← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အပိုင်း (၁၅၀) ပဲနီလေးရဲ့ ချိုမြိန်သောရနံ့

ယွီးရှောင်ရှောင်က ပေါက်စီတွေ ထည့်ထားတဲ့ အထုပ်ကို ပိုက်ပြီး ရထားလုံးထဲမှာ ထိုင်နေတယ်။ လက်ထဲမှာ အစားအစာ ရှိနေရင် မင်းသမီးလေးရဲ့ စိတ်က အရမ်းပျော်နေတတ်တယ်။ သူမက ကုရှင်းလန်ကို "ကျင်းမော့က အမြဲတမ်း ငါတို့ကို စားစရာတွေ ပေးတယ်၊ သူက လူကောင်းပဲ" လို့ ပြောလိုက်တယ်။

ကုရှင်းလန်ကတော့ ဘာမှ ပြန်မပြောတတ်ဘူး။ ကျင်းမော့က ထမင်း သုံးခါကျွေးပြီး ပဲနီလေးပေါက်စီ အလုံး နှစ်ဆယ်လောက် ပေးရုံနဲ့ လူကောင်းလို့ သတ်မှတ်ခံရတာ သူ့ဇနီးကလွဲပြီး တခြား ဘယ်သူမှ ရှိမှာ မဟုတ်ဘူးလေ။

ယွီးရှောင်ရှောင်က ကျင်းမော့ကို ချီးကျူးပြီးတာနဲ့ သူမရဲ့ ရှောင်ကုအတွက် စိတ်ပူလာပြန်တယ်။

"ရှင်က အချိုမကြိုက်ဘူး၊ အဲဒီအကျင့်က မကောင်းဘူး" သကြားက လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပူစွမ်းအင်နဲ့ ကာဗိုဟိုက်ဒရိတ် အဓိက အရင်းအမြစ်တွေထဲက တစ်ခုလေ၊ ဒီကုကောင်လေးက မကြိုက်ဘူးတဲ့လား။ ယွီးရှောင်ရှောင်ရဲ့ လူသားဗေဒ အယူအဆအရ အချိုစာဆိုတာ လူတွေကို စိတ်ချမ်းသာစေတဲ့ အံ့သြစရာကောင်းတဲ့ အစားအစာလေ၊ ဘယ်လိုလုပ် မကြိုက်တဲ့သူ ရှိနိုင်မှာလဲ။ ကုရှင်းလန်ရဲ့ ပုံမှန် အပြုံးမရှိတဲ့ မျက်နှာကို ကြည့်ပြီး မျက်နှာကြွက်သား သေနေတဲ့ ရောဂါရှိမှန်း ကိုယ်တိုင်တောင် မသိတဲ့ မင်းသမီးလေးက ကုကောင်လေး မပြုံးတာက အချိုမစားလို့ပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်တယ်။

ကုရှင်းလန်က သူ့ဇနီးနဲ့ အစားအသောက် အကြောင်းကို ဆက်မပြောချင်တော့ဘူး။ သူတို့ လက်ထပ်ပြီးတဲ့ အချိန်ကစလို့ သူ့ဒဏ်ရာအကြောင်းကို ဖယ်လိုက်ရင် သူတို့ အများဆုံး ပြောဖြစ်တာက မနက်ကနေ ညအထိ ဒီအစားအသောက် အကြောင်းပဲလေ။ ဘဝရဲ့ အဓိပ္ပာယ်က စားဖို့ သက်သက် မဟုတ်ဘူးလို့ ခံယူထားတဲ့ ကုတတိယသခင်လေးက အခုတော့ သူ ဘဝရဲ့ အကြပ်အတည်း တစ်ခုထဲ ရောက်နေပြီလို့ ခံစားနေရတယ်။ ယုံရှန်းကျောင်းတော် ဆိုတဲ့ ရန်သူကြီးကို ဖယ်လိုက်ရင်တောင်မှ သူ့ဇနီးနဲ့ စိတ်သဘောထား တိုက်ဆိုင်အောင် သူတို့ ဇနီးမောင်နှံက အစားအသောက် ကလွဲပြီး တခြားအကြောင်းအရာတွေကို ဘယ်လိုများ ဆွေးနွေးနိုင်မှာလဲ။

"ကျွန်မ ဆုံးဖြတ်လိုက်ပြီ" ယွီးရှောင်ရှောင်က သူမရဲ့ ရှောင်ကုရဲ့ ဝမ်းနည်းမှုကို နားမလည်ဘဲ လက်ခုပ်တစ်ချက် တီးလိုက်ပြီး "နန်ဖူ လမ်းမှာ သကြားလုံးဆိုင်အဟောင်း တစ်ဆိုင် ရှိတယ်လို့ ရှောင်ဝေ ပြောတာ ကြားဖူးတယ်။ အဲဒီဆိုင်က ထင်းရှူးစေ့ သကြားလုံးက မြို့တော်မှာ အကောင်းဆုံးပဲတဲ့။ ကျွန်မ အဲဒါကို စားချင်တယ်" လို့ ပြောလိုက်တယ်။

ကုရှင်းလန်က "အခု ချက်ချင်းလား" လို့ မေးလိုက်တယ်။

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ကုရှင်းလန်ကို ကြည့်ကာ "သကြားလုံးကို မကြိုက်တဲ့သူ ဘယ်လိုလုပ် ရှိမှာလဲ။ ရှင် မကြိုက်တာက ရှင် မစားဖူးလို့ နေမှာပါ။ ဒီတစ်ခေါက် ကျွန်မ ရှင့်ကို သကြားလုံး ဝယ်ကျွေးမယ်၊ ရှင် စားချင်သလောက် စားလို့ ရတယ်" လို့ ပြောလိုက်တယ်။

ကုရှင်းလန်က အမြန် ခေါင်းခါပြပြီး "ကျွန်တော် စားဖူးပါတယ်" လို့ ပြောတယ်။

"အဲဒါ ရှင် စားတာ နည်းလွန်းလို့ သကြားလုံးရဲ့ အရသာကို မသိတာ"

"ရှောင်ရှောင်... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ကျွန်မက ရှင့်ကောင်းကျိုးအတွက် ပြောနေတာပါ" ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပခုံးကို လှမ်းဖိလိုက်ပြီး "ရှင် ထပ်ငြင်းမနေနဲ့တော့။ ရှောင်ဝေ"

"မင်းသမီး" ရှောင်ဝေက ရထားလုံး ပြတင်းပေါက် အပြင်ဘက်ကနေ ပြန်ထူးလိုက်တယ်။ ရှောင်ဝေက အရမ်းကို အားနာနေတယ်။ သူ့ပါးစပ်က လွန်သွားတာ၊ အဲဒီ သကြားလုံးဆိုင်အဟောင်း အကြောင်းကို သူက မင်းသမီးကို ပြောပြခဲ့တာလေ။ သူ သမက်တော်ကို တကယ် အားနာပါတယ်။

"အစ်ကိုကြီးကို ပြောလိုက်၊ ငါတို့ နန်ဖူ လမ်းကို သွားမယ်။ သူ့ကို သကြားလုံး ဝယ်ကျွေးမလို့"

ယွီးရှောင်ရှောင်က ရှောင်ဝေကို ပြောလိုက်တယ်။

တကယ်တော့ ရှောင်ဝေ သွားပြောစရာတောင် မလိုပါဘူး။ ရထားလုံးရှေ့ကနေ မြင်းစီးပြီး သွားနေတဲ့ ကုအစ်ကိုကြီးက ရထားလုံးထဲက စကားတွေကို အကုန် ကြားနေရတယ်။ ကုရှင်းနော့က ရယ်ချင်နေတာကို အောင့်ထားပြီး သူ့ကို လာပြောမဲ့ ရှောင်ဝေကို လက်ကာပြလိုက်ကာ ရထားလုံးထဲက ကုရှင်းလန်ကို "ရှင်းလန်... မင်းက ထင်းရှူးစေ့ သကြားလုံး စားချင်လို့လား" လို့ မေးလိုက်တယ်။

ကုရှင်းလန်က သူ့ဇနီးရဲ့ အကြည့်အောက်မှာ သူ့စိတ်နဲ့ ဆန့်ကျင်ပြီး "အစ်ကိုကြီး... ကျွန်တော်တို့ နန်ဖူ လမ်းကို သွားကြရအောင်" လို့ ပြောလိုက်ရတယ်။

ယွီးရှောင်ရှောင်က အခုတော့ သူမရဲ့ ရှောင်ကုအတွက် စိတ်မပူတော့ဘူး။ အချိုမကြိုက်တဲ့သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ သူမတို့ခေတ်က အဲဒီခွေးလိုကောင်ဆိုရင် ချောကလက် တစ်တုံးအတွက်နဲ့တောင် လူကို အသေသတ်ဦးမှာ။ (မင်းသမီးလေးရေ... အဲဒါက နည်းပြက အသေမသတ်ရင် မင်းတို့တွေ အငတ်ခံရမှာမို့လို့လေ။ ==)

သူ့ရဲ့ မျက်နှာချင်းဆိုင်ကနေ သူ့ဘေးကို လာထိုင်တဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ကုရှင်းလန်က ငြင်းဆန်ဖို့ လက်လျှော့လိုက်တဲ့ အပြုံးနဲ့ ပြုံးကာ "မင်းသမီး... နန်းတော်ထဲက အစားအသောက်တွေက မကောင်းလို့လား" လို့ မေးလိုက်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ရထားလုံး အပြင်ဘက်ကနေ နားစွင့်နေကြတယ်။ ဒီမေးခွန်းရဲ့ အဖြေကို သူတို့လည်း သိချင်နေတာလေ။

"တော်တော် ကောင်းပါတယ်" ယွီးရှောင်ရှောင်က နန်းတော်ထဲက အစားအသောက်တွေကို ပြန်စဉ်းစားကြည့်လိုက်တော့ ပါးစပ်ထဲမှာ တံတွေးတွေ အလိုလို ထွက်လာသလိုပဲ။ ဖုန်းထျန်းရဲ့ အကောင်းဆုံး စားဖိုမှူးတွေ ချက်တဲ့ အစားအစာက ဘယ်လိုလုပ် မကောင်းဘဲ နေမလဲ။ "ဒါပေမဲ့ နည်းလွန်းလို့ ကျွန်မ ဗိုက်မဝဘူး"

"ဗိုက်မဝဘူးလား" ကုရှင်းလန်က အဲဒီလိုပဲ ခန့်မှန်းထားပေမဲ့ သူ့ဇနီးဆီကနေ ဒီစကားကို တကယ် ကြားလိုက်ရတော့ ကုတတိယသခင်လေး အံ့သြသွားတယ်။ ပထမမင်းသမီးကြီးက နန်းတော်ထဲမှာ နေ့တိုင်း ဗိုက်ဆာနေရတယ်တဲ့လား။

"ကျွန်မ နည်းနည်း ပိုစားလိုက်တာနဲ့ ဝမ်မောမောက ငိုတော့တာပဲ" ယွီးရှောင်ရှောင်က နန်းတော်ထဲက သူမရဲ့ နေ့ရက်တွေကို ပြန်စဉ်းစားကြည့်တော့ ဒါကလည်း ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ပဲ။

"ကျွန်မ အခုထိ နားမလည်သေးတာက ကျွန်မ ထမင်းစားဖို့ကို ဝမ်မောမောက ပိုက်ဆံ ထုတ်ပေးရတာလား"

ကုရှင်းလန်က "ဝမ်မောမောက တကယ် ငိုတာလား" လို့ မေးလိုက်တယ်။

"ဟုတ်တယ်လေ၊ သူက အမြဲတမ်း ပြောတယ်။ ကျွန်မ ဝသွားရင် အိမ်ထောင်ကျမှာ မဟုတ်ဘူးတဲ့။ သမက်က မကြိုက်ရင် ဘယ်လိုလုပ်မလဲတဲ့။ အဲ... သူ နောက်ထပ် ဘာတွေ ပြောသေးလဲ"

ယွီးရှောင်ရှောင်က သေသေချာချာ ပြန်စဉ်းစားကြည့်တယ်။ ဝမ်မောမောက သူမနဲ့ ဘဝအကြောင်းတွေ အများကြီး ပြောခဲ့ဖူးတာဆိုတော့ ပြန်စဉ်းစားရတာ တော်တော် ရှုပ်ထွေးတယ်။ မှတ်ဉာဏ်တွေ ရှုပ်ထွေးလာရင် မင်းသမီးလေးက စိတ်ရှုပ်လာပြီး ကုရှင်းလန်ကို ညည်းတွားတော့တယ်။

"သူက တကယ်ကို လွန်လွန်းတယ်။ မောမောက ကျွန်မ အိမ်ထောင်မကျမှာကို စိတ်ပူနေသေးတယ်။ အခု ကျွန်မ အိမ်ထောင်ကျသွားပြီလေ၊ သူ့ယောက်ျားက ဘယ်ရောက်နေမှန်းတောင် မသိသေးဘူး"

ကုရှင်းလန်က အားနာနာနဲ့ "မောမောက နန်းတော်ထဲမှာ ဆိုတော့ အိမ်ထောင်ပြုဖို့က အရမ်းခက်ခဲတာပေါ့" လို့ ပြောလိုက်တယ်။ သူ့ယောက္ခမ ဧကရာဇ်က ဘယ်လောက်ပဲ မိန်းမဆာနေပါစေ၊ ဝမ်မောမောလို လူမျိုးကိုတော့ စိတ်ဝင်စားမှာ မဟုတ်ဘူးလေ။

"ဟွန်း" ယွီးရှောင်ရှောင်က ဝမ်မောမောအတွက် အရမ်းကို အားမလိုအားမရ ဖြစ်စွာနဲ့ ပြောလိုက်တယ်။

"နန်းတော်ထဲမှာ သက်တော်စောင့်တွေ အများကြီး ရှိတာကို၊ သူက တစ်ယောက်ကိုမှ မျက်စိမကျဘူးလား။ ရှင် သိလား ရှောင်ကု... ဝမ်မောမောကလေ..."

"ကျွန်တော် သိပါပြီ၊ ကျွန်တော်တို့ ဒါတွေ ဆက်မပြောကြနဲ့တော့" ကုရှင်းလန်က လက်လှမ်းပြီး သူ့ဇနီးရဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။ ဆက်ပြောနေလို့ မဖြစ်တော့ဘူး၊ ဆက်ပြောနေရင် ဝမ်မောမောက သူမရဲ့ အပြစ်ကင်းစင်ကြောင်းကို သက်သေပြဖို့ သေကြောင်းကြံသွားလိမ့်မယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က 'မင်းသမီး... တကယ်ကို လွန်လွန်းပါပြီ။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့ နန်းတော် အမှုထမ်းတွေရဲ့ ဂုဏ်သိက္ခာက ဘယ်လိုလုပ် ကောင်းနိုင်တော့မှာလဲ' လို့ တွေးနေကြတယ်။

ယွီးရှောင်ရှောင်က သူမပါးစပ်ကို ပိတ်ထားတဲ့ ကုရှင်းလန်ရဲ့ လက်ကို ဖယ်လိုက်ပြီး အရမ်းကို လေးနက်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။

"ကျွန်မသာ အရမ်းဝလာရင် ရှင်က မောမော ပြောသလိုမျိုး ကျွန်မကို ရွံသွားမှာလား၊ ဒါမှမဟုတ် ရှင့်စိတ်က လမ်းဘေးက တောပန်းလေးတွေဆီ ရောက်သွားမှာလား။ ဒါနဲ့... လမ်းဘေးက တောပန်းလေးတွေ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ရှင်က လမ်းဘေးမှာ ပေါက်နေတဲ့ တောပန်းလေးတွေကို သဘောကျလို့လား"

"ဖူး" ကုအစ်ကိုကြီးက ဒီတစ်ခါတော့ တကယ်ကို မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်မိတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ ကုအိမ်တော်က သက်တော်စောင့်တွေက သူတို့ကို ကြည့်နေတာ အရူးတွေကို ကြည့်နေသလိုပဲလို့ အမြဲ ခံစားနေရတယ်။

ကုရှင်းလန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဒီစကားကို မဖြေခင် သူ့ရဲ့ မျက်နှာအမူအရာကို အရင် ထိန်းချုပ်လိုက်တယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ အဖြေကို စိတ်ရှည်လက်ရှည် စောင့်နေတယ်။ ဝမ်မောမော ပြောတဲ့ ဘဝအကြောင်းတွေကို သူမက နားမလည်သလို ကုရှင်းလန်လည်း နားလည်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေတာလေ။ ဘာလို့လဲဆိုတော့ လူငယ်လေး တစ်ယောက်ကို သွေးဆုံးကိုင်နေတဲ့ အမျိုးသမီးကြီး တစ်ယောက်ရဲ့ စိတ်ကို နားလည်ပေးဖို့ ဆိုတာ ကုကောင်လေးအတွက် အရမ်းကို ခက်ခဲလွန်းတယ်လေ။

ကုရှင်းလန်က ရထားလုံး ပြတင်းပေါက် အပြင်ဘက်က လမ်းကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ လမ်းထောင့်မှာ အဝါနုရောင် တောပန်းလေးတွေက လေနဲ့ မိုးထဲမှာ ယိမ်းနွဲ့နေတာကို တကယ်ပဲ တွေ့လိုက်ရတယ်။ ကုတတိယသခင်လေးက ရယ်ပြီး ခေါင်းခါလိုက်ကာ လေတိုက်လို့ လွင့်နေတဲ့ ရထားလုံး ကန့်လန့်ကာကို ချလိုက်ပြီး ယွီးရှောင်ရှောင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ တိုးတိုးလေး ပြောလိုက်တယ်။

"မောမော ပြောတာတွေကို နားမထောင်နဲ့။ မင်း ဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ ကျွန်တော် သဘောကျတယ်"

ယွီးရှောင်ရှောင်က အခုတော့ ဘာမှ စိတ်ရှုပ်စရာ မရှိတော့ဘူး။ နှုတ်ခမ်းလေး ကွေးတက်သွားပြီး "ဒါ ရှင်ပြောတာနော်၊ နောက်ကျရင် ကျွန်မ ဝလာခဲ့ရင် ရှင်က..."

"ဒါဆို ကျွန်တော်လည်း ဝအောင် လုပ်လိုက်မယ်လေ" ကုရှင်းလန်က စကားပြောရင်း ခေါင်းငုံ့ကာ ယွီးရှောင်ရှောင်ရဲ့ ပါးကို တစ်ချက် နမ်းလိုက်တယ်။

ယွီးရှောင်ရှောင်က မိတ်ကပ်လိမ်းတဲ့ အကျင့် မရှိဘူး။ မျက်နှာက အမြဲတမ်း ရှင်းလင်း သန့်စင်နေပြီး အသက် ဆယ့်သုံးနှစ် ဆိုတာ မိန်းကလေးတွေရဲ့ အသားအရေ အနုနယ်ဆုံး အချိန်လေ။ ကုရှင်းလန်က နူးညံ့အိစက်တဲ့ အရာတစ်ခုကို ထိလိုက်ရသလို ခံစားလိုက်ရပြီး ဆိုးဆေး မဆိုးထားပေမဲ့ ရဲသွေးနေတဲ့ နှုတ်ခမ်းလေးကို ထိတွေ့လိုက်တဲ့ အခါ နူးညံ့ပြီး ပဲနီလေးရဲ့ ချိုမြိန်တဲ့ ရနံ့လေးကိုပါ ရလိုက်တယ်။

…

All Chapters