← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အပိုင်း (၁၄၉) ကျော်ယို့ရဲ့ ဝမ်းနည်းမှု

သစ်သားမျှော်နန်းထဲမှာ ကျင်းမော့တို့ သုံးယောက် စကားပြောပြီးသွားတဲ့ အချိန်မှာတော့ ယွီးရှောင်ရှောင်လည်း စားလို့ ပြီးသွားပြီ။ မင်းသမီးလေးက ကဏန်းဆိုတဲ့ အစားအစာကို အမြဲတမ်း ခွဲခြားဆက်ဆံတတ်သလို ကုရှင်းလန်ကလည်း ဒဏ်ရာရထားလို့ ကဏန်းလို အေးတဲ့ အစားအစာကို စားလို့မရတာကြောင့် နောက်ဆုံးမှာတော့ ကျင်းမော့က ပန်းချီပြခန်း ပိုင်ရှင်ကို ပြင်ဆင်ခိုင်းထားတဲ့ အသားများများနဲ့ အရသာရှိတဲ့ ကဏန်းတွေက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ရဲ့ ဗိုက်ထဲကိုပဲ ရောက်သွားတော့တယ်။

ယွီးရှောင်ရှောင်က မျှော်နန်းအပြင်ဘက်မှာ စောင့်နေတဲ့ အစေခံတွေကိုပါ လာစားဖို့ ခေါ်ချင်တာ၊ မင်းသမီးလေးမှာ စိတ်ကူးရှိပေမဲ့ အစေခံတွေကတော့ ရှစ်ထောင့်မျှော်နန်းထဲ ဝင်စားရဲတဲ့ သတ္တိ မရှိကြဘူး။

ကုရှင်းလန်က အခွင့်အရေးရတုန်း သူ့ဇနီးလေးကို မေးလိုက်တယ်။ "ရှောင်ရှောင်... မင်းက ဘယ်ပန်းကို ကြိုက်လဲ"

ယွီးရှောင်ရှောင်က တစ်စက္ကန့်လေးတောင် မစဉ်းစားဘဲ ပြန်ဖြေလိုက်တယ်။ "ပန်းလား ငါက မြေပဲနဲ့ ပေါက်စီကို ကြိုက်တယ်"

ကုတတိယသခင်လေးလည်း ဆက်ပြီးတော့ ဝမ်းနည်းနေရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ သူတို့ကိုယ်သူတို့ မရှိသလို ဟန်ဆောင်ပြီး ကဏန်းကိုသာ အပူတပြင်း စားနေကြတယ်။ သူတို့က မင်းသမီးလေးကို ရိုသေလေးစားတာ မှန်ပေမဲ့ နောင်တစ်ချိန် မိန်းမယူရင်တော့ သာမန်မိန်းကလေးမျိုးကိုပဲ ယူတာ ကောင်းမယ်လို့ ညီအစ်ကို နှစ်ယောက်လုံး တွေးမိကြတယ်။ အနည်းဆုံးတော့ စကားပြောရင် နားလည်နိုင်မဲ့ မိန်းမမျိုးပေါ့။

ကုရှင်းနော့က ရှစ်ထောင့်မျှော်နန်းထဲ ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ညီလေးက စိတ်ရှုပ်နေတဲ့ပုံ ပေါက်နေတာကို မြင်လိုက်ရတယ်။ သူ စကားတောင် မပြောရသေးခင်မှာပဲ ယွီးရှောင်ရှောင်က ပဲနီလေးပေါက်စီ နှစ်လုံးကို သူ့လက်ထဲ ထည့်ပေးရင်း ပြောလိုက်တယ်။

"အစ်ကိုကြီး... ပေါက်စီ စားလိုက်ပါ။ ဒီပေါက်စီက အချိုလေ၊ အစ်ကိုကြီးအတွက် အများကြီး ချန်ထားပေးပါတယ်။ အစ်ကိုကြီး ဗိုက်ဝအောင် စားနော်"

ညီမလေးက မျက်နှာမှာ ခံစားချက် မရှိသလောက် ဖြစ်နေပေမဲ့ စကားပြောတာကတော့ အရမ်းကို နွေးထွေးလွန်းလှတာကြောင့် ကုရှင်းနော့လည်း ပေါက်စီကို ပါးစပ်နားတေ့ပြီး တစ်ကိုက် ကိုက်လိုက်မိတယ်။ အချိုမကြိုက်တဲ့ ကုအစ်ကိုကြီးအတွက် ပဲနီလေးအချိုက အရမ်းချိုလွန်းလို့ ပါးစပ်ထဲ ငုံထားရင်း မျိုချလို့လည်း အဆင်မပြေ၊ ထွေးထုတ်လို့လည်း မဖြစ်တဲ့ အခြေအနေကို ရောက်သွားတယ်။

ကုရှင်းလန်က သူ့အစ်ကိုကြီး အချိုမစားဘူးဆိုတာ သိပေမဲ့ သူ ဝင်တားဖို့ လုပ်လိုက်တဲ့ အချိန်မှာ သူ့အစ်ကိုကြီးက ပါးစပ်ဟပြီး စားလိုက်ပြီလေ။

ယွီးရှောင်ရှောင်က မျှော်လင့်တကြီးနဲ့ "ဘယ်လိုလဲ။ စားလို့ ကောင်းတယ်မလား" လို့ မေးလိုက်တယ်။

ကုရှင်းနော့က ပဲနီလေးပေါက်စီကို ဗိုက်ထဲ မျိုချလိုက်ပြီး ခေါင်းညိတ်ကာ "စားလို့ ကောင်းပါတယ်" လို့ ပြောလိုက်တယ်။

"ဒါဆိုရင်လည်း အများကြီး စားပေါ့" ယွီးရှောင်ရှောင်က အိမ်ပြန်ရင် ဖြည်းဖြည်းချင်း စားဖို့ ထုပ်ထားတဲ့ ပဲနီလေးပေါက်စီတွေကို ထုတ်ပေးလိုက်ပြီး ကုရှင်းနော့ကို ပြောလိုက်တယ်။

"ရှောင်ကုက သူ အချိုမကြိုက်ဘူးလို့ ပြောတယ်။ အစ်ကိုကြီးက ကြိုက်တယ်ပေါ့။ ဒီမှာ အများကြီး ရှိသေးတယ်။ အစ်ကိုကြီး ထိုင်ပြီး စားလိုက်။ မလောက်ရင်... ကျင်းမော့၊ ပေါက်စီ နည်းနည်း ထပ်ရနိုင်မလား"

ကျင်းမော့ မင်းသားကြီးအတွက်တော့ ပဲနီလေးပေါက်စီ ထပ်မှာပေးဖို့က ပြဿနာ မဟုတ်ပါဘူး။

ကုရှင်းနော့က "မင်းသမီး... ကျွန်တော် အခု သိပ်မဆာသေးလို့ပါ" လို့ ပြောလိုက်တယ်။

"လူတွေက မဆာရင် ဘာမှ မစားတော့ဘူးလား။ ဗိုက်ဆာမှ စားရင် နောက်ကျသွားလိမ့်မယ်"

ယွီးရှောင်ရှောင်က ကုရှင်းနော့အတွက် ကုလားထိုင် ဆွဲပေးပြီး ထိုင်စားခိုင်းလိုက်တယ်။ အစားအစာ ရှိတုန်း စားထားရမယ်လေ၊ ဗိုက်ဆာတဲ့အချိန်ကျမှ ဘေးမှာ အစားအစာ ရှိနေမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ကမ္ဘာပျက်ကပ်မှာ ကလေးလေးတွေတောင် သိတဲ့ ဒီအမှန်တရားကို ဒီကမ္ဘာက လူတွေက လုံးဝ သတိမထားမိကြဘူးပဲ။

ကုရှင်းနော့က ထိုင်လိုက်ပြီး လက်ထဲက ပေါက်စီကို ကြည့်ကာ သူ အချိုမကြိုက်ဘူးလို့ အခုချိန်မှ ပြောရင် မှီပါဦးမလားလို့ တွေးနေမိတယ်။

ကျော်ယို့က သူ့တိုင်းပြည်က တိုင်းပြည်ရေး ကိစ္စတွေကို တွေးပြီး စိတ်ရှုပ်ထွေးနေတုန်းမှာပဲ သူ့လက်ထဲကို ပေါက်စီ တစ်လုံး ရောက်လာတယ်။

ယွီးရှောင်ရှောင်က "ရှင်လည်း စားလိုက်ပါဦး။ ဒီနေ့ ကျွန်မကို လာကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။ တကယ်တော့ ကျော်ယို့ လာကယ်ဖို့ မလိုပေမဲ့ ဒီလို ကျေးဇူးတင်စကားကိုတော့ ယွီးရှောင်ရှောင်က ပြောသင့်တယ်လို့ ထင်တာကိုး။

အဖြူရောင် ပေါက်စီသား၊ နူးညံ့ပြီး အငွေ့တထောင်းထောင်း ထနေတဲ့ ပဲနီလေးပေါက်စီကို ကိုင်ထားရင်း ကျော်ယို့က တံတွေး တစ်ချက် မျိုချလိုက်ပြီး နှစ်ကိုက်တည်းနဲ့ အကုန်စားလိုက်ကာ ယွီးရှောင်ရှောင်ကို "အရသာရှိတယ်" လို့ ပြောလိုက်တယ်။

ကျော်ယို့ရဲ့ ပုံစံကို ကုမိသားစု ညီအစ်ကို နှစ်ယောက် မြင်တော့ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားကြတယ်။ ကျင်းမော့ကတော့ မျက်နှာလွှဲထားလိုက်တယ်။ ဒီကောင်က အမြီးသာ ပါရင် လင်းလုံမင်းသမီးကို အမြီးတနှံ့နှံ့နဲ့ လုပ်ပြနေလောက်ပြီ။ ယွီးလင်းလုံနဲ့ တွေ့တာနဲ့ ဒီလောက်တောင် အရူးအမူး ဖြစ်နေရလား၊ ဒီရောဂါက ကုလို့ရပါဦးမလား။

ယွီးရှောင်ရှောင်က စားပွဲပေါ်က ပေါက်စီတွေကို ကြည့်ပြီး နှမြောနေပေမဲ့ နောက်ထပ် ပေါက်စီ နှစ်လုံး ယူပြီး ကျော်ယို့ကို ပေးကာ "ဒါဆိုလည်း နောက်ထပ် နှစ်လုံး စားလိုက်ဦး" လို့ ပြောလိုက်တယ်။

ကျော်ယို့က ပေါက်စီတွေကို ကိုင်ထားရင်း ယွီးရှောင်ရှောင်ကို "မင်းသမီး... ကျွန်တော် ဒီည ဖုန်းထျန်းကနေ ပြန်တော့မယ်" လို့ ပြောလိုက်တယ်။

ယွီးရှောင်ရှောင် ချက်ချင်းပဲ သက်ပြင်းချနိုင်သွားတယ်။ အား... သူမရဲ့ ရှောင်ကု လုံခြုံသွားပြီ။

ကျော်ယို့က "မင်းသမီး... နောက်ကျရင် ပိုင်ဟူတိုင်းပြည်ကို လာလည်ပါ။ ကျွန်တော် မင်းသမီးကို ပိုင်ဟူမှာရှိတဲ့ အရသာရှိတဲ့ အစားအစာတွေ အကုန်လုံး လိုက်ကျွေးပါ့မယ်" လို့ ပြောလိုက်တယ်။

ကျင်းမော့က ရယ်ပြီး "ကျော်ယို့... မင်းသမီးက ဖုန်းထျန်းရဲ့ မင်းသမီးလေ၊ မင်းတို့ ပိုင်ဟူကို ဘယ်လိုလုပ် လာလို့ ရမှာလဲ" လို့ မေးလိုက်တယ်။ ပိုင်ဟူက ဖုန်းထျန်းကို တိုက်ခိုက်ပြီး ယွီးလင်းလုံကို ဖမ်းသွားမှလား၊ ဒါမှမဟုတ် ဖုန်းထျန်းက ပိုင်ဟူကို တိုက်ခိုက်ပြီး လင်းလုံမင်းသမီးက ဖုန်းထျန်းရဲ့ နယ်မြေသစ်ကို သွားကြည့်မှလား။

ကျော်ယို့က ကျင်းမော့ကို မျက်စောင်းထိုးပြီး "မင်းသမီးက သံတမန်အနေနဲ့ ကျွန်တော့်ဆီ လာလို့ ရတာပဲလေ" လို့ ပြောလိုက်တယ်။

ကျင်းမော့ကတော့ ဒီကောင် လုံးဝ မလွယ်တော့ဘူးဆိုတာ သေချာသွားပြီ။ မင်းသမီးကို သံတမန် လုပ်ခိုင်းတယ်တဲ့လား။ ရှန်ကျုံးဧကရာဇ်ရဲ့ သားတွေ အကုန်သေသွားပါစေလို့ ကျိန်ဆဲနေတာလား။ မင်းသားတွေ ရှိနေရက်နဲ့ မင်းသမီးကို သံတမန်အနေနဲ့ တခြားတိုင်းပြည်ကို လွှတ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူးလေ။

ကျော်ယို့က ယွီးရှောင်ရှောင်ကို "မင်းသမီး... ကျွန်တော် ဖုန်းထျန်းကို ပြန်လာပြီး မင်းသမီးကို လာတွေ့ပါဦးမယ်" လို့ ပြောလိုက်တယ်။

ယွီးရှောင်ရှောင်က ကျော်ယို့ကို ကြည့်ပြီး ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါဘူး။ အချိန်တောင် အတိအကျ မရှိတဲ့ ဒီလို ပြန်တွေ့ဖို့ ကတိတွေက ယွီးရှောင်ရှောင်ရဲ့ ဘဝအတွေ့အကြုံအရဆိုရင် အများအားဖြင့် အကောင်အထည် ပေါ်မလာတတ်ဘူးလေ။

ကျော်ယို့က ယွီးရှောင်ရှောင် စိုက်ကြည့်နေတာကို သူမက သူ့ကို တားနေတယ်လို့ ထင်သွားပြီး စစ်သေနာပတိချုပ်ကြီးက ရုတ်တရက် ဝမ်းနည်းသွားတယ်။ သူ့မိသားစုအတွက်သာ မဟုတ်ရင် သူ လုံးဝ ပြန်မှာ မဟုတ်ဘူး။

ကုရှင်းလန်က ဒီအချိန်မှာ "မင်းသမီး... ငါတို့ သွားကြရအောင်" လို့ ပြောလိုက်တယ်။

"အင်း" ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ဘေးကို ပြန်သွားပြီး ကုရှင်းနော့ ရှေ့မှာ တစ်လုံးမှ မလျော့သေးတဲ့ ပေါက်စီတွေကို ကြည့်ကာ "အစ်ကိုကြီး ဘာလို့ မစားတာလဲ" လို့ မေးလိုက်တယ်။

ကုရှင်းနော့က ပဲနီလေးပေါက်စီ တစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်လိုက်ပြီး "ကျန်တာတွေကို အိမ်ရောက်မှ စားမယ်လေ" လို့ ပြောလိုက်တယ်။

"ဒါဆို အိမ်ပြန်ကြတာပေါ့" ယွီးရှောင်ရှောင်က "ရှောင်ကုလည်း မစားရသေးဘူး" လို့ ပြောလိုက်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ပြိုင်တူ ချောင်းဆိုးလိုက်ကြတယ်။ ဒါဆို ဒီစားပွဲပေါ်က ဟင်းတွေကို ဘယ်သူတွေ စားသွားတာလဲ။ ဟုတ်ပါတယ်... မင်းသမီးက အများဆုံး စားသွားပေမဲ့ သမက်တော်ကလည်း နည်းနည်းလေးမှ မလျော့ပါဘူး။

ယွီးရှောင်ရှောင်က ကျင်းမော့ကို နှုတ်ဆက်တာကို ကြည့်ပြီး ကျော်ယို့က ခြေဆောင့်ကာ အရင် ထွက်သွားတယ်။ ယွီးရှောင်ရှောင် ထွက်သွားတာကို သူ မကြည့်ချင်ဘူးလေ၊ မင်းသမီးလေးကပဲ သူ ထွက်သွားတာကို ကြည့်ပါစေတော့။

"တစ်ခုခု ဖြစ်လို့လား" ယွီးရှောင်ရှောင်က ကျော်ယို့ ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး ကျင်းမော့ကို မေးလိုက်တယ်။

"ကျော်ယို့ သိပ်မပျော်သလိုပဲ"

ကျင်းမော့က ပြုံးလိုက်တယ်။ 'မင်းသမီးက ကျော်ယို့ မပျော်ဘူးဆိုတာကို သိသားပဲ၊ ကျော်ယို့တော့ သေပျော်ပြီပေါ့'

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ လက်ကို ဆွဲလိုက်ပြီး "ငါတို့ သွားကြရအောင်၊ အစ်ကိုကြီး ပြောတာက အဘိုးက အိမ်မှာ စောင့်နေတယ်တဲ့" လို့ ပြောလိုက်တယ်။

ရေသောက်နေတဲ့ ကုရှင်းနော့က သူ့ညီလေးရဲ့ စကားကို ကြားတော့ ရေနင်သွားတယ်။ သူ့ညီက အိမ်မြန်မြန် ပြန်ချင်လို့ အဘိုးကိုတောင် အသုံးချလိုက်ပြီပဲ။ ယွီးရှောင်ရှောင်ကို ပြုံးပြနေတဲ့ ကျင်းမော့ကို ကြည့်ပြီး ကုရှင်းနော့က ရေခွက်ကို ချလိုက်တယ်။ 'စောစော အိမ်ပြန်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ'

ကျင်းမော့က ယွီးရှောင်ရှောင်တို့ အဖွဲ့ကို လိုက်ပို့ပေးတယ်။ ပန်းချီပြခန်း တံခါးဝရောက်တော့ ပန်းချီပြခန်း ပိုင်ရှင်ကို လက်ယပ်ခေါ်ပြီး "အဲဒီ ကျော်တောက်ကျစ်ရဲ့ အမျိုးသမီး ပန်းချီကားကို ကျောက်စိမ်းသေတ္တာနဲ့ ထည့်ပြီး နောက်ကျရင် ကုအိမ်တော်ကို ပို့ပေးလိုက်။ ငါက မင်းသမီးနဲ့ သမက်တော်အတွက် လက်ဆောင်ပေးတာလို့ ပြောလိုက်" လို့ ညွှန်ကြားလိုက်တယ်။

"မင်းသားကြီး... အဲဒီ ပန်းချီကားက..." ပန်းချီပြခန်း ပိုင်ရှင်က ကျင်းမော့ရဲ့ စကားကို ကြားတာနဲ့ မျက်နှာပျက်သွားတယ်။ အဲဒါ ကျော်တောက်ကျစ်ရဲ့ ပန်းချီကားလေ၊ တန်ဖိုးမဖြတ်နိုင်ဘူး။

"ထပ်မပြောနဲ့တော့" ကျင်းမော့က ပန်းချီပြခန်း ပိုင်ရှင်ကို တစ်ချက် စိုက်ကြည့်လိုက်တော့ အေးစက်တဲ့ အကြည့်ကြောင့် ပန်းချီပြခန်း ပိုင်ရှင် ခေါင်းငုံ့သွားတယ်။

"သခင်" ကိုယ်ရံတော်တပ်မှူးက ကျင်းမော့ရဲ့ ဘေးမှာ တိုးတိုးလေး ပြောလိုက်တယ်။ "ကျွန်တော်တို့ မနက်ဖြန် ထွက်ခွာရမှာဆိုတော့ သခင် စောစော အနားယူတာ ကောင်းမယ်"

"ငါ ဖုန်းထျန်းမှာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေဦးမယ်" ကျင်းမော့က ပန်းချီပြခန်းထဲကို ပြန်ဝင်ရင်း ပြောလိုက်တယ်။ "သူတို့ကို ပြန်ပြောလိုက်... ခရီးဆောင်အိတ်တွေ အလောတကြီး မသိမ်းကြနဲ့တော့လို့"

…

All Chapters