့ တားနိုင်မည်နည်း။
"မရဘူး... ငါ သူ့ကို သွားရှာရမယ်"
မုန်လဲ့က မျက်လုံးမှိတ်ကာ မိစ္ဆာလောကသို့ သူ၏ နတ်ဘုရားဝိညာဉ်ကို ထပ်မံ စေလွှတ်လိုက်ပြီး ရှောင်ခယ်လဲ့နှင့် သူ၏ ကြားရှိ သွေးဆက်သွယ်မှုမှတစ်ဆင့် ရှာဖွေရန် ကြိုးစားလိုက်သည်။
တစ်မိနစ်….နှစ်မိနစ်….နာရီဝက် ကုန်လွန်သွားသည်။
မုန်လဲ့သည် ရှောင်ခယ်လဲ့၏ အရိပ်အယောင်ကို လုံးဝ မခံစားမိပေ။ သူမသည် လောကကြီးထဲမှ လုံးဝ အစအန ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေလေသည်။
"မခံစားရဘူးလား" ဒိုဒိုလာက မေးလိုက်သည်။
မုန်လဲ့က ခေါင်းခါလိုက်ပြီး "မခံစားရဘူး" ဟု ဖြေလိုက်သည်။
"မခံစားရတာ ပုံမှန်ပါပဲ" ဒိုဒိုလာက အေးဆေးစွာ ပြောလိုက်သည်။ "သွေးဆက်သွယ်မှုဆိုတာ အခြေခံအကျဆုံး သွေးမျိုးဆက် စာချုပ်ပဲ... ဝိညာဉ်စာချုပ် မဟုတ်ဘူး... ခပ်ဝေးဝေး ရောက်သွားတာနဲ့ အာရုံခံလို့ မရတော့ဘူး"
"ပြီးတော့ မိစ္ဆာလောကက အဆုံးအစမရှိသလောက် ကျယ်ဝန်းတယ်... ရှောင်ခယ်လဲ့က ဘယ်ထောင့်ကိုများ ရောက်နေမလဲ ဘယ်သူသိမှာလဲ... မင်း ခံစားမိရင်သာ ထူးဆန်းနေမှာပေါ့"
ထိုစကားကို ကြားသောအခါ မုန်လဲ့ အနည်းငယ် စိတ်အေးသွားပြီး သက်ပြင်းချကာ "သူ ဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်" ဟု ပြောလိုက်သည်။
"စိတ်ချပါ... သူ ဘာမှမဖြစ်ပါဘူး" ဒိုဒိုလာက ခေါင်းခါလိုက်သည်။ "ကောင်းကင်ကျ မိစ္ဆာနတ်သမီးဆိုတာ အဆင့်မြင့် မိစ္ဆာပဲ... လေ့ကျင့်ရေး အမြန်နှုန်းက အရမ်းမြန်တယ်... ပြီးတော့ မိစ္ဆာလောကမှာက အစားအစာတွေနဲ့ အာဟာရတွေ အများကြီး ရှိတယ်ဆိုတော့... ရှောင်ခယ်လဲ့ သေချာပေါက် အောင်မြင်လာမှာပါ"
"ဒီလိုပဲ မျှော်လင့်ရတာပေါ့"
မုန်လဲ့က သက်ပြင်းချလိုက်ပြီး အချိန်ကာလမျှော်စင်ထဲမှ ထွက်လာကာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေလိုက်သည်။ သူသည် မပျံသန်းဘဲ ခြေလျင်သာ လျှောက်နေခြင်း ဖြစ်သည်။
စိတ်အခြေအနေ မကောင်းသဖြင့် ပင်လယ်လေကို ရှူရှိုက်ရင်း စိတ်အပန်းဖြေရန် ဖြစ်သည်။ ရွှေရောင် နဂါး-ခြင်္သေ့ ကျွန်းမှ နဂါးစမ်းရေကျွန်းသို့... တဖြည်းဖြည်းနှင့် မုန်လဲ့ လမ်းပျောက်သွားလေတော့သည်။
...
ပိရှားကျွန်း။
ကျွန်းပေါ်တွင် ရေချိုများ ပေါများပြီး နေရောင်ခြည် ကျရောက်သောအခါ မနက်ခင်း တိမ်ရောင်စုံများ ဖြစ်ပေါ်တတ်သဖြင့် ပိရှားကျွန်းဟု အမည်တွင်ခြင်း ဖြစ်သည်။
ကျွန်းလေးမှာ မကြီးမားလှဘဲ ကီလိုမီတာ အနည်းငယ်သာ ကျယ်ဝန်းသည်။ သေးငယ်လွန်းသဖြင့် အမြဲတမ်း နေထိုင်သူများ မရှိသော်လည်း အနီးအနားမှ ငါးဖမ်းထွက်သော သင်္ဘောများကတော့ ရေချို ဖြည့်တင်းရန်အတွက် ခေတ္တ ဝင်နားလေ့ရှိကြသည်။
ယနေ့တွင် ဖာထေးထားသော ငါးဖမ်းသင်္ဘော အစုတ်လေးတစ်စီး ကမ်းစပ်တွင် ဆိုက်ကပ်လာပြီး တံငါသည် သုံးယောက် ဆင်းလာကာ ရေချိုဖြည့်ရန်အတွက် ရေပုံးများ ကိုင်ဆောင်၍ ကျွန်းပေါ်သို့ တက်လာကြသည်။
"အဘိုးဂျက်... ရောက်လာပြီလား"
ကျွန်းပေါ်တွင် ရှိနှင့်နေသော တံငါသည်များက အသစ်ရောက်လာသော တံငါသည် သုံးယောက်ကို နှုတ်ဆက်လိုက်ကြသည်။ အားလုံးက အနီးအနား ကျွန်းများမှ တံငါသည်များ ဖြစ်ကြပြီး အချင်းချင်း သိကျွမ်းလာသည်မှာ ဆယ်စုနှစ်ချီ ရှိနေပြီဖြစ်သည်။
"အင်း... ရောက်လာပြီ"
အဘိုးဂျက်မှာ အသက် ခြောက်ဆယ်ကျော် အဘိုးအို တစ်ဦးဖြစ်ပြီး နေလောင်ထားသော မျက်နှာပေါ်တွင် အရေးအကြောင်းများ အပြည့်ဖြစ်နေသည်။ သူ၏ အနောက်တွင် လိုက်ပါလာသူများမှာ သူ၏ သားဖြစ်သူ ဂျက်အငယ်နှင့် ချွေးမဖြစ်သူ ကလိုင်တို့ ဖြစ်ကြသည်။
"အဘိုးဂျက်... ရေခပ်တာ သားနဲ့ ချွေးမကို လွှတ်လိုက်လေ... ကျုပ်တို့ နှစ်ယောက် ဆေးလိပ်သောက်ရင်း စကားပြောကြရအောင်"
ကောက်ရိုးဦးထုပ် ဆောင်းထားသော တံငါသည် အဘိုးအို တစ်ဦးက အနီးရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း အဝါရောင် သွားများကို ပေါ်အောင် ပြုံးပြကာ ပြောလိုက်သည်။
"အေးပါ"
အဘိုးဂျက်က ရေပုံးများကို သားဖြစ်သူထံ ကမ်းပေးလိုက်ပြီး တံငါသည် အဘိုးအို အနီးရှိ ကျောက်တုံးပေါ်တွင် သွားထိုင်လိုက်သည်။ "အဘိုးဘတ်စ်... အခုတလော ငါးဖမ်းရတာ အဆင်ပြေရဲ့လား"
"အင်း... မပြောပါနဲ့တော့... အခုတလော ငါးရတာ တစ်နေ့ထက် တစ်နေ့ နည်းလာတယ်... တကယ် ထူးဆန်းတယ်... မင်းတို့ရော အဆင်ပြေရဲ့လား" အဘိုးအိုက ခေါင်းခါရင်း မေးလိုက်သည်။
"ငါတို့လည်း ဒီလိုပါပဲ..."
အဘိုးအို နှစ်ဦးက တစ်ယောက်တစ်ခွန်း စကားပြောနေကြစဉ် အဘိုးဂျက်၏ ငါးဖမ်းသင်္ဘော အစုတ်လေးပေါ်တွင် ခြေဗလာနှင့် လူငယ်တစ်ဦး ထိုင်ကာ သာမန် ငါးဖမ်းခက်ရင်း တစ်ခုကို သေချာစွာ သုတ်သင်နေလေသည်။
"အစ်ကို ဂါလင်"
ကြမ်းတမ်းသော လျှော်စကတ်ကို ဝတ်ဆင်ထားသည့် ချစ်စရာ ကောင်မလေး တစ်ယောက် ရေဗူးတစ်ဗူးကို ကိုင်ကာ ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ "အစ်ကို ဂါလင်... ရေလေး သောက်လိုက်ဦး"
"ကျေးဇူးပါ ဟယ်လင်"
ဂါလင်ဟု အမည်ရသည့် လူငယ်က ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ရေဗူးကို ဖွင့်ကာ တစ်ငုံ သောက်လိုက်သည်။ ချိုမြိန်သော စမ်းရေများက အဆုတ်ထဲသို့ ဝင်ရောက်သွားပြီး လည်ချောင်းကို စိုစွတ်စေကာ အလွန် အရသာရှိလှသည်။
"အစ်မ... အရမ်း မျက်နှာလိုက်တာပဲ... ဘာလို့ အစ်ကို ဂါလင်ကိုပဲ ရေပေးတာလဲ... ကျွန်တော့်အတွက်ရော"
ဂါလင်၏ အနောက်မှ ခေါင်းပြောင်ပြောင်နှင့် ဆယ်ကျော်သက် လူငယ်လေး တစ်ယောက် ထွက်လာပြီး မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။ သူသည်ကား ဟယ်လင်၏ မောင်ဖြစ်သူ ဖေလင် ပင်ဖြစ်သည်။
ဟယ်လင်၏ လှပသော မျက်လုံးများက ပြူးကျယ်သွားပြီး ဆူပူလိုက်သည်။ "အစ်ကို ဂါလင်က အလုပ်လုပ်နေရတာ... ပင်ပန်းနေမှာပေါ့... ငါ သူ့ကို ရေပေးတာ ဘာဖြစ်လို့လဲ... နင့်ကိုကြည့်စမ်း... ကစားဖို့ပဲ သိတယ်"
"ကျွန်တော်လည်း အလုပ်လုပ်နေတာပဲလေ"
ဖေလင်က ပါးစပ်ကို စူကာ မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။ "အစ်မက မိန်းမပျိုလေး သဘာဝ ယောက်ျားလေးကို စိတ်ဝင်စားနေတာလေ... အစ်ကို ဂါလင် ရောက်လာကတည်းက အစ်မ မျက်လုံးထဲမှာ သူပဲ ရှိတော့တာ"
"နင် သေချင်နေတာလား"
ဟယ်လင်၏ မျက်နှာ လှပစွာ နီရဲသွားပြီး နေလှန်းထားသော ငါးခြောက်တစ်ကောင်ကို ယူကာ ရိုက်မည် ပြုလိုက်သည်။ ဖေလင်က ကြောက်လန့်တကြား အော်ဟစ်ကာ သင်္ဘော၏ အခြားတစ်ဖက်သို့ ပြေးသွားလေတော့သည်။
"သေနာလေး...ပြန်လာရဲရင်ပြန်လာကြည့်"
ဟယ်လင်က ညီဖြစ်သူကို ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ဂါလင်ကို ခိုးကြည့်လိုက်သည်။ "အစ်ကို ဂါလင်... ဖေလင်က လျှောက်ပြောနေတာပါ... စိတ်ထဲ မထားပါနဲ့နော်"
"ရပါတယ်"
ဂါလင်က ပြုံးကာ ခေါင်းခါလိုက်သည်။ ချောမောသော မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးများ ပေါ်လွင်နေသည်။
ဟယ်လင်၏ မျက်နှာလေး နီရဲသွားပြီး ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာသည်။ "အစ်... အစ်ကို ဂါလင်... အလုပ်ဆက်လုပ်လိုက်ပါဦး... ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်"
ထို့နောက် သင်္ဘောခန်းထဲသို့ ပြေးဝင်သွားလေတော့သည်။
"ဒီကောင်မလေးကတော့..."
ဂါလင်က ပြုံး၍ ခေါင်းခါလိုက်ပြီး ငါးဖမ်းခက်ရင်းကို ဆက်လက် သုတ်သင်နေသည်။ ထိုစဉ် ဖေလင်က ထပ်မံ ပေါ်လာပြီး ဂါလင်အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အစ်ကို ဂါလင်... လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်... အစ်မကိုတော့ မပြောနဲ့နော်"
"ဘာကိစ္စမို့လို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ"
ဖေလင်က သင်္ဘောခန်းကို ခိုးကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အစ်ကို ဂါလင်... ကျွန်တော် ပြောမယ်... အစ်မက အစ်ကို့ကို သဘောကျနေတယ် သိလား... တကယ် ပြောတာ... သူ အစ်ကို့ကို သဘောကျနေတာ"
ဂါလင် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အသံတိတ် ရယ်မောလိုက်သည်။ "မင်းက ကလေးလေးပါ... ကိုယ့်အစ်မကို နောက်ရဲတယ်ပေါ့... အစ်မကို တိုင်ပြောလိုက်ရမလား"
"မပြောပါနဲ့... လုံးဝ မပြောပါနဲ့"
ဖေလင်က အလျင်အမြန် တောင်းပန်လိုက်သည်။ "အစ်မကို ပြောလိုက်ရင် ကျွန်တော့်ကို အရေခွံခွာမှာ သေချာတယ်... ဒါပေမဲ့ ကျွန်တော် တကယ်ပြောတာ... သူ တကယ်ပဲ အစ်ကို့ကို သဘောကျနေတာ"
"သူက အစ်ကို အလုပ်လုပ်နေတာကို အမြဲတမ်း ခိုးကြည့်ပြီး တစ်ယောက်တည်း ပြုံးနေတတ်တယ်... ဝိညာဉ်လွင့်နေတဲ့ လူတစ်ယောက်လိုပဲ... ပြီးတော့ သူ အိပ်မက်ယောင်ရင်လည်း အစ်ကို့အကြောင်းတွေ ပြောနေတာ..."
"ဒီကောင်လေးကတော့... အမှတ်မရှိဘူး ဖြစ်နေတယ်ပေါ့" ဂါလင် မျက်မှောင်ကြုတ်လိုက်ပြီး "ဆက်ပြောနေမယ်ဆိုရင် ရိုက်လိုက်မှာနော်" လို့ ခပ်တည်တည်နဲ့ ပြောလိုက်တယ်။
"ရပါပြီ... ရပါပြီ... မပြောတော့ပါဘူး"
ဖေလင်က အကြောင်းအရာကို အမြန်လွှဲလိုက်သည်။ "ဒါနဲ့ အစ်ကို ဂါလင်... အစ်ကို ငါးထိုးတာ ဘယ်လိုလုပ် အမြဲတမ်း တည့်နေတာလဲ... ကျွန်တော့်ကို သင်ပေးပါလား"
"အေး... ဒါမှ ကလေးတွေ သိသင့်တဲ့ ကိစ္စပဲ"
ဂါလင်က ပြုံးလိုက်ပြီး "ငါးထိုးတာက အဓိက အချက်နှစ်ချက် ရှိတယ်... ပထမတစ်ခုက အားအင်ကို ထိန်းချုပ်တာ... ဒုတိယတစ်ခုက နည်းစနစ် ကျွမ်းကျင်တာပဲ... အားအင်က..."
"အစ်ကို ဂါလင်..."
ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော အနံ့တစ်ခု ထွက်ပေါ်လာပြီး ကောင်မလေးက အရသာရှိသော ငါးဟင်းချို တစ်ခွက်ကို ကိုင်ကာ ထွက်လာသည်။
"ဝုန်း"
ထိုအချိန်မှာပင် အဝေးမှနေ၍ နက်ရှိုင်းပြီး ကျယ်လောင်လှသော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ တင့်ကားထောင်သောင်းချီ ဖြတ်သန်းသွားသကဲ့သို့ ကြီးမားလှသော အသံကြီး ဖြစ်လေသည်။
"ဘာအသံကြီးလဲ"
ဂါလင်၊ ဖေလင်နှင့် ဟယ်လင်တို့ သုံးယောက်လုံး အလန့်တကြား ဖြစ်သွားကြပြီး ထရပ်ကာ ကြည့်လိုက်ကြသည်။
သူတို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားလေသည်။ အဝေးမှ ပင်လယ်ပြင်ပေါ်တွင် ပေတစ်ရာကျော် မြင့်မားသော လှိုင်းလုံးကြီးတစ်ခု ထတက်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
လှိုင်းလုံးကြီးမှာ နံရံကြီးတစ်ခုအလား ဤဘက်သို့ ရွေ့လျားလာနေသည်။ အမြန်နှုန်းမှာ နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်မြန်ဆန်လှပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် မိုင်အနည်းငယ် အလိုသို့ ရောက်ရှိလာလေပြီ။
"ဆူနာမီ"
"ဆူနာမီ လာနေပြီ"
ဟယ်လင်၏ မျက်နှာလေး ဖြူရော်သွားပြီး လက်ထဲရှိ ငါးဟင်းချိုခွက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ဖေလင်မှာလည်း ကြောက်လန့်တကြား တုန်ရီနေပြီး အလွန်အမင်း ထိတ်လန့်နေလေသည်။
"ဆူနာမီ"
"ဆူနာမီပဲ"
"မြန်မြန် ပြေးကြ"
သင်္ဘောပေါ်နှင့် ကမ်းစပ်ရှိ တံငါသည်များ အားလုံးလည်း ရွေ့လျားလာနေသော ပေတစ်ရာကျော် မြင့်သည့် လှိုင်းလုံးကြီးကို တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားကြပြီး လန့်ဖျပ်နေသော သမင်များအလား ပြေးလွှားနေကြလေသည်။
သင်္ဘောပေါ်ရှိ တံငါသည်များမှာလည်း သင်္ဘောကို စွန့်ပစ်ကာ ကျွန်းပေါ်သို့ ပြေးတက်သွားကြပြီး ကျွန်းပေါ်တွင် ပုန်းခိုကာ ဘေးလွတ်ရန် မျှော်လင့်နေကြလေသည်။
"သွားပြီ... ကျွန်းပေါ် ပြေးတက်လည်း အလကားပဲ... ပိရှားကျွန်းက အရမ်းသေးတော့ ဒီလောက်ကြီးတဲ့ ဆူနာမီကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ဘူး" ဟု အဘိုးဂျက်က တီးတိုးရေရွတ်နေလေသည်။
"ဂါ... အစ်ကို ဂါလင်... ဆူ... ဆူနာမီ လာနေပြီ" ဟယ်လင်၏ ခန္ဓာကိုယ်လေး တုန်ရီနေပြီး အလွန် ကြောက်လန့်နေလေသည်။
"အင်း... ဆူနာမီပဲ" ဂါလင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"သွားပြီ... ငါတို့ သေရတော့မယ်"
"ဒီလောက်ကြီးတဲ့ ဆူနာမီဆိုတော့ ငါတို့ကို အသားတုံးတွေ ဖြစ်အောင် ရိုက်ခွဲပစ်တော့မှာပဲ"
"ဟင့်ဟင့်ဟင့်... ငါ မသေချင်သေးဘူး... ငါ မိန်းမတောင် မရသေးဘူး... မိန်းကလေးတွေရဲ့ လက်ကိုတောင် မကိုင်ဖူးသေးဘူး... ငါ ဘယ်လိုလုပ် သေလို့ဖြစ်မှာလဲ"
"ကြီးမြတ်တဲ့ မုန်လဲ့ နတ်ဘုရား... အရှင် အရမ်း စွမ်းတယ်လို့ ကြားပါတယ်... ကျွန်တော့်ကို ကယ်တင်ပေးတော်မူပါ..."
တောင်ကြီးတစ်တောင်အလား မြင့်မားလှသော ဆူနာမီကြီးကို ကြည့်ရင်း အချို့က တုန်ရီနေကြပြီး အချို့က အော်ဟစ်ငိုကြွေးနေကြကာ အချို့က မြေပြင်ပေါ်တွင် ပုံကျနေကြလေသည်။
ကြောက်လန့်ခြင်း... စိုးရိမ်ခြင်း... မျှော်လင့်ချက်မဲ့ခြင်း... ဆူနာမီရှေ့တွင် လူသားများ၏ အင်အားမှာ အလွန်သေးငယ်လွန်းလှပေသည်။
"အစ်ကို ဂါလင်..."
ထိုအချိန်တွင် ချစ်စရာ ကောင်မလေး ဟယ်လင်က ဂါလင်၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး "အစ်ကို ဂါလင်... ကျွန်မ ရင်ထဲမှာ မြိုသိပ်ထားတာ ကြာပြီဖြစ်တဲ့ စကားတစ်ခွန်း ရှိတယ်... အခု မပြောရင် နောက်ထပ် ပြောခွင့် ရတော့မှာ မဟုတ်ဘူး..." ဟု ပြောလိုက်သည်။
"ကောင်မလေး... သေမယ်ရှင်မယ်တွေ လျှောက်ပြောနေပြန်ပြီ... ငါတို့ ဘယ်သူမှ မသေဘူး"
ဂါလင်က နွေးထွေးသော အပြုံးလေးတစ်ခု ပြုံးပြလိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားကာ ဆူနာမီဆီသို့ ပျံသန်းသွားလေတော့သည်။
"အစ်... အစ်ကို ဂါလင်”