← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အပိုင်း (၁၄၇) အစ်ကိုကြီးဆိုတာ ဖခင်နဲ့တူတယ်

"ဘယ်လို စမ်းကြည့်ရမှာလဲ" ကုရှင်းလန်က သူ့အစ်ကိုကြီးရဲ့ စကားကို ကြားတာနဲ့ စိတ်အားထက်သန်သွားပြီး ချက်ချင်း မေးလိုက်တယ်။ "အစ်ကိုကြီး... အစ်ကိုကြီးက အဲဒီကိုယ်တော် နှစ်ပါးဆီ သွားမှာလား"

ကုရှင်းနော့က "မင်း ဒဏ်ရာကိုပဲ အေးအေးဆေးဆေး ကုသနေလိုက်ပါ။ ဒီကိစ္စကို အစ်ကိုကြီးကပဲ ကိုင်တွယ်လိုက်မယ်" လို့ ပြောလိုက်တယ်။

"ကျွန်တော်..."

"ဘာမှ ဆက်မပြောနဲ့တော့" ကုရှင်းနော့က မျက်နှာကို တင်းထားပြီး ပြောလိုက်တယ်။ "ဘာဖြစ်နေလဲဆိုတာကို ငါ သိပြီ။ မင်းသမီးကို အကြာကြီး စောင့်ခိုင်းထားလို့ မဖြစ်ဘူး၊ ငါတို့ မျှော်နန်းထဲ သွားရအောင်"

ကုရှင်းလန်က အလောတကြီးနဲ့ "အစ်ကို... အစ်ကို ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ကျွန်တော့်ကို ပြောပြသင့်တယ်လေ" လို့ ပြောလိုက်တယ်။

"ဒီကောင်လေး" ကုရှင်းနော့က မတ်တတ်ရပ်လိုက်ပြီး လက်ချောင်းတွေကို ကွေးကာ သူ့ညီလေးရဲ့ နဖူးကို တစ်ချက် ခေါက်လိုက်တယ်။

"ဒီလိုကိစ္စမျိုးက လေတစ်ချက် မှုတ်လိုက်ရုံနဲ့ ပြီးသွားမဲ့ ကိစ္စများ မှတ်နေလား။ ငါ့ကို အချိန်ပေးရဦးမယ်လေ"

ကုရှင်းလန်က အခေါက်ခံရလို့ နာသွားတဲ့ နဖူးကို ပွတ်ရင်း ကုအစ်ကိုကြီးကို ရုတ်တရက် ပြောလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ယုံရှန်းကျောင်းတော်က မင်းသမီးကို ဒုက္ခပေးတာကို ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ဘူး။ ဖုန်းလင်က ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး။ သူက မင်းသမီးကို ဒုက္ခပေးဖို့ ကြံတယ်ဆိုရင် ကျွန်တော် သူနဲ့..." ကုတတိယသခင်လေးက ရိုင်းစိုင်းတဲ့ စကားတွေကို သိပ်မပြောတတ်ဘူး။ ဒါကြောင့် စကားပြောရင်းနဲ့ နောက်ဆက်တွဲ စကားလုံးတွေ ပျောက်သွားတယ်။

ကုရှင်းနော့က ပြုံးပြီး "မင်းက ဘာလုပ်ချင်လို့လဲ" လို့ မေးလိုက်တယ်။

ကုရှင်းလန်က မျက်နှာကို တင်းလိုက်ပြီး ရိုင်းစိုင်းစွာနဲ့ "ကျွန်တော် သူ့အသက်ကို ယူမယ်" လို့ ပြောလိုက်တယ်။

ကုရှင်းနော့က ညီဖြစ်သူရဲ့ ပခုံးကို ပုတ်လိုက်ပြီး "ငါ သိပါပြီ" လို့ ရိုးရိုးလေးပဲ ပြန်ဖြေတယ်။

ကုရှင်းလန်က "အစ်ကိုကြီး" လို့ ခေါ်လိုက်တယ်။

ကုရှင်းနော့က တိုးတိုးလေး ပြောပြတယ်။ "စိတ်ချပါ။ မင်းသမီးကလည်း ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲလေ။ ငါလည်း ဖုန်းလင်ရဲ့ အသက်ကို ယူမှာပါ။ အစ်ကိုကြီး ရှိနေသရွေ့ မင်းသမီးကို ဘာမှ အထိခိုက်ခံမှာ မဟုတ်ဘူး" ကုရှင်းလန်ရဲ့ အင်္ကျီကော်လာ စောင်းနေတာကို မြင်တော့ ကုရှင်းနော့က ဆောင့်ကြောင့်ထိုင်ပြီး သူ့ညီလေးရဲ့ ကော်လာကို သေသေချာချာ ပြင်ပေးလိုက်တယ်။ ပြီးတော့ ကုရှင်းလန်ကို "အခု မိုးပိုသည်းလာပြီ၊ မင်း ချမ်းနေလား" လို့ မေးလိုက်တယ်။

သူ့အစ်ကိုကြီးရဲ့ နောက်ဆုံး မေးခွန်းကို ကုရှင်းလန် မကြားလိုက်ပေမဲ့ ကုတတိယသခင်လေးကတော့ အခုမှ စိတ်အေးသွားရတယ်။ သူက အခု လမ်းတောင် မလျှောက်နိုင်ဘူး။ ရှန်ကျုံးဧကရာဇ်နဲ့ လိုက်သွားပြီး ဗြောင်လိမ်နေတာကလွဲလို့ သူက ဘာမှ မလုပ်နိုင်ဘူးလေ။ အနည်းဆုံးတော့ အားကိုးစရာ အစ်ကိုကြီး တစ်ယောက် ရှိနေတာက ကုရှင်းလန်ရဲ့ စိတ်ကို နည်းနည်း သက်သာရာ ရစေတယ်။

ကုရှင်းနော့က သူ့မေးခွန်းကို ကုရှင်းလန်က မဖြေတာကို ကြည့်ပြီး ဒီညီလေးရဲ့ စိတ်တွေ ဘယ်ရောက်နေလဲဆိုတာ သိတာကြောင့် သက်ပြင်းတစ်ချက် ချလိုက်တယ်။ ပြီးတော့ ကုရှင်းလန်ရဲ့ အပြင်ထွက်နေတဲ့ လက်ကို ကိုင်ကြည့်လိုက်တဲ့ အခါ လက်က နွေးနေသေးတာကို သိရလို့ ကုအစ်ကိုကြီးက စိတ်အေးသွားတယ်။

"အစ်ကိုကြီး၊ ရှောင်ကု" ဒီအချိန်မှာ ယွီးရှောင်ရှောင်က ရှစ်ထောင့်မျှော်နန်းထဲမှာ အစားအသောက်တွေ ရောက်လာပြီဖြစ်လို့ စင်္ကြံလမ်းထဲက ကုရှင်းနော့နဲ့ ကုရှင်းလန်ကို လှမ်းအော်လိုက်တယ်။

"စားစရာတွေ လာပြီ၊ မြန်မြန်လာကြ။ ရှောင်ကျွမ်း၊ ရှောင်ဝေ၊ နင်တို့လည်း မြန်မြန် လာစားကြ"

"ငါတို့ သွားကြရအောင်" ကုရှင်းနော့က နောက်ကို လှည့်ပြီး ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို "မင်းတို့လည်း ဆာနေပြီမလား" လို့ မေးလိုက်တယ်။

ရှောင်ဝေက ချက်ချင်း "သခင်ကြီး... ကျွန်တော်မျိုးတို့ မဆာပါဘူး" လို့ ပြန်ဖြေတယ်။

ကုရှင်းနော့က ရှောင်ဝေရဲ့ ကိုယ့်ကိုယ်ကိုယ် "ကျွန်တော်မျိုး" လို့ ခေါ်တာကို ကြားတော့ ရယ်ပြီး ပြောလိုက်တယ်။

"မင်းက အရမ်းကို သတိထားလွန်းတာပဲ။ မင်းသမီးနဲ့ သမက်တော်ကတောင် မင်းတို့ကို ကျွန်တော်မျိုးလို့ မခေါ်ခိုင်းတော့တာကို၊ မင်းက ဘာလို့ ကျွန်တော်မျိုးလို့ ခေါ်နေရတာလဲ"

ရှောင်ဝေက ရယ်ပြီး ခေါင်းငုံ့သွားတယ်။

"သွားကြစို့" ကုရှင်းနော့က ထီးကို ဖွင့်ပြီး စင်္ကြံလမ်းကနေ အရင် ထွက်သွားတယ်။

ရှောင်ကျွမ်းက ရှောင်ဝေနဲ့ အတူ ကုရှင်းလန်ကို သွားမတဲ့ အချိန်မှာ တိုးတိုးလေး ညည်းတွားလိုက်တယ်။

"သခင်ကြီးက သမက်တော်အပေါ် ဆက်ဆံတာက သားတစ်ယောက်ကို မွေးထားသလိုမျိုးလို့ မထင်ဘူးလား"

ရှောင်ဝေက မျက်ခုံးပင့်လိုက်တယ်။ သမက်တော်က ငယ်ငယ်လေးကတည်းက ဖခင် မရှိတော့ဘူးလေ။ အစ်ကိုကြီးဆိုတာ ဖခင်နဲ့တူတယ်ဆိုတဲ့ စကားရှိတယ်မလား။ ကုအစ်ကိုကြီးက ကုတတိယသခင်လေးအတွက်တော့ ဖခင်ရော အစ်ကိုပါ ဖြစ်နေတာပဲလေ။

ကုရှင်းလန် ရှစ်ထောင့်မျှော်နန်းထဲကို ဝင်သွားတဲ့ အချိန်မှာ ကျော်ယို့က ယွီးရှောင်ရှောင်ကို ကဏန်း ဘယ်လိုစားရမလဲဆိုတာ ရှင်းပြနေတယ်။ ပြောပြရုံတင် မကဘူး၊ သေနာပတိချုပ်ကြီးက ကိုယ်တိုင် အခွံနွှာပြပြီး ကဏန်းအသားကို ယွီးရှောင်ရှောင်ရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်သေးတယ်။ ကုတတိယသခင်လေးက ဒီမြင်ကွင်းကို ကြည့်ပြီး မျက်နှာက ချက်ချင်း မည်းမှောင်သွားတယ်။ သူ ဒီကျော်ယို့ကို သည်းခံနေတာ ကြာပြီလေ။

ကျင်းမော့က ကုရှင်းနော့ကို ကြည့်ပြီး ရယ်ကာ ပြောလိုက်တယ်။

"ဂန္ဓမာပန်းပွင့်ရင် ကဏန်းလာစားရတယ်။ ဒီနေ့က ဂန္ဓမာပန်းတွေကြည့်ပြီး ကဏန်းစားဖို့ အားလုံးကို ဖိတ်ထားတာပါ။ သခင်ကြီးကု ဘယ်လိုသဘောရလဲ"

ကုရှင်းနော့ ဘာမှ မပြောရသေးခင်မှာပဲ ယွီးရှောင်ရှောင်က သူမလက်ထဲက ကဏန်းလက်မကို ကြည့်ပြီး "ဒီဟာက ဗိုက်မဝဘူး။ ထမင်းပဲ လာချပေးပါတော့" လို့ ပြောလိုက်တယ်။ ယွီးရှောင်ရှောင်အတွက် ကဏန်းဆိုတာက ပုံပြင်ထဲက သတ္တဝါ တစ်ကောင်ပါပဲ။ အခု အစစ်ကို တွေ့ရတော့ အရသာ ဘယ်လိုနေလဲဆိုတာထက် ဒီအရာက ဗိုက်ဝနိုင်ပါ့မလား ဆိုတာကိုပဲ မင်းသမီးလေးက ဂရုစိုက်တယ်။

ကျင်းမော့ တစ်ယောက် ဘာစိတ်မှ မရှိတော့ဘူး။ ဒီလူတွေကို ပန်းကန်လုံးကြီး စားသောက်ဆိုင်ကိုပဲ ခေါ်သွားသင့်တယ်။ အဲဒီနေရာကမှ ဖုန်းထျန်းရဲ့ ဒီမင်းသမီးလေးနဲ့ ကိုက်ညီတာ။

"မီးဖိုချောင်ကို သွားပြီး မြန်မြန်လုပ်ဖို့ ပြောလိုက်" ကျင်းမော့က သူ့အနောက်မှာ ရပ်နေတဲ့ အစေခံကို ပြောလိုက်တယ်။ "ထမင်းနဲ့ ဟင်းတွေ မြန်မြန် လာချပေးဖို့ ပြောလိုက်"

အစေခံက ချက်ချင်း "ဟုတ်ကဲ့ပါ" လို့ ပြန်ဖြေပြီး မျှော်နန်းထဲကနေ ထွက်သွားတယ်။

ကုရှင်းနော့က စားပွဲဝိုင်းကို ကြည့်ပြီး ပြုံးကာ ပြောလိုက်တယ်။ "ထိုင်စရာ နေရာ မလောက်ဘူး ထင်တယ်"

စားပွဲဝိုင်းမှာ သစ်သားကုလားထိုင် ငါးလုံး ရှိတယ်။ ကုမိသားစု ညီအစ်ကို နှစ်ယောက် ထိုင်ဖို့က အဆင်ပြေပေမဲ့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ပါ ထိုင်ဖို့ဆိုရင်တော့ ကုလားထိုင် နှစ်လုံး လိုနေတယ်။

ကျော်ယို့က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ကြည့်လိုက်တယ်။ ကိုယ်ရံတော်က သခင်နဲ့ တစ်စားပွဲတည်း ထိုင်စားရတဲ့ ထုံးစံ ရှိလို့လား။

ကျင်းမော့က ပြုံးပြီး မတ်တတ်ရပ်ကာ ပြောလိုက်တယ်။

"ကုလားထိုင် မလောက်ရင် အစေခံတွေကို ယူလာခိုင်းလိုက်ရင် ရပါတယ်။ သခင်ကြီးကု... ဒီခြံဝင်းထဲမှာ ဂန္ဓမာပန်း ကြည့်လို့ကောင်းတဲ့ နေရာ နောက်တစ်နေရာ ရှိသေးတယ်။ ကျွန်တော် ခေါ်သွားပြမယ်လေ"

ကုရှင်းနော့က ကျင်းမော့ကို လက်အုပ်ချီပြီး "ကျွန်တော်လည်း သွားချင်နေတာပါ။ ကျေးဇူးတင်ပါတယ် မင်းသားကြီး" လို့ ပြောလိုက်တယ်။

"ကျော်ယို့" ကျင်းမော့က ကဏန်းနဲ့ အလုပ်ရှုပ်နေတဲ့ ကျော်ယို့ကို ကြည့်ပြီး "မင်းလည်း ငါတို့နဲ့ အတူ လိုက်ခဲ့လေ" လို့ ပြောလိုက်တယ်။

ကျော်ယို့က ခေါင်းတောင် မမော့ဘဲ "ငါ မလိုက်ဘူး။ ငါက ဂန္ဓမာပန်းမှ မကြည့်ချင်တာ" လို့ ပြန်ဖြေတယ်။

ကျင်းမော့က ခါးကို ကိုင်းပြီး ကျော်ယို့ရဲ့ ပခုံးပေါ်ကို လက်တင်ကာ တိုးတိုးလေး မေးလိုက်တယ်။

"မင်း ဒီကို လာတာ တကယ်ပဲ စားဖို့ လာတာလား"

ကျော်ယို့ "မင်း ဘာပြောချင်တာလဲ"

"ယုံရှန်းကျောင်းတော်" ကျင်းမော့က ကျော်ယို့ကို အဲဒီ နာမည်ကိုပဲ ပြောလိုက်တယ်။

ကျော်ယို့က လက်ထဲက ကဏန်းလက်မကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ယွီးရှောင်ရှောင်ကို ကဏန်းအခွံ ဘယ်လိုနွှာရမလဲဆိုတာ လက်တွေ့ သင်ပေးနေတဲ့ ကုရှင်းလန်ကို တစ်ချက် ကြည့်ကာ အသံကျယ်ကြီးနဲ့ ဟိန်းဟောက်လိုက်တယ်။ ထို့နောက် မတ်တတ်ရပ်ပြီး စိတ်မရှည်စွာနဲ့ "ဒါဆိုလည်း သွားမယ်လေ။ မင်းပြောတဲ့ ဂန္ဓမာပန်းက ဘယ်မှာလဲ" လို့ ပြောလိုက်တယ်။

ယွီးရှောင်ရှောင်က ကျော်ယို့ကို သံသယနဲ့ မော့ကြည့်လိုက်တယ်။ ဒီလူက ဂန္ဓမာပန်းလို့ ပြောလိုက်တိုင်း မင်းသမီးလေးက သူမရဲ့ ရှောင်ကုရဲ့ ဂန္ဓမာပန်းအတွက် စိုးရိမ်နေမိတယ်။ (သိတယ်မလား)

"မင်းသမီး... ငါတို့ ခဏလောက် သွားလိုက်ဦးမယ်" ကျင်းမော့က အပြုံးလေးနဲ့ ယွီးရှောင်ရှောင်ကို သင့်လျော်စွာ နှုတ်ဆက်လိုက်တယ်။

"ရပါတယ်၊ သွားကြပါ" စားပွဲပေါ်က ကဏန်းနဲ့ ဟင်းတွေကို ယူမသွားသရွေ့တော့ ယွီးရှောင်ရှောင်က ဘာမှ မပြောပါဘူး။

"ကျွန်တော် ခဏ သွားလိုက်ဦးမယ်" ကုရှင်းနော့ကလည်း ခါးကို ကိုင်းပြီး ကုရှင်းလန်ကို တိုးတိုးလေး ပြောလိုက်တယ်။ "မင်းက မင်းသမီးနဲ့ ဒီမှာ သေချာ စားနော်"

ကုရှင်းလန်က ခေါင်းညိတ်လိုက်တယ်။

ကုရှင်းနော့က ယွီးရှောင်ရှောင်ကို ထပ်ပြောတယ်။ "မင်းသမီး... ကျွန်တော် ခဏ သွားလိုက်ဦးမယ်"

"အင်း" ယွီးရှောင်ရှောင်က ကုရှင်းနော့ကို မော့ကြည့်လိုက်တယ်။ ပါးစပ်ဘေးမှာ ကဏန်းဥတွေ အများကြီး ပေနေတာကို မြင်တော့ ကုအစ်ကိုကြီးက ထပ်ပြီး သက်ပြင်းချချင်သွားပြန်တယ်။

ကျင်းမော့က ရှစ်ထောင့်မျှော်နန်းထဲကနေ အရင် ထွက်သွားပြီး သူ့နောက်က လိုက်လာမဲ့ အစေခံတွေကို မလိုက်ခဲ့ဖို့ လက်ပြလိုက်တယ်။ ကိုယ်တိုင် ထီးဆောင်းပြီး ကျော်ယို့နဲ့ ကုရှင်းနော့တို့ကို ခေါ်ကာ ကန်ဘေးနဲ့ ရှစ်ထောင့်မျှော်နန်းကို ဆက်သွယ်ထားတဲ့ သစ်သားတံတားပေါ်ကနေ လျှောက်သွားကြတယ်။ ကန်ဘောင်ကို ရောက်တော့ စင်္ကြံလမ်းရဲ့ အကွေ့ကို ဖြတ်ပြီး တခြား ခြံဝင်းတစ်ခုဆီကို တန်းသွားကြတယ်။

ယွီးရှောင်ရှောင်က ရှစ်ထောင့်မျှော်နန်းထဲမှာ ကုရှင်းလန် ခွာပေးတဲ့ ကဏန်းအသားတွေကို စားရင်း ကုရှင်းလန်ကို ပြောလိုက်တယ်။ "ဒီဟာ လာစားရမယ်မှန်း သိရင် ငါတို့ ပန်းကန်လုံးကြီး စားသောက်ဆိုင်ကိုပဲ သွားတာ ပိုကောင်းမယ်"

ကုရှင်းလန်က "မင်းသမီးက ကဏန်းကို မကြိုက်လို့လား" လို့ မေးလိုက်တယ်။

"အင်း..." ယွီးရှောင်ရှောင်က ခဏ တွေဝေသွားပြီးမှ "အရသာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဗိုက်မဝဘူး" လို့ ပြောလိုက်တယ်။

ကုရှင်းလန်က စိတ်ထဲမှာ အတော်လေး အခက်တွေ့သွားတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ပုံစံကို ကြည့်ရတာ မင်းသမီးအတွက်ဆိုရင် ယုံရှန်းကျောင်းတော်ကိုတောင် ရန်သူလုပ်ရဲတဲ့ ပုံပဲ။ မင်းသမီးကို အငတ်ထားမဲ့ပုံ မပေါ်ပါဘူး။ သူ့ဇနီးက နေ့တိုင်း ဗိုက်မဝမှာကို စိုးရိမ်နေတာ ဘယ်လိုဖြစ်ရတာလဲ။

…

All Chapters