အခန်း ၁၄၄
Vol. 15 Ch. 144
အပိုင်း (၁၄၄) လင်းလုံ ယောကျ်ားလေး မဟုတ်တာ နှမြောစရာပဲ
ရှန်ကျုံးဧကရာဇ်တို့အဖွဲ့ ဟူကော်ကျောင်းတော်ကနေ ထွက်လာတဲ့ အချိန်မှာ ယွီးရှောင်ရှောင်တို့အဖွဲ့ကတော့ အရိပ်တောင် မတွေ့ရတော့ဘူး။ မင်းဆရာ ချန်ကွမ်း ရထားလုံးပေါ် တက်သွားတာကို ကြည့်ပြီး ရှန်ကျုံးဧကရာဇ်က ကျောင်းချိုးမင်ကို "မင်းလည်း မြင်းမစီးနဲ့တော့။ ငါကိုယ်တော်နဲ့အတူ ရထားလုံးပေါ် လိုက်ခဲ့၊ မင်းကို မေးစရာရှိတယ်" လို့ ပြောလိုက်တယ်။
ကျောင်းချိုးမင်က အမြန်ပဲ "အမိန့်တော်အတိုင်းပါ" လို့ ပြန်ဖြေလိုက်တယ်။
ဧကရာဇ်မင်းမြတ်ကို တင်ဆောင်လာတဲ့ ရထားလုံးက ပုံမှန်လို တည်ငြိမ်မှုကို ဦးစားမပေးတော့ဘဲ အမြန်နှုန်းကို ဦးစားပေးပြီး နန်းတော်ဆီကို ဒုန်းစိုင်း ပြေးတော့တယ်။
ရှန်ကျုံးဧကရာဇ်က ရထားလုံးထဲမှာ ထိုင်ရင်း ကျောင်းချိုးမင်ကို မေးလိုက်တယ်။
"ကျင်းမော့နဲ့ ကျော်ယို့တို့က ဝမ်ဖုန်းလင်အပေါ်ကို အတော်လေး မကျေနပ်တဲ့ ပုံပေါ်နေတယ်။ အဲဒါက ဘယ်လိုဖြစ်တာလဲ" လို့ မေးလိုက်တယ်။
ကျောင်းချိုးမင်က "ဝမ်ဖုန်းလင်လား" လို့ ပြန်မေးတယ်။
"အေးလေ... ဆရာတော်လေးဖုန်းလင်ကို ပြောတာ။ လင်းလုံက သူ့ကို မျိုးရိုးနာမည် တစ်ခု ပေးလိုက်တာ"
ကျောင်းချိုးမင်က "အော်" လို့ပဲ ပြန်ပြောနိုင်တယ်။ ဒီလိုစကားမျိုးကို သူက ဘယ်လိုလုပ် မှတ်ချက်ပေးရဲမှာလဲ။ ကျောင်းအမတ်ကြီးက သူ့မှာ ဒီလောက် အရည်အချင်း မရှိဘူးလို့ ခံစားလိုက်ရတယ်။
ရှန်ကျုံးဧကရာဇ်က ပြောတယ်။ "ငါကိုယ်တော်က မင်းကို ကျင်းမော့နဲ့ ကျော်ယို့ အကြောင်း မေးနေတာလေ၊ ဝမ်ဖုန်းလင် အကြောင်းကို ဘာလို့ ပြန်ပြောနေရတာလဲ"
ကျောင်းချိုးမင်က တိုးတိုးလေး ပြောလိုက်တယ်။
"အရှင်မင်းကြီး... ကျူးယိက တတိယမင်းသားနဲ့ ပဉ္စမမင်းသား ညီအစ်ကို နှစ်ယောက်က ယုံရှန်းကျောင်းတော်ကို သွားခဲ့ကြတာပါ။ ကျင်းမော့ မင်းသားကြီးကတော့ ယုံရှန်းကျောင်းတော် တံခါးဝကိုတောင် မရောက်ဖူးပါဘူး။ ကျော်ယို့ကတော့… ပိုင်ဟူရဲ့ ဧကရာဇ်လေးကို မော့ဝမ် ကျောင်းထိုင်ဆရာတော်ကြီး ကိုယ်တိုင် သင်ကြားပေးခဲ့တာပါ။ အခု ဧကရာဇ်လေး အရွယ်ရောက်လာပြီဆိုတော့ ယုံရှန်းကျောင်းတော်ရဲ့ အကူအညီနဲ့ တိုင်းပြည်ကို ကိုယ်တိုင် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ဧကရာဇ်လေးနဲ့ အာဏာသိမ်းထားတဲ့ စစ်သေနာပတိချုပ်ကြီး ကျော်ယို့တို့ ကြားမှာ ပဋိပက္ခတွေ အများကြီး ဖြစ်နေပါတယ်"
ရှန်ကျုံးဧကရာဇ်က ကျောင်းချိုးမင်ရဲ့ စကားကို ကြားပြီးနောက် တွေးတောနေမိတယ်။
ကျောင်းအမတ်ကြီးက ဆက်ပြောတယ်။
"အခု စစ်သေနာပတိချုပ်ကြီး ကျော်ယို့ ကျွန်တော်တို့ ဖုန်းထျန်းကို လာတာကလည်း ပိုင်ဟူရဲ့ မယ်တော်ကြီးကျော်ရဲ့ သဘောထားပါ။ စစ်သေနာပတိချုပ်ကြီး ကျော်ယို့ကို ပိုင်ဟူကနေ ခဏလောက် ထွက်သွားစေပြီး ဧကရာဇ်လေးနဲ့ ဆက်ဆံရေး ပိုမဆိုးဝါးသွားအောင်လို့ပါ"
ရှန်ကျုံးဧကရာဇ်က မေးတယ်။
"ကျူးယိတိုင်းပြည်က မင်းသားတွေထဲမှာ ယုံရှန်းကျောင်းတော်က တတိယမင်းသားကို ကူညီပေးနေတာလား"
ကျောင်းချိုးမင်က တိုးတိုးလေး ရယ်ပြီး ပြောလိုက်တယ်။ "အရှင်မင်းကြီး အမြော်အမြင် ကြီးမားပါတယ်။ ယုံရှန်းကျောင်းတော်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကျောင်းတော် တံခါးကိုတောင် မနင်းဖူးတဲ့ မင်းသားကြီးကိုတော့ ဘယ်လိုလုပ် ကူညီပေးပါ့မလဲ"
ရှန်ကျုံးဧကရာဇ်က မေးစေ့ကို ပွတ်ရင်း သူ့ဘာသာ ရေရွတ်လိုက်တယ်။ "ဒီကိစ္စတွေကို ငါကိုယ်တော် လုံးဝ မသိခဲ့ဘူးပဲ"
'အရှင်မင်းကြီးက တိုင်းပြည်ရေး ကိစ္စတွေကိုမှ မမေးတာ၊ ဒီကိစ္စတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ'
ကျောင်းအမတ်ကြီးက ခေါင်းခါပြီး ပြောလိုက်တယ်။
"အရှင်မင်းကြီး... ကျင်းမော့ မင်းသားကြီးနဲ့ စစ်သေနာပတိချုပ်ကြီး ကျော်ယို့တို့က ယုံရှန်းကျောင်းတော်နဲ့ ဘယ်လိုပဲ ပဋိပက္ခတွေ ရှိနေပါစေ၊ ကျွန်တော်တို့ ဖုန်းထျန်းကတော့ ယုံရှန်းကျောင်းတော်နဲ့ ရန်သူ မဖြစ်တာ အကောင်းဆုံးပါပဲ"
ရှန်ကျုံးဧကရာဇ်က ပြန်ပြောတယ်။ "ငါကိုယ်တော်က အသက်ရှင်ရတာ ပျင်းနေလို့လား။ ယုံရှန်းကျောင်းတော်နဲ့ ဘာလို့ ရန်သူ ဖြစ်ရမှာလဲ"
ကျောင်းချိုးမင်က သူ့ရဲ့ ဧကရာဇ်ကို သတိပေးလိုက်တယ်။ "ဒါဆို လင်းလုံမင်းသမီးကရော"
ရှန်ကျုံးဧကရာဇ်က ပြောတယ်။ "လင်းလုံက နေ့တိုင်း ဝမ်ဖုန်းလင်ကို သွားပြီး ပြဿနာရှာနိုင်ပါ့မလား"
ကျောင်းချိုးမင်လည်း စိတ်ထဲကနေ ဟားဟားလို့ပဲ ရယ်လိုက်ချင်တော့တယ်။ ဒီလိုပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပေါ့။ လင်းလုံမင်းသမီးက ဘယ်လိုတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။
"စိတ်ချပါ" ရှန်ကျုံးဧကရာဇ်က လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။ "ငါကိုယ်တော်က ကုရှင်းလန်ကို လင်းလုံကို စောင့်ကြည့်ဖို့ ခိုင်းထားတယ်။ သူက ကိုယ့်မိန်းမကိုတောင် မထိန်းနိုင်ဘူးဆိုရင် သူက ဘာအသုံးကျတော့မှာလဲ"
ကျောင်းချိုးမင်က ရှန်ကျုံးဧကရာဇ်ရဲ့ စကားကို ပြန်မဖြေတော့ဘူး။ ရှန်ကျုံးဧကရာဇ်ကို မေးခွန်းတစ်ခု မေးချင်ပေမဲ့ ကျောင်းအမတ်ကြီးက မမေးရဲဘူး။ ဧကရာဇ်မင်းမြတ်တောင်မှ ယွီးလင်းလုံကို မထိန်းနိုင်တာ၊ ကုရှင်းလန်ကရော ထိန်းနိုင်ပါ့မလား။
ရှန်ကျုံးဧကရာဇ်က ရထားလုံး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။ ရထားလုံးက အရမ်းမြန်မြန် ပြေးနေတာကြောင့် အပြင်က ရှုခင်းတွေက ရှန်ကျုံးဧကရာဇ်ရဲ့ မျက်လုံးထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ ဖြတ်သွားတယ်။ ရှန်ကျုံးဧကရာဇ်က ရုတ်တရက် သက်ပြင်းချပြီး "ငါကိုယ်တော်က ဘယ်မင်းသားကို ယုံရှန်းကျောင်းတော်ကို ပို့ရမလဲ" လို့ ရေရွတ်လိုက်တယ်။
ကျောင်းချိုးမင်ရဲ့ ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားတယ်။ ဒီကိစ္စကို သူလည်း သိချင်နေတာပဲ။
ရှန်ကျုံးဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်ပြီး ကျောင်းချိုးမင်ကို ကြည့်ကာ ပြောလိုက်တယ်။
"လင်းလုံသာ ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲ" လို့ ပြောလိုက်တယ်။ ဒီလို စွမ်းရည်ရှိတဲ့ သားတစ်ယောက်သာ ရှိရင် ဖုန်းထျန်းရဲ့ ယွီးမိသားစုမှာ ဆက်ခံမဲ့သူ မရှိဘူးဆိုတာကို သူ ပူစရာ လိုသေးလို့လား။
ကျောင်းအမတ်ကြီးကတော့ တစ်ချက် တုန်သွားတယ်။ ယွီးလင်းလုံသာ မင်းသားဖြစ်ခဲ့ရင် သူတို့ ကျောင်းမိသားစုက အသက်ရှင်နိုင်ပါ့ဦးမလား။
"မင်းက အဖေကောင်း တစ်ယောက် မဟုတ်ဘူး" ရှန်ကျုံးဧကရာဇ်ရဲ့ စကားက ရုတ်တရက် ပြောင်းသွားပြီး ကျောင်းချိုးမင်ကို လက်ညှိုးထိုးကာ ပြောလိုက်တယ်။
ကျောင်းချိုးမင်က ရထားလုံးထဲမှာ ဒူးထောက်နေတာ။ ရှန်ကျုံးဧကရာဇ်ရဲ့ စကားကို ကြားတော့ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းလိုက်ပြီး "အရှင်မင်းကြီး... ကျွန်တော်မျိုးက သားကို သေချာ မဆုံးမနိုင်ခဲ့လို့ သေဒဏ်ပေးခံရထိုက်ပါတယ်" လို့ အမြန်ပြောလိုက်တယ်။
ရှန်ကျုံးဧကရာဇ်က ခေါင်းခါပြီး ပြောတယ်။
"ငါကိုယ်တော်က အခု မင်းကို ဒီလောက်ကောင်းတဲ့ အခွင့်အရေး ပေးနေတာတောင် မင်းက ကျောင်းပေချန်အတွက် အသနားမခံဘူးဆိုတော့ မင်းက အရမ်းကို ရက်စက်တဲ့လူပဲဆိုတာ သိသာတယ်"
ကျောင်းချိုးမင်က အမြန်ပြောလိုက်တယ်။ "အရှင်မင်းကြီး... ကျောင်းပေချန်က အရှင်မင်းကြီးကို လိမ်ညာခဲ့ပြီး သမက်တော်ကိုလည်း ဒုက္ခပေးခဲ့တယ်။ ကျွန်တော်မျိုး..."
"အခု သူ့ကို အရိုးထဲကနေ မုန်းနေတယ်လို့ ငါကိုယ်တော်ကို လာမပြောနဲ့" ရှန်ကျုံးဧကရာဇ်က ကျောင်းချိုးမင်ကို ကြည့်ပြီး ပြောတယ်။ "သားက သားပဲလေ။ ဘယ်လောက်ပဲ အမှားကြီးကြီး လုပ်ခဲ့ပါစေ၊ သူက မင်းရဲ့ သားပဲ"
ကျောင်းအမတ်ကြီးက ရှန်ကျုံးဧကရာဇ်ရဲ့ စကားကြောင့် အတော်လေး အခက်တွေ့သွားတယ်။ သူက အသနားခံရင် မျက်နှာလိုက်တယ်လို့ အဆူခံရမယ်။ အသနားမခံရင်လည်း ဧကရာဇ်ရဲ့ မျက်စိထဲမှာ သူက ရက်စက်တဲ့ အဖေဆိုးကြီး ဖြစ်နေပြန်တယ်။ သူက ဘယ်လိုနေနေ အဆင်မပြေဘူး ဖြစ်နေတယ်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး..."
"ရပြီ၊ ဘာမှ မပြောနဲ့တော့" ရှန်ကျုံးဧကရာဇ်က ထိုင်ခုံပေါ်မှာ မှီချလိုက်ပြီး ပြောတယ်။ "ငါကိုယ်တော် ဒီနေ့ လန့်သွားလို့ ခဏ အိပ်ဦးမယ်။ မင်းလည်း နားလိုက်တော့"
လူ... လူယုတ်မာပဲ။
ကျောင်းအမတ်ကြီးက စိတ်ထဲကနေ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်တယ်။ သူက အသနားခံရမှာလား၊ မခံရဘူးလား ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြီးမှ အိပ်လို့ မရဘူးလား။
ရှန်ကျုံးဧကရာဇ် နန်းတော်ကို ပြန်ရောက်တဲ့ အချိန်မှာ ဆရာတော်လေးဖုန်းလင်ရဲ့ ဘေးက ပေ့လင်းကလည်း ဖုန်းထျန်းရဲ့ နန်းတော်ကို ရောက်လာပြီး ဆေးစာရင်း တစ်စောင်ကို ရှန်ကျုံးဧကရာဇ်ဆီ ဆက်သတယ်။
ရှန်ကျုံးဧကရာဇ်က စာကြည့်ဆောင်ထဲမှာ ထိုင်ရင်း ဆေးစာရင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပေ့လင်းကို ပြောလိုက်တယ်။
"ငါကိုယ်တော်က အခုချက်ချင်း နန်းတွင်းသမားတော်တွေကို ဆရာတော်အတွက် ဆေးပြင်ဆင်ပေးဖို့ ခိုင်းလိုက်မယ်။ ဆရာတော် ပေ့လင်းက ဒီမှာ ခဏစောင့်နေပါ"
ပေ့လင်းက အတတ်နိုင်ဆုံး ရိုသေတဲ့ ဟန်နဲ့ ရှန်ကျုံးဧကရာဇ်ကို ပြောလိုက်တယ်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက နန်းတွင်းဆေးကုသဆောင်ကို တစ်ခေါက်လောက် သွားချင်ပါတယ်"
ရှန်ကျုံးဧကရာဇ်က လူကို အကြပ်ရိုက်စေချင်တဲ့ ရည်ရွယ်ချက် တစ်စက်မှ မရှိဘဲ ပြောလိုက်တယ်။
"ဒါဆိုရင်လည်း လူလာခဲ့... ဆရာတော် ပေ့လင်းကို နန်းတွင်းဆေးကုသဆောင်ကို ပို့ပေးလိုက်။ သမားတော်တွေကိုလည်း ငါကိုယ်တော့်ရဲ့ ဧည့်သည်တော်ကို မရိုမသေ မလုပ်ဖို့ ပြောလိုက်"
ရှေ့တော်ပြေး မိန်းမစိုးတစ်ယောက်က "အမိန့်တော်အတိုင်းပါ" လို့ ပြန်ဖြေပြီး ပေ့လင်းကို ခေါ်သွားတယ်။
ရှန်ကျုံးဧကရာဇ်က ကျင်းကျုံးကို လက်ညှိုးနဲ့ ခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"မင်း နန်းတွင်းဆေးကုသဆောင်ကို တစ်ခေါက်သွားပြီး သူတို့ကို ပြောလိုက်။ ဆေးစာရင်းထဲမှာ အဆိပ်ဖြေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ ဆေးဆိုရင် တစ်ခုမှ မပေးနဲ့လို့"
ကျင်းကျုံးက အမိန့်ကို နာခံပြီးနောက် ရှန်ကျုံးဧကရာဇ်ကို ပြန်မေးလိုက်တယ်။
"အရှင်မင်းကြီး... အဲဒါက သာမန် အဆိပ်ဖြေဆေးတွေဆိုရင်ကော"
"ဆေးကုန်သွားပြီ၊ ဆေးရောက်လာမှ သူတို့ဆီကို ပို့ပေးလိုက်မယ်လို့ပဲ ပြောလိုက်" ရှန်ကျုံးဧကရာဇ်က တစ်စက္ကန့်လေးတောင် မစဉ်းစားဘဲ ပြောလိုက်တယ်။
"သမားတော်တွေကို အဲဒီ ကိုယ်တော်ကို ပြောခိုင်းလိုက်။ သာမန် ဆေးတွေဆိုရင် ဖုန်းထျန်းမြို့တော်က ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတယ်။ အဲဒီ ဆေးဖိုးကို ငါကိုယ်တော်က ရှင်းပေးမယ်။ သူတို့ ဘယ်လောက် ဝယ်ချင်ဝယ်ချင် ဝယ်လို့ရတယ်လို့ ပြောလိုက်"
ကျင်းကျုံးက အမိန့်ကို နာခံပြီး နန်းတွင်းဆေးကုသဆောင်ကို ထွက်သွားတယ်။
ရှန်ကျုံးဧကရာဇ်က သူ့လက်ချောင်းတွေနဲ့ စားပွဲကို ခေါက်နေတယ်။ ဝမ်ဖုန်းလင် မိထားတဲ့ အဆိပ်ကို ဖြေနိုင်တဲ့ ဆေးက အရမ်းကို ရှားပါးတာ ဖြစ်ရမယ်။ မဟုတ်ရင် ဆေးတွေ မိုးကြိုးပစ်ခံရလို့ ပျက်စီးသွားတာကို ကြားတာနဲ့ ယုံရှန်းကျောင်းတော်က ကိုယ်တော်တွေက ဒီလောက်အထိ အလောတကြီး ဖြစ်သွားမှာ မဟုတ်ဘူး။ မြို့တော်ထဲက ဆေးဆိုင်တွေ အကုန်လုံးကို မွှေနှောက်ရှာရင်တောင်မှ ယုံရှန်းကျောင်းတော်က လူတွေက အဆိပ်ဖြေဆေးရဲ့ ပါဝင်ပစ္စည်းတွေကို ရှာတွေ့မှာ မဟုတ်ဘူးလို့ ရှန်ကျုံးဧကရာဇ်က ယုံကြည်တယ်။
"အရှင်မင်းကြီး... အမတ်မင်းတွေက အပြင်မှာ စောင့်နေကြပါတယ်။ အရှင်မင်းကြီးကို တင်ပြစရာ တိုင်းပြည်ရေး ကိစ္စတွေ ရှိတယ်လို့ ပြောပါတယ်" မိန်းမစိုးတစ်ယောက်က စာကြည့်ဆောင်ထဲကို ဝင်လာပြီး ရှန်ကျုံးဧကရာဇ်ကို တင်ပြတယ်။
ရှန်ကျုံးဧကရာဇ်က ပြောလိုက်တယ်။ "ငါကိုယ်တော်က ညီလာခံ မတက်တာ တစ်ရက်တည်း ရှိသေးတာကို၊ သူတို့မှာ ဘာကိစ္စတွေ ဒီလောက်တောင် ရှိနေလို့လဲ။ မနက်ဖြန် ညီလာခံကျမှပဲ ဆွေးနွေးတော့မယ်။ လှည်းပြင်... ငါကိုယ်တော် စာကြည့်တိုက်ကို သွားမယ်။ အော်... ဒါနဲ့ လင်းလုံက ဂန္ဓမာပန်း သွားကြည့်တာ ဘယ်နေရာကို သွားတာလဲဆိုတာ သွားစုံစမ်းခိုင်းလိုက်" ရှန်ကျုံးဧကရာဇ်က ကျင်းမော့ရဲ့ စကားကို မှတ်မိနေတုန်းပဲ။ မြို့တော်မှာ ဂန္ဓမာပန်း ကြည့်လို့ကောင်းတဲ့ နေရာ ရှိမှန်းတောင် သူ မသိဘူး။ ကျူးယိတိုင်းပြည်က မင်းသား ကျင်းမော့ကများ ဖုန်းထျန်း မြို့တော်အကြောင်းကို သိနေတယ်တဲ့။
"တကယ့်ကို အဓိပ္ပာယ် မရှိတာပဲ" ရှန်ကျုံးဧကရာဇ်က စားပွဲကို ပုတ်ပြီး ဒေါသတကြီး ပြောလိုက်တယ်။
ဒီအချိန်မှာ ယွီးရှောင်ရှောင်က ကျင်းမော့ရဲ့ နောက်ကနေ လိုက်သွားပြီး လူနေအိမ်လို ပုံစံမျိုး ရှိတဲ့ ခြံဝင်းတစ်ခုထဲကို ဝင်သွားတယ်။ စင်္ကြံလမ်းကို ဖြတ်ပြီးနောက် လူတစ်စုက ဧည့်ခန်းတစ်ခုထဲကို ဝင်သွားကြတယ်။ နံရံလေးဘက်စလုံးမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေကို ကြည့်ပြီး မင်းသမီးလေးက "ငါတို့က ထမင်းစားပြီး ဂန္ဓမာပန်း ကြည့်ဖို့ လာတာ မဟုတ်ဘူးလား။ ကျင်းမော့... ရှင်က ကျွန်မကို ပန်းချီကားတွေ ဘာလို့ လာပြနေတာလဲ" လို့ မေးလိုက်တယ်။ ဒီလူက သူမက စာမတတ်တဲ့သူဆိုတဲ့ ကြမ်းတမ်းတဲ့ အမှန်တရားကို မေ့ပစ်ဖို့ အခွင့်အရေး မပေးနိုင်ဘူးလား။
…