← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း (၁၅၀)

ဟန်နီဘက်ဂျာသည် ၎င်း၏ရှေ့ရှိ သစ်သီးကို တစ်ချက်ပင် မကြည့်ဘဲ တိုက်ရိုက် ဖျက်ဆီးပစ်လိုက်လေ၏။

ယန်အာဟူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

“ဟေး၊ မင်းက တော်တော် ဒေါသကြီးတာပဲ၊ ငါက ပင်ပန်းခံပြီး သွားခူးလာရတာ၊ မင်းက အစားအသောက်တွေကို ဒီလိုပဲ ဖြုန်းတီးပစ်ရသလား”

ဟန်နီဘက်ဂျာသည် ယန်အာဟူကို ရန်စသည့် အမူအရာဖြင့် ကြည့်ကာ ‘ငါက အစားအသောက်တွေကို ဖြုန်းတီးပစ်တော့ရော ဘာဖြစ်လဲ’ ဟူသော အဓိပ္ပာယ်မျိုးကို ပြသနေလေ၏။

လင်းယန်က ခေါင်းခါယမ်းလိုက်ပြီး ဆိုလေသည်။

“သူ မစားချင်ရင်လည်း ထားလိုက်ပါ၊ သူ ဘယ်လောက်ကြာကြာ အစာမစားဘဲ တောင့်ခံနိုင်မလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်”

ယန်အာဟူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေ၏။

“ဗီဒီယို တည်းဖြတ်ဖို့ ကျွန်တော် အိမ်ထဲ ပြန်ဝင်တော့မယ်”

သူ မနေ့က ရိုက်ကူးခဲ့သော ဗီဒီယိုကို တည်းဖြတ်ပြီးနောက် အွန်လိုင်းပေါ်သို့ တင်လိုက်လေသည်။ လူအများစုသည် ဟန်နီဘက်ဂျာကဲ့သို့သော ရဲရင့်ပြီး အကြောက်အလန့်ကင်းသည့် သတ္တဝါတစ်ကောင်အပေါ် အလွန်အမင်း စိတ်ဝင်စားနေကြဆဲပင်။

အရေးကြီးဆုံးအချက်မှာ တရုတ်နိုင်ငံတွင် ဤသတ္တဝါမျိုး မရှိခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံမှ လူများသည် ဤသတ္တဝါကို အွန်လိုင်းမှတစ်ဆင့်သာ လေ့လာခွင့်ရကြလေသည်။

ဤအချက်ကပင် ၎င်းကို အလွန် ရှားပါးသော အရာတစ်ခုအဖြစ် ထင်မြင်သွားစေသည်။ တည်းဖြတ်ပြီးနောက် ယန်အာဟူသည် ဗီဒီယိုကို အထူးခြားဆုံး ခေါင်းစဉ်တစ်ခု ပေးလိုက်လေ၏။

“ပါးချည်း နှစ်ချက် အခေါက်ခံရဖို့အရေး ဟန်နီဘက်ဂျာတစ်ကောင် မိုင်ပေါင်းထောင်ချီ ခိုးဝင်လာခဲ့တယ်တဲ့လား”

လူအများစုသည် ဤခေါင်းစဉ်ကို မြင်လိုက်ရသောအခါ အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်သွားကြသည်။

ဗီဒီယိုကို ကြည့်ရှုပြီးနောက်တွင်တော့ ပို၍ပင် စိတ်ဝင်စားစရာကောင်းကြောင်း တွေ့ရှိသွားကြလေ၏။

အထူးသဖြင့် အလျှော့မပေးလိုသော မျက်ဝန်းလေးများဖြင့် ဟန်နီဘက်ဂျာ၏ အမူအရာပင်။

ထို့အပြင် နောက်ပိုင်းတွင် လင်းယန်၏ ပါးနှစ်ချက်ရိုက်ခြင်း ခံလိုက်ရပြီးနောက် ၎င်း၏ ကြောင်အမ်းအမ်းဖြစ်သွားသော အမူအရာမှာ ပို၍ပင် ရယ်မောဖွယ် ကောင်းလှသည်။

“ရယ်ရလွန်းလို့ သေတော့မယ်၊ အဲဒီ မျက်နှာအမူအရာလေးက ‘မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့’ လို့ တိုက်ရိုက် ပြောနေသလိုပဲ”

“ဘလော့ဂါ အပင်ပန်းခံ စိုက်ပျိုးထားတဲ့ သစ်သီးခြံကို ဟန်နီဘက်ဂျာက ဖျက်ဆီးပစ်လိုက်တာကိုး၊ ငါသာ သူ့နေရာမှာဆိုရင်လည်း တော်တော်လေး ဒေါသထွက်မိမှာပဲ”

“ဟန်နီဘက်ဂျာကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ အမျိုးသားပါလား၊ အင်တာနက်တစ်ခွင်လုံးမှာ တခြားဘယ်သူ့ကိုမှ မလေးစားဘူး၊ ခင်ဗျားကိုပဲ လေးစားတယ်”

“ဟိုက်ရှားပါး၊ အဲဒီ မျက်နှာအမူအရာလေးက အရမ်း ကြမ်းကြုတ်လွန်းမနေဘူးလား၊ စထွင်းမာအနေနဲ့ ဟန်နီဘက်ဂျာရဲ့ ရန်ပြုမှုကို မခံရအောင် သတိထားသင့်တယ်လို့ ငါထင်တယ်၊ ဒီကောင်က ခြင်္သေ့ဘုရင်ကိုတောင် ရင်ဆိုင်ရဲတာနော်”

“ကြည့်ရတာ သေးသေးလေးပဲ၊ အဲဒီလောက်တောင် ကြောက်စရာ ကောင်းလို့လား”

“ဟန်နီဘက်ဂျာ အကြောင်းကို အင်တာနက်မှာ သွားရှာကြည့်လိုက်ပါ၊ အဲဒီကျရင် မင်းသိလာလိမ့်မယ်”

ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း ထိုင်နေသော ဒါရိုက်တာလီမှာ ဤဗီဒီယိုကို မြင်လိုက်ရသောအခါ သောက်လက်စ လက်ဖက်ရည်များပင် သီးသွားတော့မတတ် ဖြစ်သွားရလေ၏။

‘တကယ်ကို ရိုးရှင်းပြီး တိုက်ရိုက်ကျတဲ့ နည်းလမ်းပဲ'

သူ့အတွက် ခက်ခဲသော ပြဿနာတစ်ခုဟု ထင်ရသော်လည်း လင်းယန်၏ရှေ့မှောက်တွင်မူ လုံးဝ ပြဿနာမဟုတ်ခဲ့ပေ။ ထို့ကြောင့်လည်း သူသည် မနေ့က ဤပြဿနာကို လင်းယန်ထံသို့ တိုက်ရိုက် ပြန်လည်ပစ်ချပေးခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူတွင် ဤကိစ္စကို ဖြေရှင်းနိုင်စွမ်း အပြည့်အဝရှိသည်ဟု သူ ယုံကြည်ထားသောကြောင့်ပင်။ ယခု ရလဒ်က အလွန် ထင်ရှားနေပြီမဟုတ်လော။

လင်းယန် တစ်ယောက်တည်းဖြင့်ပင် ဟန်နီဘက်ဂျာကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ ဒါရိုက်တာလီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဖုန်းခေါ်ဆိုကာ ရှောင်ဝမ်ကို အထဲသို့ ဝင်လာရန် ခေါ်လိုက်လေ၏။

“ရှောင်ဝမ်၊ လင်းယန်တင်ထားတဲ့ နောက်ဆုံး ဗီဒီယိုကို မင်း ကြည့်ပြီးပြီလား”

ရှောင်ဝမ်၏ မျက်လုံးများတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်များ ပေါ်လွင်နေလေ၏။ လင်းယန်၏ နံပါတ်တစ် ပရိသတ်တစ်ဦးအနေဖြင့် တစ်ဖက်လူ ဗီဒီယို တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ဖုန်းမှ အသိပေးချက် ဝင်လာသဖြင့် သူ သေချာပေါက် ကြည့်ပြီးပြီ ဖြစ်သည်။

သို့သော် သူ့ခေါင်းဆောင်ရှေ့တွင် အလုပ်ခွင်၌ အပျင်းထူနေကြောင်းကို သူ မည်သို့ ဝန်ခံရဲပါမည်နည်း။

ရှောင်ဝမ်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဒါရိုက်တာလီသည် အရာအားလုံးကို သဘောပေါက်သွားခဲ့လေ၏။

“ကောင်းပါပြီ၊ မင်း ကြည့်ပြီးရင်လည်း ပြီးတာပါပဲ”

“ဒီနေ့ နေ့လယ်ပိုင်းမှာ ငါ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစင်တာက ဒါရိုက်တာနဲ့ အစည်းအဝေးတစ်ခု သွားတက်စရာ ရှိတယ်၊ ညနေ ငါးနာရီမထိုးခင် ငါ ပြန်မရောက်လာဘူးဆိုရင် လင်းယန်ကို ဖုန်းဆက်ပြီး နောက်နှစ်ရက်နေရင် ငါတို့လူတွေ ဟန်နီဘက်ဂျာကို လာခေါ်မယ်လို့ သူ့ကို ပြောလိုက်ပါ”

ရှောင်ဝမ်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်လေ၏။

“နားလည်ပါပြီ၊ ဒါရိုက်တာလီ”

“ဒါရိုက်တာလီ၊ ဟန်နီဘက်ဂျာကို လင်းယန်ဆီမှာ ဒီအတိုင်းထားခဲ့ရင် တစ်ခုခု ဖြစ်မသွားနိုင်ဘူးလား”

မည်သို့ပင်ဆိုစေ ဤကောင်၏ အန္တရာယ်ရှိမှုအဆင့်မှာ အလွန် မြင့်မားလှပေသည်။ အရှေ့မြောက်ကျားပင်လျှင် လင်းယန်၏ ရှေ့မှောက်၌ ကြောင်ပေါက်လေးတစ်ကောင်အလား လိမ္မာယဉ်ကျေးနေသော်လည်း ဤကောင်မှာမူ အမြဲတမ်း အလျှော့မပေးလိုသော အမူအရာကိုသာ ပြသနေလေ့ရှိသည်။

စဉ်းစားကြည့်လျှင်လည်း အဓိပ္ပာယ်ရှိပေသည်။ သူတို့နိုင်ငံတွင် ဤကဲ့သို့သောသတ္တဝါမျိုးမရှိပေ။ ဤဟန်နီဘက်ဂျာမှာ နယ်စပ်ကို ဖြတ်ကျော် ခိုးဝင်လာခြင်းဖြစ်ရာ ၎င်း၏ ကိုယ်ရည်ကိုယ်သွေး ကြမ်းတမ်းနေခြင်းမှာ ပုံမှန်ပင်။

ဒါရိုက်တာလီက အေးအေးဆေးဆေးပင် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ဆိုလေ၏။

“ရပါတယ်၊ ငါတို့တွေ ရှောင်လင်း ရဲ့ စွမ်းရည်ကို ယုံကြည်ရမယ်”

“ပြီးခဲ့တဲ့ နှစ်လအတွင်း ပေါ်လာခဲ့တဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကြည့်လိုက်ပါ၊ ဘယ်အကောင်ကများ ရှောင်လင်းရဲ့ ရှေ့မှာ ပြဿနာ ရှာရဲလို့လဲ”

“အခုက သစ်တောဦးစီးဌာနနဲ့ ဌာနအသီးသီးက ဝန်ထမ်းတွေအတွက် အရမ်း အလုပ်များတဲ့ အချိန်ဖြစ်နေတယ်၊ အကယ်လို့ တကယ်သာ လူပို မရှိဘူးဆိုရင် ငါလည်း အချိန်ဆွဲနေမှာ မဟုတ်ဘူး”

“တကယ်တော့ ဟန်နီဘက်ဂျာကို လင်းယန်ဆီမှာ အချိန်နည်းနည်းလောက် ဆက်ထားထားတာက ကောင်းတဲ့အချက်လို့တောင် ငါ ထင်တယ်”

ရှောင်ဝမ်က ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်လေ၏။

“ဒါရိုက်တာလီ၊ အဲဒါက ဘာသဘောလဲ”

ဒါရိုက်တာလီက ရှင်းပြလေ၏။

“ငါတို့ သစ်တောဦးစီးဌာနတင် မကဘူး၊ နိုင်ငံတစ်ဝှမ်းလုံးကို ကြည့်လိုက်ရင်တောင် ဒုတိယမြောက် ဟန်နီဘက်ဂျာ တစ်ကောင်ကို မင်း ရှာတွေ့မှာ မဟုတ်ဘူး၊

အဲဒါက ဒီသတ္တဝါတွေဟာ ငါတို့ရဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ ခက်ခဲလို့ မဟုတ်ဘူး၊ ဟန်နီဘက်ဂျာတွေက သူတို့ထက် အင်အားကြီးတဲ့ သတ္တဝါတွေကို စိန်ခေါ်ပြီး သေလမ်းကို ရှာရတာ အရမ်းနှစ်သက်ကြလို့ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရေအတွက်က အလွန်ရှားပါးနေတာ”

“သူ့ကို ရှောင်လင်း ဆီမှာ ထားခဲ့တာက အတော်ပဲ၊ အဲဒါမှ ရှောင်လင်း က သူ့ကို ယဉ်ပါးအောင် ဆုံးမပေးနိုင်မှာ၊ ရှောင်လင်း သေချာလေး လေ့ကျင့်ပေးပြီးပြီဆိုရင်တော့ ငါတို့ ပြန်ခေါ်လာပြီး တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစင်တာကို ပို့ပေးလိုက်မယ်”

ယင်းကို ကြားလိုက်ရသောအခါ ရှောင်ဝမ်သည် မနေနိုင်တော့ဘဲ ဒါရိုက်တာလီအား လက်မထောင်ပြလိုက်လေ၏။

“ဒါရိုက်တာလီ၊ ခင်ဗျားက တကယ်ကို ဉာဏ်ကောင်းတာပဲ”

ဤဒါရိုက်တာလီမှာ တကယ်ကို အကြံဉာဏ်တွေ များလွန်းလှသည်။

‘ဒါကြောင့်လည်း သူ ဒါရိုက်တာရာထူးကို ရခဲ့တာ မဆန်းပါဘူးလေ၊ သူက ဒီခက်ခဲတဲ့ ပြဿနာကြီးကို လင်းယန်ဆီ အလွယ်တကူပဲ ပြန်ပစ်ချပေးလိုက်တာကိုး'

တစ်ချိန်တည်းမှာပင်။

ဟန်နီဘက်ဂျာကြောင့် အွန်လိုင်းပေါ်တွင် ရေပန်းစားသော ရှာဖွေမှုလှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလမ်းကြောင်းကို အာရုံခံမိသော ဘလော့ဂါများစွာသည် နေရာအသီးသီးမှ ဗီဒီယိုအမျိုးမျိုးကို အလျင်အမြန် ရှာဖွေကာ ဟန်နီဘက်ဂျာ၏ အကြောင်းအရာကိုသာ အဓိကထား၍ တည်းဖြတ်တင်ဆက်ကြလေ၏။

ဤလမ်းကြောင်းမှာ လင်းယန်၏ အကောင့်မှတစ်ဆင့် စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုရပေမည်။

ယန်အာဟူသည် အကောင့်ရှိ Like များနှင့် ကွန်းမန့်များကို ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ပို့စ်တစ်ခုကို ထပ်မံ တင်လိုက်လေ၏။ ယင်းမှာ သံလှောင်အိမ်ထဲရှိ အလျှော့မပေးလိုသော အမူအရာနှင့် မတတ်သာသည့် အမူအရာများ ရောယှက်နေသော ဟန်နီဘက်ဂျာ၏ပုံပင် ဖြစ်သည်။

ဤပို့စ်သည် အွန်လိုင်းအသုံးပြုသူများထံမှ မရေမတွက်နိုင်သော ကွန်းမန့်များကို ဆွဲဆောင်နိုင်ခဲ့လေသည်။

“ရယ်ရလွန်းလို့ သေတော့မယ်၊ အမြဲတမ်း သန်စွမ်းပါတယ်ဆိုတဲ့ ဟန်နီဘက်ဂျာကြီးက ဒီလိုပဲ လှောင်အိမ်ထဲမှာ အပိတ်ခံလိုက်ရပြီပေါ့”

“ဟန်နီဘက်ဂျာကို ဒီလိုမျိုး လှောင်ပိတ်ထားရင် စိတ်ဓာတ်ကျသွားမယ်လို့ မထင်ဘူးလား၊ ဘာပဲဖြစ်ဖြစ် သူ့ဘဝတစ်လျှောက်လုံးမှာ သဘာဝရန်သူဆိုတာ မရှိခဲ့ဘူးလေ၊ သူ့ရဲ့ အဓိက ဆောင်ပုဒ်က ‘မကျေနပ်ရင် ချမယ်’ ဆိုတာပဲ”

“ရှုံးနိမ့်မှုကို တစ်ခါမှ မကြုံဖူးဘူး ဟုတ်လား၊ အခု ဘလော့ဂါဆီကနေ အရှုံးနဲ့ ရင်ဆိုင်လိုက်ရပြီ မဟုတ်ဘူးလား၊ ဘလော့ဂါရဲ့ သစ်သီးခြံကိုမှ အမြင်မရှိဘဲ သွားဖျက်ဆီးဖို့ ဘယ်သူက ခိုင်းလိုက်လို့လဲ၊ ဒီတစ်ခါတော့ သူ တကယ့်ကို အခက်တွေ့သွားပြီ”

“ဟန်နီဘက်ဂျာကို ပြပေးဖို့၊ စထွင်းမာကို အခုချက်ချင်း လိုက်ဖ်လွှင့်ပေးဖို့ ပြင်းပြင်းထန်ထန် အကြံပြုချင်တယ်”

“ဟိုဘက် လိုက်ဖ်လွှင့်တဲ့ အကောင့်ဆိုရင် ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ နေ့တိုင်းလိုလို မိုးရွာရွာ နေပူပူ လိုက်ဖ်လွှင့်ပေးနေတာ၊ သူဌေးလင်း တစ်ယောက်တည်းပဲ တစ်နေ့ကုန် ဘာတွေ အလုပ်များနေမှန်းကို မသိတာ၊

မကြာသေးခင်ကမှ ဗီဒီယိုတွေ ခပ်စိပ်စိပ် တင်လာလို့သာ၊ မဟုတ်ရင် ငါတို့တွေ ကြည့်စရာ ဘာမှ ရှိမှာမဟုတ်ဘူး”

“ဒီကိစ္စကို အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ဆီ သွားတိုင်သင့်တယ်လို့ ငါထင်တယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းပြောတာ ကွက်တိပဲ၊ မင်းမပြောရင် ငါတောင် မေ့နေတော့မလို့၊ ငါတို့ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ဆီ သွားတိုင်လို့ ရတာပဲ”

အွန်လိုင်းအသုံးပြုသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့၏ တရားဝင်အကောင့်ကို တဖျတ်ဖျတ် မန်းရှင်းခေါ်ကြလေတော့၏။

“ပြိုင်ပွဲဝင်တွေအတွက် လိုက်ဖ်လွှင့်ရမယ့် အချိန်တစ်ခု သတ်မှတ်ပေးလို့ မရဘူးလား၊ ဘာစည်းမျဉ်းစည်းကမ်းမှ မရှိတာက နည်းနည်းလွန်းမနေဘူးလား”

“ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကို နေ့တိုင်း လိုက်ဖ်လွှင့်ဖို့ သတ်မှတ်ချက်လုပ်ပေးဖို့ ပြင်းပြင်းထန်ထန် အကြံပြုပါတယ် @’နောက်ဆုံးရယ်ရမည့်သူ’ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ တရားဝင်အကောင့်”

“ပြီးတော့ ခင်ဗျားတို့မှာ အမှတ်ပေးစနစ် ရှိတယ် မဟုတ်လား၊ ပြိုင်ပွဲဝင်တစ်ယောက်က လိုက်ဖ်မလွှင့်ဘူးဆိုရင် သူ့ဆီက အမှတ်တွေ လျှော့ပစ်လိုက်လေ”

“အပေါ်က လူတွေက တကယ်ကို ကြမ်းကြမ်းတမ်းတမ်းပဲ၊ ခင်ဗျားတို့ ဒီလောက် ကြမ်းတမ်းမှန်း စထွင်းမာရောသိရဲ့လား”

“ရယ်ရလွန်းလို့ သေတော့မယ်၊ ခင်ဗျားတို့လို ပရိသတ်မျိုး ရထားတာ စထွင်းမာအတွက် တကယ့်ကို ကောင်းချီးမင်္ဂလာပဲ”

All Chapters