အခန်း ၂၅၆
Vol. 26 Ch. 256
အခန်း ၂၅၆။ နတ်ဘုရားမ၏ အမိန့်တော်... ဒြပ်စင် သက်ရှိ မွေးဖွားလာခြင်း
အယ်လ်ဖ် အင်ပါယာသည် ကောင်းကင်ယံတိုက်ကြီး၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး မြောက်ဘက်တွင် မှော်သားရဲ တောင်တန်းများနှင့် ထိစပ်နေကာ တောင်ဘက်တွင် အဆုံးအစမရှိသော ပင်လယ်နက်ကြီးနှင့် ထိစပ်နေသည်။ အင်ပါယာကြီး လေးခုအနက် သစ်တောများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေသော တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။
မှော်သားရဲ တောင်တန်းများနှင့် နှိုင်းယှဉ်၍မရအောင် ကြီးမားကျယ်ပြန့်လှသော ဤသစ်တောကြီးမှာ နာမည်ကျော် အယ်လ်ဖ် သစ်တောကြီး ဖြစ်ပြီး မှော်သားရဲ တောင်တန်းများနှင့် ဆက်စပ်နေသဖြင့် အယ်လ်ဖ် သစ်တောတွင်လည်း မှော်သားရဲများ အများအပြား ရှိနေလေသည်။
မရေမတွက်နိုင်သော အယ်လ်ဖ် မျိုးနွယ်စုများက သစ်တောအတွင်း မှီတင်းနေထိုင်ကြပြီး သစ်ပင်များနှင့် အဖော်ပြုကာ မှော်သားရဲများနှင့် အတူတကွ နေထိုင်ကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အလွန် အန္တရာယ်များလှပေမည်။
သို့သော် တကယ်တမ်းတွင်မူ မှော်သားရဲများက အယ်လ်ဖ် မျိုးနွယ်စုများကို လုံးဝ တိုက်ခိုက်ခြင်း မရှိဘဲ အကာအကွယ် အတားအဆီးတစ်ခုအဖြစ် ဖန်တီးကာ အယ်လ်ဖ် မျိုးနွယ်စုများကို ကျူးကျော်မှုများမှ ကာကွယ်ပေးထားလေသည်။
အယ်လ်ဖ် သစ်တော၏ အလယ်ဗဟိုတွင် ပေသောင်းချီ မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသည့် တိုင်လုံးကြီးတစ်ခုအလား မားမတ်စွာ ရပ်တည်နေလေသည်။
ကြီးမားခမ်းနားသည်။
တိတ်ဆိတ်ငြိမ်သက်ပြီး စိမ်းလန်းစိုပြည်သည်။
ထိုသစ်ပင်ကြီးမှာ အယ်လ်ဖ် အင်ပါယာ၏ သန့်ရှင်းသော သစ်ပင်၊ မိခင်သစ်ပင် ဖြစ်သည့်... အသက်စွမ်းအင် သစ်ပင်ကြီးပင် ဖြစ်လေသည်။
အသက်စွမ်းအင် သစ်ပင်ကြီး၏ အောက်ခြေတွင် လှပသော နန်းတော်တစ်ခု ရှိသည်။ နွယ်ပင်များဖြင့် ရစ်ပတ် တည်ဆောက်ထားပြီး လှပသော ပန်းပွင့်များ အပြည့်ပွင့်နေကာ အလွန် သေသပ်လှပပြီး ကျက်သရေရှိလှသည်။ ၎င်းမှာ အယ်လ်ဖ် နန်းတော်ပင် ဖြစ်လေသည်။
ယခုအချိန်တွင် နန်းတော် အစည်းအဝေး ခန်းမထဲ၌ အယ်လ်ဖ် အင်ပါယာ၏ အထက်ပိုင်း ခေါင်းဆောင်များ အပြည့် ထိုင်နေကြသည်။
သရဖူကို ဆောင်းထားပြီး အလွန် လှပတင့်တယ်လှသော အယ်လ်ဖ်မလေး တစ်ဦးက ထိပ်ဆုံးတွင် ထိုင်နေသည်။ ပုံပြင်များထဲမှ ထွက်လာသော မိန်းမလှလေး တစ်ဦးအလား လှပပြီး ဖြူစင်ကာ ကြည့်မဝနိုင်အောင် ဖြစ်နေလေသည်။
သူမမှာ ကောင်းကင်ယံတိုက်ကြီး၏ အလှဆုံး မိန်းမပျိုလေး ဖြစ်ပြီး အယ်လ်ဖ် အင်ပါယာ၏ အုပ်ချုပ်သူ... အယ်လ်ဖ် ဧကရီပင် ဖြစ်လေသည်။
"အမတ်ကြီးတို့... ဒါက နဂါးနတ်ဘုရား အင်ပါယာက အထူးတမန် အခုလေးတင် လာပို့သွားတဲ့ ဖိတ်စာပဲ"
အယ်လ်ဖ် ဧကရီက နှုတ်ခမ်းလေးကို ညင်သာစွာ ဟကာ စကားဆိုသည်။ "တစ်လနေရင် နဂါးနတ်ဘုရား အင်ပါယာရဲ့ ဧကရာဇ်သစ် မုန်လဲ့ရဲ့ နန်းတက်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားတာပါ"
"အရှင်မင်းမြတ်... နဂါးနတ်ဘုရား အင်ပါယာက ရမ်းကားနေတာပါ... အရှင်မင်းမြတ် အနေနဲ့ လုံးဝ ဂရုစိုက်နေစရာ မလိုပါဘူး"
ခါးတွင် ဓားကို ချိတ်ဆွဲထားသော အယ်လ်ဖ် အမျိုးသမီး တပ်မှူး အဇ္ဇလာက အေးစက်စက် ပြောလိုက်သည်။ "ဧကရာဇ်သစ် နန်းတက်တာကို အမတ်တစ်ယောက်လောက် လွှတ်ပြီး ဂုဏ်ပြုလိုက်ရင် ရပါပြီ... အရှင်မင်းမြတ် ကိုယ်တိုင် သွားစရာ မလိုပါဘူး"
နောက်ကျောတွင် လေးနှင့် မြှားကို လွယ်ထားသော အယ်လ်ဖ် အမျိုးသမီး အမတ်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။
"တပ်မှူး အဇ္ဇလာ ပြောတာ မှန်ပါတယ်... အရှင်မင်းမြတ်က အယ်လ်ဖ် အင်ပါယာရဲ့ ဧကရီပါ... လူသား လူငယ်လေး တစ်ယောက်ကို သွားပြီး ဂုဏ်ပြုရမယ်ဆိုရင် အဆင့်အတန်းတွေ ကွာဟကုန်မှာပေါ့... ပြီးတော့ တစ်လနေရင် သူ အသက်ရှင်နိုင်ပါ့မလားဆိုတာတောင် သေချာ မပြောနိုင်သေးဘူးလေ... အဲဒါကိုများ ဧကရာဇ်အဖြစ် နန်းတက်ချင်နေသေးတယ်"
"ဟုတ်တယ်... ဟာရက်စ်·သီအိုဒို ဆိုတာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀၀ ကျော်ကတည်းက နတ်ဘုရားတစ်ဝက် ဖြစ်နေခဲ့တာ... အခု ပြန်ပေါ်လာပြီဆိုတော့ သူ့ရဲ့ စွမ်းအားက ဘယ်အဆင့်ထိ ရောက်နေပြီလဲ"
"လာတာ မကောင်းဘူး... ကောင်းရင် လာမှာ မဟုတ်ဘူး ဆိုတဲ့အတိုင်းပဲ"
"နှစ် ၃၀၀၀၀ ဆိုတဲ့ အချိန်မှာ ဟာရက်စ်ရဲ့ ပါရမီနဲ့ဆိုရင် စစ်မှန်တဲ့ နတ်ဘုရား ဖြစ်နေလောက်ပြီ"
"မှန်တယ်... စစ်မှန်တဲ့ နတ်ဘုရား တစ်ပါးက တိုက်ခိုက်လာမှာကို... သူက ဧကရာဇ်အဖြစ် နန်းတက်ချင်နေသေးတယ်... တကယ်တော့ သူက အရမ်း ငယ်လွန်းသေးတယ်...မောက်မာလွန်းရင် အလွယ်တကူ ကျိုးပဲ့တတ်တယ်ဆိုတာ သူ မသိဘူးထင်တယ်"
"ပြီးတော့ ကျွန်မ စိုးရိမ်တာ တစ်ခု ရှိသေးတယ်... မုန်လဲ့က နဂါးနတ်ဘုရား အင်ပါယာကို သိမ်းပိုက်ပြီး နဂါးနတ်ဘုရားရဲ့ တစ်ခုတည်းသော ယုံကြည်မှု နေရာကို ဖျက်ဆီးပစ်လိုက်တာ... နဂါးနတ်ဘုရားက ဒီအတိုင်း ငြိမ်နေပါ့မလား"
"မှန်တယ်... နဂါးနတ်ဘုရားက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး"
အမတ်များ၏ စကားများကို ကြားသောအခါ အယ်လ်ဖ် ဧကရီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "အမတ်ကြီးတို့ရဲ့ သဘောထားကို ကိုယ်တော် နားလည်ပါပြီ... ဒါဆိုရင် တမန် တစ်ယောက် လွှတ်လိုက်မယ်"
ဝုန်း...
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အရှိန်အဝါ တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး အယ်လ်ဖ် ဧကရီ၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။ အယ်လ်ဖ် ဧကရီ၏ အငွေ့အသက်များ ချက်ချင်း ပြောင်းလဲသွားပြီး ခမ်းနားထည်ဝါ... မြင့်မြတ်... လေးနက်သော အသွင်သို့ ရောက်ရှိသွားလေသည်။
"နတ်ဘုရားမ ဆင်းသက်လာပြီ"
ထိုမြင်ကွင်းကို မြင်လိုက်ရသော အမတ်များ အားလုံး အလျင်အမြန် မတ်တပ်ရပ်လိုက်ကြပြီး အယ်လ်ဖ် ဧကရီကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်ကြသည်။ သူတို့၏ အမူအရာများမှာ ယခင်ကထက် များစွာ ပိုမို ရိုသေကိုင်းရှိုင်းနေလေသည်။
အယ်လ်ဖ် ဧကရီက မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။ ခဏအကြာတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အရှိန်အဝါ ပျောက်ကွယ်သွားပြီး အယ်လ်ဖ် ဧကရီသည်လည်း ယခင်ပုံစံအတိုင်း ပြန်လည် ဖြစ်သွားလေသည်။
"ထွက်သွားပြီလား"
"နတ်ဘုရားမ ထွက်သွားပြီ"
အယ်လ်ဖ်များ အားလုံး သက်ပြင်းချလိုက်ကြပြီး အယ်လ်ဖ် ဧကရီကို ကြည့်ကာ... "အရှင်မင်းမြတ်... နတ်ဘုရားမက ဘာတွေများ ညွှန်ကြားသွားပါသလဲ" ဟု မေးလိုက်ကြသည်။
"ရှိတယ်"
အယ်လ်ဖ် ဧကရီ၏ မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။ "နတ်ဘုရားမက မုန်လဲ့ရဲ့ လုံခြုံရေးကို မဖြစ်မနေ ကာကွယ်ပေးရမယ်လို့ ညွှန်ကြားသွားတယ်... ဟာရက်စ်ရဲ့ သတ်ဖြတ်ခြင်းကို မခံရစေနဲ့တဲ့"
"ဒါ..."
အယ်လ်ဖ်များ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် နားမလည်မှုများ ပေါ်လွင်လာသည်။ မုန်လဲ့ကို ကာကွယ်ရမည်... ဒါက ဘာသဘောလဲ။
"မုန်လဲ့က ဘယ်သူမို့လို့လဲ... နတ်ဘုရားမ ကိုယ်တိုင် အမိန့်ပေးပြီး သူ့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးခိုင်းရတာလဲ... ဒါက အရမ်း ထူးဆန်းလွန်းနေတယ်"
"မုန်လဲ့က မိစ္ဆာကြီး ဝင်စားတယ်လို့ ကောလာဟလတွေ ထွက်နေတယ် မဟုတ်ဘူးလား... တကယ်တော့ သူက နတ်ဘုရား လူဝင်စားပြီး နတ်ဘုရားမရဲ့ သူငယ်ချင်း များလား"
"အဲဒီလို ဖြစ်နိုင်ချေ ရှိတယ်နော်..."
မိန်းမဆိုသည်မှာ အမြဲတမ်း အတင်းအဖျင်း ပြောတတ်သော သတ္တဝါများ ဖြစ်သည်... သူတို့သည် အယ်လ်ဖ်များ ဖြစ်နေစေကာမူ ထိုသဘာဝက ပြောင်းလဲသွားခြင်း မရှိပေ။
"နတ်ဘုရားမက အမိန့်ပေးထားပြီးမှတော့ ငါတို့ လိုက်နာရမှာပဲ"
အယ်လ်ဖ် ဧကရီက ဆုံးဖြတ်ချက် ချလိုက်သည်။ "ကိုယ်တော့် အကြံကတော့... အမတ် တစ်ယောက်ကို နဂါးနတ်ဘုရား အင်ပါယာကို တရားဝင် လွှတ်လိုက်မယ်... ကိုယ်တော်ကတော့ လျှို့ဝှက် သွားမယ်... အမတ်ကြီးတို့ သဘောတူကြရဲ့လား"
"အရှင်မင်းမြတ်ရဲ့ အမိန့်ကို နာခံပါ့မယ်" အမတ်များ အားလုံး အရိုအသေပေးကာ သဘောတူလိုက်ကြသည်။
"ဒါဆိုရင် သွားပြင်ဆင်ကြတော့"
အယ်လ်ဖ် ဧကရီက ညင်သာစွာ ပြောလိုက်သည်။ "ဒါက သာမန် နန်းတက်ပွဲ တက်ရုံ သက်သက် မဟုတ်ဘူး... ဘာတွေ ပြင်ဆင်ရမလဲဆိုတာ အမတ်ကြီးတို့ သေချာ သိမှာပါ... ကိုယ်တော် အများကြီး မပြောတော့ဘူး"
"ဟုတ်ကဲ့ပါ အရှင်မင်းမြတ်"
...
တိုက်တန် မြို့တော်... တိုက်တန် နန်းတော်။
"ငါ့ကို နန်းတက်ပွဲ တက်ဖို့ ဖိတ်တယ် ဟုတ်လား... ဟားဟား... ငါ့ကို သွားဖို့ အမိန့်ပေးတာ ဖြစ်မယ်"
လျှပ်စီး တိုက်ခိုက်ရေး ဧကရာဇ်က ပလ္လင်ပေါ်တွင် မတ်တပ်ရပ်ကာ သွားကြိတ်ရင်း ပြောလိုက်သည်။ "စိတ်ချ... ငါ သွားမှာပေါ့... သွားရုံတင် မကဘူး... မင်း ဘယ်လို သေမလဲဆိုတာကို ကိုယ်တိုင် ကြည့်မယ်"
နန်းတော်ထဲရှိ အမတ်များ အားလုံးလည်း စိတ်လှုပ်ရှားနေကြသည်။ ယခင်က မုန်လဲ့ ဝင်ရောက် သောင်းကျန်းခဲ့သဖြင့် နတ်ဘုရားတစ်ဝက် ဘိုးဘေးများ အကုန် သေဆုံးသွားခဲ့ရပြီး တိုက်တန် အင်ပါယာမှာ လုံးဝ မျက်နှာပျက်ခဲ့ရသည်။
လူတိုင်း၏ ရင်ထဲတွင် ဒေါသများ အပြည့် ဖြစ်နေကြသည်။ ယခုမူ တိုက်တန် အင်ပါယာ လက်စားချေရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်သည်။
"အမိန့်ပေးလိုက်... တပ်မတော် ၁၂ ခုလုံးကို နဂါးနတ်ဘုရား အင်ပါယာ နယ်စပ်မှာ စုစည်းထား... အဲဒီသူပုန် ကောင်လေး သေတာနဲ့ တစ်ပြိုင်နက် ငါတို့ရဲ့ တပ်မတော်ကြီးက နဂါးနတ်ဘုရား အင်ပါယာကို အပြတ် ရှင်းလင်းပစ်မယ်" လျှပ်စီး တိုက်ခိုက်ရေး ဧကရာဇ်က အမိန့်ပေးလိုက်သည်။
"အမိန့်နာခံပါတယ် အရှင်မင်းမြတ်"
...
အမိန့်များ ထွက်ပေါ်လာသည်နှင့်အမျှ သားရဲနတ်ဘုရား အင်ပါယာနှင့် တိုက်တန် အင်ပါယာ ကြီးနှစ်ခုလုံးသည် စစ်ပွဲစက်ယန္တရားများအဖြစ် ပြောင်းလဲသွားပြီး တပ်မတော်များ စုစည်းကာ နယ်စပ်သို့ ချီတက်သွားကြလေသည်။
အင်ပါယာကြီး နှစ်ခု၏ ပြောင်းလဲမှုများကို နဂါးနတ်ဘုရား အင်ပါယာ၏ သူလျှိုများက တွေ့ရှိသွားကြသည်မှာ သေချာလှပေသည်။ တစ်ခဏအတွင်းမှာပင် သတင်းစကားများက နှင်းပွင့်များအလား အင်ပါယာကြီး နှစ်ခုမှတစ်ဆင့် မုန်လဲ့၏ စားပွဲပေါ်သို့ ရောက်ရှိလာလေသည်။
မုန်လဲ့က ထိုသတင်းများကို ဂရုမစိုက်သော်လည်း အမတ်များမှာမူ အလွန် စိုးရိမ်ပူပန်နေကြလေသည်။
"အင်ပါယာကြီး နှစ်ခုလုံးက တပ်မတော်တွေ စုစည်းနေကြတယ်... ဒါက ဧကရာဇ်မင်းမြတ် နန်းတက်မယ့် နေ့မှာ အကြံအစည် တစ်ခုခု ရှိနေတယ်ဆိုတာ ထင်ရှားနေတာပဲ... ဘယ်လို လုပ်ကြမလဲ"
"သားရဲနတ်ဘုရား အင်ပါယာရဲ့ တပ်မတော် ၁၀ ခု... တိုက်တန် အင်ပါယာရဲ့ တပ်မတော် ၁၂ ခု... စစ်အင်အား နှစ်ခု ပေါင်းလိုက်ရင် သန်းရာချီ ရှိတယ်... ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားကို ဘယ်လို တားဆီးမလဲ"
"တိုင်းပြည် ပျက်စီးမယ့် အန္တရာယ်က မျက်စိရှေ့ ရောက်နေပြီ..."
အမတ်များ အားလုံး ခေါင်းရှုပ်နေကြပြီး ပူပန်မှုများဖြင့် ပွက်လောညံနေကြသည်။ သို့သော် မုန်လဲ့က သူတို့ကို လုံးဝ တွေ့ခွင့်မပေးသဖြင့် ပို၍ပင် စိုးရိမ်ပူပန်နေကြလေသည်။
တကယ်တမ်းတွင် အမတ်များ အားလုံး ကောင်းစွာ သိရှိထားကြသည်။ သားရဲနတ်ဘုရား အင်ပါယာနှင့် တိုက်တန် အင်ပါယာတို့၏ တပ်မတော်များသည် ကြောက်စရာ မလိုပေ။ တကယ် ကြောက်စရာကောင်းသည်မှာ မုန်လဲ့ကို စိန်ခေါ်ထားသော ဟာရက်စ်·သီအိုဒို ပင် ဖြစ်သည်။
အကယ်၍ မုန်လဲ့ ရှုံးနိမ့်သွားလျှင်... သို့မဟုတ် သေဆုံးသွားခဲ့လျှင် သားရဲနတ်ဘုရား အင်ပါယာနဲ့ တိုက်တန် အင်ပါယာတို့သည် ဆာလောင်နေသော ဝံပုလွေအုပ်ကြီးအလား နဂါးနတ်ဘုရား အင်ပါယာ တစ်ခုလုံးကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြမည်မှာ သေချာလှပေသည်။
အကယ်၍ မုန်လဲ့ အနိုင်ရခဲ့လျှင်မူ အခြေအနေက တစ်မျိုး ပြောင်းလဲသွားမည် ဖြစ်သည်။ နဂါးနတ်ဘုရား အင်ပါယာသည် မုန်လဲ့၏ ဦးဆောင်မှုအောက်တွင် လမ်းသစ်တစ်ခုသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် အရေးအကြီးဆုံး မေးခွန်းမှာ... မုန်လဲ့ တကယ်ပဲ အနိုင်ရနိုင်ပါ့မလား ဆိုသည်ပင် ဖြစ်သည်။
အမတ်များ စိုးရိမ်နေကြသည်မှာ ဤအချက်ပင် ဖြစ်သည်။ သူတို့ အားလုံး မုန်လဲ့ကို တွေ့ဆုံပြီး မုန်လဲ့၏ သဘောထားကို စုံစမ်းလိုကြသည်။ အနိုင်ရရန် ယုံကြည်မှု ရှိမရှိကို သိရှိလိုကြသည်။
သို့သော် မုန်လဲ့က မည်သူ့ကိုမျှ တွေ့ခွင့်မပေးဘဲ နန်းတော်ထဲသို့ ဝင်ခွင့်ပင် မရကြသဖြင့် ဤနေရာတွင်သာ စိုးရိမ်ပူပန်နေကြရလေသည်။
မုန်လဲ့ ဘယ်ရောက်နေသနည်း။
ယခုအချိန်တွင် မုန်လဲ့သည် အချိန်ကာလမျှော်စင်၏ ၉၁ ထပ်မြောက်တွင် ရှိနေပြီး သက်ရှိအသစ်လေး တစ်ခု မွေးဖွားလာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။
နှစ်နှစ်နီးပါး ကြာမြင့်စွာ သန္ဓေတည်ပြီးနောက် ဒြပ်စင် နှလုံးသားသည် နောက်ဆုံးတွင် ဥခွံကို ခွဲထွက်လာတော့မည် ဖြစ်သည်။
၉၁ ထပ်မြောက်... မီးတောင်ဝ။
တစ်ပိုင်းတစ်စ လွှမ်းခြုံထားသော စွမ်းအင်စုဆောင်းရေး မှော်အစီအရင်က မီးဒြပ်စင် အများအပြားကို မီးတောင်ဝထဲသို့ စုဆောင်းပေးနေပြီး မီးတောက် ပိုးတောင့်လေး တစ်ခုက စုပ်ယူနေလေသည်။
"ဝီ..."
အဖြူရောင်စွက်နေသော အနီရောင် မီးတောက် ပိုးတောင့်လေးမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုအငွေ့အသက်၏ ပြင်းထန်မှုမှာ မြင့်မြတ်သော နယ်မြေအဆင့်ကို ကျော်လွန်ပြီး နတ်ဘုရားတစ်ဝက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒိုဒိုလာ လန့်နိုးသွားပြီး ၉၁ ထပ်မြောက်သို့ ရောက်ရှိလာကာ ပါးစပ် အဟောင်းသားဖြင့်... "မုန်လဲ့... မင်း မီးဒြပ်စင် သက်ရှိရဲ့ ဥကို ဘယ်ကနေ ရလာတာလဲ" ဟု မေးလိုက်သည်။
"ကောက်ရလာတာလေ"
မုန်လဲ့က ဖြည်းညင်းစွာ ပြုံးကာ ဖြေလိုက်သည်။
ဒိုဒိုလာက မျက်စောင်းထိုးလိုက်သော်လည်း ဤပြဿနာကို ဆက်လက် မမေးမြန်းတော့ဘဲ သက်ပြင်းချကာ... "မွေးကတည်းက နတ်ဘုရားတစ်ဝက် အဆင့်ဆိုတော့ ဒီမီးဒြပ်စင် သက်ရှိက သာမန် မဟုတ်ဘူးပဲ" ဟု ပြောလိုက်သည်။
"ဒိုဒိုလာ... မင်းလည်း ဒါ ဘာဒြပ်စင် သက်ရှိလဲဆိုတာ မသိဘူးလား"
မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားသည်။ ဒိုဒိုလာက အလွန် ဗဟုသုတ ကြွယ်ဝသူ မဟုတ်လော။
"မသိဘူး"
ဒိုဒိုလာက ခေါင်းခါလိုက်သည်။ "ဒြပ်စင် သက်ရှိတွေက အများကြီးပဲ... ငါ ဘယ်လိုလုပ် အကုန်လုံး သိနိုင်မှာလဲ... ပြီးတော့ တူညီတဲ့ ဒြပ်စင် သက်ရှိ တစ်မျိုးတည်း ဖြစ်ရင်တောင် မတူညီတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရင် မွေးဖွားလာတဲ့အခါ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်တတ်တယ်... သိဖို့ အရမ်း ခက်တယ်"
"ဒီလိုကိုး"
မုန်လဲ့ သဘောပေါက်သွားသည်။
"ဒါပေမဲ့ မွေးကတည်းက နတ်ဘုရားတစ်ဝက် အဆင့်ဆိုတော့ ဒီကောင်လေးက သေချာပေါက် သာမန် မဟုတ်ဘူး"
ဒိုဒိုလာက အားကျစွာ ပြောလိုက်သည်။ "မင်းကတော့ တကယ်ကို ကံကောင်းတာပဲ"
"ဟားဟား... ငါ့ကံက အမြဲတမ်း ကောင်းနေတာပဲ"
မုန်လဲ့က ဟားတိုက် ရယ်မောလိုက်သည်။
"ဝုန်း"
မီးတောင်ဝရှိ မီးတောက် ပိုးတောင့်လေးမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ယခင်ကထက် ဆယ်ဆခန့် ပိုမို ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်သို့ လှိုင်းလုံးများအဖြစ် ရိုက်ခတ်သွားလေသည်။
နောက်တစ်ခဏတွင်...
အဖြူရောင် မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လေဟာနယ်တွင် အထက်အောက် ခုန်ပေါက်နေလေသည်။ မီးတောက်နတ်သမီးလေး တစ်ပါးအလား ပျော်ရွှင်စွာ ကစားနေလေသည်။
"သူ မွေးလာပြီ"
ဒိုဒိုလာက ပြုံးလိုက်ပြီး "ဒါပေမဲ့ ဒီကောင်လေး ကြည့်ရတာ သာမန်တော့ မဟုတ်ဘူး... မင်း သူ့ကို သိမ်းသွင်းချင်ရင်တော့ အချိန်နည်းနည်း ပေးရလိမ့်မယ်" ဟု ပြောလိုက်သည်။
"ငါက သူ့ကို ဖန်တီးခဲ့တာလေ... သူက ငါ့ကို အညံ့ခံသင့်တယ် မဟုတ်လား"
မုန်လဲ့က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"ဟားဟား... သူ မမွေးခင်ကတည်းက အသိစိတ်တွေ အိပ်ပျော်နေတာ... မင်းက သူ့ကို ဖန်တီးခဲ့တာမှန်း ဘယ်လိုလုပ် သိမှာလဲ"
ဒိုဒိုလာက မျက်စောင်းထိုးလိုက်ပြီး "ကြည့်စမ်း... သူ လာနေပြီ" ဟု ပြောလိုက်သည်။
"ရွှမ်း"
အဖြူရောင် မီးတောက်လေးက တကယ်ကို ရောက်လာပြီး မုန်လဲ့နှင့် ဒိုဒိုလာတို့၏ ပတ်လည်တွင် ခုန်ပေါက်နေသည်။ ထိုမီးတောက်လေးက သူတို့ နှစ်ယောက်ကို သိချင်စိတ်ဖြင့် ကြည့်နေသကဲ့သို့ ဖြစ်နေလေသည်။
"မင်းတို့က ဘယ်သူတွေလဲ"
အဖြူရောင် မီးတောက်လေးမှ ရုတ်တရက် နုနယ်သော နတ်ဘုရားဝိညာဉ် လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာပြီး ကလေးငယ်လေး တစ်ယောက်အလား မေးမြန်းလိုက်သည်။
"ငါက မုန်လဲ့... သူက ဒိုဒိုလာ"
မုန်လဲ့က ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြရင်း ဆက်ပြောသည်။ "ငါက မင်းကို ဖန်တီးခဲ့တာ... ဒါကြောင့် မင်း စိတ်မပူပါနဲ့... ငါတို့က မင်းကို အန္တရာယ် မပေးပါဘူး"
"မင်းက ငါ့ကို ဖန်တီးခဲ့တာလား"
အဖြူရောင် မီးတောက်လေးမှာ ဒေါသထွက်သွားပြီး လက်သည်းခြေသည်းများ ထုတ်ပြနေသော ကြောင်ပေါက်လေး တစ်ကောင်အလား ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
"မင်း လိမ်နေတာ... ငါတို့ မီးဒြပ်စင် သက်ရှိတွေက မီးတောက်ထဲကနေ မွေးဖွားလာတာ... ဘယ်သူကများ ဖန်တီးပေးဖို့ လိုလို့လဲ... ငါ့ကို လိမ်ရဲတယ်ပေါ့... မင်းက လူဆိုးပဲ... ငါ မင်းကို မီးရှို့သတ်မယ်"
"ဝုန်း"
ထိုသို့ပြောရင်း အဖြူရောင် မီးတောက်လေးမှာ ရုတ်တရက် ကြီးမားလာပြီး အချင်း မီတာတစ်ရာရှိသော မီးလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲကာ မုန်လဲ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာလေတော့သည်။