← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀။ စနစ် အဆင့်တက်ခြင်းနှင့် လုပ်ဆောင်ချက် အသစ်များ

မုန်လဲ့တွင် နတ်ဘုရားစနစ် တည်ထောင်ရန် အကြံအစည် မရှိခဲ့သော်လည်း ရုပ်ဝတ္ထုလောက ၄၈ ခုကို ရရှိပြီးနောက် ထိုအတွေး ပေါ်လာခဲ့လေသည်။

သူ့အတွက် စွမ်းအား မြှင့်တင်ရန် အဓိက နည်းလမ်းမှာ စနစ်သာ ဖြစ်ပြီး ယုံကြည်မှု စွမ်းအားက အထောက်အကူသာ ဖြစ်သည်။

အဆိုးရွားဆုံးမှာ မုန်လဲ့သည် ယခုအထိ နတ်ဘုရားမီးတောက်ကို မထွန်းညှိရသေးခြင်းပင် ဖြစ်သည်။ ဒါက အတော်လေး အနေရခက်စရာပင်။

နတ်ဘုရားမီးတောက် ဆိုသည်မှာ ဘာလဲဆိုသည်ကို တွေးကြည့်ရန် လိုသည်။ နတ်ဘုရားမီးတောက်သည် ယုံကြည်မှုစွမ်းအားကို နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပေးသော ကိရိယာ ဖြစ်သည်။

နတ်ဘုရားစွမ်းအားကို လျှပ်စစ်ဟု တင်စားလျှင် နတ်ဘုရားမီးတောက်က လျှပ်စစ်စက်ရုံ ဖြစ်သည်။

နတ်ဘုရားမီးတောက် မရှိလျှင် မုန်လဲ့တွင် ယုံကြည်မှုစွမ်းအား မည်မျှပင် များပြားနေပါစေ နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပေ။

တစ်နည်းဆိုရသော် မုန်လဲ့တွင် ယုံကြည်မှုနယ်မြေအဖြစ် ရုပ်ဝတ္ထုလောက ၁၀၀၀ ရှိနေလျှင်တောင် ရရှိလာမည့် ယုံကြည်မှုစွမ်းအားများက စုပုံနေရုံသာ ရှိမည်ဖြစ်သည်။

ဒါက အလဟဿ ဖြစ်ခြင်းပင်။

ထို့ကြောင့် ဤလောကများကို ဘာဘရူးစ်တို့အား ခွဲဝေပေးလိုက်ခြင်းက ပိုကောင်းပေမည်။ သူတို့ကို ယုံကြည်မှု ဖြန့်ဝေစေပြီး နတ်ဘုရားစွမ်းအားများ စုဆောင်းကာ စွမ်းအားမြှင့်တင်ခိုင်းရန် ဖြစ်သည်။

သူတို့ စွမ်းအား မြင့်လာပါက ကိစ္စများစွာကို မုန်လဲ့ ကိုယ်တိုင် လုပ်စရာ မလိုတော့သဖြင့် အကျိုးကျေးဇူး များစွာ ရှိလေသည်။

နောက်တစ်ချက် ရှိသေးသည်။ မုန်လဲ့တွင် ဤမျှများပြားသော လောကများကို အုပ်ချုပ်ရန် အချိန် မရှိပေ။ သူက နဂါးနတ်ဘုရား အင်ပါယာ တစ်ခုတည်းကိုပင် အုပ်ချုပ်ရန် ပျင်းရိနေသူ ဖြစ်ရာ လောက ၄၈ ခုကိုဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

အကောင်းဆုံး နည်းလမ်းမှာ ခွဲဝေချီးမြှင့်လိုက်ခြင်းပင် ဖြစ်သည်။ ယုံကြည်မှု စွမ်းအားများအတွက် ဘာဘရူးစ်တို့က ဤလောကများကို အစွမ်းကုန် အုပ်ချုပ်ကြလိမ့်မည်ဟု မုန်လဲ့ ယုံကြည်ထားလေသည်။

"မင်းတော့ တစ်ခါလောက် ဉာဏ်ပွင့်သွားပြီပဲ"

ဒိုဒိုလာက မုန်လဲ့၏ အတွေးကို ချီးကျူးလိုက်သည်။

"နတ်ဘုရားစနစ် တည်ထောင်တာက ယုံကြည်မှု ဖြန့်ဝေဖို့ အကျိုးရှိရုံတင် မကဘူး... လက်အောက်ခံ နတ်ဘုရားတွေရဲ့ နယ်မြေချဲ့ထွင်ချင်တဲ့ ရည်မှန်းချက်တွေကိုပါ မြှင့်တင်ပေးနိုင်တယ်... ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"

"မင်းတောင် ဒီလိုပြောနေမှတော့ ဘာပြဿနာမှ မရှိတော့ဘူးပေါ့"

ဒိုဒိုလာ၏ စကားက မုန်လဲ့ကို နတ်ဘုရားစနစ် တည်ထောင်ရန် ပိုမို သေချာသွားစေသည်။

ထို့နောက် သူတို့အဖွဲ့သည် လောက ၄၈ ခုတွင် လှည့်လည်သွားလာခဲ့ကြသည်။ ဤလောကများသည် ပို့ဆောင်ရေး မှော်အစီအရင်များဖြင့် ဆက်သွယ်ထားသဖြင့် အလွယ်တကူ သွားရောက်နိုင်လေသည်။

သေချာသည်မှာ မုန်လဲ့က ဤလောကများ၏ လောကနှလုံးသားများကို ပေါင်းစပ်ရန် မမေ့လျော့ခဲ့ဘဲ မိမိလက်အောက်တွင် အပြည့်အဝ ထိန်းချုပ်ထားလိုက်သည်။

လောက ၄၈ ခုသည် တစ်ခုနှင့်တစ်ခု မတူညီဘဲ ထူးခြားဆန်းပြားလှသည်။ တချို့က သမုဒ္ဒရာကမ္ဘာ... တချို့က ကုန်းမြေကမ္ဘာ... တချို့က သစ်တောများဖြင့် ဖုံးလွှမ်းနေသော ကမ္ဘာများ ဖြစ်ကြသည်။

အားလုံးမှာ ကျယ်ပြန့်ပြီး အရင်းအမြစ်များ ပေါများကာ သက်ရှိများ ရှင်သန်ရန် အလွန် သင့်တော်သော ယုံကြည်မှု နယ်မြေကောင်းများ ဖြစ်ကြသည်။ သူတို့ကို မကျေမနပ် ဖြစ်စေသည့် တစ်ခုတည်းသော အရာမှာ ၎င်းတို့ အားလုံးကို မိစ္ဆာများက သိမ်းပိုက်ထားခြင်းပင် ဖြစ်သည်။

မရေမတွက်နိုင်သော မိစ္ဆာများက လောက အားလုံးကို သိမ်းပိုက်ထားပြီး ကောင်းမွန်သော လောကများကို ရှုပ်ယှက်ခတ်အောင် လုပ်ထားသဖြင့် အလွန် ကြည့်ရဆိုးလေသည်။

"မိစ္ဆာတွေ နေထိုင်နေတာက တကယ့်ကို အလဟဿပဲ"

လူတိုင်းက မိစ္ဆာများကို မနှစ်မြို့ကြပေ။ နတ်ဘုရားများနှင့် မိစ္ဆာများမှာ သဘာဝအရ ရန်သူများ ဖြစ်ကြသည့်အပြင် နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိသေးသည်။

မိစ္ဆာများသည် သဘာဝအရ ကောက်ကျစ်ပြီး ရက်စက်ကာ သွေးဆာတတ်ကြသဖြင့် အခြားသူများကို လွယ်လွယ်ကူကူ ယုံကြည်လေ့ မရှိကြပေ။ ထို့ကြောင့် မိစ္ဆာများကို ယုံကြည်သူများ ဖြစ်လာအောင် ပျိုးထောင်ရသည်မှာ သာမန်လူများကို ပျိုးထောင်ရသည်ထက် အများကြီး ပိုခက်ခဲလေသည်။

ထို့ကြောင့် အားလုံးက ဤမိစ္ဆာအုပ်စုကို သတ်ပစ်ပြီး အခြား သက်ရှိများကို ပြောင်းရွှေ့လာချင်နေကြသည်။

မုန်လဲ့ကိုယ်တိုင်လည်း ဤမိစ္ဆာများကို သတ်ပစ်ချင်နေသည်။ မိစ္ဆာများကို မုန်းတီး၍ မဟုတ်ဘဲ ဆင်းရဲသွားသောကြောင့် ဖြစ်သည်။

ယခင်က မီးထဲမှ ပြန်လည်မွေးဖွားခြင်းတွင် နိယာမ မူလသလင်းကျောက် သန်း ၈၈၀ ကုန်ဆုံးသွားပြီး အကြွင်းအကျန် ၈၈ သောင်းသာ ကျန်ရှိတော့သည်။ တစ်ညတွင်းချင်း မွဲပြာကျသွားပြီး သူတောင်းစား ပြန်ဖြစ်သွားခြင်းပင်။

မုန်လဲ့ အလွန် စိုးရိမ်နေမိသည်။

ပိုက်ဆံမရှိသည့် အရသာက မကောင်းလှပေ။ မုန်လဲ့သည် သူ၏ ကြွယ်ဝမှုများကိုသာ ပြန်လည် ဖြည့်တင်းချင်နေသည်။ ပိုက်ဆံအိတ် ပြောင်နေလျှင် ယုံကြည်မှုလည်း အားနည်းနေသကဲ့သို့ ခံစားရလေသည်။

"ဒီမိစ္ဆာတွေကို အကုန်သတ်ပစ်လိုက်ရင် ဆုံးရှုံးသွားတဲ့ ကြွယ်ဝမှုတွေကို ပြန်ရနိုင်လောက်တယ်... မဟုတ်ဘူး... သေချာပေါက် ပြန်ရမှာပဲ"

ဤသို့ တွေးမိသည်နှင့် မုန်လဲ့က ပြောလိုက်သည်။

"အားလုံးပဲ... ငါက နတ်ဘုရားစနစ်ကို တည်ထောင်ပြီး ဒီလောကတွေကို မင်းတို့ကို ခွဲဝေပေးဖို့ ဆုံးဖြတ်ထားတယ်... မင်းတို့မှာ အကြံပြုချက်တွေ ရှိလား"

လူတိုင်းက အချင်းချင်း ကြည့်လိုက်ကြပြီး ဘာဘရူးစ်က ခေါင်းကုတ်ကာ မေးလိုက်သည်။

"သခင်... သခင်က တကယ်ပြောနေတာလား"

"မေးစရာလိုသေးလို့လား"

မုန်လဲ့က မျက်စောင်းထိုးလိုက်သည်။

"သခင်က ဆုံးဖြတ်ပြီးပြီဆိုမှတော့... ကျွန်တော် ရဲရဲဝံ့ဝံ့ အကြံတစ်ခုလောက် ပေးပါရစေ... သခင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ဘာဘရူးစ်က တိုးတိုးလေး ပြောလိုက်သည်။

"ဒီမိစ္ဆာတွေကို အကုန် သတ်ပစ်လို့ ရမလား... သူတို့က အရမ်း ရွံစရာကောင်းတယ်... ကျွန်တော်က မိစ္ဆာတွေကို ယုံကြည်သူအဖြစ် မထားချင်ဘူး"

"သခင်... ကျွန်မလည်း အဲဒီလိုပဲ စဉ်းစားထားတာပါ"

ဆယ်စီယာကလည်း ဝင်ပြောလိုက်သည်။

"ကောင်းမွန်တဲ့ ရုပ်ဝတ္ထုလောကကြီးကို ဒီမိစ္ဆာတွေက ရှုပ်ယှက်ခတ်အောင် လုပ်ထားတာ... တကယ့်ကို ကြီးမားတဲ့ အလဟဿ ဖြစ်မှုကြီးပါပဲ"

"ဟုတ်တယ် သခင်... မြန်မြန်လေး ဒီမိစ္ဆာတွေကို သတ်ပစ်လိုက်ပါ... သူတို့ကို ထားထားတာက အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပါပဲ"

"သခင်... မိစ္ဆာ အကုန်လုံးကို သတ်ပစ်ပြီး ကောင်းကင်ယံတိုက်ကြီးကနေ လူသားတွေ... နဂါးတွေ... ဒါမှမဟုတ် သားရဲလူသားတွေကို ပြောင်းရွှေ့လာဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"

အခြားသူများကလည်း တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။ အားလုံး၏ ဆိုလိုရင်းမှာ အတူတူပင် ဖြစ်သည်။ သူတို့တွင် တခြား ရည်ရွယ်ချက် မရှိကြပေ။ သခင်က ဤလောကများကို သူတို့ကို ခွဲဝေပေးမည် ဆိုသည်မှာပင် မျှော်လင့်မထားသော ဝမ်းသာစရာ ကိစ္စ ဖြစ်နေလေပြီ။

အခြား ဘာများ တောင်းဆိုစရာ လိုဦးမည်နည်း။

"မင်းတို့ အားလုံးက ဒီလိုပဲ တွေးနေကြမှတော့... ဒီအတိုင်းပဲ လုပ်ကြတာပေါ့"

မုန်လဲ့က အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။

"မိစ္ဆာတွေကို သတ်ပစ်ပြီး တခြား မျိုးနွယ်စုတွေကို ပြောင်းရွှေ့လာမယ်"

"သခင်က တကယ်ကို ဉာဏ်အမြော်အမြင် ရှိတာပါပဲ"

"ကြီးမြတ်တဲ့ သခင်... သခင့်ရဲ့ ဉာဏ်ပညာက ကောင်းကင်ပေါ်က ကြယ်လေးတွေလို တောက်ပလင်းလက်နေပါတယ်... ပင်လယ်ပြင်က မီးပြတိုက်လိုမျိုး ကျွန်တော်တို့ရဲ့ ရှေ့ခရီးကို လင်းလက်စေပါတယ်"

လူတိုင်းက ဝမ်းသာအားရဖြစ်ကာ အမွှမ်းတင် စကားများကို ရေပက်မဝင်အောင် ပြောဆိုကြလေသည်။

ထို့ကြောင့် နောက်ထပ် ပြဿနာမှာ ဤမိစ္ဆာအုပ်စုကို မည်သို့ သတ်ဖြတ်မည်နည်း ဆိုသည်ပင် ဖြစ်သည်။

လောက ၄၈ ခုရှိ မိစ္ဆာများ၏ အရေအတွက်မှာ သန်းပေါင်း သောင်းချီ ရှိလေရာ သူတို့ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

သို့သော် လောကနှလုံးသားကို ပေါင်းစပ်ထားသော မုန်လဲ့အတွက်မူ ခက်ခဲသော ကိစ္စ မဟုတ်ပေ။ စိတ်ကူးအနည်းငယ်မျှဖြင့် မိစ္ဆာအားလုံးကို သတ်ပစ်နိုင်လေသည်။

ဒါက လောကအရှင်သခင်ရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပါပဲ။ ကိုယ့်ရဲ့ လောကအတွင်းမှာဆိုရင် လောကစွမ်းအားကို အသုံးပြုပြီး သတ်ပစ်ချင်တဲ့ အဆင့်နိမ့် အဆင့် သက်ရှိတွေကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိတယ်။

"အသိပေးချက်... ဦးချိုရှိသော မိစ္ဆာ တစ်ကောင်ကို သတ်လိုက်ပြီး နိယာမ မူလသလင်းကျောက် ၁၂ ခု ရရှိသည်"

"အသိပေးချက်..."

မုန်လဲ့၏ လုပ်ဆောင်မှုနှင့်အတူ ကြွယ်ဝမှု တန်ဖိုးမှာ ရူးသွပ်စွာ တိုးပွားလာသည်။ လောက တစ်ခုရှိ မိစ္ဆာများကို သတ်ဖြတ်ပြီးနောက် နိယာမ မူလသလင်းကျောက် သန်း ၁၀၀၀ ၏ ကြွယ်ဝမှုကို ရရှိခဲ့လေသည်။

မိစ္ဆာ တစ်ကောင်လျှင် နိယာမ မူလသလင်းကျောက် ၀.၁ ဖြင့် တွက်ချက်ပါက မိစ္ဆာ သန်း ၁၀၀၀၀ ကို သတ်ဖြတ်ခဲ့ခြင်းပင်။

သေချာသည်မှာ တကယ့် အရေအတွက်က ပိုမို များပြားမည်မှာ အသေအချာပင်။

နိယာမ မူလသလင်းကျောက် ၁ ခုသည် ရွှေဒင်္ဂါး သန်း ၁၀၀ နှင့် ညီမျှသည်။

၀.၁ နိယာမ မူလသလင်းကျောက် ဆိုလျှင် ရွှေဒင်္ဂါး ၁၀ သန်း ဖြစ်သည်။ ရွှေဒင်္ဂါး ၁၀ သန်း ဆိုသည်မှာ မိစ္ဆာများထဲတွင် မိစ္ဆာစစ်သူကြီး အဆင့်ရှိသော မြင့်မြတ်သော နယ်မြေအဆင့် မှော်သားရဲ တစ်ကောင်၏ ဈေးနှုန်း ဖြစ်သည်။

လောက တစ်ခုလုံးက မိစ္ဆာစစ်သူကြီးတွေချည်းပဲလားဆိုတော့ မဖြစ်နိုင်ပေ။ မည်သည့် ကမ္ဘာတွင်မဆို အရေအတွက် အများဆုံးမှာ အဆင့်န်မ့် သက်ရှိများသာ ဖြစ်သည်။

ထို့ကြောင့် ဤလောက တစ်ခုတည်းတွင်ပင် သေဆုံးသွားသော မိစ္ဆာ အရေအတွက်မှာ သန်း ၁၀၀၀၀ ထက်မက ရှိလေသည်။

ကံကောင်းသည်မှာ မုန်လဲ့က လူသားဆန်သော နည်းလမ်းဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ ဤမိစ္ဆာများမှာ ချက်ချင်း သေဆုံးသွားကြပြီး နာကျင်မှု မရှိ၊ ကြောက်ရွံ့မှု မရှိဘဲ အလွန် ငြိမ်းချမ်းစွာ သေဆုံးသွားကြခြင်း ဖြစ်သည်။

"နောက်ထပ် လောက တစ်ခု"

ဤသို့ဖြင့် မုန်လဲ့သည် လောက ၄၈ ခုတွင် လှည့်လည်ကာ ငွေထုတ်ယူသည့် စနစ်သစ်ကို စတင်ခဲ့လေသည်။

လောက ဆယ်ခုခန့် အကြာတွင် ကုန်ဆုံးသွားသော ကြွယ်ဝမှုများ ပြန်လည် ရရှိလာရုံသာမက သန်း ၁၀၀၀၀ အမှတ်အသားကိုပင် ကျော်လွန်သွားခဲ့လေပြီ။

ထိုအချိန်တွင် စနစ်၏ အေးစက်စက် အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

"အသိပေးချက်... အသုံးပြုသူ၏ ကြွယ်ဝမှုမှာ နိယာမ မူလသလင်းကျောက် သန်း ၁၀၀၀၀ ကို ကျော်လွန်သွားသဖြင့် စနစ် အဆင့်တက်ရန် အခြေအနေနှင့် ကိုက်ညီပါသည်... အသုံးပြုသူ အနေဖြင့် အဆင့်တက်လိုပါသလား"

မုန်လဲ့ ကြောင်အမ်းသွားသည်။ ထပ်ပြီး အဆင့်တက်ရဦးမည်ကို တွေးမိလိုက်သည်။

ယခင်က အဆင့်တက်ခြင်းမှာ မြင့်မြတ်သော နယ်မြေအဆင့်သို့ ရောက်ရှိသွားသောကြောင့် အခြေအနေ ကိုက်ညီခဲ့ခြင်း ဖြစ်ပြီး ယခု အဆင့်တက်ခြင်းမှာ ကြွယ်ဝမှု သန်း ၁၀၀၀၀ ကို ကျော်လွန်သွားသောကြောင့် ဖြစ်နေသည်။

ဒီ ခွေးစနစ်က တကယ့်ကို သူ့သဘောသူ ဆောင်လွန်းလှသည်။

မကျေမနပ် ဖြစ်မိသော်လည်း မုန်လဲ့သည် တွန့်ဆုတ်ခြင်း လုံးဝ မရှိဘဲ အဆင့်တက်ရန် အမိန့်ကို ပြတ်သားစွာ ပေးလိုက်လေသည်။

"အဆင့်တက်မယ်"

"အသိပေးချက်... စနစ် အဆင့်တက်ရန်အတွက် နိယာမ မူလသလင်းကျောက် သန်း ၁၀၀၀၀ ကုန်ကျပါမည်... အသုံးပြုသူ အနေဖြင့် အဆင့်တက်လိုပါသလား"

"နိယာမ မူလသလင်းကျောက် သန်း... ၁၀၀၀၀"

မုန်လဲ့ အသက်ရှူမှားသွားပြီး ပြောလိုက်မိသည်။

"သေနာကောင်... အဆင့်တက်တာလေး တစ်ခုကို နိယာမ မူလသလင်းကျောက် ဒီလောက် အများကြီး ကုန်ရလား... ဓားပြတိုက်နေတာလား"

"အသိပေးချက်... စနစ် အဆင့်တက်ရန်အတွက် နိယာမ မူလသလင်းကျောက် သန်း ၁၀၀၀၀ ကုန်ကျပါမည်... အသုံးပြုသူ အနေဖြင့် အဆင့်တက်လိုပါသလား"

စနစ်က မုန်လဲ့၏ ညည်းတွားမှုကို မကြားသကဲ့သို့ အေးစက်စက် ထပ်မံ သတိပေးလိုက်လေသည်။

မုန်လဲ့သည် ရင်ထဲမှ နှမြောမှုကို အောင့်အည်းကာ အလွန် မကျေမနပ်ဖြင့် အဆင့်တက်ရန် အမိန့် ပေးလိုက်လေသည်။

ရွှမ်း...

ယခုလေးတင် ရှာဖွေရရှိထားသော နိယာမ မူလသလင်းကျောက် သန်း ၁၀၀၀၀ မှာ ချက်ချင်း သုည ဖြစ်သွားပြီး မုန်လဲ့မှာ သူတောင်းစား ပြန်ဖြစ်သွားလေသည်။

"အသိပေးချက်... စနစ် အဆင့်တက်ခြင်း စတင်ပါပြီ"

"အသိပေးချက်... ယခု အဆင့်တက်ရန် ကြာမြင့်ချိန်... သုံးနာရီ"

"မိတ်ဆွေအဖြစ် သတိပေးချက်... အဆင့်တက်နေစဉ် အတွင်း စနစ်၏ လုပ်ဆောင်ချက် အားလုံးကို ပိတ်ထားမည် ဖြစ်သဖြင့် အသုံးပြုသူ အနေဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ"

"တက်... တက်လိုက်စမ်းပါ... အမြင့်ဆုံးထိ တက်ပြီး ပြန်မဆင်းလာနဲ့တော့... ခွေးကောင်"

ဟာလာဟင်းလင်း ဖြစ်နေသော ကြွယ်ဝမှု ကော်လံကို ကြည့်ရင်း မုန်လဲ့ ငိုချင်စိတ် ပေါက်သွားလေသည်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှာထားတဲ့ သန်း ၁၀၀၀၀ က ပူတောင် မပူသေးဘူး... အကုန် ပျောက်သွားပြီ။

ဒေါသမထွက်ဘဲ နေနိုင်ပါ့မလား။

ရင်ထဲမှာ မကျေမနပ် ဖြစ်နေပေမယ့် မုန်လဲ့က အရမ်းကို မျှော်လင့်နေမိသည်။ အရင်တစ်ခေါက် စနစ် အဆင့်တက်ပြီးတုန်းက လုပ်ဆောင်ချက် အသစ် နှစ်ခု ထပ်တိုးလာလေသည်။

အကန့်အသတ်မရှိ ကောက်ယူခြင်းနဲ့ ရက်စက်စွာ လုယူခြင်း။

ရက်စက်စွာ လုယူခြင်းကို သုံးတာ နည်းပေမယ့် ဒီလုပ်ဆောင်ချက်ရဲ့ အစွမ်းထက်မှုကို ငြင်းလို့ မရဘူး။

အကန့်အသတ်မရှိ ကောက်ယူခြင်းကတော့ ပြောစရာတောင် မလိုဘူး... ဒီလုပ်ဆောင်ချက်က မုန်လဲ့ကို အကျိုးကျေးဇူးတွေ ဘယ်လောက်တောင် ပေးခဲ့သလဲ။

နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက်... လက်တစ်ရာ တိုက်တန် သွေးမျိုးဆက်... ပေါင်းစပ် နိယာမ အပိုင်းအစ အမျိုးမျိုး... ပြီးတော့ နတ်ဘုရားဝိညာဉ်ကို မြှင့်တင်ပေးတဲ့ နတ်ဘုရားဝိညာဉ် အနှစ်သာရနဲ့ ဝိညာဉ် ရေခဲခြင်ဆီတွေ...

ဒါတွေ အကုန်လုံးက အကန့်အသတ်မရှိ ကောက်ယူခြင်း ကနေ ရလာတာချည်းပဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် အကန့်အသတ်မရှိ ကောက်ယူခြင်းသာ မရှိရင် အခုလို မုန်လဲ့ ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။

ဒါကို ကြည့်ရင် စနစ် အဆင့်တက်ပြီးနောက် မုန်လဲ့အတွက် ဘယ်လောက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာပေးခဲ့လဲ ဆိုတာ သိသာသည်။

ဒါက စနစ် အဆင့်တက်တာက တန်ဖိုး ကြီးမားလွန်းပေမယ့် မုန်လဲ့က တွန့်ဆုတ်ခြင်း မရှိဘဲ အဆင့်တက်ဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းပဲ။ ဘာလို့လဲဆိုတော့ အဆင့်တက်ပြီးရင် ရလာမယ့် အကျိုးအမြတ်က ပေးဆပ်ရတာထက် အများကြီး ပိုများလို့ပဲ။

"ဒီတစ်ခေါက် အဆင့်တက်ပြီးရင်ရော ဘာလုပ်ဆောင်ချက် အသစ်တွေ ထပ်တိုးလာမလဲ"

မုန်လဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ အပြည့်နဲ့ တွေးနေမိတယ်။

"သခင်... သခင်က ဘာဖြစ်လို့လဲ"

ဘာဘရူးစ်တို့က ရုတ်တရက် ခြေလှမ်းရပ်သွားပြီး မျက်နှာပေါ်မှာ မျှော်လင့်နေတဲ့ အမူအရာတွေ ပေါ်လာတဲ့ မုန်လဲ့ကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေကြတယ်။

'သခင်က တစ်ယောက်တည်း ဘာတွေ ခိုးပျော်နေတာလဲ... ကျွန်တော်တို့ကိုလည်း ပြောပြပါဦး... ကျွန်တော်တို့လည်း ဝမ်းသာရတာပေါ့ တစ်ယောက်တည်း ပျော်နေတာထက် အားလုံး ပျော်ရတာက ပိုကောင်းတယ် မဟုတ်လား'

"ဘာမှ မဖြစ်ပါဘူး"

မုန်လဲ့က လက်ကာပြလိုက်သည်။

"မင်းတို့ ကောင်းကင်ယံတိုက်ကြီးကို အရင် ပြန်သွားကြ... ပူဟာမန်နဲ့ လူတွေ ပြောင်းရွှေ့ဖို့ ကိစ္စကို တိုင်ပင်ထားကြ... ငါက ဉာဏ်အလင်း နည်းနည်း ပွင့်သွားလို့ ဒီမှာပဲ တံခါးပိတ်ကျင့်တော့မယ်"

ဉာဏ်အလင်း ပွင့်သွားတယ် ဆိုတော့ကာ... လက်အောက်ငယ်သားတွေက ဘာပြောရမှန်း မသိတော့ဘူး။ အခုမှ အဆင့်တက်ထားတာ မကြာသေးဘူး... အခု ထပ်ပြီး ဉာဏ်အလင်း ပွင့်သွားပြန်ပြီလား။

သခင်နဲ့ ယှဉ်လိုက်ရင် ငါတို့တော့ တကယ့်ကို အလဟဿ အသက်ရှင်နေတာပဲ လို့ တွေးပြီး ရှက်ရွံ့စွာနဲ့ ကောင်းကင်ယံတိုက်ကြီးဆီကို ပို့ဆောင်ရေး မှော်အစီအရင်ကနေ ပြန်သွားကြသည်။

သုံးနာရီက လျင်မြန်စွာ ကုန်ဆုံးသွားပြီး စနစ်ရဲ့ အေးစက်စက် အသံက ပြန်လည် ထွက်ပေါ်လာတယ်။

"အသိပေးချက်... အစွမ်းအထက်ဆုံး ကောက်ယူခြင်း စနစ် အဆင့်တက်ခြင်း ပြီးဆုံးပါပြီ"

"အသိပေးချက်... အစွမ်းအထက်ဆုံး ကောက်ယူခြင်း စနစ်မှ လူကြီးမင်းအား ဝန်ဆောင်မှု ပေးပါမည်"

အသံက အေးစက်နေပေမယ့် မုန်လဲ့အတွက်တော့ နတ်သံအလား ကြားနေရသည်။

"နောက်ဆုံးတော့ အဆင့်တက်တာ ပြီးသွားပြီပဲ... စနစ်... မြန်မြန် ပြောပြစမ်း... မင်းဆီမှာ ဘာလုပ်ဆောင်ချက် အသစ်တွေ ထပ်တိုးလာလဲ"

"အသုံးပြုသူ... ဤစနစ် အဆင့်တက်ပြီးနောက် အခြေခံ ကောက်ယူခြင်း လုပ်ဆောင်ချက် အပေါ်တွင် အနည်းငယ် အပြောင်းအလဲ ရှိသွားပါသည်"

စနစ်က အေးစက်စက် ပြန်ဖြေတယ်။

"အခကြေးငွေ ကောက်ခံသော လုပ်ဆောင်ချက်များ ဖြစ်သည့် အကန့်အသတ်မရှိ ကောက်ယူခြင်းနှင့် ရက်စက်စွာ လုယူခြင်းတို့ကို ပယ်ဖျက်လိုက်ပြီး အခကြေးငွေ ကောက်ခံသော လုပ်ဆောင်ချက် အသစ်များ အဖြစ်... အဆင့်မြင့် ကောက်ယူခြင်း... အဆင့်မြင့် လုယူခြင်းနှင့် အဆင့်မြင့် မြှင့်တင်ခြင်း တို့ကို ထည့်သွင်းလိုက်ပါသည်"

"အဆင့်မြင့် ကောက်ယူခြင်း"

"အဆင့်မြင့် လုယူခြင်း"

"အဆင့်မြင့် မြှင့်တင်ခြင်း”

All Chapters