အခန်း (၉၅၅-၉၅၆)
Vol. 69 Ch. 955-956
အခန်း (၉၅၅) ရလဒ်ကိုပြောင်းပြန်လှန်ခြင်း….
သစ်တောထဲတွင် လူအုပ်ကြီး အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကြသဖြင့် သူတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများ လေထုနှင့် ထိခိုက်မိသဖြင့် ပျော့ပျောင်းသော တုန်ခါသံများ ထွက်ပေါ်လာပြီး သူတို့၏ အရှိန်ကြောင့် ဖုန်မှုန့်များကလည်း လမ်းကြောင်းအတိုင်း လွင့်စဉ်ကျန်ရစ်ခဲ့သည်။
အဖွဲ့ထဲရှိ လူတိုင်း၏စိတ်ထဲတွင် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေကြသည်။
သူတို့ထဲတွင် လီလော့ ရင်းနှီးသည့် ကျောက်ရှန်ကျန်းနှင့် ကျောက်ကျင်းယွီတို့ ပါဝင်နေသည်။ သို့သော် သူတို့နှစ်ဉီးစလုံး ထိုအဖွဲ့၏ ခေါင်းဆောင် မဟုတ်ပေ။ ခေါင်းဆောင်မှာ ကျောက်ယန်၏ မျိုးဆက်တူ ကောင်းကင်ပုလဲ ခုနစ်လုံးအဆင့်ရှိ ကျောက်ဖန်းရှု ဖြစ်သည်။ ကျောက်မျိုးနွယ်စုနှင့်အတူ "နတ်ဆိုးမီးတောက် ခန်းမ"မှ ကျွမ်းကျင်သူများလည်း ပါဝင်လာသည်။ သူတို့ထဲမှ အစွမ်းထက်ဆုံးမှာ ကောင်းကင်ပုလဲ ခြောက်လုံးအဆင့် ရှိသည်။
"နဂါးစွယ်ကလန်က လူတွေ ဟိုမှာ.. သူတို့ အစောင့်အရှောက်တွေကို တိုက်ခိုက်နေတုန်းပဲ.. အစောင့်အရှောက်တွေ မရှင်းလင်းခင် အမြန်သွားပြီး အလစ်အငိုက် တိုက်ခိုက်ကြမယ်!" ဟု ကျောက်ကျင်းယွီက ရက်စက်သော အပြုံးဖြင့် ဆိုလိုက်သည်။
လီလော့ကို ဤမျှ မြန်မြန် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင် လီလော့သည် ယခုချိန်တွင် အထိခိုက်လွယ်ဆုံး အခြေအနေတွင် ရှိနေသည်။
အနောက်ပိုင်းဒေသမှ ရန်ငြိုးကို ဒီတစ်ခါတော့ အပြတ်ရှင်းရမည်!
"စိတ်မပူပါနဲ့… ကောင်းကင်ဧကရာဇ်လီကလန်က ငါတို့ ထောင်ချောက်ထဲ ရောက်နေပြီမို့လို့ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး" ဟု ကျောက်ဖန်းရှုက လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ကျောက်ရှန်ကျန်းကလည်း လှံရှည်ကို ကိုင်ကာ - "အခွင့်အရေး ရရင် လီလော့ကို ငါပဲ ကိုင်တွယ်မယ်… ဒီ နဂါးခေါင်းဆောင်ကို လက်တစ်ဖက် ဖြတ်ပစ်လိုက်ရင် သူတို့မျိုးဆက်က ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး" ဟု ကြုံးဝါးလိုက်သည်။
ကျောက်ရှန်ကျန်း၏ ပါရမီက အငြင်းပွားဖွယ် မရှိပေ။ ကျောက်ယန်ပင်လျှင် သူ့အောက်တွင်သာ ရှိသည်။ သူသည် အချိန်တန်ရင် ကျောက်ယန်ထက်ပင် ပိုမို အစွမ်းထက်လာလိမ့်မည်။
ကျောက်ဖန်းရှုက ခေါင်းညိတ်လိုက်ပြီး…
"သဘောပဲ.. လီလော့ကို မင်းပဲ ကိုင်တွယ်လိုက်"
ဤသို့ဖြင့် သစ်တောကို အလျင်အမြန် ဖြတ်သန်းသွားခဲ့ကြပြီး ခဏအကြာတွင် ချိုင့်ဝှမ်းကို မြင်လိုက်ရသည်။
ချိုင့်ဝှမ်းအတွင်းမှ စွမ်းအင် ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်သံ စွမ်းအားများမှာ ပြင်းထန်စွာ ထွက်ပေါ်နေဆဲပင်။
"မျှော်လင့်ထားတဲ့အတိုင်း..သူတို့ အစောင့်အရှောက်တွေကို တိုက်ခိုက်နေတုန်းပဲ" ဟု ကျောက်ဖန်းရှုက ဆိုပြီး ချိုင့်ဝှမ်းထဲသို့ ဦးစွာ ဝင်ရောက်သွားသည်။ အခြားသူများလည်း မတွေဝေဘဲ လိုက်ပါသွားကြသည်။
သူတို့တွေ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာကြသော်လည်း လမ်းကြောင်း အလွန် ရှုပ်ထွေးလှသည်။ သူတို့ အချိန်အတော်ကြာ လမ်းလျှောက်ခဲ့သော်လည်း နဂါးစွယ်ကလန်မှ လူတစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။
ပတ်ဝန်းကျင်တွင် အစောင့်အရှောက်များ၏ အရိပ်အယောင်လည်း မရှိတော့ပေ။
"ဘာဖြစ်တာလဲ"
ကျောက်ဖန်းရှုလည်း နားမလည်နိုင် ဖြစ်သွားသည်။ သို့သော် ရှေ့ဆက်မသွားတော့ဘဲ အခြေအနေကို စောင့်ကြည့်ပြီးနောက်
"ပြန်ဆုတ်ကြမယ်!" ဟု အမိန့်ပေးလိုက်သည်။
အစောင့်အရှောက်များ အဘယ်ကြောင့် ပျောက်ကွယ်သွားသည်ကို သူ မသိသော်လည်း နဂါးစွယ်ကလန်ဘက်က တိုက်ပွဲတွင် အနိုင်ရသွားပြီ ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။ ယခုအခါ ရန်သူများက အမှောင်ထဲတွင် ပုန်းကွယ်နေပြီး သူတို့ကတော့ အလင်းထဲတွင် ဖြစ်နေသဖြင့် သတိထားဖို့ လိုအပ်သည်။
သို့သော် သူတို့ ပြန်လှည့်ရန် ပြင်လိုက်ချိန်တွင် ချိုင့်ဝှမ်းထဲမှ သဘာဝစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"မိတ်ဆွေတို့... ကြိုဆိုပါတယ်… နဂါးစွယ်ကလန်ရဲ့ ဧည့်ဝတ်ပြုမှုလေး နည်းနည်းလောက် ခံယူသွားပါဦးလား" ဟူသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ကျောက်ရှန်ကျန်းနှင့် ကျောက်ဖန်းရှုတို့ ခေါင်းမော့ကြည့်လိုက်တော့ လီလော့တို့အဖွဲ့ကို တွေ့လိုက်ရသည်။
"ပြန်ဆုတ်ကြ!"
ကျောက်ဖန်းရှုက အော်ဟစ်လိုက်ရင်း စကားမရှည်တော့ဘဲ ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်သည်။
သို့သော် နဂါးစွယ်ကလန်မှ လူများက စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများက အကာအကွယ်တံတိုင်းများအဖြစ် ပြောင်းလဲသွားပြီး ရန်သူများကို ချိုင့်ဝှမ်းထဲတွင် ပိတ်မိသွားစေသည်။
ရန်သူများ လွတ်မြောက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရချိန်တွင် လီလော့ ပြုံးလိုက်မိသည်။ သူ့ လက်ချောင်းများကို လှုပ်လိုက်သည်နှင့် ယခင်က မြေကြီးထဲတွင် ဝှက်ထားခဲ့သော မီးတောက်များအားလုံး ပေါက်ကွဲသွားလေသည်။
ဘုန်း!
ထိုအခါ ချိုင့်ဝှမ်းကြီးတခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တန်းကြီး ကောင်းကင်သို့ ပေါက်ကွဲထွက်သွားကာ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကိုပါ ဆွဲငင်သွားသည်။
ထိုမျှ များပြားလှသော သဘာဝစွမ်းအင်ကို ခံစားလိုက်ရချိန်တွင် လူတိုင်း ထိတ်လန့်ကုန်သည်။
လီဖူလင်တို့ပင်လျှင် အံ့ဩသွားကြသည်။ ဤချိုင့်ဝှမ်းအောက်တွင် ဤမျှ ကြီးမားသော စွမ်းအင်ရေကန်ကြီး ရှိနေသည်ကို သူတို့ မသိခဲ့ကြပေ။
လီလော့ ဒါကို ဘယ်လိုလုပ် ဖွင့်ပေးလိုက်တာလဲ….
သဘာဝစွမ်းအင်များ စုစည်းလာသည်နှင့်အမျှ အစောင့်အရှောက်များ အများအပြား ပေါ်ထွက်လာသဖြင့် လီလော့မှာ ရှင်းပြနေရန် အချိန် မရှိတော့ပေ။
ဤအစောင့်အရှောက်များက ယခင်ကထက် အရေအတွက်ရော စွမ်းအားပါ ပိုမို သာလွန်နေသည်။
သူတို့ထဲတွင် ကောင်းကင်ပုလဲ ခုနစ်လုံးအဆင့်ရှိ အစောင့်အရှောက်များပင် ပါဝင်နေသည်။
ထို့အပြင် ပဲ့တင်ထပ်သံ ရွှေနှင်းစက်များလည်း အမြောက်အမြား ဖြစ်ပေါ်လာသည်။ လီဖူလင်နှင့် လီဖုန်းယီတို့မှာ မြင်ကွင်းကို ကြည့်၍ မှင်သက်သွားကြသည်။
ကျောက်ဖန်းရှုတို့အဖွဲ့လည်း အံ့အားသင့်နေကြသည်။ သူတို့တွေ နဂါးစွယ်ကလန်၏ ထောင်ချောက်ထဲသို့ တည့်တည့် ဝင်လာမိခြင်း ဖြစ်သည်။
"ဖြည်းဖြည်းချင်း ပြန်ဆုတ်ကြ" ဟု ကျောက်ဖန်းရှုက တိုးတိုးလေး အမိန့်ပေးလိုက်လေသည်။
သို့သော် ၎င်းမှာ မဖြစ်နိုင်တော့ပေ။ သူတို့မှာ အစောင့်အရှောက်များနှင့် အနီးဆုံး ဖြစ်နေသည်။ ချိုင့်ဝှမ်း၏ အလယ်ဗဟိုသို့ ရောက်ရှိနေသဖြင့် အစောင့်အရှောက်များက သူတို့ကိုသာ စိုက်ကြည့်ပြီး တိုက်ခိုက်တော့မည် ဖြစ်သည်။
"တိုက်ကြ… အကူအညီတောင်းဖို့ အချက်ပြလိုက်ကြ!" ဟု ကျောက်ဖန်းရှုက အော်ဟစ်လိုက်သည်။
သူသည် ရှေ့ဆုံးမှ ချီတက်ကာ အစောင့်အရှောက်များကို ရင်ဆိုင်လိုက်သည်။ သူ့ နောက်ကွယ်တွင် ကောင်းကင်ပုလဲ ခုနစ်လုံး တောက်ပနေသည်။ သူသည် မြို့စားအဆင့် ပညာရပ်များကို အသုံးပြုကာ အစောင့်အရှောက်များကို တားဆီးရန် ကြိုးစားနေသည်။
ကျောက်ရှန်ကျန်းက လီလော့ကို ဒေါသတကြီး ကြည့်ကာ …
"လီလော့... ဒီထောင်ချောက်တွေနဲ့ပဲ ကစားမနေနဲ့၊ ဆင်းလာခဲ့!" ဟု ကြုံးဝါးလေသည်။
လီလော့က သူ့ကို အရူးတစ်ယောက်လိုသာ ကြည့်နေသည်။
အသာစီးရနေတဲ့အချိန်မှာ ဘယ်သူကများ ဆင်းတိုက်မှာလဲ!
ဘုန်း!
အစောင့်အရှောက်များနှင့် ကျောက်မျိုးနွယ်စုတို့ အပြင်းအထန် တိုက်ခိုက်နေကြချေပြီ။
ထိုအချိန်တွင် မီးလျှံတစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်းမှာ အကူအညီတောင်းခံသည့် အချက်ပြမီးပင် ဖြစ်သည်။
ထိုအချက်ပြမီးကို မြင်လိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိ တောင်တန်းများတွင် ရှိနေကြသော သူများလည်း အံ့ဩသွားကြသည်။
ဒီလောက် အသာစီး ရနေတဲ့သူတွေက ဘာလို့ အကူအညီ တောင်းနေရတာလဲ…
အခန်း (၉၅၆) အရှုံးပေးခြင်း
တောင်တန်း၏ အလယ်နယ်မြေတွင်….
အစောင့်အရှောက်များနှင့် ကျောက်ယန်၏ တပ်ဖွဲ့များကြားတွင် နဂါးသွေးကလန်မှ လူများပိတ်မိနေသည်။ ကျောက်ယန်တို့အဖွဲ့က အလွန်ပင် ပရိယာယ်ကြွယ်ဝစွာဖြင့် တိုက်ခိုက်နေပြီး အစောင့်အရှောက်များ သူတို့ဘက်သို့ မလှည့်လာစေရန် လုံလောက်သော အကွာအဝေးမှနေ၍ အဝေးပစ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ၎င်းမှာ နဂါးသွေးကလန်အတွက် အလွန်ပင် ဒုက္ခရောက်စရာ ဖြစ်နေသည်။
ကျောက်ယန်က လှောင်ပြုံးဖြင့် လီဝူယွမ်တို့ကို ကြည့်ကာ…
"ဒီလို အလကား အပင်ပန်းခံပြီး တိုက်နေဖို့လို့ရဲ့လား လီဝူယွမ်… ပဲ့တင်ထပ်သံ ရွှေနှင်းစက်တွေကို ပေးလိုက်ရင် မင်းတို့အဖွဲ့ အသက်ရှင်လျက် ထွက်သွားနိုင်တယ်… ပဲ့တင်ထပ်သံ လိုဏ်ဂူမှာ အခွင့်အရေးတွေက အများကြီး ကျန်ပါသေးတယ်.. ဒီနေရာမှာ အသက်ဆုံးရှုံးရတာက မိုက်မဲတဲ့ ရွေးချယ်မှုပဲ"
သူသည် လီဝူယွမ်တို့ လက်လျှော့သွားအောင် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ နဂါးသွေးကလန်က နောက်ဆုံးအထိ တိုက်မည်ဆိုပါက သူတို့ဘက်တွင်လည်း ထိခိုက်မှု များပြားလိမ့်မည် ဖြစ်သည်။ သူတို့အတွက် အရေးအကြီးဆုံးက စွမ်းအားကို ထိန်းသိမ်းထားရန် ဖြစ်သည်။
ထိုစကားကြောင့် လီဝူယွမ်၏ မျက်နှာထား ပိုမို မည်းမှောင်လာပြီး ဒေါသများ တောက်လောင်လာသည်။ သူသာ ယခုလက်လျှော့လိုက်ပါက ကလန်ငါးခုကြားတွင် သူ့ရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် သူတို့ စုဆောင်းထားသမျှ ရွှေနှင်းစက်တွေကိုလည်း ပေးအပ်ရတော့မည် ဖြစ်ရာ သူ အလွန်ပင် မကျေနပ်ပေ။
လီချင်းဖုန်းက အနေရခက်စွာဖြင့်…
"ဝမ်းကွဲအစ်ကို ဝူယွမ်... အခြေအနေ မကောင်းတော့ဘူး.. ဒီထက် ဆက်တိုးရင် ကျွန်တော်တို့ဘက်က ထိခိုက်မှု များလိမ့်မယ်" ဟု တိုးတိုးလေး အကြံပြုလိုက်သည်။
လီဝူယွမ် အံကြိတ်နေချေပြီ…
"လီဝူယွမ်... အခြား ကလန်လေးခုလည်း ဒီလိုပဲ ဖြစ်နေကြတယ်…သူတို့သာ မင်းထက်အရင် လက်လျှော့လိုက်ရင် နဂါးသွေးကလန်ပဲ ကျန်ရစ်ခဲ့လိမ့်မယ်.. အဲဒီကျရင်တော့ အရှုံးပေးဖို့တောင် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး" ဟု ကျောက်ယန်က အေးစက်စွာ သတိပေးလိုက်သည်။
ထိုစကားကြောင့် လီဝူယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြန်သည်။
ကျောက်ယန်က ကောင်းကင်ပုလဲ ရှစ်လုံးကို အရောင်လက်စေလျက် ဖိအားပေးလိုက်သည်။ သူ လီဝူယွမ်ကို လက်လျှော့အောင် လုပ်နိုင်ပါက အခြား ကလန်လေးခုလည်း လိုက်ပါလာလိမ့်မည်ဖြစ်ပြီး ရွှေနှင်းစက်အားလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ကျောက်ယန် ဆက်လက် တိုက်တွန်းနေစဉ်မှာပင် အဝေးရှိ သစ်တောဘက်မှ တောက်ပသော အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်းမှာ ကျောက်မျိုးနွယ်စု၏ အကူအညီတောင်းခံသည့် အချက်ပြမီးပင်l ဖြစ်သည်။
ကျောက်ယန် အံ့ဩသွားသလို အခြားသူများလည်း ထိုမြင်ကွင်းကို ကြည့်ပြီး မှင်သက်သွားကြသည်။
ကျောက်မျိုးနွယ်စု၏ အကူအညီတောင်းခံသည့် အချက်ပြမီးကို သွေးအဆီအနှစ်ဖြင့် အသက်သွင်းရသဖြင့် အမှားအယွင်း မရှိနိုင်ပေ။ ဆိုလိုသည်မှာ သူတို့၏ အဖွဲ့တစ်ခုခု အကြီးအကျယ် အန္တရာယ်ကြုံနေရခြင်း ဖြစ်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
ကျောက်ယန်ပင် မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
ကျောက်ရှန်ကျန်းနှင့် ကျောက်ဖန်းရှုတို့အဖွဲ့က လီလော့တို့ ရှိရာဘက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ စွမ်းအားအရ နဂါးစွယ်ကလန်က အစောင့်အရှောက်များနှင့် အလုပ်ရှုပ်နေချိန်တွင် အကူအညီ တောင်းစရာ အကြောင်း မရှိပေ။
အဲဒီဘက်မှာ ဘာတွေ ဖြစ်ပျက်နေတာလဲ…
"ကျောက်ဖန်းရှုဆိုတဲ့ အသုံးမကျတဲ့ကောင် ဘာလုပ်နေတာလဲ!"
ကျောက်ယန် ဒေါသပေါက်ကွဲနေလေပြီ။ သူ အခြေအနေကို ထိန်းချုပ်နိုင်ခါနီးအချိန်မှာမှ ဤသို့ ဖြစ်လာခြင်း ဖြစ်သည်။
"ဒါ... နဂါးစွယ်ကလန် ရှိတဲ့နေရာ မဟုတ်ဘူးလား…သူတို့က တကယ်ပဲ ကျောက်မျိုးနွယ်စုကို အကူအညီတောင်းဖို့ အထိ ဖိအားပေးနိုင်လိုက်တာလား" ဟု လီချင်းဖုန်းက အံ့ဩစွာ မေးလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ တစ်ခုခုမှားနေပြီထင်တယ်… "
လီဟုန်လီကလည်း မယုံနိုင်သဖြင့် ခေါင်းခါသည်။ နဂါးစွယ်ကလန်က အစောင့်အရှောက်များနှင့် အခြားရန်သူများကြား ပိတ်မိနေရမည်ဖြစ်ပြီး သူ့ကိုယ်သူတောင် မကာကွယ်နိုင်လောက်အောင်ဖြစ်ရမည်။
ဘယ်လိုလုပ်ပြီး ရန်သူကို ဒုက္ခပေးနိုင်မှာလဲ….
လီဝူယွမ် ခဏတာ အံ့ဩသွားပြီးနောက် ပြန်လည် တည်ငြိမ်လာသည်။
"ဒါက မှားယွင်းတဲ့ အချက်ပြမှု မဟုတ်ဘူး .သွေးအဆီအနှစ် မပါရင် အသက်သွင်းလို့ မရဘူး…နဂါးစွယ်ကလန်ဘက်မှာ တစ်ခုခုတော့ ပြောင်းလဲသွားပြီ..."
သူလည်း လီလော့တို့ ဘယ်လိုလုပ်ဆောင်လိုက်သည်ကို မသိပေ။ လီလင်းကျင်း၏ စွမ်းအားက သူနှင့် ယှဉ်နိုင်သော်လည်း ကျောက်မျိုးနွယ်စုဘက်ကလည်း အလွန် အစွမ်းထက်လှသည်။ သို့သော် အခုတော့ သူတို့အတွက် ကောင်းတဲ့သတင်း ဖြစ်လာချေပြီ။
ကျောက်ဖန်းရှုတို့ အန္တရာယ်ကြုံနေသဖြင့် ကျောက်ယန် အကူအညီ ပို့ရတော့မည်။ ထိုအခါ သူတို့ဘက်တွင် ဖိအား လျော့ကျသွားလိမ့်မည်။
အခြား ကလန်များလည်း ထိုအချက်ပြမီးကို မြင်လိုက်ရသည်။
သူတို့တွေ အသာစီး ရနေသော်လည်း အဘယ်ကြောင့် အကူအညီ တောင်းနေရသနည်း။
ကျောက်ယန်က တခြားအဖွဲ့များကို အကူအညီ ပေးရန် အမိန့်ပေးလိုက်တာကြောင့် ၎င်းက လီဝူယွမ်တို့အတွက် အသက်ရှူပေါက် ရသွားစေသည်။
ကျောက်ယန်က နတ်ဆိုးမီးတောက် ခန်းမမှ တျန်မိုကို ..
"အစ်ကိုတျန်... ဒီနေရာကို ခဏ ထိန်းထားပေးပါ…ဟိုဘက်ကို ရှင်းပြီးတာနဲ့ ငါ ချက်ချင်း ပြန်လာခဲ့မယ်"
တျန်မိုက…
" တားထားပေးပါ့မယ်…ဒါပေမဲ့ နဂါးသွေးကလန်ကို ရှင်းပစ်ဖို့ကတော့ ငါ တစ်ယောက်တည်း မနိုင်ဘူးနော်" ဟု ဖြေသည်။
"စိတ်မပူပါနဲ့..ငါ အမြန်ဆုံး ပြန်လာခဲ့မယ်"
ကျောက်ယန်က ထိုသို့မှာကြားပြီးနောက် ကောင်းကင်သို့ ပျံသန်းသွားလေသည်။
ယခုအခါ အခြေအနေ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
အားလုံးက လီလော့ကြောင့် ဖြစ်သည်။ သူသည် ချိုင့်ဝှမ်းအထက်တွင် ရပ်လျက် ကျောက်ဖန်းရှုတို့၏ ပင်ပန်းဆင်းရဲနေမှုကို ပျော်ရွှင်စွာ ကြည့်နေသည်။
"လီလော့... သူတို့ အကူအညီ တောင်းလိုက်ပြီ…ကျောက်မျိုးနွယ်စုက လူတွေ ရောက်လာတော့မယ်… အခု တိုက်ကြမလား"
လီဖူလင်က မေးတော့လီလော့က ခေါင်းခါလိုက်သည်။
"အခု တိုက်လိုက်ရင် အစောင့်အရှောက်တွေက ကျွန်တော်တို့ကိုပါ လာတိုက်လိမ့်မယ်"
"သူတို့ အကူအညီ ရောက်လာရင် ဒီအစောင့်အရှောက်တွေ သူတို့ကို မနိုင်တော့ဘူးလေ"
ထိုစဉ် လီလော့၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"အလျင်မလိုပါနဲ့… သူတို့ အကူအညီ ရောက်လာတဲ့အထိ စောင့်ကြည့်လိုက်ကြတာပေါ့"
သူသည် ချိုင့်ဝှမ်းကို ပတ်ကြည့်လိုက်သည်။ မီးတောက်များကို တမင်သက်သက် ထားရှိထားခြင်း ဖြစ်သည်။ ၎င်းမှာ အပိုလာမည့် သူများကို ကြိုဆိုရန် ဖြစ်သည်။
မကြာမီပင် အဝေးမှ အလင်းတန်းများ ရောက်ရှိလာပြီး ၎င်းတို့၏ အရှိန်အဝါကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
အထူးသဖြင့် ထိုသူတို့၏ ခေါင်းဆောင်က ဖိအားပေးနိုင်လွန်းသဖြင့် လီဖူလင်ပင် ကြောက်လန့်သွားသည်။
"ကျောက်ယန်ပဲ! ကောင်းကင်ပုလဲ ရှစ်လုံးအဆင့်!" ဟု လီဖူလင်က သတိပေးလိုက်သည်။
ကျောက်ယန်၏ ကြမ်းတမ်းသော အသံကို သူတို့ဆီ မရောက်ခင်ကတည်းက ကြိုကြားနေရပြီ ဖြစ်သည်။
” ကောင်းကင်ဧကရာဇ်လီကလန်က ကိုယ့်နေရာကိုယ်မသိတဲ့ကောင်တွေ…ဒီနေ့ မင်းတို့ကို ဒီမှာပဲ မြေမြှုပ်ပေးလိုက်မယ်!"