အခန်း ၁၄၂
Vol. 15 Ch. 142
အပိုင်း (၁၄၂) စစ်ပွဲအတွက် အကြောင်းပြချက်
ချန်ချီနဲ့ ချန်မြဲ့တို့ နှစ်ယောက်စလုံး သူတို့ရှေ့က လင်းလုံမင်းသမီးကို အာရုံစိုက်ပြီး စိုက်ကြည့်နေကြတယ်။ ဒီမင်းသမီးလေးရဲ့ လှုပ်ရှားမှုကို မြင်ဖူးပြီးနောက်မှာတော့ သူတို့အနေနဲ့ ယွီးရှောင်ရှောင်ရှေ့မှာ ရန်သူကို အထင်သေးတဲ့ အမှားမျိုး လုံးဝ မလုပ်နိုင်တော့ဘူးလေ။
ရှန်ကျုံးဧကရာဇ်က ကုရှင်းလန်ရဲ့ ခြေကျင်းဝတ် နှစ်ဖက်ကို အမြင်ကတ်စွာနဲ့ တစ်ချက် ကြည့်လိုက်တယ်။ အရေးကြီးတဲ့ အချိန်မှာ ဒီသမက်က တစ်စက်ကလေးမှ အသုံးမကျဘူးပဲ။ ဘယ်သူ့အမှားလဲဆိုတာကိုတော့ ရှန်ကျုံးဧကရာဇ်က လောလောဆယ် မစဉ်းစားသေးပါဘူး။
ကုရှင်းလန် စိုးရိမ်သွားပြီး အလောတကြီးနဲ့ ဝင်ပြောလိုက်တယ်။
"ယုံရှန်းကျောင်းတော်ရဲ့ လုပ်ရပ်က ဒီလိုမျိုးမှန်း မထင်ထားခဲ့ဘူး။ ဆရာတော်လေး ဆေးပျောက်သွားတာက ကောင်းကင်ဘုံက ချပေးတဲ့ ဘေးဒုက္ခလေ၊ ဒါကိုတောင် ခင်ဗျားတို့က ဖုန်းထျန်းကို အပြစ်တင်ချင်သေးတာလား။ ဗုဒ္ဓဘာသာဆိုတာ မေတ္တာကရုဏာကို အခြေခံတာ။ ခင်ဗျားတို့လို ကိုယ်တော်တွေရဲ့ လုပ်ရပ်က လမ်းဘေးက လူမိုက်တွေ၊ ရိုင်းစိုင်းတဲ့ မိန်းမကြမ်းတွေနဲ့ ဘာများ ကွာခြားလို့လဲ"
ချန်ချီနဲ့ ချန်မြဲ့တို့က ကုရှင်းလန်ရဲ့ အဆဲခံလိုက်ရတော့ တကယ့်ကို အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရတယ်။ ဒီလူတွေက သူတို့ ဆရာတော်လေးရှေ့မှာ အရူးဟန်ဆောင်ပြီး အောက်တန်းကျကျ လုပ်လို့ရတယ်ဆိုရင် သူတို့ကျတော့ ဘာလို့ အတင်းအကျပ် လုပ်ခွင့် မရှိရမှာလဲ။
ချန်ချီက လက်ဝါးစောင်းနဲ့ ယွီးရှောင်ရှောင်ဆီကို ခုတ်ချလိုက်တယ်။
ယွီးရှောင်ရှောင်က ခြေထောက်နဲ့ တစ်ချက် ကန်လိုက်ပြီး သူမဘေးက သစ်သားရောင်ရင့်ရင့် လက်ဖက်ရည် စားပွဲလေးကို ချန်ချီဆီ ကန်ထုတ်လိုက်တယ်။
ချန်ချီကလည်း ရှောင်မနေဘဲ လက်ဖက်ရည် စားပွဲကို လက်ဝါးနဲ့ ရိုက်ချလိုက်တာကြောင့် စားပွဲက သစ်သားစ အကျိုးအပဲ့တွေအဖြစ် ကြေမွသွားတယ်။
"ရိုင်းစိုင်းလိုက်တာ" ခုတင်ရှေ့မှာ အမြဲ စောင့်နေတဲ့ ချန်မြဲ့က ဒီအချိန်မှာ ဒေါသတကြီး အော်ဟောက်လိုက်တယ်။
ချန်ချီ တစ်ချက် လှည့်ကြည့်လိုက်တဲ့ အခါ ယွီးရှောင်ရှောင်က ခုတင်ရှေ့ကို ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလို့ သူလည်း ခုတင်ရှေ့ကို အမြန် ပြေးသွားလိုက်တယ်။
ယွီးရှောင်ရှောင်က သူမဆီ ခုတ်ချလာတဲ့ ချန်မြဲ့ရဲ့ လက်ဝါးစောင်းကို ဂရုမစိုက်ဘဲ ခုတင်ပေါ်ကို တန်းခုန်တက်လိုက်ပြီး ဘယ်ဘက်ခြေထောက်နဲ့ ဆရာတော်လေးဖုန်းလင်ရဲ့ လည်ပင်းကို နင်းထားလိုက်တယ်။ ဇွန်ဘီတွေကို သတ်ရင်တောင် အစွမ်းအထက်ဆုံးကောင်ကို အရင်သတ်ရတာလေ။ လူသတ်တဲ့နေရာမှာ ယွီးရှောင်ရှောင်က "ခေါင်းဆောင်ကို အရင်ဖမ်းရတယ်" ဆိုတဲ့ စကားကို မသိပေမဲ့ ဒီသဘောတရားကိုတော့ မင်းသမီးလေးက သိပ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားပါတယ်။
"ဆရာတော်လေး" ချန်ချီနဲ့ ချန်မြဲ့တို့က ပြိုင်တူ အော်လိုက်ကြတယ်။
ရှန်ကျုံးဧကရာဇ်က မျက်လုံးတွေကို လက်နဲ့ အုပ်လိုက်တယ်။ သွားပါပြီ... သူ တကယ်ပဲ ယုံရှန်းကျောင်းတော်နဲ့ ကျူးယိ အပါအဝင် တိုင်းပြည်ငါးပြည်နဲ့ စစ်တိုက်ရတော့မှာပဲ။
ချန်ချီနဲ့ ချန်မြဲ့တို့က ဆရာတော်လေးဖုန်းလင်ကို အော်ခေါ်လိုက်တဲ့ အသံကို ကြားတော့ ကုရှင်းလန် ရင်ထဲမှာ တစ်ခုခုကို သတိထားမိသွားတယ်။ ဒီသိုင်းကိုယ်တော် နှစ်ပါးရဲ့ အသံက စိုးရိမ်ပူပန်မှုတွေ ပါနေပေမဲ့ ပေ့ယွမ်တို့နဲ့ ယှဉ်ရင်တော့ အများကြီး လျော့နည်းနေတာပဲ။ ဒါက ဘာကို ဆိုလိုတာလဲ။ မနေ့ညက ယွီးရှောင်ရှောင်နဲ့ တိုက်ခိုက်ခဲ့တာက ပေ့ယွမ်တို့ပဲ ဖြစ်ပြီး ဒီသိုင်းကိုယ်တော် နှစ်ပါး မပါဘူးလို့ သူမက ပြောခဲ့တယ်။ မနေ့ညက ဆရာတော်လေးဖုန်းလင် အန္တရာယ်ကြုံရတာတောင် ပေ့ယွမ်တို့ထက် သိုင်းပညာ အများကြီး မြင့်တဲ့ ဒီနှစ်ယောက်က ဘာလို့ ဝင်မတိုက်ခိုက်ခဲ့တာလဲ။
ဆရာတော်လေးဖုန်းလင်က ယွီးရှောင်ရှောင်ရဲ့ အနင်းခံရတာကြောင့် အသက်ရှူရပ်သွားပြီး သေမလို ခံစားချက်ကို နောက်တစ်ကြိမ် ထပ်ခံစားလိုက်ရပြန်တယ်။ ဆရာတော်လေးရဲ့ ခေါင်းထဲမှာ ဗလာကျင်းသွားပြီး ယွီးရှောင်ရှောင်ကိုသာ ကြည့်နေမိရင်း ဘာကိုမှ မစဉ်းစားနိုင်တော့ဘူး။
"ဆရာတော်လေး" ယွီးရှောင်ရှောင်က ဝမ်ဖုန်းလင်ရဲ့ လည်ပင်းကို ခြေထောက်နဲ့ ဖြတ်နင်းတော့မဲ့ အခြေအနေကို မြင်တော့ ရှန်ကျုံးဧကရာဇ်တစ်ယောက် မျှော်လင့်ချက်မဲ့စွာနဲ့ သူ့လက်အောက်မှာ စစ်တပ် ဘယ်လောက်ရှိလဲဆိုတာ တွက်ချက်နေမိတယ်။ တိုင်းပြည်ပျက်သွားပြီးနောက် သမီးဖြစ်သူကြောင့် သေမဲ့ သူ့လို ဧကရာဇ်တစ်ပါးအနေနဲ့ အလောင်း အပြည့်အစုံ ကျန်နိုင်ပါ့မလားလို့ တွေးနေတုန်းမှာပဲ အိပ်ခန်းအပြင်ဘက်ကနေ အမျိုးသားတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာပြန်တယ်။
အိပ်ခန်းတံခါးကို အပြင်ဘက်ကနေ တစ်ယောက်ယောက်က တွန်းဖွင့်လိုက်ပြီး ကျင်းမော့နဲ့ ကျော်ယို့တို့ တစ်ယောက်နောက် တစ်ယောက် အခန်းထဲကို ဝင်လာကြတယ်။
ရှန်ကျုံးဧကရာဇ်ရဲ့ စိတ်ထဲမှာ ပိုပြီးတော့တောင် မျှော်လင့်ချက်မဲ့သွားတော့တယ်။ ဒီနှစ်ယောက်ကို ဝမ်ဖုန်းလင် သေတာကို မျက်ဝါးထင်ထင် ကြည့်ခိုင်းလိုက်တာနဲ့ သူတို့ သုံးတိုင်းပြည် စစ်တိုက်ဖို့ အကြောင်းပြချက်တောင် လိုသေးလို့လား။
ကျင်းမော့နဲ့ ကျော်ယို့တို့ အခန်းထဲ ဝင်လာပြီး အခန်းထဲက မြင်ကွင်းကို မြင်လိုက်ရတဲ့ အခါ အတွေ့အကြုံများတဲ့ သူတို့နှစ်ယောက်တောင်မှ အံ့သြမှင်တက်သွားရတယ်။ မင်းသမီးလေးက ခုတင်ပေါ်မှာ မတ်တတ်ရပ်ပြီး ဆရာတော်လေးဖုန်းလင်ရဲ့ လည်ပင်းကို နင်းထားတယ်ဆိုတဲ့ ပုံစံကြီးက ကြည့်လို့ရော ကောင်းသေးရဲ့လား။
ကျော်ယို့က ခုတင်ရှေ့ကို အပြေးလေး သွားလိုက်ပြီး "မင်းသမီး မကြောက်နဲ့၊ ကျွန်တော် လာကယ်မယ်" လို့ ပြောလိုက်တယ်။
…
ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် အဲဒီမှာရှိတဲ့ လူအကုန်လုံးက စစ်သေနာပတိချုပ်ကြီး ကျော်ယို့ကို မေးချင်သွားကြတယ်။ မျက်လုံးများ ကန်းနေလို့လား။ ဘယ်မျက်လုံးနဲ့ ကြည့်လို့ မင်းသမီးလေးက ကြောက်လန့်နေပြီး ကယ်ဖို့ လိုနေတယ်လို့ မြင်ရတာလဲ။
ချန်မြဲ့က ကျော်ယို့ရဲ့ အရှေ့မှာ လာပိတ်ရပ်လိုက်တယ်။
ကျော်ယို့က နှုတ်ခမ်းကို တစ်ချက် တွန့်လိုက်ပြီး အေးစက်စက် ရယ်မောကာ ပြောလိုက်တယ်။
"ဆရာတော်ချန်မြဲ့... ခင်ဗျားတို့ ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးက အဆင့်အတန်း မြင့်မြတ်တယ် ဆိုပေမဲ့ လင်းလုံမင်းသမီးကလည်း ဖုန်းထျန်းရဲ့ ပထမမင်းသမီးကြီးလေ၊ သူ့အဆင့်အတန်းကလည်း မြင့်မြတ်တာပါပဲ။ ခင်ဗျားက ကျွန်တော်နဲ့တောင် လက်ပါချင်နေတာလား။ တကယ့်ကို အံ့သြစရာပဲ၊ ခင်ဗျားတို့ ယုံရှန်းကျောင်းတော်က လူတွေက ငါတို့ တိုင်းပြည်အသီးသီးက တော်ဝင်မင်းမျိုးမင်းနွယ်တွေကို ဒီလိုပဲ ဆက်ဆံကြတာလား"
ဆရာတော်လေးဖုန်းလင်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ ထပ်ထွက်လာပြန်တယ်။ ဒါက ဘယ်သူက ဘယ်သူ့ကို စော်ကားနေတာလဲ။
ကျင်းမော့က ရှန်ကျုံးဧကရာဇ်တို့နဲ့ မနီးမဝေး နေရာမှာ ရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ်။
"ကျွန်တော်နဲ့ စစ်သေနာပတိချုပ် ကျော်ယို့တို့က ဆရာတော်လေး နေမကောင်းဘူးဆိုတာ ကြားလို့ ဟူကော်ကျောင်းတော်ကို အထူးလာမေးတာပါ။ ဆရာတော်လေးက နေမကောင်းဖြစ်နေတာတောင် လင်းလုံမင်းသမီးလေးနဲ့ နောက်ပြောင်ကစားဖို့ စိတ်ကူးရှိနေသေးတာကို တွေ့ရလို့ ဆရာတော်လေးရဲ့ ကျန်းမာရေးက ဘာမှ မစိုးရိမ်ရဘူးဆိုတာ သိလိုက်ရပါပြီ။ ဒါဆိုလည်း ကျင်းမော့ စိတ်ချသွားပါပြီ"
ဒါကလည်း မျက်စိရှေ့မှာတင် ဗြောင်လိမ်နေတဲ့ နောက်တစ်ယောက်ပဲ။
ယုံရှန်းကျောင်းတော်က ကိုယ်တော်ကြီး နှစ်ပါးမှာတော့ အခုချိန်မှာ ဒေါသထွက်လွန်းလို့ ကိုယ်တိုင် ဒေါသထွက်နေမှန်းတောင် မသိတော့ပါဘူး။ ခုတင်ပေါ် ခုန်တက်ပြီး လူလည်ပင်းကို နင်းထားတာက နောက်ပြောင်ကစားတာတဲ့လား။
ကျင်းမော့က ဆရာတော်လေးဖုန်းလင်ကိုတောင် မကြည့်ဘဲ ယွီးရှောင်ရှောင်ကို လက်ယပ်ခေါ်လိုက်ပြီး "မင်းသမီး... ဆရာတော်လေးက လူနာဖြစ်နေတယ်လေ။ ဒီလောက် နောက်ပြောင်ရင် ရပါပြီ။ ဆင်းလာခဲ့တော့" လို့ ပြောလိုက်တယ်။
ယွီးရှောင်ရှောင် အရမ်းကို တွေဝေသွားတယ်။ သူမက ဒီကောင်ကို နောက်တစ်ခါ အသက်ချမ်းသာ ပေးရဦးမှာလား။
ကျော်ယို့က ချန်မြဲ့ကို ကွေ့ပတ်သွားပြီး ခုတင်ရှေ့ကို ပြေးသွားကာ အသက်ရှူကြပ်လို့ ခရမ်းရောင် သန်းနေပြီဖြစ်တဲ့ ဆရာတော်လေးဖုန်းလင်ရဲ့ မျက်နှာကို တစ်ချက် ကြည့်လိုက်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး... ငါတို့ ဆရာတော်လေးကို အမြဲတမ်း အနှောင့်အယှက် ပေးနေတာ မကောင်းပါဘူး။ ကျွန်တော် မင်းသမီးကို ထမင်းလိုက်ကျွေးမယ်လေ"
ယွီးရှောင်ရှောင်က ကျော်ယို့ကို ကြည့်လိုက်ပြီး မျက်နှာသေကြီးနဲ့ "ပန်းကန်လုံးကြီး စားသောက်ဆိုင်လား" လို့ မေးလိုက်တယ်။
"ဟုတ်တယ်" ကျော်ယို့က အမြန် ခေါင်းညိတ်လိုက်တယ်။ ဘိုးဘေးကြီးရေ... မင်းသမီးက ယုံရှန်းကျောင်းတော်ရဲ့ ဆရာတော်လေးကို တကယ်ကြီး မသတ်ပစ်ဖို့ပဲ ဆုတောင်းရတော့မှာပဲလေ။
ယွီးရှောင်ရှောင်က ခေါင်းခါလိုက်ပြီး "တစ်ဆိုင်တည်းမှာပဲ အမြဲ မစားချင်ဘူး" လို့ ပြောလိုက်တယ်။
"ဒါဆိုလည်း ဆိုင်ပြောင်းကြတာပေါ့" ကျော်ယို့က အလွန် ရက်ရောဟန်နဲ့ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
"ငါတို့ လမ်းထွက်လျှောက်ကြမယ်။ မင်းသမီး ဘယ်ဆိုင်မှာ စားချင်လဲ အဲဒီဆိုင်ကို သွားစားကြမယ်လေ၊ အဲဒါဆို အဆင်ပြေလား"
ယွီးရှောင်ရှောင်က ခေါင်းငုံ့ပြီး ဆရာတော်လေးဖုန်းလင်ကို ကြည့်လိုက်တယ်။ ထမင်းစားရမှာကို သူမ ပျော်ပေမဲ့ ဒီအရင်က ကြင်ရာတော်ဟောင်းကို အလွတ်ပေးလိုက်ရမှာကိုတော့ သူမ သိပ်မကြည်ဖြူဘူး။
"တောင်တန်းကြီး ရှိနေသရွေ့တော့" ကျော်ယို့က ဆရာတော်လေးဖုန်းလင်ရဲ့ လည်ပင်းကို နင်းထားတဲ့ ယွီးရှောင်ရှောင်ရဲ့ ခြေထောက်ကို ဆွဲဖယ်လိုက်ပြီး "ထင်းမရှိမှာ မပူရပါဘူး။ မင်းသမီး... ငါတို့ ထမင်းသွားစားကြမယ်" လို့ ပြောလိုက်တယ်။
လည်ပင်းပေါ်ကနေ အသက်ရှူကြပ်စေတဲ့ အားတွေ လျော့သွားတဲ့ အခါ ဆရာတော်လေးဖုန်းလင်လည်း ချက်ချင်းပဲ ပါးစပ်ကြီးဟပြီး အသက်ကို လုရှူရတော့တယ်။
ပန်းချီကားထဲက နတ်သားလေးတဲ့လား။ အလကားပါပဲ။ ကျော်ယို့က ဆရာတော်လေးဖုန်းလင်ရဲ့ အခုလို ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး ရင်ထဲကနေ ရှုတ်ချလိုက်မိတယ်။
ကျောင်းချိုးမင်က ဒီအချိန်မှာ သူ့ရဲ့ ညီအစ်မနှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး ဒီအိပ်ခန်းထဲကို ပြေးဝင်လာရာမှာ ယွီးရှောင်ရှောင်က ခုတင်ပေါ်ကနေ အောက်ကို ခုန်ဆင်းပြီး ကျော်ယို့က ယွီးရှောင်ရှောင်ကို ဖမ်းဖို့ လက်နှစ်ဖက် ဖြန့်ထားတဲ့ မြင်ကွင်းနဲ့ အတိအကျ တိုးတော့တာပဲ။ အမတ်ချုပ်ကြီးကျောင်း ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ သူ မရှိတဲ့ ခဏလေးအတွင်းမှာပဲ ပထမမင်းသမီးကြီးက ကျော်ယို့နဲ့ပါ ချိတ်ဆက်မိသွားပြီလား။
ယွီးရှောင်ရှောင်က ကျော်ယို့ရဲ့ ရင်ခွင်ထဲကို မခုန်ချပါဘူး။ ခုတင်ပေါ်ကနေ ခုန်ဆင်းတာလေးများ သူမကို တစ်ယောက်ယောက်က ဖမ်းပေးနေဖို့ လိုလို့လား။
"ဒီကောင်လေးက မော့ဝမ်ရဲ့ အချစ်တော် ဖြစ်နေတာလေ" မင်းသမီးက သူ့ရင်ခွင်ထဲ ခုန်မချလာတဲ့အတွက် စစ်သေနာပတိချုပ်ကြီး ကျော်ယို့ နည်းနည်းတော့ စိတ်ပျက်သွားပေမဲ့ ယွီးရှောင်ရှောင် ခုတင်ပေါ်က ခုန်ဆင်းလာပြီးနောက် ယွီးရှောင်ရှောင်အတွက် အထူးစဉ်းစားပေးတဲ့ အနေနဲ့ တိုးတိုးလေး ကပ်ပြောလိုက်တယ်။
"အခု သူ့ကို သတ်လိုက်ရင် တကယ် စစ်တိုက်ရတော့မှာ။ စစ်တိုက်ရမယ်ဆိုတာ မင်းသမီး သိတယ်မလား"
ယွီးရှောင်ရှောင် နည်းနည်း တွေဝေသွားတယ်။ သူမက စစ်တိုက်ရမှာကို မကြောက်ပါဘူး။
"ဒီစစ်ပွဲသာ ဖြစ်ရင် သွေးချောင်းစီးတော့မှာ" ကျော်ယို့က တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောတယ်။
"ပြည်သူတွေ အတိဒုက္ခ ရောက်ကြတော့မယ်။ နယ်မြေချဲ့ထွင်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုရင်တောင် ထားလိုက်ပါတော့၊ ဒီကောင့်အတွက်နဲ့ဆိုရင်လေ" ကျော်ယို့က ဆရာတော်လေးဖုန်းလင်ကို လက်ညှိုးထိုးပြပြီး ယွီးရှောင်ရှောင်ကို ခေါင်းခါပြကာ ဆက်ပြောတယ်။
"မတန်ဘူးလေ။ အဲလိုအချိန်တွေသာရှိရင် မင်းသမီး ထမင်း နှစ်ပန်းကန်လောက် ပိုစားလိုက်တာကမှ ကောင်းဦးမယ်"
ကျော်ယို့က သွေးချောင်းစီးမယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ်လို့ ပြောလိုက်တော့မှ ယွီးရှောင်ရှောင် သဘောပေါက်သွားတယ်။ ဟုတ်တာပေါ့၊ ဝမ်ဖုန်းလင် တစ်ယောက်အတွက်နဲ့ စစ်တိုက်ကစားရမှာလား။ ဇွန်ဘီတွေကို သတ်တာက အသက်ရှင်ဖို့အတွက်လေ၊ လူတစ်စု အချင်းချင်း ပြန်ခုတ်သတ်နေကြတာက ဘာအတွက်လဲ။
ကျင်းမော့က ဒီအချိန်မှာ လက်ခုပ်တစ်ချက် တီးလိုက်ပြီး ပြောလိုက်တယ်။
"ကျော်ယို့ ပြောတာ မမှားဘူး။ မင်းသမီး... ဒီနေ့က ဆောင်းဦးမိုး ရွာနေတဲ့ ရာသီဥတု ဖြစ်နေပေမဲ့ ဖုန်းထျန်း မြို့တော်မှာ ဂန္ဓမာပန်း ကြည့်လို့ကောင်းတဲ့ နေရာတစ်နေရာကို ကျွန်တော် သိထားတယ်။ မိုးရေထဲက ဆောင်းဦး ဂန္ဓမာပန်းတွေကို ကြည့်ရတာ တစ်မျိုးလေး လှနေမှာ သေချာတယ်။ ကျွန်တော်က အိမ်ရှင်လုပ်ပြီး မင်းသမီးနဲ့ သမက်တော်ကုကို ဆောင်းဦး ဂန္ဓမာပန်း ကြည့်ဖို့ ဖိတ်ချင်ပါတယ်။ မင်းသမီး၊ သမက်တော်ကု... ဘယ်လို သဘောရလဲ"
…