အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄)
ဤအလုပ်များအားလုံးကို ပြီးစီးသွားချိန်တွင် လင်းယန်တစ်ယောက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲနစ်နေလေပြီ။
အထက်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံထက်တွင် ရွှေလင်းယုန်ကြီးနှင့် ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံတို့ အချင်းချင်း လိုက်တမ်းပြေးတမ်း ကစားနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ပြီးခဲ့သည့် နှစ်ရက်တာကာလအတွင်း သူ၏ ကြိမ်းမောင်းဆုံးမမှုများကို ခံရပြီးနောက် ဤငှက်သုံးကောင်မှာ အလွန်ပင် လိမ္မာယဉ်ကျေးလာခဲ့ကြသည်။ ယခုအခါ သူတို့ အချင်းချင်း စကားများရန်ဖြစ်လျှင်ပင် သူ၏ ရှေ့မှောက်၌ လုံးဝ မပြုလုပ်ရဲကြတော့ပေ။
မည်သို့ပင်ဆိုစေ သူ၏ မျက်စိရှေ့တွင် ပြဿနာမရှာသရွေ့ သူတို့ဘာသာ မည်သို့ပင် ငြင်းခုံနေကြစေကာမူ သူ လျစ်လျူရှုထားမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မျိုးစိတ်တူ တိရစ္ဆာန်များ မဟုတ်ကြရာ အနည်းငယ် ပွတ်တိုက်မှုများ ရှိနေခြင်းမှာ သဘာဝပင် မဟုတ်ပါလော။
သေချာသည်ကတော့ တစ်ကောင်နှင့်တစ်ကောင် အသေအလဲ မတိုက်ခိုက်ကြဖို့သာ အရေးကြီးပေသည်။
လင်းယန်သည် လွန်ခဲ့သော နှစ်ရက်ခန့်ကတည်းက ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို သတိထားမိနေခဲ့သည်။ ယင်းမှာ ကျောက်ကျောက်နှင့် ခွေးကြီးတို့ကြားရှိ ဆက်ဆံရေးမှာ အလွန်အမင်း ရင်းနှီးကျွမ်းဝင်လာပုံရခြင်းပင်။
မူလက ခွေးကြီးသည် ကျောက်ကျောက်၏ ရှေ့မှောက်တွင် လုံးဝကို အရှုံးပေး လက်မြှောက်ထားရသူတစ်ဦးသာ ဖြစ်ခဲ့သည်။ သို့သော် ဤရက်ပိုင်းအတွင်း ကျောက်ကျောက်သည် ခွေးကြီးကို အမှန်တကယ်ပင် အဖက်လုပ်လာခဲ့သည်။
ထို့အပြင် သူမသည် ခွေးကြီးနှင့်အတူ အစာကိုပင် အတူတကွ စားသောက်လာခဲ့သေး၏။
သူမရှိခိုက်တွင် ခွေးကြီးတစ်ယောက် ကျောက်ကျောက်အပေါ် မည်သို့များ ပြုမူခဲ့သနည်းဆိုသည်ကို သူ တကယ်ကို မသိရှိခဲ့ပေ။
‘ဒီကောင်လေးက တကယ်ပဲ အလှလေးရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်သွားခဲ့ပြီလား'
ယန်အာဟူက လင်းယန်၏ ဘေးသို့ လျှို့ဝှက်ဆန်းကြယ်စွာ တိုးကပ်လာပြီး သူတို့နှစ်ဦးသည် ထောင့်တစ်နေရာရှိ ခွေးကြီးနှင့် ကျောက်ကျောက်ကို အတူတကွ စောင့်ကြည့်နေလိုက်ကြသည်။
ယန်အာဟူက တီးတိုးရေရွတ်လိုက်လေ၏။
“သူဌေး၊ ခင်ဗျားလည်း တစ်ခုခု မှားနေတယ်လို့ ခံစားမိတယ် မလား၊ အခုတလော တစ်ခုခု ထူးခြားနေတယ်လို့ ကျွန်တော်လည်း ခံစားနေရတယ်၊ ကျောက်ကျောက်များ သားတောင်းနေပြီလို့ ထင်လား၊ မဟုတ်ရင် ဘာလို့ အခုတလော ခွေးကြီးအပေါ် ဒီလောက်တောင် သည်းခံနိုင်စွမ်း မြင့်မားနေရတာလဲ”
လင်းယန်က ခေါင်းခါယမ်းလိုက်ပြီး ပြန်လည်ပြောဆိုလိုက်လေ၏။
“သူမကို ကြည့်ရတာ သားတောင်းနေတဲ့ပုံ မပေါ်ပါဘူး၊ ဒီကောင် ခွေးကြီးက ဒီရက်ပိုင်းအတွင်း ဘာတွေများ လုပ်နေခဲ့တာလဲ”
ယန်အာဟူက မျက်လုံးပြူးကာ မေးခွန်းထုတ်လိုက်လေ၏။
“ခင်ဗျားက ကျွန်တော့်ကို လာမေးနေတာလား၊ ပြီးခဲ့တဲ့ နှစ်ရက်က ကျွန်တော်လည်း အိမ်မှာ မရှိဘူးလေ”
သူသည် အလုပ်ရှိချိန်များတွင် လင်းယန်ကို ကူညီရန် ဤနေရာ၌ နေထိုင်လေ့ရှိပြီး အလုပ်မရှိချိန်များတွင်မူ မိဘများကို သွားရောက်ကြည့်ရှုရန် အိမ်သို့ ပြန်လေ့ရှိသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် တစ်ရွာတည်းသားများဖြစ်ကြရာ အလွန်ပင် နီးကပ်လှပေသည်။ ထို့ကြောင့် ဤရက်ပိုင်းအတွင်း ခွေးကြီးတစ်ယောက် ဘာတွေလုပ်နေခဲ့သနည်းဆိုသည်ကို သူ တကယ်ကို မသိရှိခဲ့ပေ။
လင်းယန်က မျက်လုံးများကို ကျဉ်းလိုက်ပြီး စဉ်းစားဟန်ဖြင့် ဆိုလေ၏။
“ဒါက ဇွဲလုံ့လရဲ့ ရလဒ်များလား၊ ထားလိုက်ပါတော့လေ၊ ဘာပဲဖြစ်ဖြစ် ဒါက သူတို့ကိစ္စပဲ သူတို့သဘောပါပဲ၊
တကယ်လို့ ခွေးကြီးနဲ့ ကျောက်ကျောက်တို့ တကယ်ပဲ လက်ထပ်ဖြစ်သွားကြရင်တော့ ရုပ်သံသတင်းထောက်တွေ ငါတို့အိမ်ကို အင်တာဗျူးလာလုပ်ကြလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်၊
ဘာပဲပြောပြော ဟက်စကီခွေးတစ်ကောင်နဲ့ ဝံပုလွေမတစ်ကောင်တို့ ပေါင်းဖက်ကြတယ်ဆိုတာ တို့နိုင်ငံမှာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ထူးခြားဖြစ်စဉ်ကြီးပဲလေ”
ယန်အာဟူက သဘောတကျဖြင့် ပြုံးရွှင်စွာ ပြောလိုက်လေ၏။
“ကျောက်ကျောက်က နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်လေ၊ သစ်တောဦးစီးဌာနက သူမကို ဟက်စကီတစ်ကောင်နဲ့ လက်ထပ်ဖို့ သေချာပေါက် ခွင့်ပြုမှာမဟုတ်ဘူး၊ သူတို့ရဲ့ အချစ်ရေးက ကောင်းချီးပေးမခံရဖို့ ဖန်တီးထားပြီးသားပဲ”
လင်းယန်သည် ဤကိစ္စကို ရင်ထဲသို့ သိပ်မထည့်ထားဘဲ စကားလမ်းကြောင်း လွှဲလိုက်လေ၏။
“နောက်ဖေးကိုသွားပြီး လျိုပိုင်လေး ဘယ်လိုနေလဲဆိုတာ သွားကြည့်ကြရအောင်၊ နောက်ထပ် နှစ်လလောက်ဆိုရင် လျိုပိုင်လေး ကလေးမွေးဖို့ အချိန်တန်ပြီ၊
အခု ငါစဉ်းစားနေတဲ့ ကိစ္စတစ်ခုရှိတယ်၊ လျိုပိုင်လေးနဲ့ တောဝက်ဘုရင်ကြီးကို ခွဲထားသင့်သလားဆိုတာပဲ”
လင်းယန်သည် ဤကိစ္စကို ကာလကြာရှည်စွာ စဉ်းစားနေခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့သေးပေ။ အကြောင်းရင်းမှာ တောဝက်ဘုရင်ကြီးသည် ကလေးများ၏ ဖခင်ဖြစ်သောကြောင့်ပင်။
သို့သော် သူ၏ မကြာသေးမီက လေ့လာစောင့်ကြည့်မှုများအရ ဤဖခင် ရှိနေခြင်း၊ မရှိနေခြင်းမှာ လုံးဝအရေးမကြီးသကဲ့သို့ ဖြစ်နေပေသည်။
ဥပမာအားဖြင့် ယခုအချိန်တွင် တောဝက်ဘုရင်ကြီးသည် အစာများကို အဝစားပြီးနောက် ဝက်ခြံထဲတွင် အိပ်မောကျနေလေသည်။ ထို့အပြင် သူသည် အလွန်အမင်း ညစ်ပတ်ပေရေနေပြီး တစ်ကိုယ်လုံးတွင် ဝက်ချေးများဖြင့် ဖုံးလွှမ်းနေ၏။
လင်းယန်က ပုံမှန် ရေချိုးပေးပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့် ဝက်ခြံကို သန့်ရှင်းရေး လုပ်ပေးလင့်ကစား တခြားသော ဝက်ဖြူလေးများမှာ သန့်ရှင်းသပ်ရပ်နေသော်လည်း တောဝက်ဘုရင်ကြီး တစ်ကောင်တည်းသာ ချေးများဖြင့် ပေပွနေခြင်းဖြစ်သည်။
လင်းယန်က အပြစ်ကင်းစင်ဟန်ဖြင့် ညည်းတွားလိုက်လေ၏။
“လျိုပိုင်လေး၊ ဒီလိုဝက်မျိုးနဲ့ ကလေးရတာ မင်းအတွက် တကယ်ကိုဒုက္ခများတာပဲ၊ ငါ အစကတည်းက တောဝက်ဘုရင်ကြီးနဲ့ မင်းတို့ကို အတူတူ မထားခဲ့သင့်ဘူး”
လင်းယန်ကို မြင်သည်နှင့် တောဝက်ဘုရင်ကြီးသည် မြေကြီးပေါ်မှ ပျင်းရိပျင်းတွဲ ထလာပြီးနောက် ဆာလောင်နေကြောင်း အမူအရာပြကာ ညည်းတွားလိုက်သည်။
လင်းယန်က သူ့ကို တိုက်ရိုက်ပင် တွန်းထုတ်လိုက်ပြီး ဆူပူလိုက်လေ၏။
“မင်းက တစ်နေ့ကုန် အစားအသန်ဆုံးကောင်ပဲ၊ အခုမှ နေ့လယ်ပိုင်းပဲ ရှိသေးတယ်၊ မင်းက ငါ့ကို ဗိုက်ဆာနေပြီလို့ ပြောနေတာလား၊ နောက်နှစ်ရက်လောက်နေရင် မင်းကို လျိုပိုင်လေးတို့ဆီကနေ ငါ ခွဲထားပစ်မယ်၊ ပြီးရင် မင်းရဲ့ အစာကိုလည်း တစ်ဝက်လျှော့ချပစ်မယ်”
တောဝက်ဘုရင်ကြီးမှာ ဘာတွေဖြစ်ပျက်သွားမှန်း လုံးဝ နားမလည်နိုင်စွာဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
‘သူ့အစာက ဘယ်လိုလုပ်ပြီး တစ်ဝက်တောင် လျော့သွားရတာလဲ၊ ဘာကြောင့် သူ့အစာကို လျှော့ချရတာလဲ’
သူသည် မကျေမနပ်ဖြင့် မြေကြီးကို ကုတ်ခြစ်လိုက်ရာ ဝက်ချေးများမှာ ကိုယ်ဝန်ဆောင်ဝက်မကြီး၏ ကိုယ်ပေါ်သို့ လွင့်စင်သွားတော့သည်။
လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သတိပေးလိုက်လေ၏။
“မင်း မိန်းမကို ဒီလိုပဲ ဆက်ပြီးအနိုင်ကျင့်နေမယ်ဆိုရင် ကလေးတွေ မွေးလာတဲ့အခါ မင်းကို ဦးလေးလို့ ခေါ်ခိုင်းရလိမ့်မယ်”
တောဝက်ဘုရင်ကြီးကမူ ကလေးများအကြောင်းကိုဖြစ်စေ၊ အခြားမည်သည့်အရာကိုဖြစ်စေ လုံးဝဂရုမစိုက်ပေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ဗိုက်ဝအောင် စားရဖို့နှင့် အိပ်ရေးဝဝ အိပ်ရဖို့သာ ဖြစ်သည်။
အကယ်၍ ဘေးနားရှိ ဝက်မဖြူဖြူလေးကို အနိုင်ကျင့်နိုင်ပါက ပို၍ပင် ကောင်းသေးသည်။
ကံမကောင်းစွာဖြင့် ဤလူသားသည် မကြာသေးမီက သူ့ကို စောင့်ကြည့်နေခဲ့ပြီး ဝက်မလေးအနီးသို့ ကပ်ရန်ကြိုးစားပါက အစာဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။
ဝက်မလေးက မည်မျှပင် မွှေးပျံ့ပြီး နူးညံ့နေစေကာမူ အစားစားရခြင်းလောက်တော့ အရေးမကြီးပေ။
လင်းယန်သည် နောက်ဖေးမှ ရှေ့ခြံဝင်းသို့ ပြန်ရောက်လာပြီးနောက် ဝက်ခြံအသစ် ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ ယန်အာဟူကို ပြောပြလိုက်သည်။
“မဟုတ်ရင် ကိုယ်ဝန်ဆောင်ဝက်မကြီးက တောဝက်ဘုရင်ကြီးနဲ့ အတူတူ နေနေရတာ တစ်ခုခုဖြစ်သွားမှာကို ငါ တကယ်စိုးရိမ်တယ်၊ အထူးသဖြင့် အခု သူ့ဗိုက်ထဲမှာ ကလေးတွေလွယ်ထားရတဲ့ အချိန်မျိုးမှာပေါ့”
ယန်အာဟူက သစ်တော်သီးတစ်ကိုက် ကိုက်စားလိုက်ပြီး မှတ်ချက်ပေးလိုက်လေ၏။
“သူဌေး၊ ခင်ဗျား အဲဒီလောက်အထိ စိုးရိမ်နေဖို့ မလိုဘူးလို့ ထင်တယ်၊ ကျေးလက်ဒေသမှာတော့ ဒါက သဘာဝပါပဲ၊ ဝက်တွေအားလုံးကို ခြံတစ်ခြံတည်းမှာ အတူတူမွေးထားကြတာပဲ၊ ဘာမှဖြစ်တာ မတွေ့ဖူးပါဘူး၊
ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျား ပိုပြီး စိုးရိမ်နေလေလေ အမှားလုပ်မိဖို့ ပိုလွယ်လေလေပဲ၊ ပြီးတော့ အခု ခင်ဗျား ဝက်ခြံအသစ် ဆောက်မယ်ဆိုရင် နောက်ဖေးက နေရာက သိပ်မကျယ်တော့ဘူးလေ၊
မြေကွက်တစ်ကွက်ကို ထပ်ပြီး နေရာယူလိုက်မယ်ဆိုရင် ကြက်တွေ၊ ဘဲငန်းတွေ သွားလာလှုပ်ရှားဖို့ နေရာမရှိတော့ဘူး ဖြစ်သွားလိမ့်မယ်”
သူတို့သည် နောက်ဖေးတွင် ဝက်များသာမက နွားများ၊ ကြက်များနှင့် ဘဲငန်းများကိုပါ မွေးမြူထားသေးသည်။
လင်းယန်သည် ယန်အာဟူ၏ စကားကို သေချာစွာ စဉ်းစားကြည့်လိုက်ရာ အမှန်တကယ်ပင် နောက်ဖေးရှိ နေရာလွတ်များကို ထပ်မံ၍ အစီအစဉ်ချရန် မဖြစ်နိုင်တော့ပေ။
အခြားသော တိရစ္ဆာန်လေးများအတွက်လည်း ရှင်သန်နေထိုင်ရန် နေရာလွတ်အချို့ ချန်ထားပေးရမည်သာ ဖြစ်သည်။ ထို့အပြင် လွတ်လပ်သော နေရာလွတ်များ အလွန်အမင်း ကျဉ်းမြောင်းသွားပါက သူတို့ သွားလာလှုပ်ရှားရန် အဆင်မပြေ ဖြစ်သွားပေလိမ့်မည်။
လင်းယန်က မှာကြားလိုက်လေ၏။
“ဒါဆို ဝက်စာကျွေးတဲ့အချိန်ကျရင် သူတို့ကို သေချာလေး ဂရုစိုက်ကြည့်ပေးပါဦး၊ တစ်ခုခုမှားနေတယ်လို့ ထင်ရင် တောဝက်ဘုရင်ကြီးကို တိုက်ရိုက် ဆုံးမပစ်လိုက်လို့ ရတယ်”
ယင်းကို ကြားလိုက်ရသောအခါ ယန်အာဟူမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရပြီး ငြင်းဆိုလိုက်လေ၏။
“သူဌေး၊ ကျွန်တော်က ခင်ဗျားမှ မဟုတ်တာ၊ တောဝက်ဘုရင်ကြီးသာ ဒေါသထွက်သွားရင် ကျွန်တော်သေသွားမှာပေါ့၊ ဒီလိုအလုပ်မျိုးက ခင်ဗျားကိုယ်တိုင် လုပ်ရမှာ၊ စိတ်မပူပါနဲ့၊ တစ်ခုခုမှားနေရင် ကျွန်တော် သေချာပေါက်လာပြောပါ့မယ်၊”
ဤစကားကို ကြားလိုက်ရပြီးနောက် လင်းယန်၏ ရင်ထဲတွင် စွဲနေသော စိုးရိမ်ပူပန်မှုများ နောက်ဆုံးတွင် ပြေပျောက်သွားခဲ့လေသည်။
ရုတ်တရက် လင်းယန်က အသံကို နှိမ့်ကာ မေးလိုက်လေ၏။
“တံခါးအပြင်ဘက်က အသံတစ်ခုခု ကြားလိုက်ရလား”
ယန်အာဟူက မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ပြန်လည်မေးခွန်းထုတ်လိုက်လေ၏။
“သူဌေး၊ ခင်ဗျား အရမ်းပင်ပန်းနေလို့ နားကြားမှားနေတာများလား၊ ဒီနေ့ ရာသီဥတုက အရမ်းပူနေတော့ ခင်ဗျား နေမကောင်းဖြစ်နေတာ နေမှာပါ၊ သွားပြီး ခဏလောက် အနားယူလိုက်ပါ၊ နေ့လယ်စာကို ကျွန်တော် နွှေးလိုက်မယ်၊ ပြီးရင် ရိုးရိုးရှင်းရှင်းလေးပဲ စားလိုက်ကြတာပေါ့”
လင်းယန်သည် မတ်တတ်ရပ်လိုက်ပြီး ယန်အာဟူ၏ စကားကို ဖြတ်ပြောလိုက်လေ၏။
“အပြင်ဘက်မှာ တကယ်ကို လှုပ်ရှားမှု ရှိနေတယ်၊ တစ်ယောက်ယောက်က တံခါးကို ကုတ်ခြစ်နေတဲ့အသံမျိုး ကြားနေရတယ်”
သူသည် ခြံတံခါးကို အလျင်အမြန် ဆွဲဖွင့်လိုက်ရာ တံခါးကို ကုတ်ခြစ်နေသူမှာ လူတစ်ဦးမဟုတ်ဘဲ အရွယ်ရောက်ပြီးသော ဧရာမပန်ဒါကြီးတစ်ကောင် ဖြစ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်လိုက်ရသည်။
ဤပန်ဒါကြီးသည် လူတစ်ဦးဦး၏ အရိပ်အယောင်ကို ရှာဖွေနေသည့်အလား သူ့နှာခေါင်းဖြင့် လေထုကို အဆက်မပြတ် ရှူရှိုက်ကာ အနံ့ခံနေလေသည်။
လင်းယန်က အံ့အားသင့်စွာ ရေရွတ်လိုက်လေ၏။
“ဘာလို့ နောက်ထပ်ပန်ဒါတစ်ကောင် ရောက်လာရပြန်တာလဲ”
လင်းယန်သည် တောထဲရှိ တိရစ္ဆာန်လေးအချို့က သတင်းများ ဖြန့်ဝေထားသည်များလားဟုပင် သံသယဝင်လာမိသည်။
ထို့ကြောင့် ဤပန်ဒါများသည် သူ့အိမ်သို့ တစ်ကောင်ပြီးတစ်ကောင် ရောက်လာကြခြင်းများလော။
ယခင်က ပန်ဒါပေါက်စလေးကို သစ်တောဦးစီးဌာနမှ လူများက ခေါ်ဆောင်သွားခဲ့ပြီး မကြာမီမှာပင် နောက်ထပ် ပန်ဒါကြီးတစ်ကောင် ရောက်လာခဲ့ပြန်ပြီလော။
ယန်အာဟူက အလောတကြီး မေးလိုက်လေ၏။
“သူဌေး၊ ဘာဖြစ်လို့လဲ”
ယန်အာဟူသည် ဖြည်းညင်းစွာ လျှောက်လာပြီးနောက် တံခါးဝရှိ ပန်ဒါကြီးကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကာ အော်ဟစ်လိုက်လေ၏။
“အို ဘုရားရေ၊ အရင် ပန်ဒါလေးက ဒီလောက်တောင် ကြီးသွားပြီလား”
လင်းယန်က သူ့ကို စကားမပြောနိုင်တော့သည့် အမူအရာဖြင့် ကြည့်ကာ ရှင်းပြလိုက်လေ၏။
“သေချာကြည့်စမ်းပါ၊ ဒါက အရင်ပန်ဒါလေးနဲ့ မတူဘူးလေ၊ ဒါက အရွယ်ရောက်ပြီးသား ပန်ဒါကြီးဆိုတာ သိသာနေတာပဲ ဟုတ်ပြီလား”
ယန်အာဟူက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားဟန်ဖြင့် မေးလိုက်လေ၏။
“ဒါဆို ဒီပန်ဒါကြီးက ဘာကိစ္စ ရှိလို့လဲ၊ တောင်ပေါ်ကနေ ထပ်ဆင်းလာပြန်တာတော့ မဖြစ်နိုင်ပါဘူးနော်၊ တောထဲမှာ အစာခေါင်းပါးနေလို့ ဝါးစားစရာမရှိတော့လို့ တောင်အောက်ကို ဆင်းပြီး ထွက်ပေါက်လာရှာတာများလား”
လင်းယန်သည် တစ်ဖက်လူ၏ ပို၍ ယုတ္တိမရှိသော ခွဲခြမ်းစိတ်ဖြာချက်များကို နားထောင်ရင်း အလျင်အမြန် ဝင်ရောက်ဟန့်တားလိုက်လေ၏။
“ကောင်းပါပြီ ကောင်းပါပြီ၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြီး ခွဲခြမ်းစိတ်ဖြာမနေနဲ့တော့”
ထိုပန်ဒါကြီးသည် လင်းယန်တို့ကို တိုက်ရိုက်ကျော်ဖြတ်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားပြီး ဘာကိုရှာနေမှန်းမသိ၊ ပတ်ပတ်လည်သို့ လိုက်လံရှာဖွေနေတော့သည်။
ဟိုပြေးဒီလွှား ရှာဖွေပြီးနောက် မတွေ့ရှိသောအခါ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ထိုအသံကြောင့် လင်းယန်မှာ အနည်းငယ် စိုးရိမ်ပူပန်သွားရသည်။
လင်းယန်က အလျင်အမြန် ဖျောင်းဖျလိုက်လေ၏။
“မအော်နဲ့၊ မအော်နဲ့တော့၊ မင်း ဘာကိုရှာနေတာလဲ၊ ငါ့ကို ပြောပြလို့ရမလား၊ မင်းတို့ တိရစ္ဆာန်တွေက သူများအိမ်ကို အသံတိတ်ဝင်လာပြီး ပစ္စည်းတွေကို လျှောက်မွှေတာက အရမ်းကို ရိုင်းစိုင်းတဲ့ အပြုအမူဆိုတာ မသိကြဘူးလား”
လင်းယန် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအခါမှ ပန်ဒါကြီး၏ အမူအရာမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ၏ ဘာသာစကားမှတစ်ဆင့် လင်းယန်သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်သွားခဲ့၏။
အမှန်တကယ်တော့ ဤပန်ဒါကြီးသည် သူ့ကလေးကို ရှာဖွေရန် တောင်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။
တကယ့်ကို ရင်းနှီးကျွမ်းဝင်နေသော အကြောင်းပြချက်တစ်ခုပင်။
‘အရင်တုန်းက ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံ ပြောခဲ့တာလည်း ဒီလိုပဲ မဟုတ်ဘူးလား၊
ဘာလို့ သားငယ်ကို လိုက်ရှာတဲ့အကောင် ထပ်ရောက်လာရပြန်တာလဲ'
‘ပြီးတော့ ငါ့ခြံဝင်းထဲမှာ လာရှာနေတာလေ'
လင်းယန်၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် လင်းလက်သွားပြီး သူ၏ခေါင်းကို ပုတ်ကာ မေးလိုက်လေ၏။
“အရင်တုန်းက ခြံတံခါးဝမှာ ပေါ်လာခဲ့တဲ့ ပန်ဒါပေါက်စလေးက မင်းရဲ့ကလေးများလား”
‘မဖြစ်နိုင်ဘူး၊ ကမ္ဘာပေါ်မှာ ဒီလောက်တောင် တိုက်ဆိုင်တဲ့ ကိစ္စမျိုး ရှိနိုင်ပါ့မလား၊
ဒါပေမဲ့ အဲဒါကလွဲရင် ငါတို့အိမ်မှာ တခြားပန်ဒါတစ်ကောင်မှ မပေါ်လာခဲ့ဖူးဘူးလေ'