အခန်း ၁၄၅
Vol. 15 Ch. 145
အပိုင်း (၁၄၅) နာမည်ကြီး ပန်းချီကားနဲ့ ပေါက်စီ
ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ ဘေးမှာ ရပ်လိုက်ပြီး ပြုံးကာ မေးလိုက်တယ်။ "မင်းသမီးက ဒီပန်းချီကားတွေကို မကြိုက်ဘူးလား"
ယွီးရှောင်ရှောင်က ဟန်ဆောင်ပြီး ခေါင်းညိတ်လိုက်ကာ "ငါတို့ သွားစားလို့ ရပြီလား" လို့ မေးလိုက်တယ်။
ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ စကားကို ကြားတော့ အံ့သြသွားတယ်။ သူနဲ့ ယွီးရှောင်ရှောင်ရဲ့ ရှေ့မှာ ချိတ်ဆွဲထားတဲ့ ဒီအမျိုးသမီး ပန်းချီကားက နာမည်ကြီး ပန်းချီဆရာတစ်ယောက်ရဲ့ လက်ရာလေ။ ဖုန်းထျန်းရဲ့ နန်းတော်ထဲမှာတောင် ဒီလို နာမည်ကြီး ပန်းချီကားမျိုး ရှိဖို့ မဖြစ်နိုင်ဘူးလို့ ကျင်းမော့ ယုံကြည်တယ်။ ကုရှင်းလန်နဲ့ ကျော်ယို့တို့က စစ်သားတွေဆိုတော့ ဒီပန်းချီကားရဲ့ တန်ဖိုးကို နားမလည်တာက ထားလိုက်တော့။ တူရိယာ၊ စစ်တုရင်၊ စာပေနဲ့ ပန်းချီပညာ အားလုံးကို တတ်ကျွမ်းတယ်လို့ နာမည်ကြီးတဲ့ လင်းလုံမင်းသမီးကတောင် ဒီပန်းချီကားကို နားမလည်ဘူးလား။
ဒီအချိန်မှာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန်ကို ထမ်းပြီး လာကြတယ်။ သူတို့ကလည်း သမက်တော်နဲ့အတူ နံရံပေါ်က ဒီပန်းချီကားကို ကြည့်ကြတယ်။
ပန်းချီကားထဲမှာတော့ ပန်းပင်အောက်က ဝါးခုတင်ပေါ်မှာ မိန်းကလေးတစ်ယောက် လှဲလျောင်းနေတယ်။ ပါးလွှာတဲ့ အနီရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး စကတ်ပေါ်က ပန်းပွင့် ပန်းထိုးတွေက မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားတဲ့ နှင်းဆီပန်းတွေနဲ့ လိုက်ဖက်ညီစွာ လှပနေတယ်။ တကယ့်ကို အသက်ဝင်လွန်းတယ်။
ယွီးရှောင်ရှောင်က အားလုံး ထွက်မသွားကြတာကို မြင်တော့ ဒီပန်းချီကားကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။ "ဒီအမျိုးသမီးက လှလို့လား"
ကုရှင်းလန်က တစ်စက္ကန့်လေးတောင် မစဉ်းစားဘဲ ပြောလိုက်တယ်။ "ဒီအမျိုးသမီးရဲ့ ရုပ်ရည်က သာမန်ပါပဲ။ မင်းသမီးက သူ့ထက် အများကြီး ပိုလှပါတယ်"
ကျင်းမော့က သွားတွေတောင် ကျိန်းသွားတယ်။ ဒီနှစ်ယောက်က သူ့ရှေ့မှာ ချစ်သူတွေလို လာလုပ်ပြနေပြန်ပြီ။ ဒီအမျိုးသမီးက အဲဒီခေတ်က တိုင်းပြည်ခြောက်တိုင်းပြည်မှာ နာမည်အကြီးဆုံး အလှပိုင်ရှင်တွေထဲက တစ်ယောက်လေ။ ရုပ်ရည်က သာမန်ပါပဲတဲ့လား။ ကျင်းမော့က ကုရှင်းလန်ကို တစ်ချက် ကြည့်လိုက်တယ်။ ဒီလူရဲ့ အမြင်က ဘယ်လောက်တောင် မြင့်နေလို့ ဒီလိုစကားမျိုး ပြောထွက်ရတာလဲ။
ယွီးရှောင်ရှောင်က ပန်းချီကားထဲက မိန်းကလေးရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ ဒစ်ဂျစ်တယ် ဓာတ်ပုံတွေကိုပဲ အမြဲ ကြည့်နေကျဖြစ်ပြီး အလှအပကို ခံစားတတ်တဲ့ စွမ်းရည်၊ အကဲဖြတ်နိုင်တဲ့ စွမ်းရည် ညံ့ဖျင်းတဲ့ ယွီးရှောင်ရှောင်ကတော့ ဒီပန်းချီကားထဲက အမျိုးသမီးက ရင်သားပိုင်းမှာ သူမထက် နည်းနည်းလေး ပိုကြီးတာပဲ ရှိတယ်လို့ ထင်နေတယ်။
"သူက ကျွန်မလောက် မလှပါဘူး" မင်းသမီးလေးက သူမရဲ့ သမက်တော်ကို ပြောလိုက်တယ်။ "ကျွန်မက သူ့ထက် လူနဲ့ ပိုတူတယ်"
ဒီအချိန်မှာ ကျော်ယို့ကလည်း အနားကို ရောက်လာပြီး ပန်းချီကားထဲက အလှမယ်ကို ကြည့်ကာ တစ်ချက်လေးတောင် မတွန့်ဆုတ်ဘဲ ပြောလိုက်တယ်။ "မင်းသမီး ပြောတာ မှန်တယ်။ ဒီအမျိုးသမီးက အရမ်းရုပ်ဆိုးတယ်။ မင်းသမီးကမှ ပန်းလေးတစ်ပွင့်လို လှတာ"
ပန်းလေးတစ်ပွင့်လို လှတယ်တဲ့လား။ မိန်းမတွေကို ချီးကျူးတဲ့ စကားတွေကို ယွီးရှောင်ရှောင်က သူမ လက်အောက်က စစ်သားတွေဆီကနေ ခဏခဏ ကြားဖူးတယ်။ အဲဒီလူတွေက မိန်းမတွေကို ချီးကျူးရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ အဲဒါကတော့ မိန်းမတွေကို ဖြားယောင်းပြီး အတူအိပ်ဖို့လေ။ မင်းသမီးလေးက စစ်သေနာပတိချုပ်ကြီး ကျော်ယို့ကို အေးစက်စက် အကြည့်နဲ့ ကြည့်ပြီး "ရှင်က ကျွန်မနဲ့ ချိတ်ချင်နေတာလား" လို့ မေးလိုက်တယ်။
ကျော်ယို့က သူ ဖုန်းထျန်းစကားကို သေချာ နားမလည်သေးဘူးလို့ ထင်သွားတယ်။ ချိတ်ချင်တယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ဒါကြောင့် စစ်သေနာပတိချုပ်ကြီး ကျော်ယို့က ကုရှင်းလန်ကို မေးလိုက်တယ်။ "ချိတ်ချင်တယ် ဆိုတာ ဘာလဲ"
ဘာ
ဒီကျော်ယို့က ရှောင်ကုကိုပါ အိပ်ချင်တယ်လို့ တိုက်ရိုက်ကြီး ပြောနေတာကို ကြားတော့ ယွီးရှောင်ရှောင် ဒေါသထွက်သွားတယ်။ သူမတောင် မသေသေးဘူး၊ ကုရှင်းလန်နဲ့လည်း မကွဲသေးဘူး။ ဒီလူက သူမရဲ့ ရှေ့မှာတင် သူမလူကို လာလုနေတယ်ပေါ့လေ။ ယွီးရှောင်ရှောင်က လက်ကို ဆန့်ထုတ်လိုက်ပြီး ကျော်ယို့ကို ကောက်မလိုက်တယ်။
ကုရှင်းလန်က သူ့ဇနီးက ကျော်ယို့ကို ကောက်မလိုက်တာကို မြင်တော့ မျက်ခွံတွေ ချက်ချင်း တဆတ်ဆတ် ခုန်လာတယ်။ သူ့ဇနီးက ကျော်ယို့ကို လွှင့်မပစ်ခင်မှာပဲ ကုတတိယသခင်လေးက မင်းသမီးလေးကို လှမ်းအော်လိုက်တယ်။ "မင်းသမီး... လူကို အနာတရ မဖြစ်စေနဲ့"
"ရှင်က သူ့ကို နှမြောနေသေးတာလား" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။ ရုတ်တရက် ရင်ထဲမှာ နည်းနည်း ဆို့နင့်သွားသလို ခံစားလိုက်ရတယ်။
ကုရှင်းလန်က "သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်ရင် ကျွန်တော်တို့က သူ့အတွက် ဆေးဖိုး လျော်ပေးရလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဒီစကားက ယွီးရှောင်ရှောင်ရဲ့ အားနည်းချက်ကို တည့်တည့် ထိသွားတယ်။ ပိုက်ဆံ လျော်ရမယ်ဆိုတာက စားစရာတွေကို လျော်ရတာနဲ့ အတူတူပဲလေ။ ယွီးရှောင်ရှောင်က လက်ကို လွှတ်လိုက်တယ်။ ဒီလူကို သူမ မပစ်တော့ဘူး။
ကျော်ယို့က အရမ်းကို တွေဝေသွားတယ်။ ခြေနှစ်ဖက် မြေကြီးပေါ် ပြန်ကျသွားတော့ သူက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ "မင်းသမီး... ကျွန်တော် ဘာအမှား လုပ်မိလို့လဲ"
ယွီးရှောင်ရှောင်က ကျော်ယို့ကို စိုက်ကြည့်လိုက်တယ်။ ဒီလူက သူမရဲ့ လူကို အဆက်မပြတ် လုယူဖို့ ကြိုးစားနေတာ။ အခုကျတော့ ဘာမှ မသိတဲ့ပုံစံနဲ့ ကျွန်တော် ဘာအမှား လုပ်မိလို့လဲတဲ့။ ဒါက အရှက်မရှိဘူးလို့ ခေါ်တာ မဟုတ်ဘူးလား။
ဒီအချိန်မှာ ရှောင်ကျွမ်းက နှာခေါင်းကို ဖြတ်ခနဲ ရှုံ့လိုက်ပြီး ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး... ဒီလူကို ရေးဆွဲထားတာက အစစ်နဲ့ အရမ်းတူတယ်။ ဒီပန်းချီကားက အရမ်း ဈေးကြီးမှာပဲနော်"
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို သနားစရာကောင်းတဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်တယ်။ အဆင့်မြင့် နည်းပညာတွေကို မမြင်ဖူးတဲ့ လူတွေပါလား။ ဖုန်းနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ပြီး ပရင့်ထုတ်လိုက်တာက ဘယ်လောက်မှ မကျပါဘူး။ ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို ပြောလိုက်တယ်။
"ဒါက ဘယ်လောက်မှ မတန်ပါဘူး။ လူပုံတောင် ပျက်နေသေးတယ်"
ရှောင်ကျွမ်းက သူ့မင်းသမီးလေးက ဒီပန်းချီကားက တန်ဖိုးမရှိဘူးလို့ ပြောတာကို ကြားတော့ ချက်ချင်းပဲ "တန်ဖိုးမရှိဘူးလား။ ဒါဆို မင်းသမီး... ကျွန်တော် ဝယ်လို့ရမလား" လို့ မေးလိုက်တယ်။
ယွီးရှောင်ရှောင်က စက္ကူတစ်ရွက်ကို အိမ်ဝယ်သွားတာက ပိုက်ဆံ ဖြုန်းတီးတာ သက်သက်ပဲလို့ ထင်ပေမဲ့ ကျင်းမော့ကို မေးလိုက်တယ်။
"ဒီပန်းချီကားက ကြေးပြား ဘယ်နှပြားလဲ။ ကျွန်မကို ဈေးနည်းနည်း လျှော့ပေး၊ ကျွန်မ ဝယ်လိုက်မယ်"
ရှောင်ကျွမ်းက ပြောတယ်။ "မင်းသမီး... ကျွန်တော့်မှာ ပိုက်ဆံ ရှိပါတယ်။ ဒီပန်းချီကားကို ကျွန်တော် ကြိုက်လို့ပါ။ ကျွန်တော့် ပိုက်ဆံနဲ့ပဲ ဝယ်ပါ့မယ်"
ကျော်ယို့က စောစောက သူ ယွီးရှောင်ရှောင်ကို စိတ်ဆိုးအောင် လုပ်မိတယ်လို့ ထင်နေတယ်။
"ပန်းလေးတစ်ပွင့်လို လှတယ်" ဆိုတဲ့ စကားက မင်းသမီးလေးအတွက် အရမ်း ရိုးရှင်းလွန်းတယ်လို့ သူ ထင်သွားတယ်။ သူသာ "အလှပဆုံး" လို့ ပြောလိုက်ရင် ကောင်းသားပဲ။ အခု ကျော်ယို့က ယွီးရှောင်ရှောင်က သူမရဲ့ ကိုယ်ရံတော်အတွက် ပန်းချီကား ဝယ်ပေးချင်နေတာကို ကြားတော့ ယွီးရှောင်ရှောင်ကို သဘောကျအောင် ပြောလိုက်တယ်။
"ဒါက ပန်းချီကား တစ်ချပ်တည်းပဲလေ။ တန်ဖိုးလည်း မရှိပါဘူး။ မင်းသမီး ကြိုက်ရင် ယူသွားလိုက်ပါ။ ကျင်းမော့က ဒီပန်းချီကား တစ်ချပ်လောက်ကို နှမြောနေမှာ မဟုတ်ပါဘူး။ ပန်းချီဆရာ တစ်ယောက်ကို ရှာပြီး အလွယ်တကူ ဆွဲခိုင်းလိုက်လို့ ရတာပဲဟာ"
ကျင်းမော့က သူ့ရှေ့က ပန်းချီကားကို တိတ်ဆိတ်စွာ ကြည့်နေပြီး သူ့ဘေးက လူတွေကို ဘာမှ ဆက်မပြောချင်တော့ဘူး။
ကုရှင်းလန်ကတော့ အကဲဖြတ်နိုင်တဲ့ စွမ်းရည် နည်းနည်း ရှိပါသေးတယ်။ သူက ယွီးရှောင်ရှောင်ကို "မင်းသမီး... ဒီပန်းချီကားက ဈေးမပေါလောက်ဘူး" လို့ ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က ဒီစကားကို ကြားတာနဲ့ ချက်ချင်းပဲ ရှောင်ကျွမ်းကို ပြောလိုက်တယ်။
"ဒါဆိုရင် နင် မယူနဲ့တော့။ ခဏနေ အပြင်ထွက်ရင် နင့်ကို ပေါက်စီ ဝယ်ကျွေးမယ်"
မင်းသမီးလေးအတွက်တော့ တန်ဖိုးကြီးတဲ့ နာမည်ကြီး ပန်းချီကားက ပေါက်စီ အနည်းငယ်လောက်တောင် လက်တွေ့မကျဘူးလေ။
ကျင်းမော့က တွေးကြည့်ပြီးတော့ လက်မလျှော့ချင်သေးဘူး။ ယွီးလင်းလုံကို သူ့ရှေ့မှာ အမြဲတမ်း လူအ တစ်ယောက်လို ဟန်ဆောင်နေတာကို သူ လက်မခံနိုင်ဘူး။ သူက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"မင်းသမီး... ဒါက ဆရာကြီး ကျော်တောက်ကျစ်ရဲ့ လက်ရာလေ။ မင်းသမီး မသိဘူးလား"
ကျော်တောက်ကျစ်
သိုင်းသမားတွေက ဘယ်လောက်ပဲ ပညာမတတ်ဘူးဆိုပေမဲ့ ဒီနာမည်ကို ကြားလိုက်တာနဲ့ ဒီပန်းချီကားက တန်ဖိုးမရှိဘူးလို့ ဘယ်သူမှ မပြောရဲတော့ဘူး။ ဆရာကြီးကျော်ဆိုတာက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တိုင်းပြည်ခြောက်တိုင်းပြည်မှာ နာမည်အကြီးဆုံး စာပေနဲ့ ပန်းချီပညာရှင် တစ်ယောက်လေ။ [ကျော်ယို့လို့ ရေးခဲ့မိတာ နောင်တရနေပြီ။ ကျော့လောက်ဆို ပြေသေး၊ ခုတော့ ဆက်တိုက် ကျော်ရပါတော့မယ်]
ကျင်းမော့က လူတိုင်းက ကျော်တောက်ကျစ် ဆိုတဲ့ နာမည် သုံးလုံးကို ကြားပြီး အံ့သြသွားကြတာကို မြင်တော့ စိတ်ထဲမှာ နည်းနည်း သက်သာရာ ရသွားတယ်။ ဒါကမှ ဆရာကြီးတစ်ယောက်ကို ဆက်ဆံရမဲ့ မှန်ကန်တဲ့ သဘောထားလေ။
ဒါပေမဲ့ ဒီလူတွေထဲမှာ ပြင်ပကမ္ဘာက ရောက်လာတဲ့ လူတစ်ယောက် ရှိနေတာကို နှမြောစရာပဲ။ ယွီးရှောင်ရှောင်က စိတ်ထဲမှာ ကျော်တောက်ကျစ် ဆိုတဲ့ နာမည်ကို တစ်ခေါက် ရွတ်ကြည့်ပြီး ကျော်ယို့ကို မေးလိုက်တယ်။ "သူကလည်း မျိုးရိုးကျော်ဆိုတော့ ရှင့်ဆွေမျိုးလား"
ကျော်ယို့ ကြောင်သွားတယ်။ မျိုးရိုးက ကျော်ဖြစ်တိုင်း သူ့ဆွေမျိုး ဖြစ်ရမှာလား။
ကျင်းမော့က ရယ်လိုက်ပြီး ပြောလိုက်တယ်။ "မင်းသမီးက စာပေနဲ့ ပန်းချီကို မကြိုက်ဘူးဆိုတော့ ငါတို့ ပန်းသွားကြည့်ကြတာပေါ့” ဖုန်းထျန်းရဲ့ မင်းသမီးက သူ့ဆံပင်တွေကို ဖြတ်ပြီး ပေးခဲ့ပေမဲ့ သူ့လို ကျူးယိရဲ့ မင်းသားကို သတိထားနေတာကလည်း လူ့သဘာဝပါပဲလို့ ကျင်းမော့ တွေးလိုက်တယ်။ တချို့အရာတွေကို အတင်းအကျပ် လုပ်လို့မရပါဘူး။
ယွီးရှောင်ရှောင်က ကျင်းမော့ အပြင်ထွက်သွားတာကို ကြည့်ပြီး ကုရှင်းလန်ကို တိုးတိုးလေး မေးလိုက်တယ်။
"ဒီပန်းချီကားက အရမ်း အရမ်းကို ဈေးကြီးတာလား"
ကုရှင်းလန်က ခေါင်းညိတ်လိုက်တယ်။ ကျော်တောက်ကျစ်ရဲ့ ပန်းချီကားတွေက အမြဲတမ်း ဈေးမဖြတ်နိုင်အောင် တန်ဖိုးကြီးတယ်။ ဒီလို သေးငယ်တဲ့ ပန်းချီပြခန်းလေးမှာ ရှိနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ဒါက ကျူးယိက ဖုန်းထျန်း မြို့တော်မှာ ထားရှိတဲ့ နောက်ထပ် လျှို့ဝှက်စခန်းတစ်ခု ဖြစ်မယ်ဆိုတာ သေချာတယ်။
"ဒီပန်းချီပြခန်း ပိုင်ရှင်က ကျူးယိက လူပါ" ကျင်းမော့က ကုရှင်းလန် ဘာတွေးနေလဲဆိုတာကို သိသလိုပဲ ဧည့်ခန်းထဲက မထွက်ခင်မှာ ကုရှင်းလန်ကို ရှင်းပြလိုက်တယ်။
ကုရှင်းလန်က ကျင်းမော့ကို ခေါင်းညိတ်ပြလိုက်ပြီး နံရံပေါ်က ပန်းချီကားတွေကို ကြည့်ရတာ မျက်စိစူးလာသလို ခံစားလိုက်ရတယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နောက်ကနေ ဧည့်ခန်းထဲက ထွက်လာတယ်။ စင်္ကြံလမ်းမှာ မနီးမဝေး ရပ်စောင့်နေတဲ့ လူတစ်ယောက်ကို မြင်တာနဲ့ ချက်ချင်းပဲ "အစ်ကိုကြီး" လို့ လှမ်းခေါ်လိုက်တယ်။
ကုရှင်းနော့က ပြုံးပြီး အားလုံးရဲ့ အရှေ့ကို လျှောက်လာတယ်။ ကျင်းမော့နဲ့ ကျော်ယို့ကို ဂါရဝပြုပြီး ပြောလိုက်တယ်။
"ကျွန်တော်က ကုရှင်းနော့ပါ။ မင်းသားကြီး ကျင်းမော့နဲ့ စစ်သေနာပတိချုပ်ကြီး ကျော်ယို့တို့ကို ဂါရဝပြုပါတယ်"
ကျင်းမော့က ပြုံးပြီး မေးလိုက်တယ်။ "ကုသခင်လေးက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ကျွန်တော်က မင်းသမီးနဲ့ တတိယညီလေးကို စိတ်ပူလို့ ဟူကော်ကျောင်းတော်ကို အရင်သွားခဲ့တာပါ။ ပြီးတော့ မင်းသားကြီးက သူတို့ကို ဒီကို ဂန္ဓမာပန်း ကြည့်ဖို့ ခေါ်လာတယ်လို့ ကြားလို့ ကျွန်တော်လည်း မဖိတ်ဘဲ ရောက်လာတာပါ"
ကုရှင်းနော့က ကျင်းမော့ကို ရိုရိုသေသေနဲ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ ပြီးတော့ သတိမထားမိလောက်အောင် သူ့ရဲ့ တတိယညီလေးနဲ့ ညီမလေးရဲ့ အရှေ့မှာ ဝင်ရပ်လိုက်တယ်။ ဒီလို ကာကွယ်ပေးတဲ့ အပြုအမူက ကုအစ်ကိုကြီးအတွက်တော့ ထမင်းစား၊ အိပ်စက်သလိုမျိုး ပုံမှန် လုပ်နေကျ အရာတစ်ခုပါပဲ။
…