အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း ၂၆၉။ အမည်မသိ တပ်မတော်ကြီး၊ မိစ္ဆာဘေး ဒုက္ခရောက်ခြင်း
အယ်လ်ဖ် အင်ပါယာနှင့် တိုက်တန် အင်ပါယာတို့ အညံ့ခံကြောင်း ကြေညာပြီးနောက်ပိုင်းတွင် ထိုအင်ပါယာ နှစ်ခုစလုံးကလည်း လိုအပ်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြသည်။
တိုက်တန်များမှာ တိုက်တန် တောင်တန်းအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်။
အယ်လ်ဖ်များမှာ အသက်စွမ်းအင် သစ်တောသို့ ပြန်လည် ပြောင်းရွှေ့သွားကြသည်။
တစ်ချိန်တည်းမှာပင် အင်ပါယာကြီး နှစ်ခုစလုံး၏ တပ်မတော်များကို ဖျက်သိမ်းကာ မိမိတို့ မြို့ရွာများသို့ ပြန်လည်စေလွှတ်လိုက်ပြီး မုန်လဲ့ အင်ပါယာ၏ တပ်မတော်များက ဝင်ရောက် တပ်စွဲလိုက်လေသည်။
နှစ်လအတွင်းမှာပင် မုန်လဲ့ အင်ပါယာသည် သွေးမြေမကျဘဲ အင်ပါယာကြီး နှစ်ခုကို အောင်နိုင်ခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် အမျိုးမျိုးသော မူဝါဒများမှာ အစဉ်လိုက် ထွက်ပေါ်လာခဲ့သည်။ မှူးမတ်များကို နှိမ်နင်းခြင်း၊ မြေယာများကို ခွဲဝေပေးခြင်း၊ ယုံကြည်မှုကို ဖြန့်ဝေခြင်း...။
လူသားအရေအတွက် အလွန်များပြားလှသဖြင့် ဤမူဝါဒများသည် အင်ပါယာနှစ်ခုစလုံးရှိ ပြည်သူများ၏ စိတ်အားထက်သန်သော ထောက်ခံမှုကို ချက်ချင်း ရရှိခဲ့သည်။
သူတို့၏ ထောက်ခံမှုကြောင့် အင်ပါယာကြီး နှစ်ခုအတွင်းရှိ အဆင့်နိမ့် တိုက်တန် မှူးမတ်များနှင့် အဆင့်နိမ့် အယ်လ်ဖ် မှူးမတ်များသည် မည်သည့် အနှောင့်အယှက်မျှ မလုပ်နိုင်တော့ဘဲ လွတ်မြောက်ရေး လှိုင်းလုံးကြီးများအောက်တွင် နစ်မြုပ်သွားခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် မုန်လဲ့ အင်ပါယာ၏ နယ်မြေမှာ အံ့ဩစရာကောင်းလောက်အောင် ကျယ်ပြန့်သွားခဲ့ပြီး သားရဲနတ်ဘုရား အင်ပါယာကို ခြိမ်းခြောက်လာသဖြင့် သားရဲနတ်ဘုရား အင်ပါယာမှာ ကြီးမားသော ဖိအားများကို ခံစားလာရလေသည်။
"အမတ်ကြီးတို့... အယ်လ်ဖ် အင်ပါယာနဲ့ တိုက်တန် အင်ပါယာတို့က အညံ့ခံသွားကြပြီ... အခုဆိုရင် ငါတို့ သားရဲနတ်ဘုရား အင်ပါယာပဲ ကျန်တော့တယ်... ငါတို့ ဘယ်လို လုပ်ကြမလဲ"
သားရဲဧကရာဇ်က ကျောက်တုံး ကုလားထိုင်ပေါ်တွင် ပုံလျက်သား ဖြစ်နေပြီး ယခင်ကထက် များစွာ အိုမင်းရင့်ရော်သွားသကဲ့သို့ ဖြစ်နေသည်။
"အရှင်မင်းမြတ် ဆုံးဖြတ်တဲ့အတိုင်းပါပဲ"
အင်ပါယာမှ အမတ်များက တိုးတိုးလေး ညည်းတွားလိုက်ကြသည်။
လက်ရှိ အခြေအနေအရ ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ တစ်ခုမှာ အညံ့ခံခြင်း ဖြစ်ပြီး အယ်လ်ဖ် အင်ပါယာနှင့် တိုက်တန် အင်ပါယာတို့ကဲ့သို့ အသက်ဆက်ရှင်ရန် ရုန်းကန်ခြင်း ဖြစ်သည်။
နောက်တစ်ခုမှာ အသေခံ တိုက်ခိုက်ခြင်း ဖြစ်ပြီး မုန်လဲ့ အင်ပါယာနှင့် အနိုင်အရှုံး အပြတ်တိုက်ခိုက်ခြင်း ဖြစ်သည်။
မည်သည့် ရွေးချယ်မှုမျိုးကိုမျှ သူတို့ လက်မခံချင်ကြသလို လက်ခံရန်လည်း မဖြစ်နိုင်ပေ။
အညံ့ခံရမည်လား။
မုန်လဲ့ အင်ပါယာက မှူးမတ်တွေကို နှိမ်နင်းပြီး မြေယာတွေကို ခွဲဝေပေးသည်။ သို့သော် သူတို့ အမတ်များမှာ သားရဲနတ်ဘုရား အင်ပါယာ၏ မှူးမတ်များ ဖြစ်ကြပြီး အရေးပါသူများ ဖြစ်ကြသည်။
အညံ့ခံလိုက်သည်နှင့် သူတို့သည် မုန်လဲ့ အင်ပါယာ၏ သာမန် ပြည်သူများ ဖြစ်သွားမည်ဖြစ်ပြီး မှူးမတ် အဆင့်အတန်းလည်း ရှိတော့မည် မဟုတ်ပေ။
အသေခံ တိုက်ခိုက်ရမည်လား။
မတိုက်နိုင်ပေ။
မုန်လဲ့က ဟာရက်စ်ကိုပင် သတ်ပစ်နိုင်ခဲ့သည်။ လက်အောက်တွင် နတ်ဘုရားတစ်ဝက် ၁၁ ပါးနှင့် နဂါးနတ်ဘုရားတစ်ဝက် ၁၀ ကောင် ရှိသေးသည်။ မည်သို့ တိုက်ခိုက်မည်နည်း။
ဥနှင့် ကျောက်တုံးကို တိုက်ခိုက်သကဲ့သို့ ဖြစ်နေမည် မဟုတ်လော။
"ကိုယ်တော် ဆုံးဖြတ်ရမလား... ကိုယ်တော် ဘယ်လို ဆုံးဖြတ်ရမလဲ"
သားရဲဧကရာဇ်မှာ အလွန် စိတ်ဓာတ်ကျနေသည်။ "ရွေးချယ်မှု ဘယ်ဟာပဲ ဖြစ်ဖြစ် ငါတို့ သားရဲနတ်ဘုရား အင်ပါယာကို အဆုံးသတ်မဲ့တဲ့ နေရာဆီကို တွန်းပို့နေတာပဲ... ကိုယ်တော်က သားရဲနတ်ဘုရား အင်ပါယာရဲ့ အပြစ်ရှိသူ ဖြစ်သွားတော့မှာပဲ"
"အရှင်မင်းမြတ်... အညံ့ခံလိုက်ပါ"
ဝက်လူသား အမတ်တစ်ဦးက ငိုယိုကာ ပြောလိုက်သည်။ "အညံ့ခံရင် အသက်ရှင်ခွင့် ရပါသေးတယ်... အညံ့မခံရင် မုန်လဲ့ အင်ပါယာက ကျွန်တော် တို့ သားရဲနတ်ဘုရား အင်ပါယာကို လုံးဝ ပြားပြားဝပ်အောင် ဖျက်ဆီးပစ်လိမ့်မယ်"
"အဲဒီအချိန်ကျရင် လူသေ နိုင်ငံပျက်ပြီး ငါတို့ သားရဲလူသားတွေက နဂါးမျိုးနွယ်စုလိုပဲ သမိုင်းထဲမှာ ပျောက်ကွယ်သွားလိမ့်မယ်"
"ဝက်လူမိုက်... မင်းက ဧကရာဇ်မင်းမြတ်ကို အညံ့ခံဖို့ လာသွေးဆောင်နေတာလား... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ဝံပုလွေခေါင်းရှိသော ဝံပုလွေလူသား တစ်ဦးက အေးစက်စက် ကြည့်ကာ ဝက်လူသားကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဝံပုလွေသုံးကောင်... အစွမ်းထက်တဲ့ စွမ်းအားတွေ အရှေ့မှာ ဟိန်းဟောက်နေရုံနဲ့ ဘာမှ အကျိုးမရှိဘူး" ဝက်လူမိုက်က အေးစက်စက် ပြောလိုက်သည်။ "ဟိန်းဟောက်ခြင်းက ပျက်စီးခြင်းကိုပဲ ဆောင်ကြဉ်းလာလိမ့်မယ်"
"ဟွန့်..."
"သတင်းပို့ပါသည် အရှင်မင်းမြတ်"
ထိုအချိန်တွင် ကြောက်လန့်နေသော ခြင်္သေ့လူသား စောင့်ကြပ်သူ တစ်ဦးက နန်းတော်ဆောင်ထဲသို့ ပြေးဝင်လာပြီး သားရဲဧကရာဇ် ရှေ့တွင် ဒူးထောက်လိုက်သည်။ "အရှင်... အရှင်မင်းမြတ်... အခြေအနေ မကောင်းတော့ဘူး"
သားရဲဧကရာဇ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး မျက်နှာမှာ ပျက်သွားလေသည်။ "ဘာလို့ ဒီလောက်တောင် ကြောက်လန့်နေရတာလဲ... မုန်လဲ့က တကယ်ပဲ ရောက်လာပြီလား"
"မဟုတ်... မဟုတ်ပါဘူး အရှင်မင်းမြတ်... ခုနကပဲ မြောက်ပိုင်း ရေခဲပြင်ကနေ သတင်း ရောက်လာပါတယ်... မြောက်ပိုင်း ရေခဲပြင်မှာ ရုတ်တရက် အလွန် ကြီးမားလှတဲ့ မိစ္ဆာ တပ်မတော်ကြီး တစ်ခု ထွက်ပေါ်လာပါတယ်"
ခြင်္သေ့လူသား စောင့်ကြပ်သူက အလွန် ကြောက်လန့်တကြား ပြောလိုက်သည်။ "သူတို့ရဲ့ အရေအတွက်က အရမ်းများပြီး ပင်လယ်ရေလှိုင်းတွေအလား မြောက်ပိုင်း ရေခဲပြင်ဆီကို ပြေးဝင်လာနေကြပါတယ်"
"ဘာ..."
"မိစ္ဆာ တပ်မတော်ကြီး ဟုတ်လား"
သားရဲဧကရာဇ်နှင့် အမတ်များ အားလုံး အချင်းချင်း ကြည့်လိုက်ကြပြီး လုံးဝ နားမလည် ဖြစ်သွားကြသည်။ မြောက်ပိုင်း ရေခဲပြင်မှာ အလွန် ဆိတ်ညံလှပြီး ရေခဲဒြပ်စင် မှော်သားရဲ အနည်းငယ်မှလွဲ၍ သက်ရှိများ လုံးဝ မရှိသည်ကို အားလုံး သိကြသည်။
မိစ္ဆာ တပ်မတော်ကြီး။
ဒါ ရယ်စရာကောင်းနေပြီ မဟုတ်ဘူးလား။
လူတိုင်း နားမလည်ဘဲ မှင်သက်နေစဉ်မှာပင် နောက်ထပ် ခြင်္သေ့လူသား စောင့်ကြပ်သူ တစ်ဦး ပြေးဝင်လာပြန်သည်။
"အရှင်... အရှင်မင်းမြတ်... မြောက်ပိုင်း ရေခဲပြင်ကနေ သတင်း ရောက်လာပါတယ်... မိစ္ဆာ တပ်မတော်ကြီးရဲ့ အရေအတွက်က အံ့ဩစရာကောင်းလောက်အောင် များပြားပြီး စွမ်းအားကလည်း ကြောက်မက်ဖွယ်ကောင်းလှပါတယ်... မြောက်ပိုင်း ရေခဲပြင်က တကယ်ပဲ ကြာရှည် မခံနိုင်တော့ဘူး... အရှင်မင်းမြတ် အမြန်ဆုံး စစ်ကူတွေ လွှတ်ပြီး ကယ်တင်ပေးပါ"
"အရှင်မင်းမြတ်... အခြေအနေ မကောင်းတော့ဘူး..."
နောက်ထပ် နာရီအနည်းငယ်အတွင်းမှာပင် သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး သားရဲဧကရာဇ်နှင့် အမတ်များ၏ နှလုံးသားကို တူကြီးဖြင့် ထုလိုက်သကဲ့သို့ ဖြစ်ပေါ်စေလေသည်။
မိစ္ဆာ တပ်မတော်ကြီးက မြောက်ပိုင်း ရေခဲပြင်ကို ချေမှုန်းပြီးနောက် ဆည်ကျိုးသွားသော ရေလှိုင်းကြီးအလား ဖြစ်နေသည်။
သားရဲနတ်ဘုရား အင်ပါယာဆီသို့ တစ်လမ်းလုံး တိုက်ခိုက်လာရာ ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သားရဲဧကရာဇ်နှင့် သားရဲနတ်ဘုရား အင်ပါယာ၏ အထက်ပိုင်း ခေါင်းဆောင်များကို အလွန် စိုးရိမ်ပူပန်စေသည်မှာ... မိစ္ဆာ တပ်မတော်ကြီးသည် လမ်းတစ်လျှောက်တွင် အသက်ရှင်သူ တစ်ဦးမျှ မကျန်အောင် သတ်ဖြတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
တွေ့သမျှ သက်ရှိတိုင်းကို အကုန် သတ်ဖြတ်ပစ်ခြင်း ဖြစ်သည်။
အခိုင်အမာ ခံစစ်နေရာများမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
သားရဲလူသား မျိုးနွယ်စုများ အားလုံး ပြာဖြစ်သွားသည်။
"ဒီ မိစ္ဆာ တပ်မတော်ကြီးက ဘယ်ကလာတာလဲ... ဘာလို့ ငါတို့ သားရဲနတ်ဘုရား အင်ပါယာမှာ ရောက်လာတာလဲ"
သားရဲဧကရာဇ်မှာ ရူးသွပ်လုနီးပါး ဖြစ်နေသည်။ "ဘယ်သူက ငါ့ကို ပြောပြနိုင်မလဲ... သူတို့က ဘယ်ကလာတာလဲ... ဘယ်သူက ခိုင်းတာလဲ... ဘယ်လို တားဆီးရမလဲ"
အမတ်များ အားလုံး တိတ်ဆိတ်နေကြသည်။
မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမလဲ။
ငါလည်း အရမ်း မျှော်လင့်ချက်မဲ့နေတာပဲ။
"အရှင်မင်းမြတ်... အခုလို ဖြစ်နေချိန်မှာ အမြန်ဆုံး စစ်ကူတွေ လွှတ်ပြီး မိစ္ဆာ တပ်မတော်ကြီးကို တားဆီးရမယ်... သူတို့ရဲ့ အရှိန်က အရမ်း မြန်နေတယ်"
မြေခွေးလူသား အမတ်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် "သူတို့ ဒီအတိုင်း ဆက်သွားနေရင် မကြာခင်မှာ အင်ပါယာ တစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်... အဲဒီအချိန်ကျရင် ကျွန်တော် တို့ သားရဲနတ်ဘုရား အင်ပါယာက သန်းပေါင်းများစွာသော ပြည်သူတွေ အကုန် သေဆုံးကုန်လိမ့်မယ်... အဲဒီအချိန်ကျရင် ကျွန်တော် တို့ သားရဲနတ်ဘုရား အင်ပါယာက ပျက်စီးသွားလိမ့်မယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ သားရဲဧကရာဇ် ဂရိုမ်·ရက်ဆာ တစ်ကိုယ်လုံး တုန်ခါသွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ "အဒိုဆီ အမတ်ကြီး ပြောတာ မှန်ပါတယ်... ငါ ပေါ့ဆသွားတာပါ"
"ငါ့ရဲ့ အမိန့်... ဘီမွန် တပ်မတော်၊ မန်နူ တပ်မတော်၊ ဆင်လူသား တပ်မတော် အပါအဝင် တပ်မတော် ၆ ခုကို ချက်ချင်း စေလွှတ်ပြီး ရန်သူတွေကို တိုက်ခိုက်... သူတို့ရဲ့ အရှိန်ကို တားဆီး... ကြားဖြတ် တားဆီးပြီး နောက်ဆုံးမှာ အကုန်လုံးကို ချေမှုန်းပစ်"
သားရဲဧကရာဇ်က အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။
"အမိန့်နာခံပါတယ် အရှင်မင်းမြတ်"
...
သားရဲနတ်ဘုရား အင်ပါယာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မုန်လဲ့ လုံးဝ မသိရှိပေ။ လပေါင်းများစွာ ကြာမြင့်ပြီးနောက် ဝတုတ်လေး သည် နတ်ဘုရားအမြုတေကို ကနဦး ပေါင်းစပ်နိုင်ခဲ့လေပြီ။
ထို့ကြောင့် သူသည် ဝတုတ်လေး ကို ခေါ်ဆောင်ကာ ပျောက်ဆုံးတိုက်ကြီးသို့ ရောက်ရှိလာပြီး အများသူငါ မမြင်နိုင်သော ဘီမွန် ဆာလာစ်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။
ယခုအခိုက်အတန့်တွင် နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး မျက်နှာမှာ ခမ်းနားထည်ဝါနေကာ မျက်လုံးများ လှုပ်ရှားလိုက်တိုင်း နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
နတ်ဘုရား။
နှစ်ယောက်လုံးမှာ နတ်ဘုရားတစ်ဝက် အဆင့်ကို ကျော်လွန်သွားပြီး စစ်မှန်သော နတ်ဘုရား ဖြစ်လာခဲ့လေပြီ။
အအားနည်းဆုံးနှင့် အတိုက်အခိုက် အညံ့ဆုံး စစ်မှန်သော နတ်ဘုရားများ ဖြစ်သော်လည်း တကယ်ကို စစ်မှန်သော နတ်ဘုရားများ ဖြစ်ကြသည်။
တူညီသော အဆင့်ရှိ စစ်မှန်သော နတ်ဘုရားများကို မယှဉ်နိုင်သော်လည်း မြင့်မြတ်သော နယ်မြေအဆင့်နှင့် နတ်ဘုရားတစ်ဝက်များကိုမူ အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။
"အစ်ကိုကြီး... ဒါက ပျောက်ဆုံးတိုက်ကြီးလား"
ဝတုတ်လေးက လေဟာနယ်တွင် ရပ်နေရင်း စိမ်းလန်းစိုပြည်သော ပျောက်ဆုံးတိုက်ကြီးကို ကြည့်ကာ မျက်လုံးများထဲတွင် သိချင်စိတ်များ၊ စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များ ပေါ်လွင်နေသည်။
အကယ်၍ ထူးခြားမှု မရှိပါက နောင်တွင် ဤနေရာသည် နဂါးကျွန်းသစ် ဖြစ်လာမည်ဖြစ်ပြီး သူသည် ဤတိုက်ကြီး၏ သခင်သစ်... နဂါးဧကရာဇ်သစ် ဖြစ်လာမည် ဖြစ်သည်။
"ဟုတ်တယ်... ဒါက ပျောက်ဆုံးတိုက်ကြီးပဲ"
မုန်လဲ့က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "နောက်ပိုင်းတော့ ဒီနေရာကို မင်းပဲ တာဝန်ယူရတော့မယ်... နဂါးမျိုးနွယ်စုကို သေချာ အုပ်ချုပ်ပေးပါ... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့"
"အစ်ကိုကြီး စိတ်ချပါ... ကျွန်တော် နဂါးမျိုးနွယ်စုကို အလွန် နာခံအောင် လုပ်ပြီး သူတို့ကို အစ်ကိုကြီးရဲ့ ယုံကြည်သူတွေ ဖြစ်အောင် လုပ်မယ်... အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ လုပ်မယ်"
ဝတုတ်လေးက ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။ သူ၏ စွမ်းအားအပေါ်တွင် သူ အလုံအလောက် ယုံကြည်မှု ရှိပြီး နဂါးမျိုးနွယ်စုကို ကိုင်တွယ်ခြင်းမှာ ကစားစရာ တစ်ခုနှင့် မခြားနားပေ။
"ဒါဆိုရင်လည်း ကောင်းပြီ"
မုန်လဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း..."
နဂါး မရေမတွက်နိုင်အောင် လေထဲတွင် ပေါ်လာသည်။ တစ်ကိုယ်လုံး အမည်းရောင်ရှိသော အမှောင်နဂါးများ၊ မြင့်မြတ်သော အလင်းတန်းများ တောက်ပနေသော အလင်းနဂါးများ၊ အေးစက်စက် အလင်းများ တောက်ပနေသော ရေခဲနဂါးများ၊ တစ်ကိုယ်လုံး အစိမ်းရောင်ရှိသော လေဆင်နှာမောင်း နဂါးများ...။
အမျိုးစုံ ပုံစံမျိုးစုံ ဖြစ်သည်။ အရေအတွက်မှာ တစ်သောင်းကျော် ရှိသည်။
"ဂါး..."
ဤမျှများပြားလှသော နဂါးကြီးများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော နဂါးအရှိန်အဝါများ ပြန့်နှံ့သွားလေသည်။
အားလုံးက လည်ပင်းကို ဆန့်ထုတ်ကာ ဟိန်းဟောက်နေကြပြီး စိတ်ရှုပ်ထွေးမှုနှင့် အံ့ဩမှုများကို ထုတ်ဖော်နေကြသည်။
"ဟိန်း..."
"ဘယ်မှာလဲ"
"ဒီနေရာက ဘယ်မှာလဲ"
"ငါတို့ အဲဒီ ဆိုးယုတ်တဲ့ နေရာကနေ လွတ်မြောက်လာတာလား"
"ဝတုတ်လေး... ကျန်တဲ့ အပိုင်းကို မင်း အလှည့်ပဲ"
မုန်လဲ့က ပြုံးကာ ဝတုတ်လေးကို ကြည့်လိုက်သည်။
"အစ်ကိုကြီး... စိတ်ချပါ"
ဝတုတ်လေး ပြုံးလိုက်ပြီး တစ်လှမ်းချင်း လှမ်းကာ နဂါးများ၏ အပေါ်သို့ ရောက်ရှိသွားပြီး ချက်ချင်း အသွင်ပြောင်းသွားလေသည်။
"ဝုန်း..."
အရှည် ပေတစ်သောင်း ရှိပြီး တစ်ကိုယ်လုံး ရွှေရောင် တောက်ပနေသော ရွှေရောင် နဂါးကြီး တစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ခမ်းနားထည်ဝါသော နတ်ဘုရား အရှိန်အဝါများ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင် မိုင်တစ်သောင်းကျော်ကို ဖိနှိပ်သွားလေသည်။
"ဝုန်း..."
"ဝုန်း..."
"ဝုန်း..."
နဂါးကြီးများမှာ မိုးကြိုးပစ်ခံရသကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ထို့နောက် မြေပြင်တွင် အသက်ရှူရ ခက်ခဲစွာဖြင့် တုန်လှုပ်နေကြပြီး ပြန်လည် ခုခံရန် စိတ်ကူးပင် မရှိတော့ပေ။
"အောက်မှာ ရှိတဲ့ နဂါးကြီးများ... ဒါက နဂါးကျွန်းသစ်ပဲ... မင်းတို့က နဂါးကျွန်းသစ်ရဲ့ ပထမဆုံး ပြည်သူတွေ ဖြစ်ကြမယ်... ပြီးတော့ ငါက နဂါးဧကရာဇ်သစ်ပဲ"
"ဒါနဲ့ ပတ်သက်ပြီး... မင်းတို့မှာ သဘောမတူတာ ရှိသလား"
"နဂါးကျွန်းသစ်"
"နဂါးဧကရာဇ်သစ်"
...
မုန်လဲ့သည် ဆာလာစ်ကို ခေါ်ဆောင်ကာ ပျောက်ဆုံးတိုက်ကြီးမှ ထွက်ခွာသွားလေသည်။ နန်းတော်သို့ ပြန်ရောက်သည့်အခါ ပူဟာမန်က လူတစ်စုကို ခေါ်ဆောင်ကာ ဝင်ရောက် တွေ့ဆုံလေသည်။
"သခင်... သားရဲနတ်ဘုရား အင်ပါယာမှာ အဖြစ်ဆိုးတွေ ကြုံနေရပါတယ်"
"သားရဲနတ်ဘုရား အင်ပါယာ" မုန်လဲ့ မျက်ခုံးပင့်လိုက်သည်။ "ဒီကောင်တွေ နောက်ထပ် ဘာတွေ လုပ်ပြန်ပြီလဲ"
လွန်ခဲ့သော လအနည်းငယ်က တိုက်တန် အင်ပါယာနှင့် အယ်လ်ဖ် အင်ပါယာတို့ အညံ့ခံခဲ့သော်လည်း သားရဲနတ်ဘုရား အင်ပါယာမှာမူ တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိဘဲ အညံ့မခံခဲ့ပေ။
မုန်လဲ့မှာ အလွန် မကျေမနပ် ဖြစ်နေပြီး တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် သားရဲနတ်ဘုရား အင်ပါယာတွင် အဖြစ်ဆိုးများ ကြုံနေရသည်တဲ့လား။
ဒီ သားရဲလူသားတွေ ဘာလုပ်ချင်နေတာလဲ။
အသေခံ တိုက်ခိုက်ချင်နေတာလား။
"သခင်... နဂါးနတ်ဘုရား အင်ပါယာမှာ ပုန်းအောင်းနေတဲ့ ကျွန်တော်တိုရဲ့ ရန်သူများကို နှိမ်နင်းရန်ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့များ၏ အစီရင်ခံစာအရ သားရဲနတ်ဘုရား အင်ပါယာ နယ်မြေအတွင်း အံ့ဩစရာကောင်းလောက်အောင် များပြားလှသော မိစ္ဆာ တပ်မတော်ကြီးကို တွေ့ရှိခဲ့ပါတယ်... သူတို့က အလွန် ကြမ်းတမ်းပြီး အချိန်တိုအတွင်းမှာပဲ သားရဲနတ်ဘုရား အင်ပါယာရဲ့ မြောက်ပိုင်း ရေခဲပြင်နဲ့ နီးကပ်နေတဲ့ နယ်မြေ ဆယ်ပုံတစ်ပုံကို သိမ်းပိုက်လိုက်ပါတယ်"
ပူဟာမန်က လေးနက်စွာ ပြောလိုက်သည်။ "လက်ရှိ အရှိန်အဟုန်အရ မိစ္ဆာ တပ်မတော်ကြီးက သားရဲနတ်ဘုရား အင်ပါယာ တစ်ခုလုံးကို ပြန့်နှံ့သွားမှာဖြစ်ပြီး... မိစ္ဆာ တပ်မတော်ကြီးရဲ့ တိုးတက်မှုနှုန်းအရ တစ်လအတွင်းမှာပဲ သားရဲနတ်ဘုရား အင်ပါယာ တစ်ခုလုံးကို အပြတ်ချေမှုန်းသွားမှာပါ"
"မိစ္ဆာ တပ်မတော်ကြီး"
မုန်လဲ့ အံ့ဩသွားသည်။ "သားရဲနတ်ဘုရား အင်ပါယာထဲမှာ မိစ္ဆာ တပ်မတော်ကြီး ဘယ်လိုလုပ် ရှိနေရတာလဲ... မိစ္ဆာ မှော်ဆရာ တစ်ယောက်ယောက်ရဲ့ လက်ချက်လား... ဒါမှမဟုတ် တစ်ယောက်ယောက်က မိစ္ဆာ စာချုပ်ကို မတော်တဆ လက်မှတ်ထိုးမိလို့လား"
"အားလုံး ဖြစ်နိုင်ပါတယ်"
ပူဟာမန်က တိုးတိုးလေး ပြောလိုက်သည်။ "ဒီမနက် စောစောက သတင်း ရောက်လာတဲ့အခါမှာတော့ ကျွန်တော် ဆာနီရယ်ကို သားရဲနတ်ဘုရား အင်ပါယာဆီ သွားခိုင်းလိုက်ပါတယ်... သူ ခဏနေရင် ပြန်ရောက်လာမှာပါ"
"အင်း"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ဆာနီရယ်သည်လည်း အဆင့်နိမ့် နတ်ဘုရားအမြုတေကို ပေါင်းစပ်ထားပြီး စစ်မှန်သော နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ... အထူးသဖြင့် သူ၏ မြန်နှုန်းမှာ ယခင်ကထက် များစွာ ပိုမို လျင်မြန်လာသဖြင့် သတင်းထောက်လှမ်းရန် အသင့်တော်ဆုံး ဖြစ်သည်။
မုန်လဲ့ကို အချိန်အတော်ကြာ စောင့်ဆိုင်းခြင်း မရှိဘဲ နှစ်နာရီခန့်သာ ကြာမြင့်ပြီးနောက် ဆာနီရယ် ပြန်ရောက်လာပြီး အံ့ဩစရာကောင်းသော သတင်းစကားများ ယူဆောင်လာလေသည်။
"သခင်... သားရဲနတ်ဘုရား အင်ပါယာကို တိုက်ခိုက်နေတဲ့ မိစ္ဆာ တပ်မတော်ကြီးရဲ့ အရေအတွက်က ခန့်မှန်းခြေ သန်း ၁၀၀၀ ခန့် ရှိပါတယ်"
"အထဲမှာ အရေအတွက် အလွန် များပြားလှတဲ့ မိစ္ဆာအကြီးအကဲတွေ ရောနှောနေပြီး မိစ္ဆာဘုရင်တွေလည်း မနည်းလှပါဘူး"
"မိစ္ဆာဘုရင်ကြီးတွေလည်း အများအပြား ပါဝင်ပါတယ်"
"မိစ္ဆာ တပ်မတော်ကြီးရဲ့ အမြန်နှုန်းက အလွန် မြန်ဆန်ပြီး အချိန်တိုအတွင်းမှာပဲ သားရဲနတ်ဘုရား အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်သွားမှာပါ"
မိစ္ဆာအကြီးအကဲ... နတ်ဘုရားတစ်ဝက်နှင့် ညီမျှသည်။
မိစ္ဆာဘုရင်... စစ်မှန်သော နတ်ဘုရားနှင့် ညီမျှသည်။
မိစ္ဆာဘုရင်ကြီး... အဆင့်နိမ့် နတ်ဘုရားနှင့် ညီမျှသည်။
"သခင်... ဒါက သာမန် မိစ္ဆာ ကျူးကျော်မှုမျိုး မဟုတ်ပါဘူး... သမိုင်းမှာ ရှိခဲ့တဲ့ မည်သည့် ကျူးကျော်မှုထက်မဆို ပိုပြီး ကြောက်စရာကောင်းပါတယ်... သေချာ ဂရုစိုက်ရမယ်”