အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) အကြောက်အလန့်ကင်းသော ခေါင်းပြားကောင်
“ခြေရာခံလိုက်ပြီး ဒီအနီးအနားမှာ ပြဿနာကောင် ရှိမရှိ သေချာရှာကြည့်ကြစို့”
လင်းယန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မိမိ၏ ပိုင်နက်နယ်မြေကို ဤမျှလောက်အထိ ဖျက်ဆီးထားပြီးမှ အေးအေးဆေးဆေး ထွက်သွားချင်နေသေးသည်လော။
ယန်အာဟူသည် လင်းယန်၏ နောက်မှ တကောက်ကောက် လိုက်ပါလာရင်း သူ၏ ဖုန်းကို ထုတ်ယူလိုက်သည်
“မိတ်ဆွေတို့ရေ၊ ဒီနေ့ ကျွန်တော်တို့ သစ်သီးခြံကို ပြန်ရောက်လာတဲ့အခါ အထဲက ပျားအုံတွေနဲ့ သစ်သီးပင်တွေကို ဖျက်ဆီးသွားတဲ့ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရတယ်၊
အခု ကျွန်တော်တို့က ဒီခြေရာတွေအတိုင်း လိုက်ပြီး အဲဒီ လျှို့ဝှက်ဆန်းကြယ် သတ္တဝါကို ရှာဖွေသွားမှာပါ၊ ဘယ်လို တိရစ္ဆာန်မျိုးကများ ဒီလို ခြေရာမျိုး ချန်ထားခဲ့နိုင်မလဲဆိုတာကို အားလုံးပဲ ရဲရဲတင်းတင်း ခန့်မှန်းကြည့်လို့ရပါတယ်”
“သူဌေး၊ ဒီခြေရာတွေက မြေခွေးတစ်ကောင်ရဲ့ ခြေရာတွေနဲ့ တူတယ်လို့ မထင်ဘူးလား”
လင်းယန်က မသိစိတ်၏ စေ့ဆော်မှုဖြင့် ချက်ချင်းပင် ငြင်းဆန်လိုက်သည်
“မြေခွေးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ မြေခွေးရဲ့ အမွေးအမျှင်တွေက နူးညံ့ပျော့ပျောင်းလွန်းတော့ ပျားတွေရဲ့ ရန်ကို ကာကွယ်နိုင်စွမ်း မရှိဘူးလေ”
“စကားမပြောနဲ့တော့”
လင်းယန်သည် မလှမ်းမကမ်းနေရာ၌ မီးခိုးရောင် သဏ္ဍာန်ရှိသော သတ္တဝါတစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုအကောင်၏ ခန္ဓာကိုယ်မှာ အတော်လေး ရှည်လျားပုံရပြီး ကျောပြင်မှာလည်း အလွန် ထူထဲကျယ်ပြန့်လှသည်။ ဦးခေါင်းပိုင်းမှာ သေးငယ်ကာ ပြားချပ်နေပြီး နောက်ခြေလက်များမှာ အလွန်တိုတောင်းနေ၏။
၎င်း၏ကိုယ်ပေါ်တွင် အဖြူရောင်အမွေးစုတစ်ခုလည်း ရှိနေသေးသည်။ ထိုအကောင်၏ ရှေ့တွင်တော့ မှောက်ကျနေသော ပျားအုံတစ်အုံရှိနေပြီး ယခုအချိန်တွင် ၎င်းသည် လေထဲ၌ ပျံဝဲနေသော ပျားလေးများကို ၎င်း၏ ခြေသည်းများဖြင့် ရိုက်ချသတ်ဖြတ်နေလေ၏။
“နောက်ဆုံးတော့ မင်းကို ရှာတွေ့သွားပြီ၊ ပြဿနာကောင်”
လင်းယန်သည် အံကြိတ်ကာ တစ်ဖက်လူရှိရာသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ထိုအခါမှသာ ဤအမည်မသိ သတ္တဝါမှာ ဟန်နီဘက်ဂျာ (Honey Badger - ပျားခွေးတူဝက်တူ) တစ်ကောင်ဖြစ်နေကြောင်း သူ သတိပြုမိသွားတော့သည်။
သို့သော် တရုတ်နိုင်ငံတွင် ဟန်နီဘက်ဂျာများ မရှိဘူးမဟုတ်လော။ ဤဟန်နီဘက်ဂျာသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခြင်းများ ဖြစ်နိုင်မည်လော။
လင်းယန်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဟန်နီဘက်ဂျာသည် ကြမ်းကြုတ်ခက်ထန်သော အမူအရာကို ချက်ချင်းပင် ထုတ်ဖော်ပြသလိုက်သည်။
“ဟိုက်ရှားပါး၊ သူဌေး၊ ဒါက ဘာအကောင်ကြီးလဲ၊ ဘာလို့ ကျွန်တော် တစ်ခါမှ မမြင်ဖူးရတာလဲ”
ယန်အာဟူသည် ဖုန်းကို ကိုင်ဆောင်၍ ဗီဒီယိုရိုက်ကူးနေရင်း အနည်းငယ် ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားသည်။
“ဒီအကောင်လေးက ကြည့်ရတာ တော်တော်လေး ကြမ်းကြုတ်မယ့်ပုံပဲ၊ ကျွန်တော်တို့တွေ နည်းနည်းလောက် အလှမ်းဝေးဝေးမှာ ရပ်နေကြရင် မကောင်းဘူးလား၊”
လင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး အလျှော့မပေးလိုသော ၎င်း၏ မာနတခွဲသား အမူအရာလေးကို စိုက်ကြည့်နေမိသည်။ ဤအရာသည် သေချာပေါက် ဟန်နီဘက်ဂျာ တစ်ကောင်ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်သွားသည်
ဤနေရာတွင် ၎င်း ပေါ်လာခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ ၎င်းသည် ပြဿနာလာရှာနေခြင်း မဟုတ်ဘဲ ပျားများကို အမဲလိုက်နေခြင်းသာ ဖြစ်သည်။
ဟန်နီဘက်ဂျာကဲ့သို့သော သတ္တဝါများသည် ပျားလောက်ကောင်များနှင့် ပျားပိုးတုံးအိတ်များကို အထူး နှစ်သက်ကြသည်။ သူတို့သည် အကြောက်အလန့်ကင်းသော သဘာဝစရိုက်ကြောင့် နာမည်ကြီးလှ၏။
ဟန်နီဘက်ဂျာ၏ ခန္ဓာကိုယ် သေးငယ်မှုကို အထင်မသေးလိုက်သင့်ပေ။ ဤကောင်လေးများသည် ခြင်္သေ့များနှင့်ပင် ရင်ဆိုင်တိုက်ခိုက်ရဲကြသည်။
သူတို့တွင် ပြင်းထန်သော အဆိပ်အတောက်များကို ခုခံနိုင်သည့် မွေးရာပါ ကိုယ်ခံအားစနစ် ပါရှိသောကြောင့် အဆိပ်ပြင်းမြွေများနှင့် ရင်ဆိုင်ရလျှင်ပင် ဟန်နီဘက်ဂျာများသည် တိုက်ရိုက် ကိုက်ဖြတ်ရဲကြလေသည်။
သူတို့၏ အဓိက စရိုက်လက္ခဏာမှာ အကြောက်အလန့် ကင်းမဲ့ခြင်းပင်။ အသက်ကို ပဓာနမထားဘဲ မကျေနပ်ပါက သေချာပေါက် တိုက်ခိုက်မည်သာ ဖြစ်သည်။
မရင်းနှီးသော လူစိမ်းနှစ်ဦး ရောက်ရှိလာသည်ကို မြင်သောအခါ ဟန်နီဘက်ဂျာ၏ မျက်နှာအမူအရာမှာ ပို၍ ဒေါသထွက်လာပုံရသည်။
၎င်းသည် ၎င်း၏ ခြေသည်းများဖြင့် ပျားအုံကို တိုက်ရိုက် ရိုက်ချိုးလိုက်ရာ ပျားအုံမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။ ထို့နောက် ၎င်းသည် လင်းယန်ကို သွားများဖြဲပြကာ ခြေသည်းများကို ဆန့်ထုတ်လျက် တစ်ဖက်လူအား ၎င်း၏ အစွမ်းသတ္တိကို ကြွားဝါပြသနေသည့်အလား ရှိနေလေ၏။
ယန်အာဟူက တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်သည်။
“ကျွန်တော်တို့ရဲ့ သစ်သီးခြံထဲမှာ ဘာလို့ ဟန်နီဘက်ဂျာ ရောက်နေရတာလဲ၊ ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ် သူဌေး၊ သစ်တောဦးစီးဌာနကို ဖုန်းဆက်ပြီး သူတို့လူတွေကိုပဲ လာရှင်းခိုင်းလိုက်ရင်ရော”
လင်းယန်က မျက်လုံးများကို မှေးစင်းလိုက်၏။
“မင်း ကြောက်ရင် နောက်ဆုတ်နေလိုက်”
“ဒီမှာလာပြီး ရမ်းကားနေတာလား၊ ဒါ ဘယ်သူ့ရဲ့ပိုင်နက်လဲဆိုတာ မင်း မစုံစမ်းခဲ့ဘူးလား၊ မင်းက ဟန်နီဘက်ဂျာပဲဖြစ်ဖြစ် ခေါင်းလုံးဘက်ဂျာပဲဖြစ်ဖြစ် ဒါက မင်းလာပြီး သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး”
ဟန်နီဘက်ဂျာက စူးရဲစွာ စိုက်ကြည့်နေပြီး နောက်တစ်စက္ကန့်တွင် လင်းယန်ထံသို့ ခုန်အုပ်ကာ ခြေသည်းဖြင့် ကုတ်ဆွဲတော့မည့်အလား ရှိနေသည်။
သို့သော် ထိုသို့ မလုပ်နိုင်မီမှာပင် လင်းယန်က ၎င်း၏ ခေါင်းကို ဖြတ်ရိုက်လိုက်၏။
“သွားဖြဲပြနေသေးတယ်၊ မင်းကို သွားဖြဲပြခိုင်းလို့လား”
“ငါ အပင်ပန်းခံပြီး မွေးထားရတဲ့ ပျားလေးတွေကို မင်းက ထပ်ပြီး ဖျက်ဆီးပစ်လိုက်ပြန်ပြီလား”
လင်းယန်၏ ရိုက်ချက်ကြောင့် ဟန်နီဘက်ဂျာမှာ အံ့အားသင့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
‘ဘာလဲ။ ဘာလို့ ဒီလူသားက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မကစားရတာလဲ'
၎င်းကို မကြောက်မရွံ့သော လူသားတစ်ဦးကို သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းပင်။
ဟန်နီဘက်ဂျာကို အသာထား၊ ယန်အာဟူပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကျယ် ဆွံ့အသွားခဲ့ရသည်
“သူဌေး၊ ခင်ဗျားကတော့...”
ဟန်နီဘက်ဂျာသည် အရှုံးမပေးလိုသော အသံဖြင့် ဟိန်းဟောက်လိုက်ရာ နောက်တစ်စက္ကန့်တွင် နောက်ထပ် ရိုက်ချက်တစ်ချက်ကို ထပ်မံခံလိုက်ရပြန်သည်။
“ဒီနေရာကိုလာဖို့ မင်းကို ဘယ်သူက ခိုင်းလိုက်တာလဲ”
“မင်းက အရိုက်ခံချင်နေတာပဲ ဖြစ်ရမယ်၊ ဒီနေ့ မင်းကို သေချာလေး မဆုံးမလိုက်ရရင် ငါ့ရင်ထဲကဒေါသတွေကို တကယ်မျိုသိပ်ထားနိုင်မှာ မဟုတ်ဘူး”
သူ လဝက်ကျော်မျှ အပင်ပန်းခံ၍ ဂရုတစိုက်မွေးမြူထားခဲ့သော ပျားလေးများမှာ ပျားရည်ဆွတ်ခူးရမည့် ရာသီသို့ မရောက်မီမှာပင် ဤအကောင်၏ ဖျက်ဆီးမှုကို ခံလိုက်ရလေပြီ
လင်းယန်မှာာ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး ဟန်နီဘက်ဂျာကို နောက်ထပ်အကြိမ်အနည်းငယ်မျှ ဆက်တိုက်ရိုက်ချလိုက်ရာ ဟန်နီဘက်ဂျာမှာ အနည်းငယ် မူးဝေသွားတော့သည်။
မကြာမီမှာပင် ဟန်နီဘက်ဂျာသည် အသိပြန်ဝင်လာပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လေတော့သည်။ သို့သော် လင်းယန်က ၎င်း၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်ကာ မြေကြီးပေါ်သို့ ဖိချထားလိုက်၏။
ဟန်နီဘက်ဂျာ၏ ခေါင်းမှာ မြေကြီးနှင့် တင်းကျပ်စွာ ဖိကပ်ခံထားရပြီး လင်းယန်၏ ချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ရန်အတွက် ၎င်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ် လိမ်ကောက်နေလေသည်။
“မင်း လိမ်လိမ်မာမာနေတာ ပိုကောင်းမယ်နော်”
ဟန်နီဘက်ဂျာ၏ ဒေါသတကြီး ဖြစ်နေသော မျက်ဝန်းများမှတစ်ဆင့် ၎င်း၏ရှေ့မှောက်ရှိ လူသားကို မည်မျှလောက်အထိ မုန်းတီးနေကြောင်း အထင်းသား မြင်တွေ့နိုင်ပေသည်။
၎င်းလို ဟန်နီဘက်ဂျာတစ်ကောင်က ဤကမ္ဘာလောကကြီးအား ကြီးစိုးလွှမ်းမိုးခဲ့ဖူးသည်ကို တွေးကြည့်ပါက ဤကဲ့သို့သော မတရား အနိုင်ကျင့်ခံရမှုမျိုးကို ဘယ်သောအခါကများ ကြုံတွေ့ခဲ့ဖူးပါသနည်း။
ယနေ့တွင် လူသားတစ်ဦး၏ လက်ချက်ဖြင့် ဤမျှဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်လိုက်ရသည်လော။
အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက ရယ်စရာ အကြောင်းအရာတစ်ခု ဖြစ်သွားလိမ့်မည်မဟုတ်လော။
“ဂတ်... ဂတ်”
(မင်းလို ယုတ်မာပြီး အပြောအဆိုမတတ်တဲ့ လူသား၊ ဘာလို့ ငါ ဟန်နီဘက်ဂျာဘုရင်ကြီးကို အခုချက်ချင်း မလွှတ်ပေးသေးတာလဲ)
ဟန်နီဘက်ဂျာ၏ အော်ဟစ်သံကို ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရသဖြင့် လင်းယန်မှာ အလွန် ဆန်းသစ်နေသည်ဟု ခံစားလိုက်ရသည်။
‘ဪ... ဟန်နီဘက်ဂျာရဲ့ အသံက ဒီလိုမျိုးကိုး'
“မင်းကို လွှတ်ပေးရမယ် ဟုတ်လား၊ မင်းက ငါ့ရဲ့ သစ်သီးခြံကို ဒီလောက်အထိ ဖျက်ဆီးထားတာတောင် ငါက မင်းဆီကနေ လျော်ကြေး မတောင်းရသေးဘူးလေ
မင်းဘာသာမင်းး ပြောစမ်း၊ ငါ့ကို ဘယ်လိုလျော်ကြေးပေးမှာလဲ”
ဟန်နီဘက်ဂျာမှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး တစ်နေ့နေ့တွင် လူသားတစ်ဦး၏ ခြိမ်းခြောက်ခြင်းကို ခံရလိမ့်မည်ဟု လုံး၀တွေးထင်မထားခဲ့ပေ။
‘လျော်ကြေးပေးရမယ် ဟုတ်လား၊ ဒီလူသားက ငါ့ကို တကယ်ကြီး လျော်ကြေးပေးစေချင်နေတာလား၊ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးယဉ် အိပ်မက်တွေပဲ'
လင်းယန်သည် ဟန်နီဘက်ဂျာ၏ အရှုံးမပေးလိုသောအကြည့်ကို မြင်လိုက်ရလေ၏။
“မင်းက စကားမပြောဘူးဆိုတော့လည်း ငါနဲ့အတူ အိမ်လိုက်ခဲ့ပြီး မင်းရဲ့လုပ်အားနဲ့ လျော်ကြေးဆပ်ပေတော့”
ယင်းကို ကြားလိုက်ရသောအခါ ယန်အာဟူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ၏ နားများတစ်ခုခု ချို့ယွင်းနေပြီး အကြားအာရုံ လွဲမှားသွားသည်လားဟုပင် သံသယဝင်သွားမိသည်။
“သူဌေး၊ ခင်ဗျား သူ့ကို နောက်နေတာမဟုတ်လား”
‘အကြမ်းကြုတ်ဆုံး ဟန်နီဘက်ဂျာကို အိမ်ခေါ်သွားပြီး လုပ်အားပေးခိုင်းမယ် ဟုတ်လား၊ အိမ်ကို ဖြိုချပစ်ဖို့ မရည်ရွယ်ဘူးဆိုတာ သေချာရဲ့လား'
ထို့အပြင် လင်းယန်မှလွဲ၍ အိမ်ရှိ မည်သူကမျှ ဤဟန်နီဘက်ဂျာကို နှိမ်နင်းနိုင်လိမ့်မည်မဟုတ်ပေ။
အကယ်၍ ဟန်နီဘက်ဂျာက အိမ်ရှိ တိရစ္ဆာန်ငယ်လေးများ အားလုံးကို အနိုင်ကျင့်ခဲ့လျှင် မည်သို့လုပ်မည်နည်း။
အဘယ်ကြောင့်ဆိုသော် ဟန်နီဘက်ဂျာကဲ့သို့သော သတ္တဝါများသည် မကျေနပ်ပါက အသက်ကို ပဓာနမထားဘဲ အသေအလဲ တိုက်ခိုက်တတ်ကြသောကြောင့်ပင်။
လင်းယန်က နှာခေါင်းရှုံ့လိုက်သည်။
“ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ ပျားလေးတွေက သူ့ဗိုက်ထဲကို အလကား ရောက်သွားရမှာလား”
ယန်အာဟူမှာ ဆွံ့အသွားလေတော့သည်။ အကာအကွယ်ပေးထားသော တိရစ္ဆာန်ဖြစ်နေရုံမျှဖြင့် သူဌေးထံတွင် မည်သည့် အထူးအခွင့်အရေးမျှ ရရှိမည်မဟုတ်ကြောင်း ထင်ရှားနေပေသည်။
ဟန်နီဘက်ဂျာကဲ့သို့သော သတ္တဝါများသည် တိုက်ခိုက်ရသည်ကို အလွန်အမင်း နှစ်သက်ကြသဖြင့် သူတို့ကိုယ်သူတို့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော တိရစ္ဆာန်များစာရင်းသို့ ရောက်ရှိသွားသည်အထိ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။
အကယ်၍ အခြားနေရာများတွင်သာဆိုလျှင် ဒေသခံသစ်တောဦးစီးဌာနသည် ဤအကောင်ကို စောင့်ကြည့်ရန် လူလေးငါးယောက်ခန့် စေလွှတ်ကာ သေချာပေါက် သတိထားကိုင်တွယ်ကြပေလိမ့်မည်။
သို့သော် ယခုမူ ဤဟန်နီဘက်ဂျာသည် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် မတွေ့ဆုံရသေးမီမှာပင် လင်းယန်နှင့် ဦးစွာ လာရောက်ဆုံတွေ့နေခဲ့ခြင်းဖြစ်သည်။
ယန်အာဟူသည် ဟန်နီဘက်ဂျာကို အနည်းငယ် သနားကြင်နာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းဘာသာမင်း ရွေးချယ်ခဲ့တဲ့လမ်းပဲ၊ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်ပါတော့”
ယခုအချိန်တွင် ဟန်နီဘက်ဂျာသည် ၎င်း၏ဘဝတွင် အလှည့်အပြောင်းအသစ်တစ်ခု ကြုံတွေ့ရတော့မည်ကို လုံးဝ မသိရှိသေးဘဲ လင်းယန်၏ ချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေဆဲပင်။
ရလဒ်အနေဖြင့် လင်းယန်က ထိုကောင်လည်ပင်းကို ဆုပ်ကိုင်ကာ အပေါ်သို့ မ,ချီလိုက်လေသည်။
“ဒီအကောင်ကို အရင်ဆုံး သွားလှောင်ထားလိုက်မယ်၊ ပြီးမှ သစ်သီးခြံကို ပြန်လာရှင်းကြတာပေါ့”
သစ်သီးခြံအတွင်းရှိ ဖရိုဖရဲ အခြေအနေများကို ကြည့်ရင်း လင်းယန်၏ရင်ထဲတွင် စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်နေရသည်။
ဤနေရာလေးအတွက် သူ ခွန်အားများစွာ စိုက်ထုတ်ထားခဲ့ရသည်မဟုတ်လော ယခုတော့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရလေပြီ။
လင်းယန်သည် အိမ်သို့ပြန်ရောက်သောအခါ ထောင့်တစ်နေရာမှ သံလှောင်အိမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဟန်နီဘက်ဂျာကို ထိုအထဲတွင် သော့ခတ်လှောင်ပိတ်ထားလိုက်သည်။
ဟန်နီဘက်ဂျာသည် လှောင်အိမ်ကို ဆုပ်ကိုင်ကာ လှောင်အိမ်တစ်ခုလုံးကို ကိုက်ဖြတ်ဖျက်ဆီးရန် ကြိုးပမ်းနေတော့သည်။ ထိုသို့ ပြုလုပ်နေစဉ်အတွင်း ၎င်းသည် လင်းယန်ကို ဒေါသတကြီးဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသေး၏။
၎င်း၏ အကြည့်များမှာ လင်းယန်ကို အပေါက်ဖြစ်သွားစေချင်လောက်အောင်ပင် ပြင်းပြနေလေသည်။
“ဂတ်... ဂတ်”
(ယုတ်မာတဲ့ လူသား)
ဟွမ်မောင်နှင့် ပိုင်မောင်တို့သည် အိမ်ထဲတွင် အဖွဲ့ဝင်သစ်တစ်ကောင် ရောက်နေသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် အနီးသို့ ချဉ်းကပ်သွားကြသည်။
ဟွမ်မောင်က ရွံရှာသည့်အမူအရာကို ပြသလိုက်သည်
“ဝေါင်း... ဝေါင်း”
(ဒီကောင်ကြီးကို ဘယ်ကနေ ခေါ်လာတာလဲ၊ ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ)
၎င်း၏ ဘဝတစ်လျှောက်လုံးတွင် ရုပ်ဆိုးသည်ဟု ပထမဆုံးအကြိမ်အဖြစ် အပြောခံလိုက်ရသဖြင့် ဟန်နီဘက်ဂျာမှာ ချက်ချင်းပင် အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။
၎င်းသည် သံတိုင်များကြားမှနေ၍ ဟွမ်မောင်ကို သွားများဖြဲပြကာ ရန်မူလေတော့၏။
ကျောက်ကျောက်သည်လည်း ဟန်နီဘက်ဂျာကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေမိသည်။ အိမ်အတွင်းသို့ ဝင်ထွက်သွားလာနေသော တိရစ္ဆာန်များစွာ ရှိသည့်အထဲတွင် ဟန်နီဘက်ဂျာသည် လင်းယန်၏ သံလှောင်အိမ်ဖြင့် အကျဉ်းချခြင်းကို ခံရသည့် တစ်ကောင်တည်းသော တိရစ္ဆာန်ပင်။
ဤအချက်ကပင် တစ်ဖက်လူ၏ ထူးခြားချက်ကို ပြသရန် လုံလောက်နေပေသည်။
လင်းယန်က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် သတိပေးလိုက်သည်။
“မင်း လိမ်လိမ်မာမာနေစမ်းပါ၊ အခုအချိန်မှာ မင်းက ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတစ်ယောက်ဆိုတာ မမေ့နဲ့နော်”
ဤဟန်နီဘက်ဂျာသည် တိတ်တဆိတ် ခိုးဝင်လာခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
၎င်းကို မည်သို့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရမည်ကို သူ တကယ်ကို မသိရှိခဲ့ပေ။
‘ဒါရိုက်တာလီကို ဆက်သွယ်လိုက်ရင် ပိုကောင်းမလား'
ယခုအခါ လင်းယန်သည် ဒါရိုက်တာလီ၏ဖုန်းနံပါတ်ကို ခေါ်ဆိုရန် အလွန်ပင် ကျွမ်းကျင်နေခဲ့ပြီဖြစ်သည်။ သံသယဖြစ်စရာ တစ်ခုခု ကြုံလာပါက သစ်တောဦးစီးဌာနကို ရှာဖွေရုံသာ။
ထိုသို့ ဆက်သွယ်ရင်းနှင့် သူ၏ ဆုံးရှုံးမှုများအတွက် သစ်တောဦးစီးဌာနကို လျော်ကြေးပေးရန်ပါ တစ်ပါတည်း တောင်းဆိုနိုင်သည်မဟုတ်လော။
ယခုအခါ ဒါရိုက်တာလီသည် လင်းယန်၏ဖုန်းခေါ်ဆိုမှုကို မြင်သည်နှင့် ခေါင်းကိုက်လာတော့သည်။ ယနေ့မနက်ကမှ သူ၏ထံမှ ပန်ဒါတစ်ကောင်ကို သွားရောက် ခေါ်ဆောင်ခဲ့သည်မဟုတ်လော။
အဘယ်ကြောင့် ထပ်ပြီး ဖုန်းခေါ်နေရပြန်သနည်း။
“ရှောင်လင်း၊ မင်း ဖုန်းခေါ်တာတွေ နည်းနည်းစိပ်လွန်းနေပြီ မဟုတ်ဘူးလား”