← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃။ တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်နှင့် အညံ့ခံရခြင်း၏ အရသာ

"ဘယ်သူ ငါ့ကို ခေါ်နေတာလဲ"

အလွန် ဩဇာကြီးမားသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ပုပ်ရဟန်းမင်းကြီး၏ ခေါင်းပေါ်ရှိ လေဟာနယ် တံခါးမှ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်နေသော တောက်ပလှသည့် ရွှေရောင် အလင်းတန်းကြီး တစ်ခု ကျဆင်းလာလေသည်။

"ဝုန်း"

အလွန် အစွမ်းထက်လှသော အရှိန်အဝါ တစ်ခုက ရွှေရောင် အလင်းတန်းကြီးထဲမှ ထွက်ပေါ်လာပြီး ရွှေရောင် လှိုင်းလုံးကြီး တစ်ခုအလား အရပ်ရှစ်မျက်နှာသို့ လွှမ်းခြုံသွားလေသည်။

"ဗုန်း..."

"ဗုန်း..."

အလင်းရောင် သန့်ရှင်းသော တောင်တော်ပေါ်ရှိ အလင်းရောင် သူရဲကောင်းများ အားလုံး မြေပြင်ပေါ်သို့ ပြားပြားဝပ်သွားကြပြီး ခေါင်းပင် မမော့နိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ရီကာ အလွန် ကြောက်လန့်နေကြလေသည်။

အလင်းရောင် အကာအကွယ် အတွင်းရှိ အလင်းရောင် သူတော်စင်မလေးနှင့် အလင်းရောင် နတ်ဘုရားကျောင်း၏ အဆင့်မြင့် နတ်ဘုရားတစ်ဝက်များ အားလုံးပင် အသက်ရှူကြပ်ကာ ရင်တွေ တဒိန်းဒိန်း ခုန်နေကြလေသည်။

"ဘယ်လောက်တောင်... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ... အဆင့်နိမ့် နတ်ဘုရား အဆင့်ထက် ကျော်လွန်နေတာ သေချာတယ်"

"ပုပ်ရဟန်းမင်းကြီးက တကယ်ကို အစွမ်းထက်တာပဲ... ခေါ်လာတဲ့ ကောင်းကင်ဘုံက ကောင်းကင်တမန်က ဒီလောက်တောင် အစွမ်းထက်တယ်ပေါ့"

အလင်းရောင် နတ်ဘုရားကျောင်း၏ အဆင့်မြင့် နတ်ဘုရားတစ်ဝက်များ အားလုံး စိတ်လှုပ်ရှားနေကြပြီး မုန်လဲ့ကို အပြင်းအထန် အနိုင်ယူကာ သတ်ဖြတ်ပစ်မည့် မြင်ကွင်းကိုပင် မြင်ယောင်နေကြလေသည်။

လူတိုင်း အလွန် ဝမ်းသာနေချိန်တွင် ရွှေရောင် အလင်းတန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြီးမားလှသော ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာလေသည်။

ခေါင်းတွင် ရွှေရောင် အလင်းဝိုင်း ရှိပြီး လက်ထဲတွင် ရွှေရောင် လှံရှည် တစ်လက်ကို ကိုင်ဆောင်ထားကာ ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး ခြေဗလာဖြင့် ဖြစ်ကာ ကျောဘက်တွင် ရွှေရောင် အတောင်ပံ သုံးစုံ ပါရှိလေသည်။

"တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်"

"အလယ်အလတ် နတ်ဘုရား အဆင့်ရှိတဲ့ တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်ပဲ"

"ငါတို့တော့ ကယ်တင်ခံရပြီ... အလင်းရောင် နတ်ဘုရားကျောင်းတော့ ကယ်တင်ခံရပြီ... မြင်လား... ငါတို့တော့ ကယ်တင်ခံရပြီ"

လူတိုင်း အလွန် ဝမ်းသာသွားကြပြီး အလင်းရောင် သူတော်စင်မလေးလည်း အလွန် စိတ်လှုပ်ရှားနေလေသည်။ နတ်ဘုရားကျောင်းမှ လူတစ်ယောက် အနေဖြင့် ကောင်းကင်တမန်များ၏ အဆင့်နှင့် စွမ်းအားများကို သူမ ကောင်းစွာ သိရှိထားလေသည်။

ကောင်းကင်တမန်များကို အဆင့် သုံးဆင့်၊ ကိုးတန်း ခွဲခြားထားသည်။

အဆင့်နိမ့် ကောင်းကင်တမန်၊ အတောင်ပံ လေးခု ပါရှိပြီး အဆင့်နိမ့် နတ်ဘုရားနှင့် ညီမျှသည်။

အလယ်အလတ် ကောင်းကင်တမန်၊ အတောင်ပံ ခြောက်ခု ပါရှိပြီး အလယ်အလတ် နတ်ဘုရားနှင့် ညီမျှသည်။

အဆင့်မြင့် ကောင်းကင်တမန်၊ အတောင်ပံ ရှစ်ခု ပါရှိပြီး အဆင့်မြင့် နတ်ဘုရားနှင့် ညီမျှသည်။

အဆင့် တစ်ခုစီတွင် သုံးတန်း ခွဲခြားထားပြန်သည်။

အလယ်အလတ် ကောင်းကင်တမန်၏ သုံးတန်းမှာ စွမ်းအား ကောင်းကင်တမန်၊ ခွန်အား ကောင်းကင်တမန်၊ ပင်မ ကောင်းကင်တမန် တို့ ဖြစ်ပြီး တစ်ဆင့်ထက် တစ်ဆင့် ပိုမို အစွမ်းထက်ကြလေသည်။

ယခု ရောက်ရှိလာသော ကောင်းကင်တမန်ကြီးမှာ အတောင်ပံ ခြောက်ခု ပါရှိသဖြင့် အလယ်အလတ် နတ်ဘုရား အဆင့် ဖြစ်သည်မှာ သေချာလှသည်။

အလယ်အလတ် နတ်ဘုရားလေ... ဘယ်လောက်တောင် အစွမ်းထက်လဲ။

"ဒီကောင်းကင်တမန်ကြီးက အလယ်အလတ် ကောင်းကင်တမန် တွေထဲက ဘယ်အဆင့်မှာ ရှိမလဲ ဆိုတာတော့ မသိဘူး... ပင်မ ကောင်းကင်တမန် သာဆိုရင်တော့ ဒီနေ့ တိုက်ပွဲက သေချာပေါက် နိုင်ပြီပဲ"

အလင်းရောင် သူတော်စင်မလေး၏ မျက်လုံးများ တောက်ပနေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

"ဘယ်သူ ငါ့ကို ခေါ်နေတာလဲ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်က အရိုးပေါ် အရေတင် ဖြစ်နေသော ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်ကို ကြည့်ကာ အလွန် ဩဇာကြီးမားသော အသံဖြင့် မေးလိုက်သည်။

"ကောင်းကင်တမန်ကြီး... ကျွန်တော် ခေါ်တာပါ"

ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်မှာ အသက်ငင်နေပြီ ဖြစ်သော်လည်း မျက်လုံးများက တောက်ပနေပြီး မုန်လဲ့ကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကောင်းကင်တမန်ကြီး... ကျွန်တော်က ဒီလောကမှာ ရှိတဲ့ အလင်းရောင် နတ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးပါ... ကျွန်တော်တို့ လောကမှာ ယုတ်မာတဲ့ နတ်ဘုရားကို ပြစ်မှားသူ တစ်ယောက် ပေါ်လာလို့ပါ"

"သူက ကျွန်တော်တို့ အလင်းရောင် နတ်ဘုရားကျောင်းကို ဖျက်ဆီးပြီး အရှင်သခင်ရဲ့ ယုံကြည်မှုတွေကို ဖြတ်တောက်ချင်နေတာပါ... ကောင်းကင်တမန်ကြီးက နတ်ဘုရားရဲ့ အပြစ်ပေးမှုကို ချမှတ်ပြီး ဒီနတ်ဘုရားကို ပြစ်မှားသူကို ဖယ်ရှားကာ နတ်ဘုရားကျောင်းကို ကာကွယ်ပေးပါလို့ တောင်းဆိုပါတယ်"

တုန်ရီစွာဖြင့် ဤစကားများကို ပြောပြီးနောက် ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်မှာ တစ်ကိုယ်လုံး အားအင် ကုန်ခန်းသွားသကဲ့သို့ ခေါင်းစိုက်ကျသွားကာ လုံးဝ ပျော့ခွေသွားလေသည်။

အကယ်၍ ရင်ဘတ်က နိမ့်ချည်မြင့်ချည် မဖြစ်နေဘူး ဆိုလျှင် သူ တကယ်ပဲ သေသွားပြီလို့ ထင်စရာပင်။

"နတ်ဘုရားကို ပြစ်မှားသူ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်က မုန်လဲ့ကို ကြည့်လိုက်ပြီး ရွှေရောင် မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားလေသည်။

"အရှင်သခင်ကို စော်ကားရဲတဲ့ ဘယ်ပြစ်မှားသူမဆို... သေရမယ်... ငါ... ခွန်အား ကောင်းကင်တမန် လိုရန်ဇို ဖီးလ်မိုး က မင်းကို သေဒဏ် အပြစ်ပေးတယ်"

ဩဇာကြီးမားသော အသံကြီးက လေဟာနယ်တွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပြီး တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်၏ လက်ထဲရှိ လှံရှည်မှာ မုန်လဲ့၏ မျက်ခုံးကြားသို့ အလွန် မြန်ဆန်သော အရှိန်ဖြင့် ရောက်ရှိလာလေပြီ။

"ရွှမ်း..."

သို့သော် နှမြောစရာ ကောင်းသည်မှာ လှံရှည်က အရိပ်ကိုသာ ထိုးမိသွားခြင်း ဖြစ်ပြီး မုန်လဲ့မှာ မီတာ အနည်းငယ် အကွာတွင် ရုတ်တရက် ပြန်ပေါ်လာကာ ခွန်အား ကောင်းကင်တမန်ကို စိတ်ဝင်တစား ကြည့်နေလေသည်။

မုန်လဲ့ ခံစားမိသည်မှာ သူ၏ အရှေ့ရှိ ခွန်အား ကောင်းကင်တမန်သည် နတ်ဘုရား စွမ်းအား ကိုယ်ပွား မဟုတ်ဘဲ အစစ်အမှန် ကိုယ်ခန္ဓာကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။

ဒါက အံ့ဩစရာပဲ။

"ဒိုဒိုလာ... လေဟာနယ်က နတ်ဘုရားတွေက အဆင့်နိမ့် လောကကို ဆင်းလာလို့ မရဘူးလို့ မပြောဘူးလား... ဘာလို့ ဒီ တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်က ကောင်းကင်ယံတိုက်ကြီးကို ဆင်းလာနိုင်တာလဲ"

"ကိစ္စ တိုင်းမှာ ခြွင်းချက်တော့ ရှိတာပေါ့... လောက နိယာမတွေမှာလည်း ဟာကွက် ရှိတာပဲ"

ဒိုဒိုလာက အေးဆေးစွာ ရှင်းပြလိုက်သည်။ "ပုံမှန် အားဖြင့်တော့ လေဟာနယ်က နတ်ဘုရားတွေက နတ်ဘုရားတွေ အုပ်ချုပ်တဲ့ အဆင့်နိမ့် လောကကို ဆင်းလာလို့ မရဘူး... ဒါပေမဲ့ အလင်းရောင် နတ်ဘုရားကျောင်းရဲ့ ဒီလို ပူဇော်တဲ့ နည်းလမ်းမျိုးက လေဟာနယ် တံခါးကို ခဏတာ ဖွင့်ပြီး လေဟာနယ်က နတ်ဘုရားတွေကို ဆင်းလာအောင် လုပ်နိုင်တယ်"

"ဒါပေမဲ့ ဒီလို ပူဇော်တဲ့ နည်းလမ်းမျိုးက မျိုးနွယ်စုရဲ့ လျှို့ဝှက် နည်းလမ်း ဖြစ်လို့ သာမန် နတ်ဘုရားတွေ မသိနိုင်ဘူး... လေဟာနယ် ကမ္ဘာ တစ်ခုလုံးမှာတောင် သိတဲ့ နတ်ဘုရား အရမ်း နည်းတယ်"

"ဒီလိုကိုး"

မုန်လဲ့ ခေါင်းညိတ်လိုက်သည်။

"တော်တော် မြန်တဲ့ အရှိန်ပဲ"

တိုက်ခိုက်မှု လွဲချော်သွားသဖြင့် တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို အနည်းငယ် အံ့အားသင့်သွားသည်။ "ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် ရှောင်နိုင်တယ် ဆိုတော့ မင်းက သာမန် စစ်မှန်တဲ့ နတ်ဘုရား မဟုတ်ဘူးပဲ... ဒါပေမဲ့ ငါ့ရှေ့မှာတော့ ဘယ်လို အရှိန်မျိုးကမှ အသုံးမဝင်ဘူး"

"ကောင်းကင်တမန် နယ်ပယ်"

"ဝုန်း"

ရွှေရောင် လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး မုန်လဲ့ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို လွှမ်းခြုံသွားကာ လေဟာနယ်ကို ချက်ချင်း ပိတ်ဆို့လိုက်ပြီး မုန်လဲ့ကိုပါ နေရာမှာတင် ဖိနှိပ်ထားလိုက်လေသည်။

"မင်းလို အဆင့်နိမ့် နတ်ဘုရားကို ဖိနှိပ်ဖို့ နတ်ဘုရား နယ်ပယ် တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇိုက ရှေ့တစ်လှမ်း တက်လိုက်ရာ လှံထိပ်မှာ မုန်လဲ့၏ မျက်ခုံးကြားသို့ ချက်ချင်း ရောက်ရှိသွားလေသည်။

"နတ်ဘုရားကို ပြစ်မှားသူ... အရှင်သခင်ကို မင်း စော်ကားလိုက်တဲ့ အချိန်ကစပြီး မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သွားပြီ"

"ငရဲကို သွားလိုက်တော့"

လှံရှည်ကို ရှေ့သို့ အနည်းငယ် တွန်းလိုက်ရုံဖြင့် မုန်လဲ့၏ မျက်ခုံးကြားကို ဖောက်ထွင်းသွားမည် ဖြစ်သော်လည်း တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို အလွန် အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်မှာ သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှား၍ မရတော့ခြင်းပင်။

ပုံမှန် အလွယ်တကူ လုပ်နိုင်သော လှုပ်ရှားမှုများက ယခုအခါ အလွန် လေးလံနေသကဲ့သို့ ဖြစ်နေလေသည်။

"ဘာဖြစ်တာလဲ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို မယုံနိုင်အောင် ဖြစ်နေလေသည်။ သူက အလယ်အလတ် နတ်ဘုရားလေ... ကောင်းကင်တမန် မျိုးနွယ်စု တစ်ခုလုံးမှာတော့ ဘာမှ မဟုတ်ပေမယ့် အဆင့်နိမ့် လောကကို ဆင်းလာရင်တော့ လုံးဝ ပြိုင်ဘက်ကင်းတဲ့ သူပဲ မဟုတ်လား။

ဘယ်လိုလုပ် လှုပ်လို့ မရတာလဲ။

"နတ်ဘုရား ခန္ဓာကိုယ် လှုပ်လို့ မရတော့ဘူး မဟုတ်လား"

မုန်လဲ့က တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒါက... လောကစွမ်းအားလား"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇိုက သူ့ကို ဖိနှိပ်ထားသော စွမ်းအားကို သေချာ ခံစားကြည့်ပြီး ရုတ်တရက် မျက်နှာ အလွန် ပျက်သွားလေသည်။

"မင်းက ဒီလောကရဲ့ လောကနှလုံးသားကို ပေါင်းစပ်ပြီး လောကအရှင်သခင် ဖြစ်နေတာလား"

"မင်း ခန့်မှန်းတာ မှန်တယ်"

မုန်လဲ့က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ပြီးတော့ နောက်ထပ် ဖြည့်ပြောရရင်... ငါက အလယ်အလတ် နတ်ဘုရားပဲ... မင်းနဲ့ အဆင့်တူတူပဲ... ဒါကြောင့် လောကစွမ်းအား မရှိရင်တောင် မင်းရဲ့ နတ်ဘုရား နယ်ပယ်က ငါ့ကို ဘာမှ လုပ်လို့ မရဘူး" ဟု ပြောလိုက်သည်။

ပြောရင်းနှင့် မုန်လဲ့က ရှေ့တစ်လှမ်း တက်လိုက်ရာ တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး လက်သီးတစ်ချက် ထိုးချလိုက်လေသည်။

"ဝေါ့"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇိုမှာ မိုးကြိုးပစ်ခံရသကဲ့သို့ သွေးများ ပန်းထွက်လာပြီး ကိုယ်တွင်းအင်္ဂါများပင် နေရာရွေ့သွားလုမတတ် ဖြစ်သွားလေသည်။

"ဒီစွမ်းအားက... တကယ်ပဲ အလယ်အလတ် နတ်ဘုရားပဲ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို အလွန် လန့်သွားပြီး ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်ကို လှည့်ကြည့်ကာ မျက်လုံးများထဲတွင် ပြင်းထန်သော ဒေါသများ၊ အမုန်းတရားများ ပြည့်နှက်နေလေသည်။

"ဒီသေနာကောင်... မင်းက မျက်စိကန်းနေတာလား... ပိုင်ရှင်ရှိတဲ့ လောကကို ငါ့ကို ခေါ်ချလာတယ်... မင်းက ငါ့ကို သေစေချင်နေတာလား... မင်းလို အရူးကောင်"

လိုရန်ဇို အလွန် ဒေါသထွက်သွားသည်။ မုန်လဲ့က အလယ်အလတ် နတ်ဘုရား ဖြစ်နေသဖြင့် သူနှင့် စွမ်းအား မကွာခြားလှပေ။ ထို့အပြင် လောကအရှင်သခင်လည်း ဖြစ်နေသေးရာ သူက ဘယ်လိုလုပ် ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။

သူက သာမန် ခွန်အား ကောင်းကင်တမန် တစ်ပါးသာ ဖြစ်ပြီး လောကအရှင်သခင် ဖြစ်နေသော အလယ်အလတ် နတ်ဘုရားနှင့် ယှဉ်တိုက်ခိုင်းသည်မှာ သူ့ကို မီးတွင်းထဲ တွန်းပို့နေခြင်း မဟုတ်လော။

ဒေါသထွက်စရာ အကောင်းဆုံးမှာ ပုပ်ရဟန်းမင်းကြီး ဆိုသော အရူးကောင်က ဤအချက်ကိုပင် သေချာ မစုံစမ်းဘဲ သူ့ကို ခေါ်ချလာခြင်းပင်။ ဒါက တကယ်ကို မီးတွင်းထဲ တွန်းပို့တာပဲ။

ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်မှာ အသက်ငင်နေပြီ ဖြစ်သော်လည်း နောက်ဆုံး အသက်ရှူသံလေးကို ထိန်းထားပြီး တိုက်ပွဲ အဆုံးသတ်သည်အထိ စောင့်ကြည့်ချင်နေလေသည်။ မုန်လဲ့ သေဆုံးသွားပြီး အလင်းရောင် နတ်ဘုရားကျောင်း ပြန်လည် အသက်ဝင်လာမည့် မြင်ကွင်းကို သူ မြင်ချင်နေလေသည်။

ထို့ကြောင့် သူ မသေသေးဘဲ မုန်လဲ့နှင့် တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

မုန်လဲ့ကို ဖိနှိပ်လိုက်သည်ကို မြင်သောအခါ သူ အလွန် ဝမ်းသာသွားပြီး ကောင်းကင်တမန်ကြီး၏ စွမ်းအားက တကယ်ပဲ အစွမ်းထက်ကာ နတ်ဘုရား နယ်ပယ်ဖြင့်ပင် မုန်လဲ့ကို ဖိနှိပ်နိုင်ခဲ့သည်ဟု တွေးမိလိုက်သည်။

သို့သော် ယခုအခါ ကောင်းကင်တမန်ကြီး၏ ရုတ်တရက် အော်ဟစ် ဆဲဆိုခြင်းကို ခံလိုက်ရသဖြင့် ပုပ်ရဟန်းမင်းကြီး အလွန် ကြောင်အမ်းသွားပြီး "တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်ကြီး... ကျွန်တော်... ကျွန်တော် ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

"မင်းလို သေနာကောင်"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန်က ပုပ်ရဟန်းမင်းကြီးကို ဒေါသတကြီး ကြည့်ကာ "မင်း သိလား... သူက ဒီလောကရဲ့ လောကနှလုံးသားကို ပေါင်းစပ်ပြီး လောကအရှင်သခင် ဖြစ်နေပြီ ဆိုတာကို" ဟု ပြောလိုက်သည်။

"လောကအရှင်သခင်"

ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် မျက်နှာ အလွန် ပျက်သွားလေသည်။ အလင်းရောင် နတ်ဘုရားကျောင်းက နှစ်ပေါင်း သိန်းချီ တည်ရှိလာခဲ့ပြီး ပုပ်ရဟန်းမင်းကြီး တစ်ယောက် အနေဖြင့် လောကအရှင်သခင် ဆိုသည်မှာ ဘာလဲ ဆိုတာကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

လောကအရှင်သခင် ဆိုသည်မှာ လောက တစ်ခုလုံး၏ စွမ်းအားများကို အသုံးချနိုင်ပြီး အလွန် အစွမ်းထက်ကာ မိမိ၏ လောကအတွင်းတွင် လုံးဝ ပြိုင်ဘက်ကင်းသော သူပင် ဖြစ်လေသည်။

မုန်လဲ့က လောကအရှင်သခင် ဖြစ်နေတယ် ဟုတ်လား။

"တစ်ဖက်လူက လောကအရှင်သခင် ဟုတ်မဟုတ်တောင် မသိဘဲနဲ့ အလွယ်တကူ ခေါ်တာ... အရူးကောင်"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇိုမှာ ဒေါသထွက်လွန်း၍ သေတော့မည်။ သို့သော် ယခုအချိန်တွင် ပုပ်ရဟန်းမင်းကြီးကို ဘယ်လောက်ပဲ ဆဲဆိုနေပါစေ အကျိုးမရှိတော့ပေ။ သူ မုန်လဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မိတ်ဆွေ... အရင်က စော်ကားမိတာတွေက မသိလို့ လုပ်မိတာပါ... ခွင့်လွှတ်ပေးပါ... ငါ အခုပဲ ပြန်တော့မယ်"

ပြောပြီးသည်နှင့် သူက ကောင်းကင်သို့ ပျံတက်သွားပြီး လေဟာနယ် တံခါးမှတစ်ဆင့် ကောင်းကင်ယံတိုက်ကြီးမှ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

"နေဦး"

မုန်လဲ့က ပြောလိုက်သည်။ "မင်းက လာချင်တိုင်း လာပြီး သွားချင်တိုင်း သွားရအောင် ဒီနေရာကို ဘာလို့ ထင်နေတာလဲ"

"မင်း ဘာလိုချင်တာလဲ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို မျက်လုံးများ ကျဉ်းသွားပြီး မုန်လဲ့ကို အေးစက်စက် ကြည့်ကာ ဒေါသများ တောက်လောင်လာလေသည်။

"မင်းတို့ ကောင်းကင်တမန် မျိုးနွယ်စုက အလင်းရောင် နတ်ဘုရားကို အလုပ်အကျွေး ပြုစုတဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်"

မုန်လဲ့က လက်ချောင်းလေး တောက်လိုက်သည်။

"ရဲတင်းလှချည်လား"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို မျက်နှာ ပျက်သွားပြီး "မိတ်ဆွေ... မင်း ဘာတွေ ပြောနေတာလဲ သိရဲ့လား" ဟု မေးလိုက်သည်။

"ဪ"

မုန်လဲ့ မျက်ခုံးပင့်လိုက်သည်။

"မင်းက ကြီးမြတ်တဲ့ အလင်းရောင် နတ်ဘုရားကို စော်ကားနေတာပဲ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇိုက အော်ဟစ်လိုက်သည်။ "အဆင့်နိမ့် လောကရဲ့ လောကအရှင်သခင်လေးကများ အထက်လူကြီးကို ပြစ်မှားပြီး ပင်မနတ်ဘုရားကို စော်ကားရဲတယ်ပေါ့... မင်း အပြစ်ရှိတယ်"

"အပြစ်ရှိတယ် ဟုတ်လား"

မုန်လဲ့က ခေါင်းခါကာ ရယ်မောလိုက်ပြီး "အလင်းရောင် နတ်ဘုရားကို စိန်ခေါ်တာက အပြစ်ရှိတယ်ဆိုရင်... ငါက မရဏ နတ်ဘုရားကိုလည်း ဆဲခဲ့ဖူးတယ်၊ သေမင်းကိုလည်း တံတွေးနဲ့ ထွေးခဲ့ဖူးတယ်၊ အသက် နတ်ဘုရားမကိုတောင် အိပ်မက်ထဲမှာ စိန်ခေါ်ခဲ့ဖူးတယ် ဆိုရင် ငါ့အပြစ်က ကောင်းကင်လောက် ကြီးမားပြီး အပိုင်းပိုင်း ခုတ်ထစ်ခံရဖို့တောင် နည်းနေသေးတာပေါ့" ဟု ပြောလိုက်သည်။

"ဒီကျိန်စာသင့်နေတဲ့ နတ်ဘုရားကို ပြစ်မှားသူ"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို တစ်ကိုယ်လုံး တုန်ရီသွားပြီး "မင်းရဲ့ အပြစ်က အရမ်း ကြီးမားလွန်းတယ်... အပြစ်တွေက ကောင်းကင်လောက် ကြီးမားတယ်... မင်းက တကယ်ကို သေသင့်တဲ့ ကောင်ပဲ... မင်းရဲ့ အပြစ်တွေက..." ဟု ပြောလိုက်သည်။

"ပြောလို့ ပြီးပြီလား"

မုန်လဲ့က လက်ကာပြလိုက်ပြီး "ပြီးပြီဆိုရင်လည်း မင်းကို အသက်ရှင်ခွင့် တစ်ခု ပေးမယ်... နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို ပေးပြီး ငါ့ကို အညံ့ခံလိုက်" ဟု ပြောလိုက်သည်။

"အညံ့ခံရမယ်... မင်းက ငါ့ကို အညံ့ခံခိုင်းတာလား"

တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို အလွန်အမင်း ဒေါသထွက်သွားပြီး "ငါက ကောင်းကင်တမန် မျိုးနွယ်စုဝင် တစ်ယောက်... ကြီးမြတ်တဲ့ အလင်းရောင် နတ်ဘုရားရဲ့ ကျွန် တစ်ယောက်ပဲ... ငါက သေရမယ် ဆိုရင်တောင်၊ ငရဲကို ကျသွားမယ် ဆိုရင်တောင်၊ ငါ အမုန်းဆုံး မိစ္ဆာ အဖြစ် ပြောင်းလဲသွားမယ် ဆိုရင်တောင် မင်းကို ဘယ်တော့မှ အညံ့မခံဘူး" ဟု ပြောလိုက်သည်။

"အညံ့မခံဘူးလား... ဒါဆိုလည်း သေလိုက်တော့"

မုန်လဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲတွင် ငရဲမီးလျှံများ ထွက်ပေါ်လာကာ "ငါက ငရဲမီးလျှံနဲ့ မင်းရဲ့ နတ်ဘုရား ခန္ဓာကိုယ်နဲ့ နတ်ဘုရားဝိညာဉ်ကို လောင်ကျွမ်းပစ်ပြီး မင်းကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်" ဟု ပြောလိုက်သည်။

မုန်လဲ့ လက်ထဲရှိ ငရဲမီးလျှံများကို ကြည့်ကာ တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို သေချင်စိတ် ပေါက်သွားလေသည်။

လောကအရှင်သခင်၊ အလယ်အလတ် နတ်ဘုရား၊ ငရဲမီးလျှံ ဖီးနစ်... ဒီလောက် အဆင့်နိမ့်တဲ့ လောကမှာ ဘယ်လိုလုပ် ဒီလို အရူးကောင် တစ်ယောက် ပေါ်လာရတာလဲ။

"ကောင်းကင်တမန်ကြီး... မင်း ထွက်သွားရမယ့် အချိန် ရောက်ပြီ... စောစော သွားလေ ငရဲမှာ စောစော စာရင်းသွင်းလို့ ရလေပေါ့"

မုန်လဲ့က နေရာရွှေ့ပြောင်းကာ တောင်ပံ ခြောက်ခုပါ ကောင်းကင်တမန် လိုရန်ဇို အရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ သို့သော် သူ မတိုက်ခိုက်ရသေးမီ ခုနက တရားဟောနေသော ကောင်းကင်တမန်ကြီးမှာ သူ၏ ခြေရင်းတွင် ဝပ်တွားသွားလေသည်။

"မ... မီးမရှို့ပါနဲ့... ကျွန်တော်... ကျွန်တော် အညံ့ခံပါတယ်"

မုန်လဲ့: "..."

ကျောင်းအုပ်ကြီး: "..."

အလင်းရောင် သူတော်စင်မလေး: "..."

ပုပ်ရဟန်းမင်းကြီး: အသက်ထွက်သွားလေသည်။

All Chapters