← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁)

သုံးရက်တိုင်တိုင် ရွာသွန်းခဲ့သော မိုးစက်မိုးပေါက်များ ရပ်စဲသွားချိန်တွင် ကောင်းကင်ယံ၌ ကြည်လင်သော အရောင်အဆင်းတို့ ပြန်လည်လွှမ်းမိုးလာခဲ့သည်။ မိုးသက်လေရနံ့နှင့်အတူ စိုစွတ်နေသော မြေကြီးအနံ့တို့က လေထုထဲတွင် သင်းပျံ့နေ၏။

ယခုအခါ ဒန်နီရယ်နှင့် သူ၏အဖွဲ့သားများ ထွက်ခွာရမည့် အချိန်ကျရောက်လာလေပြီ။ ရွာမှ သူတို့ကို မြို့ပေါ်သို့ ပို့ဆောင်ပေးရန်အတွက် ကားတစ်စီးကို အထူးတလည် စီစဉ်ပေးခဲ့သည်။

မထွက်ခွာမီ လင်းယန်သည် သူ၏ယာတောအိမ်လေးမှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ထားသော လတ်ဆတ်သည့် လယ်ယာထွက်ကုန် အမြောက်အမြားကို သူတို့အား လက်ဆောင်အဖြစ် ထည့်ပေးလိုက်သည်။

ဤကိစ္စနှင့်ပတ်သက်၍ အက်ဘီမှာ အပျော်ရွှင်ဆုံး ဖြစ်နေခဲ့သည်။

သူက မထွက်ခွာမီ လင်းယန်နှင့် အဆက်အသွယ်လိပ်စာများကို သီးသန့် ဖလှယ်ခဲ့ပြီး နောင်တစ်ချိန်တွင် သူ၏ထံသို့ ဤလယ်ယာထွက်ကုန်များကို စာတိုက်မှတစ်ဆင့် ပို့ဆောင်ပေးရန် အခိုင်အမာ တောင်းဆိုသွားခဲ့သေးသည်။

အက်ဘီက ပြုံးရွှင်စွာဖြင့် အာမခံသည်။

“ပိုက်ဆံက ပြဿနာ မဟုတ်ဘူး”

ဤစကားကြောင့် လင်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။ သူ၏ ယာတောအိမ်လေးကို နိုင်ငံအနှံ့ ကျော်ကြားစေရန် ရည်မှန်းထားသော်လည်း ပြည်တွင်း၌ပင် အပြည့်အဝ မဖွံ့ဖြိုးသေးမီ နိုင်ငံတကာအထိ သူ၏ စီးပွားရေးလုပ်ငန်းများ ထိုးဖောက်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဒန်နီရယ်တို့အဖွဲ့ ထွက်ခွာသွားပြီး လေးရက်မြောက်နေ့တွင် လင်းယန်သည် ကောက်ရိုးဦးထုပ်လေးကို ဆောင်းကာ ယန်အာဟူနှင့်အတူ သစ်သီးခြံဘက်သို့ ခြေလှမ်းပြင်ခဲ့သည်။

ပျားအုံများကို ထိုနေရာတွင် နေရာချထားပြီးကတည်းက လင်းယန်တစ်ယောက် သစ်သီးခြံဆီသို့ ခြေမချဖြစ်ခဲ့ရာ ယခုအခါ အခြေအနေများကို သွားရောက်စစ်ဆေးရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

အစကတည်းက သူထည့်သွင်းပေးခဲ့သော ပျားဘုရင်မအပြင် နောက်ပိုင်းတွင် တောင်ပေါ်မှရရှိလာသော တရုတ်ပျားများကိုပါ ထပ်မံပေါင်းထည့်ထားခဲ့ရာ ယခုဆိုလျှင် လဝက်ခန့်ပင် ကြာမြင့်နေပြီဖြစ်၍ ပျားအုံများ တိုးပွားနေလောက်ပြီဟု သူ ခန့်မှန်းထားမိသည်။

ကံကောင်းထောက်မစွာဖြင့် သစ်သီးခြံအတွက် အစောပိုင်းက ဝယ်ယူစိုက်ပျိုးထားသော တရုတ်ဇီးပင်များအပြင် တရုတ်ဆီးသီးပင်များ၊ လိမ္မော်ပင်များနှင့် ကမ္ဗလာပင်များကိုပါ ထပ်မံဖြည့်တင်း စိုက်ပျိုးထားခဲ့သည်။

ယခုရာသီကား လိမ္မော်နှင့် ကမ္ဗလာပင်များ အသီးအပွင့်များ ဝေဆာမည့် အချိန်အခါပင် ဖြစ်သည်။ ထိုတရုတ်ပျားလေးများသည် သစ်သီးပင်များကြားတွင် ပျားရည်စုပ်ယူရန် အလုပ်များနေကြပေလိမ့်မည်။

မကြာမီကာလအတွင်း သစ်သီးပျားရည်များနှင့် အဖိုးတန် ယူရီယာပျားရည်များကို အမြောက်အမြား စုဆောင်းနိုင်တော့မည်ဟု လင်းယန်က ယုံကြည်ချက်အပြည့်ဖြင့် မျှော်လင့်ထားသည်။

လင်းယန်က သူ၏မျက်လုံးများကို ‌ေမှးကျဉ်းလိုက်ပြီး မေးလိုက်သည်။

“အာဟူ၊ ဟိုဘက်ကိုကြည့်စမ်း၊ အဲဒါ နဂျီများလား”

ယန်အာဟူက သေချာစွာ စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

“သူဌေး၊ ကျွန်တော်က အနီးမှုန်တယ်ဆိုတာ ခင်ဗျား မေ့သွားပြီလား”

လင်းယန်က သူ့ကို တစ်ချက် စောင်းကြည့်လိုက်ကာ ပြောလိုက်လေသည်။

“မင်းက တကယ်ကို ဘာမှ အားကိုးလို့မရဘူးပဲ”

လင်းယန် ထပ်မံ၍ စူးစိုက်ကြည့်လိုက်သောအခါ ခုနက လေထဲတွင် ဝဲပျံသွားသောအရာမှာ နဂျီတစ်ကောင်ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာသွားခဲ့သည်။ သာမန်ပျားများမှာ ဤမျှလောက် အရွယ်အစား ကြီးမားနိုင်စွမ်း မရှိပေ။

ထို့ကြောင့် ယခု ရင်ဆိုင်ရမည့် မေးခွန်းမှာ ဤနဂျီများသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း ဆိုသည်ပင်။

သစ်သီးခြံအတွင်း၌ နဂျီအုံများ တွယ်ကပ်နေသည်လော။

အကယ်၍ ထိုသို့သာဆိုလျှင် သူ အားထားရသော ပျားလေးများအတွက် ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်နေပြီ ဖြစ်သည်။

ဤအရာများမှာ အမှန်တကယ် ဟုတ်မဟုတ် အတည်ပြုနိုင်ရန်အတွက် လင်းယန်နှင့် ယန်အာဟူတို့သည် အခြားသော နဂျီများ၏ အရိပ်အယောင်များ ရှိမရှိ ပတ်ဝန်းကျင်တစ်ဝိုက်သို့ မျက်စိရှင်ရှင်ဖြင့် ရှာဖွေကြည့်လိုက်ကြသည်။

ရလဒ်အနေဖြင့် သစ်သီးခြံအတွင်း၌ မရေမတွက်နိုင်သော နဂျီများ ပုန်းအောင်းနေသည်ကို သူတို့ ထိတ်လန့်ဖွယ် တွေ့မြင်လိုက်ရသည်။ သို့သော် နဂျီအုံ အတိအကျ တည်ရှိရာ နေရာကိုမူ သူတို့ ရှာမတွေ့ခဲ့ကြပေ။

ယန်အာဟူက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။

“သူဌေး၊ ဒါဆို ပြီးတာပဲ မဟုတ်လား၊ နဂျီတွေ ထွက်လာပြီဆိုတော့ တို့ရဲ့ပျားလေးတွေကို သူတို့ အကုန်သတ်ပစ်တော့မှာပေါ့”

လင်းယန်၏ မျက်နှာသွင်ပြင်မှာ လေးနက်တည်ကြည်သွားပြီး မေးလိုက်လေသည်။

“ငါ ခုနက တို့ခြံထဲက ဒီနဂျီတွေကို သေချာကြည့်လိုက်တယ်၊ သူတို့က သာမန်နဂျီတွေ မဟုတ်ဘူး၊ ထပ်ပြီး ခွဲခြားကြည့်မယ်ဆိုရင် သူတို့က Vespa velutina မျိုးစိတ်ထဲမှာ ပါရမယ်”

ယန်အာဟူက နားမလည်နိုင်သော အမူအရာဖြင့်

“Vespa velutina ဆိုတာ ဘာလဲ”

နဂျီဆိုသည်မှာ တစ်မျိုးတည်းသာရှိသည်ဟု သူ ထင်မှတ်ထားခဲ့ဖူးသည်။ နဂျီများကိုပါ ထပ်မံ၍ ခွဲခြားနိုင်မည်ဟု သူ လုံး၀မတွေးထင်ထားခဲ့ပေ။

လင်းယန်က လေးနက်သော လေသံဖြင့် ရှင်းပြသည်

“Vespa velutina ရဲ့ အဆိပ်က နဂျီတွေထဲမှာ တော်တော်လေး ပြင်းထန်တယ်၊ သူ့ကို အဝါရောင်ခြေတံရှိတဲ့ နဂျီလို့လည်း ခေါ်လို့ရတယ်၊ ယေဘုယျအားဖြင့် သူတို့က နှစ်စင်တီမီတာလောက် ကြီးတယ်၊

ဒီနဂျီမျိုးက ပျားတွေကို အမဲလိုက်ရတာ အရမ်းကြိုက်ပြီး ပျားတွေရဲ့ ပျားရည်အိတ်ထဲက ပျားရည်တွေကို စားသုံးလေ့ရှိတယ်”

“ဒီလို Vespa velutina မျိုးကို တို့ခြံထဲမှာ လုံးဝ ပေးနေလို့ မဖြစ်ဘူး၊ မဟုတ်ရင် တို့မွေးထားတဲ့ တရုတ်ပျားတွေ အားလုံး သူတို့ရဲ့ သားကောင်ဖြစ်သွားလိမ့်မယ်”

လင်းယန်က အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေကြီးပေါ်တွင် အသက်မဲ့နေသော ပျားသေကောင်အချို့ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ပို၍ မှောင်မိုက်သွားခဲ့သည်။

သူ ဤပျားလေးများကို ဂရုတစိုက် မွေးမြူလာခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်မဟုတ်လော။

အခုတော့ ဤရက်စက်သော နဂျီများ၏ဗိုက်ထဲသို့ ရောက်သွားခဲ့ရပြီ။

သူက နဂျီများအတွက် အစာများကို သီးသန့်မွေးမြူပေးနေသကဲ့သို့ ဖြစ်မနေဘူးလော။

ယန်အာဟူက အကြံပြုလေသည်။

“အဆိပ်က အဲဒီလောက် ပြင်းတယ်ဆိုရင် ဦးလေးလျူဆီသွားပြီး သူများ အကြံဉာဏ် ရှိမလားလို့ မေးကြည့်ရင်ရော၊ သူက ပရော်ဖက်ရှင်နယ် ပျားမွေးမြူရေးသမားဆိုတော့ ဒီလိုအခြေအနေမျိုးကို ကြုံဖူးမှာပဲ၊”

ထိုစဉ် လင်းယန်၏ ခေါင်းထဲတွင် အကြံဉာဏ်တစ်ခု ရုတ်တရက် လင်းလက်သွားပြီး ရေရွတ်လိုက်၏။

“ငါ့မှာ နည်းလမ်းရှိတယ်”

“အရင်ဆုံး ဒီနဂျီအုပ်စုရဲ့ နေရာကို အတိအကျ သိဖို့လိုတယ်”

ယန်အာဟူက ခေါင်းညိတ်လိုက်သည်။

“ဘယ်လိုလုပ် အတိအကျ သိနိုင်မှာလဲ၊ ကျွန်တော်တို့တွေ သစ်သီးခြံတစ်ခုလုံးကို လိုက်ရှာနေဖို့တော့ မဟုတ်ပါဘူးနော်၊ ဒီနေရာကြီးက အရမ်းကျယ်တာ၊ ဘယ်တော့မှ ရှာလို့ ပြီးမှာလဲ”

သူက သူ၏ လက်မောင်းများကို ပွတ်သပ်ရင်း စိုးရိမ်တကြီး ဆက်ပြောလေ၏။

“ဒါမှမဟုတ် အိမ်ပြန်ပြီး ဦးလေးလျူဆီကနေ အကာအကွယ်ဝတ်စုံ နှစ်စုံလောက် ငှားပြီးမှ ပြန်လာစစ်ကြည့်ကြမလား၊ မဟုတ်ရင် ဒီနဂျီတွေ တုပ်တာခံရလို့ ကျွန်‌ေတာ်တို့နှစ်ယောက်လုံး ဒီမှာပဲ လဲကျသွားနိုင်တယ၊”

ယန်အာဟူသည် အစားအသောက်ကို မက်မောသကဲ့သို့ မိမိ၏ အသက်ကိုလည်း အလွန်အမင်း တန်ဖိုးထားသူ ဖြစ်သည်။ သို့သော် သူ၏ စကားများမှာလည်း ယုတ္တိမရှိသည်တော့ မဟုတ်ပေ။

လင်းယန်က သဘောတူလိုက်၏။

“သွားစို့၊ အိမ်အရင် ပန်ကြမယ်”

ဤကဲ့သို့သော အဆိပ်ပြင်းသည့် နဂျီမျိုး တုပ်ခံရခြင်းမှာ နောက်ပြောင်ကစား၍ရသော ကိစ္စမျိုးမဟုတ်ပေ။

ထို့အပြင် သူတို့၏ ရွာလေးမှာ သယ်ယူပို့ဆောင်ရေး အလွန်ခက်ခဲလှရာ ဆေးရုံသို့မရောက်မီ လမ်းခုလတ်တွင်ပင် အသက်အန္တရာယ် ရှိသွားနိုင်ပေသည်။

သူတို့နှစ်ဦး အိမ်သို့ အမြန်ပြန်လာခဲ့ရာ လမ်းတွင် မြောင်ဟွမ်အပါအဝင် အခြားကျောင်းသားများနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြလေသည်။

မြောင်ဟွမ်က လင်းယန်၏ ခြေထောက်မှ ရွှံ့များပေကျံနေသော မိုးတွင်းစီးဖိနပ်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။

“အစ်ကိုလင်း၊ အလုပ်လုပ်ပြီးလို့ အခုမှပြန်လာတာလား”

လင်းယန်က ပြန်ဖြေသည်

“ငါ ခုလေးတင် သစ်သီးခြံဘက် သွားလာတာ၊ ဒီနေ့ ထမင်းစားရတာ အဆင်ပြေရဲ့လား၊ ပန်းကန်တွေနဲ့ တူတွေကို အဲဒီမှာပဲ ထားခဲ့လိုက်၊ သူ့ကို သွားယူခိုင်းလိုက်မယ်”

မြောင်ဟွမ်က လက်မထောင်ပြရင်း ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

“အစ်ကိုလင်း၊ အစ်ကို့ရဲ့ ဟင်းချက်လက်ရာအကြောင်း ကျွန်မက မေးနေစရာ လိုသေးလို့လား၊”

သူမ၏ ဘေးတွင်ရှိသော ဒင်ကျွမ်းကလည်း မေတ္တယျဘုရားသခင်အလား ပြုံးဖြီးဖြီးဖြင့် ရေရွတ်လိုက်၏။

“ကျွန်တော်တို့ မကြာခင် ကျောင်းပြန်ရတော့မှာဆိုတော့ အရမ်းနှမြောစရာကောင်းတာပဲ၊ အစ်ကိုလင်း ချက်တဲ့ဟင်းတွေကို နေ့တိုင်း စားချင်နေမိတယ်”

လင်းယန်က သဘောကျစွာ ရယ်မောလိုက်သည်။

“အားတဲ့အချိန်တိုင်း လာလည်ဖို့ ဝန်မလေးပါနဲ့၊ ဒီမှာ အမြဲတမ်း ကြိုဆိုနေပါတယ်၊”

“နောက်မှ စကားဆက်ပြောကြတာပေါ့၊ ငါ အိမ်ပြန်ပြီး သစ်သီးခြံထဲက နဂျီတွေကို နှိမ်နင်းဖို့ ကိရိယာတွေ သွားယူရဦးမယ်”

ဝမ်ရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဘာနဂျီတွေလဲ”

ဘေးမှ ယန်အာဟူက အလောတကြီး ဝင်ရှင်းပြလေသည်။

“ခုနက သစ်သီးခြံကို သွားတော့ အဲဒီမှာ နဂျီတွေ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေကို တွေ့ခဲ့ရတယ်၊ နဂျီတွေက သစ်သီးခြံထဲမှာ အသိုက်ဖွဲ့ထားမှာကို စိုးရိမ်နေတာ၊

သူဌေးကတောင် ပြောသေးတယ်၊ အဲဒါက ဘာနဂျီဆိုလားပဲ၊ ဘာပဲဖြစ်ဖြစ် သူတို့က ပျားတွေကို သီးသန့်စားတာလေ”

လင်းယန်က သက်ပြင်းချကာ မတတ်သာသည့်လေသံဖြင့် ရှင်းပြလိုက်လေ၏။

“အဲဒါကို Vespa velutina လို့ ခေါ်တယ်”

ထိုအမည်ကို ကြားလိုက်ရသောအခါ မြောင်ဟွမ်နှင့် ကျန်နှစ်ဦးမှာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

မြောင်ဟွမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“အစ်ကိုလင်း၊ အစ်ကို့ခြံထဲမှာ Vespa velutina တွေ ရှိနေတာလား”

“ဒါက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးနော်၊ Vespa velutina အဆိပ်က အရမ်းပြင်းတာ၊ ခင်ဗျားတို့နှစ်ယောက် ဒီ Vespa velutina တွေကို နှိမ်နင်းဖို့ ပရော်ဖက်ရှင်နယ်တွေကို ဘာလို့မရှာတာလဲ”

ဝမ်ရှင်းကလည်း ထောက်ခံလေ၏။

“ဟုတ်တယ်၊ အတုပ်ခံရရင် မကောင်းဘူးလေ”

လင်းယန်က ယုံကြည်ချက်အပြည့်ရှိသော အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

“ရပါတယ်၊ ငါ့မှာ ယုံကြည်မှုရှိတယ်”

မြောင်ဟွမ်က စပ်စုလိုစိတ်ဖြင့် ပြောလိုက်၏။

“ကျွန်မတို့ နောက်ကနေ လိုက်ကြည့်လို့ရမလား၊

ဒင်ကျွမ်းက သူမကို အရူးတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးဖြင့် စိုက်ကြည့်လာလေ၏။

“Vespa velutina တွေက ဘယ်လောက် အန္တရာယ်များလဲဆိုတာ နင် မသိဘူးလား၊ ငါတို့သုံးယောက် လိုက်သွားလို့ အစ်ကိုလင်းကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး၊ ငါတို့က ပြဿနာ သွားရှာသလို ဖြစ်နေမှာပေါ့”

ဝမ်ရှင်းကလည်း ခေါင်းညိတ်ပြပြီး ထောက်ခံလေသည်။

“ငါတို့ သွားပြီး အနှောင့်အယှက်မပေးတာက ပိုကောင်းလိမ့်မယ်”

မြောင်ဟွမ်က မကျေမနပ်ဖြင့် ပြန်လည်ချေပလာသည်။

“ငါတို့ သစ်သီးခြံထဲ ဝင်မှာမှမဟုတ်တာ၊ အထက်တန်းကျောင်းတုန်းက ဇီဝဗေဒဆရာမက Vespa velutina အကြောင်း ပြောပြဖူးတယ်၊ ဒါပေမဲ့ ငါ ဒီအကောင်ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူးလေ၊ ဒါက ဗဟုသုတ တိုးပွားစေမယ့် အခွင့်အရေး မဟုတ်ဘူးလား”

ဝမ်ရှင်းက ဘေးမှနေ၍ သရော်လိုက်၏။

“နင်က ဗဟုသုတတိုးချင်တာ သေချာရဲ့လား၊ ကိုယ့်အသက်ကို စတေးချင်တာတော့ မဟုတ်ပါဘူးနော်”

ဒေါသထွက်သွားသော မြောင်ဟွမ်သည် ခြေဆောင့်ကာ အော်ဟစ်လိုက်၏။

“ကောင်းပြီလေ ဝမ်ရှင်း၊ နင်က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ၊ ငါ ပါမောက္ခဆီ သွားတိုင်မယ်”

“တစ်နေ့က နင့်ရဲ့ စမ်းသပ်ချက် အချက်အလက်တွေကို ငါ ကူရေးပေးခဲ့တာ မမေ့နဲ့နော်၊ ငါသာမရှိရင် ပါမောက္ခထန်က နင့်ကို ဆူပြီးနေလောက်ပြီ”

လင်းယန်သည် သူတို့၏ အပြန်အလှန် ငြင်းခုန်နေမှုများကို ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

“မင်းတို့ လိုက်ကြည့်ချင်တယ်ဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ သစ်သီးခြံနားကိုတော့ မကပ်ကြနဲ့၊ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကျရင် အဲဒီ Vespa velutina တွေက နေရာအနှံ့ ပျံဝဲနေမှာကို စိုးရိမ်လို့”

လိုက်သွားခွင့်ရပြီဖြစ်ကြောင်း သိလိုက်ရသော မြောင်ဟွမ်သည် ကြက်ကလေး ဆန်စေ့ကောက်သကဲ့သို့ ခေါင်းကို တဆက်ဆက် ညိတ်ကာ

“အစ်ကိုလင်း၊ အဲဒီအတွက်တော့ စိတ်ချပါ၊ ကျွန်မက ကိုယ့်အသက်ကို အရမ်းတန်ဖိုးထားပါတယ်”

“နင်တို့နှစ်ယောက် ကြောက်တယ်ဆိုရင်လည်း လိုက်မလာနဲ့၊ နင်တို့ ယောက်ျားလေးနှစ်ယောက်က ဒီလောက်ကြောက်တတ်လိမ့်မယ်လို့ ငါ မထင်ထားဘူး”

မိမိတို့၏ သတ္တိကို စိန်ခေါ်ခံလိုက်ရသော ဒင်ကျွမ်းနှင့် ဝမ်ရှင်းတို့မှာ ချက်ချင်းဆိုသလို မကျေမနပ် ဖြစ်သွားကြတော့သည်။

ဒင်ကျွမ်းက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်လေ၏။

“ငါတို့က နင့်အတွက် စိတ်ပူလို့ ပြောတာကို၊ စေတနာကို အလကားမဖြစ်စေနဲ့”

မြောင်ဟွမ်က လက်ပိုက်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“ကြောက်တာလား မကြောက်ဘူးလားဆိုတာ နင်တို့ကိုယ်တိုင် အသိဆုံးပါ”

ဝမ်ရှင်းက သူ၏ဒေါသကို မထိန်းနိုင်တော့ဘဲ ပြောလိုက်မိလေတော့သည်။

“ငါတို့က မသွားဘူးလို့ တစ်ခွန်းမှ မပြောရသေးဘူးလေ၊”

လင်းယန်သည် ထိုသုံးဦးမှာ ပြင်းထန်စွာ စကားများတော့မည့် အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန် ဝင်ရောက်ဟန့်တားလိုက်၏။

“ငါနဲ့ အာဟူ အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာ သွားပြင်ဆင်လိုက်ဦးမယ်၊ မင်းတို့ ဒီကနေပဲစောင့်နေကြ”

ထို့နောက် သူသည် ယန်အာဟူကို ဆွဲခေါ်ကာ အခင်းဖြစ်ပွားရာ နေရာမှ အမြန်ဆုံး ထွက်ပြေးခဲ့လေတော့သည်။

မြောင်ဟွမ်ဟူသော ဤမိန်းကလေးမှာ အပြင်ပန်းကြည့်လျှင် နူးညံ့သိမ်မွေ့ပြီး အားနည်းပုံပေါက်သော်လည်း စကားစစ်ထိုးရာတွင်မူ ဒင်ကျွမ်းနှင့် ဝမ်ရှင်း နှစ်ဦးပေါင်းလျှင်ပင် သူမကို ယှဉ်နိုင်စွမ်း မရှိကြပေ။

ယခင်ကလည်း ပါမောက္ခထန်သည် မြောင်ဟွမ်နှင့်ပတ်သက်၍ လင်းယန်အား မှတ်ချက်ပြုဖူးသည်။ ဤမိန်းကလေးသည် စကားအရာတွင် အလွန်ပြောင်မြောက်ပြီး အချေအတင် ပြောဆိုရာတွင် သူမကို မည်သူမျှ မယှဉ်နိုင်သော ဆရာကျသည့် စကားစစ်ထိုးသူတစ်ဦး ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။

ယင်းကို တွေးမိသောအခါ လင်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်ခဲ့ရလေ၏။

သူတို့နှစ်ဦး အိမ်သို့ ပြန်ရောက်သောအခါ လင်းယန်သည် သွေးရောင်သမ်းနေသော လတ်ဆတ်သည့် အသားတုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ သံချေးနံ့သဲ့သဲ့ရနေသော ထိုအသားတုံးမှာ နဂျီများကို ဆွဲဆောင်ရန် အဓိက လက်နက်ပင် ဖြစ်သည်။

လင်းယန်က အသားတုံးကို ကိုင်မြှောက်ပြရင်း ရေရွတ်လိုက်လေ၏။

“နောက်မှ နဂျီတွေကို မြှူဆွယ်နိုင်ဖို့ဆိုတာ ဒီအသားတုံးလေးပေါ်မှာ မူတည်တယ်”

ယန်အာဟူက ထိုအရာ၏အဓိပ္ပာယ်ကို နားမလည်နိုင်သဖြင့် မေးလိုက်လေသည်။

“ဒီအသားတုံးလေးနဲ့တင် နဂျီတွေကို မြှူဆွယ်နိုင်လို့လား”

လင်းယန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

“ငါတို့တွေ ဟင်းခတ်အမွှေးအကြိုင်တချို့ ထည့်ဖို့လိုသေးတယ်”

သူဆိုလိုသော ဟင်းခတ်အမွှေးအကြိုင်ဆိုသည်မှာ သေချာပေါက် အစွမ်းထက်လှသော နတ်ရေစင်‌ရေပင် ဖြစ်ပေသည်။ Vespa velutina များသည် အသားစားသတ္တဝါများဖြစ်ကြရာ လူအများစုသည် နဂျီများကို ဆွဲဆောင်ရန်အတွက် အသားကို အသုံးပြုလေ့ရှိကြသည်။

သို့သော် ဤနည်းလမ်းမှာ အချိန်များစွာ ပေးရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ နဂျီများ အသားနံ့ကိုရ၍ ဆွဲဆောင်ခံရသည်အထိ ဆယ်နာရီကျော်ခန့်ပင် စောင့်ဆိုင်းရနိုင်ပေသည်။

လင်းယန်တွင် ဤမျှလောက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် သည်းခံနိုင်စွမ်းမရှိပေ။ သူ၏ ယာတောအိမ်လုပ်ငန်းနှင့် ပျားရည်ထုတ်လုပ်ငန်းမှာ သူ၏ ရည်မှန်းချက်များအတွက် အရေးပါလှသည်။

ထို့အပြင် ဤဆယ်နာရီကျော် အချိန်ကာလအတွင်းတွင် အဖိုးတန် ပျားလေးများ မည်မျှလောက် ထပ်မံ၍ သတ်ဖြတ်ခံရမည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။

ထို့ကြောင့် သူသည် ဤကြမ်းကြုတ်သော နဂျီများကို ယခုချက်ချင်းပင် အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ချင်နေခဲ့ပြီဖြစ်သည်။

All Chapters