အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း ၃၀၀။ အကျိုးအမြတ် များပြားခြင်းနှင့် မှော်သားရဲ နတ်ဘုရား
ဤရေကန်ကြီး၏ အမည်မှာ ကောင်းကင်ပြာ ရေကန် ဖြစ်ပြီး စတုရန်း ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းကာ ပတ်ဝန်းကျင်တွင် အကြီးမားဆုံး ရေကန်ကြီး ဖြစ်လေသည်။ ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးက ဤနေရာတွင် နေထိုင်လေသည်။
အဆင့်နိမ့် အဆင့် နတ်ဘုရား အဆင့်ရှိသော နတ်ဘုရားသားရဲ တစ်ကောင် ဖြစ်သည့်အလျောက် ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးသည် ဤရေကန်ကြီး၏ အရှင်သခင် ဖြစ်ပြီး မည်သည့် မှော်သားရဲကမျှ သူ့ကို မယှဉ်ပြိုင်ရဲပေ။
ဤရေကန်ကြီးမှာ ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီး၏ ကိုယ်ပိုင် ဥယျာဉ် ဖြစ်ပြီး သူလုပ်ချင်ရာ လုပ်၍ ရလေသည်။
ဗိုက်ဆာရင် ကြုံရာ တစ်ခုခု ရှာစားမယ်... ဗိုက်ဝသွားရင် ရေကန်အောက်က ခက်ရင်းခွကြီးပေါ်မှာ ပတ်ခွေပြီး အိပ်မယ်... အေးအေးဆေးဆေး၊ လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ နေမယ်။
သို့သော် ယနေ့တွင် ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးက ပုံမှန်လိုပင် ပျင်းရိစွာ အိပ်နေစဉ် သူ၏ အောက်မှ ခက်ရင်းခွကြီးက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးမှာ လန့်နိုးသွားပြီးနောက် ရေကန် အထက်တွင် လွင့်မျောနေသော မုန်လဲ့ကို တွေ့လိုက်ရလေသည်။
ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီး အလွန် ဒေါသထွက်သွားသည်။ သူ့အိမ်ကို ဝင်လာရုံတင် မကဘူး... သူ့ရဲ့ နတ်ဘုရား လက်နက်ကိုပါ လုယူသွားတယ်ပေါ့။
တကယ်ကို အနိုင်ကျင့်လွန်းနေပြီ။
ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးက တွန့်ဆုတ်ခြင်း လုံးဝ မရှိဘဲ ကောင်းကင်ပြာ ရေကန်ထဲမှ ထွက်လာကာ မုန်လဲ့ကို ကိုက်ရန် ပြင်လိုက်ရာ ထိုသွေးစွန်းနေသော ပါးစပ်ကြီးထဲမှ ထွက်ပေါ်လာသော အနံ့ဆိုးက မုန်လဲ့ကို လုံးဝ အသက်ရှူကြပ်သွားစေလုမတတ် ဖြစ်သွားလေသည်။
"ထွက်သွားစမ်း"
မုန်လဲ့က လေထဲတွင် လက်ဝါး တစ်ချက် ရိုက်လိုက်လေသည်။
"ဝုန်း"
ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးမှာ ချက်ချင်း လွင့်စင်သွားပြီး ကျောဘက်ရှိ အတောင်ပံ နှစ်ဖက်ကို ခတ်ကာ မုန်လဲ့ဆီသို့ ထပ်မံ ပြေးဝင်လာပြီး ပါးစပ်ဟကာ အဆိပ်ပြင်းသော အစိမ်းရောင် အခိုးအငွေ့များကို မှုတ်ထုတ်လိုက်လေသည်။
"အကြွင်းမဲ့ သုည"
မုန်လဲ့က လက်ညှိုးတစ်ချောင်း ထိုးလိုက်ရာ အစိမ်းရောင် အခိုးအငွေ့များမှာ ချက်ချင်း အေးခဲသွားပြီး ရေခဲတုံးလေးများ အဖြစ် ပြောင်းလဲကာ ကွဲအက်သွားလေသည်။
မုန်လဲ့၏ လက်ထဲတွင် သစ်နွယ်ပင် တစ်ခု ထွက်ပေါ်လာပြီး သံမဏိ ကြိမ်လုံး တစ်ခုအလား ပြောင်းလဲကာ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
"ဖြန်း"
ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးမှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ သံမဏိ ကြိမ်လုံးဖြင့် အရိုက်ခံလိုက်ရသဖြင့် အရေပြားများ စုတ်ပြဲသွားကာ နက်ရှိုင်းသော သွေးရာကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။
"ဖြန်း... ဖြန်း... ဖြန်း..."
ကောင်းကင်ယံ တစ်ခုလုံးတွင် ကြိမ်လုံး အရိပ်များက လေပြင်းများအလား ကျရောက်လာပြီး ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးမှာ လေ့ကျင့်ရေး သဲအိတ် တစ်ခုအလား 'ဖြန်း' ဆိုသော အသံများနှင့်အတူ အရိုက်ခံနေရပြီး တစ်ကိုယ်လုံး သွေးများ ရွှဲနေလေသည်။
"သေစမ်း"
အာရုံကြောများကို ဖောက်ထွင်းသွားသော နာကျင်မှုကြောင့် ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီး သတိဝင်လာပြီး သူက မုန်လဲ့၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်ရသဖြင့် အလွန် ကြောက်လန့်သွားကာ အတောင်ပံများကို ခတ်ပြီး ကောင်းကင်ပြာ ရေကန်ထဲသို့ ပြန်လည် ဝင်ရောက်ရန် ပြင်လိုက်လေသည်။ ဆက်ပြီး အရိုက်ခံနေရရင် သူ အသားစင်းခံရတော့မှာ သေချာတယ်။
"ပြေးချင်လို့လား"
မုန်လဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "အကြွင်းမဲ့ သုည" ဟု အော်ဟစ်လိုက်သည်။
"ဂျွတ်..."
ကောင်းကင်ပြာ ရေကန်၏ မျက်နှာပြင်မှာ ချက်ချင်း ထူထဲသော ရေခဲပြင်ကြီး အဖြစ် ခဲသွားပြီး ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးက ရေခဲပြင်ကို သံမဏိ နံရံကြီး တစ်ခုကို ဝင်တိုက်မိသကဲ့သို့ ဝင်တိုက်မိသွားကာ ခေါင်းမူးပြီး မျက်လုံးများ ပြာသွားလေသည်။
"သေလိုက်စမ်း မိစ္ဆာ"
မုန်လဲ့က လက်ဝှေ့ယမ်းကာ ပစ်ပေါက်လိုက်ရာ ခက်ရင်းခွကြီးမှာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီး၏ ခေါင်းကို ချက်ချင်း ဖောက်ထွင်းကာ ရေခဲပြင်ပေါ်တွင် သံမှိုရိုက်ထားသကဲ့သို့ စိုက်ထားလိုက်လေသည်။
"သေ... သေသွားပြီလား"
"အမည်းရောင် တောင်ပံ က ဒီလိုပဲ... သေသွားတာလား"
"ရှူး"
အတူတူ လိုက်ပါလာသော နတ်ဘုရားသားရဲ ၄ ကောင်မှာ မုန်လဲ့က ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို အစအဆုံး မြင်တွေ့လိုက်ရပြီး တစ်ကောင်ပြီး တစ်ကောင် လေပူများ မှုတ်ထုတ်လိုက်မိကြလေသည်။
ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီးကလည်း အဆင့်နိမ့် အဆင့် နတ်ဘုရားသားရဲ ဖြစ်ပြီး စွမ်းအားမှာ သူတို့ထက် မနိမ့်ကျပေ။
ရလဒ်ကရော။
မုန်လဲ့က သုံးကွက်၊ ငါးကွက် နဲ့ပဲ သတ်ပစ်လိုက်တယ်လေ။
အကယ်၍ သူတို့သာ ခုနက အညံ့မခံခဲ့ပါက ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရမှာ သေချာတယ် မဟုတ်လား။
ထိုသို့ တွေးမိသည်နှင့် နတ်ဘုရားသားရဲ လေးကောင်၏ ရင်ထဲတွင် အေးစက်သော ခံစားချက်များ ဖြစ်ပေါ်လာလေသည်။
"ပါးစပ် နံတာက မင်းရဲ့ အပြစ် မဟုတ်ပေမယ့်... တခြားသူကို လာပြီး အန်ချင်အောင် လုပ်တာကတော့ မင်း အမှားပဲ"
မုန်လဲ့က ခက်ရင်းခွကြီးကို ပြန်သိမ်းကာ အပေါ်မှ သွေးများကို ခါချလိုက်ပြီးနောက် ကောင်းကင်ပြာ အမည်းရောင် တောင်ပံ မြွေကြီး၏ နတ်ဘုရားအမြုတေကို ထုတ်ယူကာ အလောင်းကိုတော့ နတ်ဘုရားသားရဲ ၄ ကောင်ဆီ ပစ်ပေးလိုက်လေသည်။
"ဒီအလောင်းက မင်းတို့ အပိုင်ပဲ"
"ကျေး... ကျေးဇူးတင်ပါတယ် သခင်"
ထို့နောက် မုန်လဲ့သည် ဆက်လက် လှည့်လည် သွားလာနေလေသည်။ လောကအရှင်သခင် ဖြစ်သည့်အလျောက် သူ သေချာ ရှာဖွေမည်ဆိုပါက နတ်ဘုရား မိစ္ဆာ တိုက်ကြီးတွင် ရှိသော အရာအားလုံးက မုန်လဲ့ကို ဖုံးကွယ်၍ မရနိုင်ပေ။
သေးငယ်သော ပိုးကောင်လေး တစ်ကောင်မှသည် ကြီးမားသော တောင်ကြီး တစ်တောင်အထိ။
ကောင်းကင်ပေါ်က အရာတွေပဲ ဖြစ်ဖြစ်၊ မြေကြီးထဲက အရာတွေပဲ ဖြစ်ဖြစ်၊ ရေထဲက အရာတွေပဲ ဖြစ်ဖြစ်။
အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ဖုံးကွယ်စရာ နေရာ လုံးဝ မရှိပေ။
နတ်ဘုရား မိစ္ဆာ အကြွင်းအကျန် တစ်ခုပြီး တစ်ခု၊ နတ်ဘုရား လက်နက် အပိုင်းအစ တစ်ခုပြီး တစ်ခု၊ နတ်ဘုရား မိစ္ဆာ အလောင်း တစ်လောင်းပြီး တစ်လောင်း...
မုန်လဲ့က တစ်ခုပြီး တစ်ခု တူးဖော်နိုင်ခဲ့ပြီး သူ၏ အကျိုးအမြတ်မှာ အလွန် အံ့ဩစရာ ကောင်းလှသည်။
နတ်ဘုရား မိစ္ဆာ တိုက်ကြီး တစ်ဝက်ခန့်ကို လှည့်လည်ပြီးနောက် မုန်လဲ့သည် အဆင့်နိမ့် အဆင့် နတ်ဘုရားအမြုတေ ၃၈ ခု၊ အပြည့်အစုံ ရှိသော နတ်ဘုရား လက်နက် ၁၇ ခု၊ အပြည့်အစုံ ရှိသော နတ်ဘုရား မိစ္ဆာ အလောင်း ၂၄ လောင်းတို့ကို ရရှိခဲ့ပြီး ပျက်စီးနေသော၊ မပြည့်စုံသော နတ်ဘုရား လက်နက်များနှင့် အလောင်းများကတော့ ပို၍ပင် များပြားလေသည်။
သေချာသည်မှာ နတ်ဘုရား မိစ္ဆာ အလောင်းများနှင့် နတ်ဘုရား လက်နက်များ ရှိသော နေရာများတွင် များသောအားဖြင့် နတ်ဘုရားသားရဲများ နေထိုင်ကြရာ သတ်သင့်သူကို သတ်၊ သိမ်းသွင်းသင့်သူကို သိမ်းသွင်းခဲ့သဖြင့် တစ်ပတ်လည်ပြီးနောက် မုန်လဲ့တွင် နောက်ထပ် လက်အောက်ငယ်သား ၂၄ ကောင် တိုးလာခဲ့လေသည်။
အရင်က ၄ ကောင်နှင့် ပေါင်းလျှင် စုစုပေါင်း နတ်ဘုရားသားရဲ လက်အောက်ငယ်သား ၂၈ ကောင် ရှိသွားပြီ ဖြစ်ရာ အလွန် အစွမ်းထက်သော အင်အားစု တစ်ခု ဖြစ်လာလေပြီ။
နောက်ဆုံးတွင် မုန်လဲ့သည် မီတာ သောင်းချီ မြင့်မားသော ချောက်ကမ်းပါးကြီး တစ်ခု အရှေ့သို့ ရောက်ရှိလာလေသည်။
မီတာ တစ်သောင်းခန့် ကျယ်ဝန်းသော ရေတံခွန်ကြီး တစ်ခုက ကောင်းကင် မြစ်ကြီးအလား ချောက်ကမ်းပါး ထိပ်မှ ကျဆင်းလာပြီး ချောက်ကမ်းပါး အောက်ခြေတွင် ကြီးမားလှသော ရေကန်ကြီး တစ်ခုကို ဖြစ်ပေါ်စေလေသည်။
ရေခိုးရေငွေ့များ ထွက်ပေါ်နေပြီး ရေပေါက်လေးများ လွင့်စင်နေလေသည်။
ချောက်ကမ်းပါး။
ရေတံခွန်၊ ရေကန်။
အလွန် ခမ်းနားလှပသော မြင်ကွင်း တစ်ခုကို ဖန်တီးပေးထားလေသည်။
မြင်ကွင်းက တကယ်ကို ခမ်းနားလှပသော်လည်း ဤမြင်ကွင်းက နတ်ဘုရား မိစ္ဆာ တိုက်ကြီး တစ်ခုလုံးနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။ ဤထက် ပိုမို ခမ်းနားလှပသော နေရာများ အများအပြား ရှိလေသည်။
သို့သော်...
နတ်ဘုရားသားရဲ လက်အောက်ငယ်သား ၂၈ ကောင် ဤနေရာသို့ ရောက်ရှိလာသောအခါ အားလုံးက တုန်ရီနေကြပြီး အလွန် ကြောက်လန့်နေကြကာ ရေကန်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီး တစ်ကောင် ရှိနေသကဲ့သို့ ဖြစ်နေလေသည်။
သူတို့ ဘာကို ကြောက်နေကြသလဲ ဆိုတာကို မုန်လဲ့ သိသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရား မိစ္ဆာ တိုက်ကြီးတွင် တစ်ကောင်တည်းသော အလယ်အလတ် နတ်ဘုရား အဆင့်နှင့် ညီမျှသော နတ်ဘုရားသားရဲက ဤရေကန် အောက်ခြေတွင် နေထိုင်သောကြောင့် ဖြစ်သည်။
ဤနေရာက သူ၏ အသိုက် ဖြစ်သည်။
ဤမှော်သားရဲကို မှော်သားရဲ နတ်ဘုရား ဟု ခေါ်ပြီး တိုက်ကြီး တစ်ခုလုံးရှိ မှော်သားရဲများက သူ့ကို ယုံကြည်ကိုးကွယ်ကြကြောင်း လက်အောက်ငယ်သားများထံမှ မုန်လဲ့ သိရှိခဲ့ရသည်။
"စိတ်မပူပါနဲ့... မင်းတို့ရဲ့ မှော်သားရဲ နတ်ဘုရားက မကြာခင်မှာ မင်းတို့နဲ့ အတူတူ ဖြစ်သွားမှာပါ" မုန်လဲ့က ပြုံးကာ ပြောလိုက်သည်။ "ဘယ်သူ သွားခေါ်မလဲ"
"အဲဒါ..."
နတ်ဘုရားသားရဲ ၂၈ ကောင် တစ်ကိုယ်လုံး တုန်ရီသွားပြီး အားလုံး ခေါင်းငုံ့သွားကြသည်။ ကြီးမြတ်တဲ့ နတ်ဘုရားကို သွားခေါ်ရမယ်... နောက်ပြောင်နေတာလား... သူတို့ အသက် ပိုရှည်ချင်သေးတယ်။
"သတ္တိနည်းတဲ့ ကောင်တွေ"
မုန်လဲ့က ခေါင်းခါလိုက်ပြီး နက်ရှိုင်းသော ရေကန်ကြီးကို ကြည့်ကာ "မှော်သားရဲ နတ်ဘုရား... ငါတို့ကို တွေ့နေပြီဆိုမှတော့ ဘာလို့ ထွက်မလာရတာလဲ" ဟု မေးလိုက်သည်။
"ဂလု... ဂလု..."
နက်ရှိုင်းသော ရေကန်ကြီးထဲမှ ပူဖောင်းများ ထွက်ပေါ်လာပြီး ဧရာမ ခေါင်းကြီး တစ်ခုက ရေကန်ထဲမှ ထွက်ပေါ်လာလေသည်။
၎င်းမှာ ရွှေရောင် နဂါးအကြေးခွံများ ဖုံးလွှမ်းနေသော ဧရာမ မြွေခေါင်းကြီး တစ်ခု ဖြစ်ပြီး ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေကာ ခရမ်းရောင် မြွေမျက်လုံး တစ်စုံက အဆုံးအစမရှိသော ဩဇာအာဏာများကို ထုတ်လွှတ်နေလေသည်။
"ဝုန်း"
ရွှေရောင် မြွေခေါင်းကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြီး တစ်ခု ပျံ့နှံ့လာပြီး လူတိုင်းအပေါ်သို့ ချက်ချင်း ဖိနှိပ်လာလေသည်။
မုန်လဲ့ကတော့ ဘာမှ မဖြစ်သော်လည်း နတ်ဘုရားသားရဲ ၂၈ ကောင်မှာမူ မခံနိုင်တော့ဘဲ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ပြားပြားဝပ်ကာ အညံ့ခံလိုက်ကြလေသည်။
"မင်းက လူသားပဲ... ကောင်းကင်ယံတိုက်ကြီး ကလား၊ အလင်းရောင် တိုက်ကြီး ကလား"
မှော်သားရဲ နတ်ဘုရားက မြွေမျက်လုံးများကို ဖွင့်ကာ မုန်လဲ့ကို အေးစက်စက် မေးလိုက်သည်။ မြေပြင်ပေါ်တွင် ဝပ်တွားနေသော နတ်ဘုရားသားရဲ ၂၈ ကောင်ကိုတော့ သူ လုံးဝ ဂရုမစိုက်ပေ။
"မင်းက အဲဒီ တိုက်ကြီး နှစ်ခုကိုတောင် သိတာလား"
မုန်လဲ့ မျက်ခုံးပင့်လိုက်ပြီး "အဲဒီ တိုက်ကြီး နှစ်ခုကို သိနေမှတော့... ဘာလို့ အဲဒီ တိုက်ကြီး နှစ်ခုကို မသိမ်းပိုက်တာလဲ... မင်းရဲ့ စွမ်းအားနဲ့ဆို မခက်လောက်ပါဘူး" ဟု မေးလိုက်သည်။
"တိုက်ကြီးတွေကို သိမ်းပိုက်ရတာ ငါ့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး"
မှော်သားရဲ နတ်ဘုရားက ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး "ယုံကြည်မှု ဆိုတာ... လုံလောက်ရင် ရပြီ" ဟု ပြောလိုက်သည်။
"လုံလောက်တယ် ဟုတ်လား... နတ်ဘုရား မိစ္ဆာ တိုက်ကြီး တစ်ခုတည်းက ယုံကြည်မှုနဲ့ တကယ် လုံလောက်ရဲ့လား" မုန်လဲ့က နတ်ဘုရား မိစ္ဆာ တိုက်ကြီး တစ်ခုလုံးကို ကြည့်လိုက်ပြီး "မင်းက အလယ်အလတ် နတ်ဘုရား တစ်ပါးလေ" ဟု ပြောလိုက်သည်။
မှော်သားရဲ နတ်ဘုရားက မဖြေဘဲ မုန်လဲ့ကို နှင်ထုတ်လိုက်သည်။ "လူသား နတ်ဘုရား... မင်း ထွက်သွားလို့ ရပြီ"
"ထွက်သွားရမယ်... ဘာလို့ ထွက်သွားရမှာလဲ"
မုန်လဲ့က နှုတ်ခမ်းထောင့် ကွေးသွားလေသည်။
"လူသား... မင်းက ငါ့ရဲ့ နယ်မြေထဲကို ခွင့်ပြုချက် မရှိဘဲ ဝင်လာတာကို ငါ ချက်ချင်း မတိုက်ခိုက်တာက မင်းကို တော်တော်လေး မျက်နှာသာ ပေးထားလို့ပဲ"
မှော်သားရဲ နတ်ဘုရားက မျက်လုံးပြူးလိုက်ရာ မြွေမျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး "အခု ချက်ချင်း ထွက်သွား" ဟု ပြောလိုက်သည်။
"ဟီးဟီး... ငါက မထွက်သွားရင်ရော”