အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅)
လင်းယန်၏ မျက်နှာသွင်ပြင်မှာ အနည်းငယ် တွန့်ကွေးသွားကာ ပန်ဒါကြီးအတွက် ဝါးအနည်းငယ် ရှာပေးရန် ယန်အာဟူကို ညွှန်ကြားလိုက်သည်။ ဤပန်ဒါကြီးသည် မည်မျှအထိ လျှောက်လာခဲ့သည်ကို သူ မသိသော်လည်း ၎င်း၏ ကိုယ်ခန္ဓာမှာ ညစ်ပတ်ပေရေနေပြီး ခြေသည်းများမှာလည်း အလွန်အမင်း ပွန်းပဲ့နေလေပြီ။
လင်းယန်က ပန်ဒါကြီးကို နှစ်သိမ့်စကား ဆိုလိုက်သည်။
“စိတ်မပူပါနဲ့၊ မင်းရဲ့ သားငယ်ကို ငါတို့ သိပ်မကြာခင်ကပဲ တွေ့ထားပါတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ပန်ဒါကြီးသည် ငိုယိုကာ လင်းယန်ထံ တိုင်တန်းလာလေ၏။
“ဝေါင်း...”
သူပြောလိုက်သော စကားများကို ကြားပြီးနောက် လင်းယန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
“မင်းပြောတာက မင်းရဲ့ သားငယ်ကို သူခိုးတွေ ခိုးသွားတာပေါ့လေ”
သူသည် ထိုပန်ဒါပေါက်စလေးကို သူ၏ ခြံဝင်းအတွင်း၌ တွေ့ခဲ့ရစဉ်က ၎င်းမှာ အဆော့သန်၍ လာရောက်သည်ဟုသာ ထင်မှတ်ခဲ့မိသည်။
ထိုအချိန်က ဤအယူအဆမှာ အလွန်အမင်း လက်တွေ့မကျကြောင်း ခံစားခဲ့ရသော်လည်း ပန်ဒါပေါက်စလေးတစ်ကောင်သည် ဤမျှဝေးကွာသောခရီးကို တစ်ကောင်တည်း လျှောက်လာကာ သူ၏ ခြံဝင်းတံခါးဝသို့ ရောက်ရှိလာခြင်းမှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုမဟုတ်လော။
သို့သော် ထိုကလေးမှာ အခြားသူတစ်ဦးဦး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
တရားမဝင် အမဲလိုက်သည့် မုဆိုးများ၏ လက်ချက်များလော။ သို့သော် သူတို့ကသာ တကယ်တမ်း ခိုးယူလာခဲ့ခြင်းဖြစ်ပါက ၎င်းကို ယူဆောင်သွားရမည်မဟုတ်လော။ အဘယ်ကြောင့် သူ၏ ခြံဝင်းတံခါးဝတွင် စွန့်ပစ်ခဲ့ရသနည်း။
လင်းယန်မှာ တွေးလေလေ ပို၍ ထူးဆန်းလေလေ ဖြစ်နေသည်။
အရင်ဦးဆုံး ဒါရိုက်တာလီကို ဖုန်းဆက်ပြီး ထိုပန်ဒါပေါက်စလေးကို သဘာဝထိန်းသိမ်းရေးဌာနသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီလားဆိုသည်ကို စုံစမ်းကြည့်ဦးမှ ဖြစ်မည်။
ယန်အာဟူက မျက်နှာကို ရှုံ့မဲ့လိုက်သည်။
“ဘာလို့ ကျွန်တော့်ကို တောင်ပေါ်တက်ပြီး ဝါးခုတ်ခိုင်းနေပြန်တာလဲ”
“မဟုတ်ရင်လည်း သူ့ကို ရေလေးပဲ နည်းနည်း တိုက်လိုက်ပါလား”
လင်းယန်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။
“ရေသောက်ရုံနဲ့ ဗိုက်ဝမှာလား၊ ရေသောက်လို့ ဗိုက်ဝမယ်ဆိုရင် မင်းတို့ ထမင်းစားစရာ မလိုတော့ဘူးပေါ့”
ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်အာဟူမှာ အလိုမကျသည့်ကြားမှပင် အညံ့ခံကာ ထောင့်တစ်နေရာ၌ ဓားကို ရှာဖွေရန် ထွက်ခွာသွားလေတော့သည်။ ဤနှစ်ကောင်လုံးမှာ ပြဿနာရှာသူများချည်း ဖြစ်၏။
လင်းယန်ကတော့ ဒါရိုက်တာလီထံသို့ ဖုန်းခေါ်ဆိုလိုက်လေ၏။
“ဟယ်လို ဒါရိုက်တာလီ၊ ကျွန်တော် မေးစရာရှိလို့ပါ၊ အရင်တစ်ခေါက်က ခင်ဗျားတို့ ဖမ်းမိခဲ့တဲ့ ပန်ဒါပေါက်စလေးက အခု ဘယ်မှာလဲ”
ဒါရိုက်တာလီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်၏။
“သူ့ကို ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှာ ထိန်းသိမ်းပြီး အစာကျွေးထားပါတယ်၊ နောက်တစ်ရက်နှစ်ရက်လောက်နေရင် တောထဲပြန်လွှတ်ပေးဖို့ စီစဉ်နေတာပါ၊ ဘာဖြစ်လို့လဲ”
လင်းယန်သည် စိတ်အားထက်သန်နေသော ပန်ဒါကြီးကိုကြည့်ကာ ပြောလိုက်သည်။
“အမ်... သူ့မိခင်ဖြစ်ပုံရတဲ့ ပန်ဒါကြီးတစ်ကောင်က သူ့ကို လိုက်ရှာနေပုံရတယ်၊ ဒီပန်ဒါကြီးကိုလည်း ခင်ဗျားတို့ လာခေါ်သွားပြီး သားအမိနှစ်ကောင် ပြန်လည်ဆုံစည်းပေးရင် ကောင်းမလားလို့ပါ”
ဒါရိုက်တာလီမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားတော့သည်။
“ဒါက အဲဒီ ပန်ဒါပေါက်စလေးရဲ့ မိခင်လို့ ခင်ဗျား သေချာပြောနိုင်တာလား၊ အဲဒီ ပန်ဒါပေါက်စလေး ဘာကြောင့် ခင်ဗျားရဲ့ ခြံဝင်းတံခါးဝမှာ ပေါ်လာရသလဲဆိုတာကိုရော ခင်ဗျားသိထားပြီလား”
“ပန်ဒါမိခင် ပြောတဲ့အတိုင်းဆိုရင်တော့ အဲဒီ ကလေးလေးက အခိုးခံလိုက်ရတာတဲ့၊ ဒါပေမဲ့ ဘယ်သူက ခိုးသွားသလဲဆိုတာတော့ မရှင်းလင်းဘူး”
ဒါရိုက်တာလီ၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားလေ၏။
“တောထဲမှာ တရားမဝင်အမဲလိုက်သူတွေ ပြန်ပေါ်လာတာများလား”
အကယ်၍သာ ထိုသို့ တကယ်ဖြစ်ပါက သူတို့၏ သစ်တောဦးစီးဌာနသည် လိုအပ်သော အရေးယူမှုများ လုပ်ဆောင်ရပေတော့မည်။ ဤမုဆိုးများသည် ပန်ဒါပေါက်စလေးများကိုသာ သီးသန့် ပစ်မှတ်ထားလေ့ရှိကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာများ ဖြစ်နေသနည်း။
“ကျွန်တော် ချက်ချင်းပဲ လက်အောက်ငယ်သားတွေကို သတိအပြည့်ထားဖို့နဲ့ ဒရုန်းတွေနဲ့ ကင်းလှည့်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်မယ်”
“ဒီမုဆိုးဂိုဏ်းကို ကျွန်တော်တို့ သေချာပေါက် ဖမ်းဆီးရမယ်”
လင်းယန်မှာမူ စဉ်းစားမရအောင် ဖြစ်နေသည်။
“ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်၊ တကယ်လို့ သူတို့က တရားမဝင် မုဆိုးတွေဆိုရင် ဘာလို့ အဲဒီ ပန်ဒါပေါက်စလေးကို ကျွန်တော့်တံခါးဝမှာ လာစွန့်ပစ်ခဲ့တာလဲ”
ဤအချက်မှာ တကယ်ကို နားမလည်နိုင်စရာပင်။
“ဖြစ်နိုင်တာက သူတို့ လမ်းတစ်ဝက်မှာ တစ်ခုခုဖြစ်သွားလို့ ယူမသွားနိုင်တော့တာ ဖြစ်နိုင်တယ်”
“အဲဒီ ပန်ဒါကြီးအတွက်တော့ နေ့လယ်ပိုင်းမှာ လူလွှတ်ပြီး လာခေါ်ခိုင်းလိုက်မယ်၊ ဒီအချိန်လေးအတွင်း သူ့ကို ကောင်းကောင်းစောင့်ရှောက်ပေးထားပါဦး၊
ကောင်းပြီ၊ ကျွန်တော် ဖုန်းချလိုက်တော့မယ်၊ အစည်းအဝေး ရှိသေးလို့”
ဖုန်းပြောဆိုမှု ပြီးဆုံးသွားပြီးနောက် လင်းယန်နှင့် ပန်ဒါကြီးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
“သစ်တောဦးစီးဌာနက မင်းရဲ့ သားငယ်က သူတို့ဌာနမှာ ရှိတယ်လို့ ပြောတယ်၊ ခဏနေရင် လာခေါ်လိမ့်မယ်၊ မင်းတို့ သားအမိ ပြန်ဆုံနိုင်ကြမှာပါ”
ပန်ဒါကြီးမှာ လင်းယန် ပြောသည်ကို နားလည်သွားဟန်ဖြင့် မြေကြီးပေါ်သို့ ပစ်လှဲချလိုက်ကာ စိုးရိမ်ပူပန်မှုများ ကင်းစင်သွားပြီး သူ၏ဝမ်းဗိုက်ကို ပွတ်သပ်ကာ အော်ဟစ်လိုက်လေ၏။
(ဗိုက်ဆာတယ်)
“တစ်ယောက်ယောက် လာပြီး မင်းအတွက် အစာ ရှာပေးလိမ့်မယ်၊ ခဏလေး စောင့်နေပါဦး”
ပန်ဒါကြီးမှာ အလွန်ပင် မကျေမနပ်ဖြစ်နေဟန်ဖြင့် သူ၏ နှာခေါင်းကို လေထဲသို့ မြှောက်ကာ အနံ့ခံလိုက်သည်။
(ဘယ်လောက်တောင် မွှေးပျံ့တဲ့ အနံ့လဲ...)
လင်းယန်ထံသို့ ဒါရိုက်တာဆောင် ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု ရောက်ရှိလာပြန်သည်။ သူနှင့် ဆွေးနွေးစရာ အရေးကြီးကိစ္စရှိသည်ဟုဆိုကာ အခုချက်ချင်း လာခဲ့ရန် တောင်းဆိုလိုက်လေ၏။
“ဒီနေရာမှာပဲ ထိုင်နေ၊ ဘယ်မှ လျှောက်မသွားပါနဲ့၊ ငါ အပြင်ခဏ သွားစရာ ရှိလို့၊ ခဏနေရင်ပြန်လာခဲ့မယ်”
လင်းယန်မှာ သူ၏စိတ်ထဲတွင် တွေးလိုက်သည်။
‘ဘာပဲဖြစ်ဖြစ် ယန်အာဟူက ခဏနေရင် ပြန်ရောက်လာတော့မှာဆိုတော့ ငါ ဒါရိုက်တာဆောင်ဆီကို သွားပြီး ဘာတွေဖြစ်နေသလဲဆိုတာ စုံစမ်းကြည့်ရငခ ဘာမှမဖြစ်နိုင်လောက်ပါဘူး’
ပန်ဒါကြီးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လင်းယန် ထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက်တွင်တော့ ပန်ဒါကြီးသည် လှည့်၍ အိမ်အတွင်းဘက်သို့ ဝင်သွားလိုက်၏။
ထို မွှေးပျံ့သော အနံ့မှာ ဤအိမ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်...။
“ဒါရိုက်တာဆောင်၊ ကျွန်တော့်ကို ဘာကိစ္စရှိလို့ခေါ်တာလဲ”
ဒါရိုက်တာဆောင်က လင်းယန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ထိုင်ပါဦး”
“အမျိုးသားနေ့ အားလပ်ရက် ကုန်ဆုံးသွားပြီ၊ ကျွန်တော်တို့ အပိုင်းနှစ်ပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကို ခင်ဗျားကို အရင်က ပြောပြထားပြီးသားလေ၊
ခင်ဗျားဆီမှာ ဘာအကြံဉာဏ်များ ရှိသေးလဲ၊ ထုတ်လုပ်ရေးအဖွဲ့ကို ဘာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် အကြံပြုလို့ရပါတယ်”
ဒါရိုက်တာဆောင်က ဤကိစ္စအတွက် သူ့ကို ခေါ်တွေ့မည်ဟု လင်းယန် ထင်မထားခဲ့ပေ။
“ကျွန်တော့်ဆီမှာ ဘာအကြံဉာဏ်မှ မရှိပါဘူး၊ ထုတ်လုပ်ရေးအဖွဲ့ရဲ့ စီစဉ်မှုအတိုင်းပဲ လိုက်နာဆောင်ရွက်သွားမှာပါ”
ဒါရိုက်တာဆောင်မှာ တကယ်ကို မတတ်သာသည့် အမူအရာဖြင့် ပြုံးလိုက်မိသည်။
အခြား ပြိုင်ပွဲဝင်တွေသည် လူသိရှင်ကြား မပြောကြသော်ငြား ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက သူ့ဆီသို့ တမင်တကာ လာရောက်ပြီး စကားစမြည် ပြောဆိုနေခဲ့ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ လူကြိုက်အများဆုံးဧည့်သည်များနှင့် တွဲဖက်ရန်သာ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်တိုင်လည်း နာမည်ကြီးလာနိုင်သည်မဟုတ်လော။
လင်းယန်တစ်ယောက်သာ ဤအရာအားလုံးကို လုံးဝ လျစ်လျူရှုထားလေ၏။
ဂရုမစိုက်သည့် အမူအရာကိုသာ အပြည့်အဝပြသထားသည်။
“ဒါရိုက်တာဝမ် ပြောတာကတော့ ဧည့်သည်တွေက သူတို့ရဲ့ ပါတနာတွေကို သူတို့ကိုယ်တိုင် ရွေးချယ်ကြလိမ့်မယ်တဲ့၊ ခင်ဗျားတို့ ကိုယ်တိုင်လည်း ပြည့်စုံအောင် ပြင်ဆင်ထားပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြသနိုင်ဖို့ နည်းလမ်းရှာထားသင့်တယ်”
“ခင်ဗျားက ဘာကိုမှ ဂရုမစိုက်တဲ့ပုံပေါက်နေတာပဲ၊ ဒါကြောင့်လည်း ခင်ဗျားကို ကူညီပေးချင်လို့ခေါ်တာ၊ ကျွန်တော့်ဆီမှာ ဆရာအချို့ရဲ့ အဆက်အသွယ်တွေရှိတယ်၊ သူတို့နဲ့ အရင်ဆုံးဆက်သွယ်ပြီး ရင်းနှီးမှုတည်ဆောက်ထားဖို့ ခင်ဗျားကို ကြိုတင်မိတ်ဆက်ပေးရမလား”
ဒါရိုက်တာဆောင်၏ စကားများမှာ စေတနာများဖြင့် ပြည့်နှက်နေသည်။
ယုတ္တိအရဆိုလျှင် သူ ဤမျှလောက် ပြောပြပြီးနောက်တွင်တော့ လင်းယန်အနေဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို ထပ်မံ ရှင်းပြရန် မလိုတော့ပေ။
လင်းယန်က မသိနားမလည်သလိုသာ ဟန်ဆောင်လိုက်သည်။
“အဲဒါတော့ မလိုလောက်ပါဘူး၊ ဆရာတွေ ရောက်လာတဲ့အခါကျရင်ပဲ သဘာဝအတိုင်း တွေ့ဆုံကြတာပေါ့”
ဒါရိုက်တာဆောင်မှာ ထိုစကားကို ကြားလိုက်ရသောအခါ တံတွေးပင် သီးသွားတော့မတတ် ဖြစ်သွားသည်။
‘ငါပြောတာပဲ ရှင်းရှင်းလင်းလင်း မရှိတာလား၊ ဒါမှမဟုတ် ဒီကလေးက တကယ်ပဲ မိုက်မဲနေတာလား၊
အခြားသူတွေဆိုရင် အဲဒီဧည့်သည်တွေကို ချက်ချင်း ဆက်သွယ်ပြီး ကြိုတင်၍ ရင်းနှီးမှု တည်ဆောက်ထားဖို့ပဲ စဉ်းစားနေကြတာ’
လင်းယန်ကတော့ သူ အကြိမ်ကြိမ် အရိပ်အမြွက် ပြောပြနေသည်ကိုပင် လုံးဝ လျစ်လျူရှုထား၏။
လင်းယန် နားမလည်ဘဲ ရှိုးပွဲအပေါ် သက်ရောက်မှု ရှိသွားမည်ကိုသာ သူ စိုးရိမ်နေရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူ့ကို သီးသန့် ခေါ်တွေ့နေစရာ အကြောင်းမရှိပေ။
“ရှောင်လင်၊ ဒီကိစ္စကို သေချာလေး ပြန်စဉ်းစားစေချင်တယ်၊ ထုတ်လုပ်ရေးအဖွဲ့ ရောက်လာတဲ့အခါ ဒါက မင်းရဲ့ လူကြိုက်များမှုနဲ့ တိုက်ရိုက် သက်ဆိုင်နေမှာနော်”
လင်းယန် မတ်တတ်ရပ်လိုက်သည်။
“ကျွန်တော် နားလည်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဒါရိုက်တာဆောင်၊ တခြား ကိစ္စမရှိရင် ကျွန်တော်ပြန်လိုက်ပါဦးမယ်”
“အိမ်မှာ အစာမကျွေးရသေးတဲ့ ပန်ဒါတစ်ကောင် ကျန်နေသေးလို့ပါ”
အလျင်အမြန် ထွက်ခွာသွားသော လင်းယန်၏ ကျောပြင်ကို ကြည့်ရင်း ဒါရိုက်တာဆောင်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
‘ဒီကောင်လေးက ငါ့ဆီက ထွက်ပြေးဖို့အတွက် ဒီလောက်အထိ မခိုင်လုံတဲ့အကြောင်းပြချက် ပေးစရာလိုလို့လား၊
အိမ်ပြန်ပြီး ပန်ဒါကို အစာကျွေးရမယ်တဲ့လား၊ လင်းယန် အိမ်မှာ ပန်ဒါက ဘယ်တုန်းက ရောက်နေတာလဲ၊ ဘာလို့ ငါ မသိရတာလဲ'
လင်းယန်သည် အိမ်သို့ ပြန်ရောက်သည့်အခါ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ သီချင်းညည်းလျက် ပြန်ရောက်လာခဲ့သည်။
သို့သော် ခြံဝင်းအတွင်း၌ ပန်ဒါကို မတွေ့ရသောအခါ သူ၏ စိတ်ထဲတွင် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်လာ၏။
အထူးသဖြင့် အိမ်တံခါး ပွင့်နေသည်ကို တွေ့လိုက်ရသောအခါ သူ၏ နှလုံးသားမှာ ပို၍ပင် တုန်လှုပ်သွားသည်။ သူသည် ခြေလှမ်းများကို ပေါ့ပါးစွာဖြင့် အိမ်အတွင်းသို့ ဝင်ရောက်သွားလိုက်၏။
ရလဒ်မှာမူ မြေကြီးပေါ်တွင် ဟိုတစ်စ သည်တစ်စဖြင့် ပြန့်ကျဲနေသော ပျားရည်ပုလင်းများကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ခုနက ပန်ဒါကြီးမှာ ပျားရည်ပုလင်းတစ်လုံးကို ကိုင်ကာ ပါးစပ်ထဲသို့ အငမ်းမရ လောင်းထည့်နေလေသည်။
လင်းယန်၏ မျက်လုံးထဲတွင် ကော်ရှင်မတ် အမှတ်အသားများဖြင့် ပြည့်နှက်သွားခဲ့သည်။
“???”
“မင်းကို ဒီကိုလာပြီး အစားအသောက်တွေ ခိုးစားဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ”
ပန်ဒါကြီးမှာ အပြစ်ရှိသလို ခံစားရပြီး ပျားရည်ပုလင်းကို သူ့နောက်တွင် ဝှက်ထားလိုက်သည်။
သို့သော် မြေကြီးပေါ်တွင် ပြန့်ကျဲနေသော သက်သေအထောက်အထားများကို မည်သို့ ဖုံးကွယ်နိုင်မည်နည်း။
လင်းယန်၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။
“ဝှက်မနေနဲ့၊ ငါ အကုန်မြင်ပြီးပြီ”
“ငါ့အိမ်မှာ ကျန်နေတဲ့ ပျားရည်ပုလင်းတွေကို မင်း အကုန်ဖျက်ဆီးပစ်လိုက်တာလား”
ဆိုလိုသည်မှာ သူ တောင်ပေါ်တွင် ပင်ပန်းကြီးစွာဖြင့် စုဆောင်းခဲ့သော ပျားရည်များကို သူကိုယ်တိုင်ပင် သေချာ မစားရသေးဘဲ ဝက်ဝံနက်ကြီးကို အနည်းငယ်ပေးခဲ့ရသည်။
ကျန်ရှိနေသော ပုလင်းအနည်းငယ်ကိုလည်း ဤပန်ဒါကြီးက အကုန်စားပစ်လိုက်သည်။
ဤအရာက လင်းယန်ကို ဒေါသထွက်လွန်းသဖြင့် သွားများပင် ယားယံလာစေသည်။
ပန်ဒါကြီး၏ ပါးစပ်မှာ ပျားရည်များဖြင့် ပေကျံနေ၏။ လင်းယန်၏ ဒေါသကို ခံစားမိပြီးနောက် သူသည် ပါးစပ်တစ်ဝိုက်ရှိ ပျားရည်များကို လျှာဖြင့်လျက်လိုက်ပြီး အားမရသေးသည့်အမူအရာမျိုး ပြသနေလေသည်။
“သူဌေး၊ ဝါးတွေကို ခုတ်ပြီး ပြန်ယူလာခဲ့ပြီ၊ ဟင်... ပန်ဒါက ဘယ်ရောက်သွားတာလဲ၊ သူ့ကို မြန်မြန် အစာကျွေးဖို့ ခေါ်လိုက်ပါဦး”
လင်းယန်သည် စိတ်ထဲမှ စကားလုံးအချို့ကို သွားများကြားမှ ညှစ်ထုတ်လိုက်၏။
“သူ ဝသွားပြီထင်တယ်”
“ဘယ်လိုလုပ်ပြီး ဝသွားရတာလဲ၊ သူဌေး သူ့ကို ဘာကျွေးလိုက်လို့လဲ”
ယန်အာဟူသည် တွင်းရေဖြင့် မျက်နှာသစ်ပြီးနောက် အိမ်အတွင်းသို့ ဝင်ရောက်လာသည်။ မြေကြီးပေါ်ရှိ ပျားရည်ပုလင်းများကို မြင်လိုက်ရသောအခါ သူ နားမလည်နိုင်စရာအကြောင်းမရှိတော့ပေ။
“သူဌေး၊ ခင်ဗျားက ဒီပျားရည်အကုန်လုံးကို ပန်ဒါကို ကျွေးလိုက်တာလား၊ ကျွန်တော်တို့ ဘာစားရမှာလဲ၊”
ယန်အာဟူမှာ လျှပ်စီးကြောင်းဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
“လွန်ခဲ့တဲ့ရက်က ကျွန်တော့်အတွက် ပျားရည်မုန့်လုပ်ပေးဖို့ ပြောတော့ ခင်ဗျား ငြင်းခဲ့တယ်လေ၊ အခုကျတော့ ပန်ဒါကို ကျွေးပစ်လိုက်တာလား”
လင်းယန်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်၏။
“ငါ သူ့ကို ကျွေးလိုက်တယ်လို့ ထင်နေတာလား”
“ဒီပန်ဒါက ငါ့အိမ်မှာရှိတဲ့ ပျားရည်အကုန်လုံးကို ခိုးစားသွားတာ”
“ဘာ...”
ယန်အာဟူ အော်ဟစ်လိုက်သည်။
“ပန်ဒါတွေက ဝါးစားတာမဟုတ်ဘူးလား၊ ပြီးတော့ ပန်ဒါတွေ ပျားရည်စားတယ်လို့ ဘယ်သူကပြောထားလို့လဲ”