အခန်း (၉၅၉-၉၆၀)
Vol. 69 Ch. 957-958
အခန်း (၉၅၉) ကြီးထွားလာသော လီလော့၏ သြဇာအရှိန်အဝါ
ချိုင့်ဝှမ်းနှင့် အဝေးဆုံးနေရာတစ်ခုတွင် လီလော့တို့အဖွဲ့ ရပ်တန့်လိုက်သည်။ သူတို့ ဆုတ်ခွာလာခဲ့သော ချိုင့်ဝှမ်းဘက်ကို လှည့်ကြည့်လိုက်တော့ ထိုနေရာမှ ပဲ့တင်ထပ်သံ စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး မြေပြင်အောက်တွင် ဧရာမမြေနဂါးကြီးတကောင်လွန့်လူးနေသလို မြေသားအက်ကွဲနေပြီး တောအုပ်ကြီးတစ်ခုလုံးပင် ပြိုကျပျက်စီးလုနီးပါး ဖြစ်နေသည်။
ကျောက်ယန်နှင့် အခြားသူတို့က ကျောက်ရှန်ကျန်းနှင့် ကျောက်ဖန်းရှုတို့ကို ကယ်တင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်။
"အခုအချိန် သူတို့ကို အလစ်အငိုက် သွားတိုက်ကြမလား" ဟု ယခင်မျိုးဆက်၏ ရွှေအလင်းတံခွန ခေါင်းဆောင် လုဇဲ့က မေးလိုက်ရင်း သူ့မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။
လီလော့က ခေါင်းခါလိုက်ပြီး…
"သူတို့ကို အတင်းအကျပ် တွန်းပို့လိုက်ရင် ငါတို့လည်း ထိခိုက်မှု များလိမ့်မယ်.. ကျောက်ယန်ကို ဆုတ်ခွာအောင် လုပ်နိုင်ခဲ့တာက အချိန်အခါသင့်လို့ပါ… ပဲ့တင်ထပ်သံ လိုဏ်ဂူ ပိတ်ခါနီးအချိန်ဆိုရင် သူတို့ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်လာမှာပဲ… အဲဒီအချိန်မှာ နဂါးသွေးကလန်ကို ခြေမှုန်းပစ်တာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်"
လီဖူလင်တို့လည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ထိခိုက်မှု မရှိဘဲ ထွက်လာနိုင်ခဲ့ခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်သည်။ကျောက်ယန်ကို ဒီ့ထက်ပိုပြီး ဖိအားပေးလိုက်လျှင် သူတို့အတွက်လည်း ထိခိုက်မှုများဖြစ်လာလိမ့်မည်။
"ဒီ့အတွက် လီလော့ကို ကျေးဇူးတင်ရမှာပဲ..မဟုတ်ရင် ကလန်ငါးခုလုံး ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ်…အစောင့်အရှောက်တွေနဲ့ ကျောက်မျိုးနွယ်စု၊ နတ်ဆိုးမီးတောက် ခန်းမတို့ ပေါင်းတိုက်ရင် ငါတို့ အသက်ရှင်ဖို့တောင် ခက်ခဲလိမ့်မယ်"
လီကျင်းထောင်က ထိုသို့ဆိုရင်း သက်ပြင်းချလိုက်သည်။
ဤအချက်ကို မည်သူမျှမငြင်းနိုင်ပေ။အမြဲတစေ စာအုပ်ကြီးအတိုင်း လုပ်တတ်သူ လီဖူလင်ပင် ခေါင်းမာမှုများကို စွန့်လွှတ်လိုက်ပြီး…..
" လီလော့က နဂါးစွယ်ကလန်တင်မကဘဲ တခြားကလန်လေးခုကိုပါ ကယ်တင်လိုက်တာပဲ" ဟု လေးစားစွာ ချီးကျူးလိုက်သည်။
တခြားကလန်များကို လီလော့ သိပ်ပြီး အာရုံမစိုက်ပေ။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က သူတို့အဖွဲ့အတွက် ဖြစ်သည်။
" ရွှေနှင်းစက်တွေ ဘယ်လောက် ရလိုက်လဲ"
အားလုံးသိချင်နေသာ မေးခွန်းကို လီလော့ မေးလိုက်ခြင်းပင်။
လီဖုန်းယီက….
"၅၂ စက် ရလိုက်တယ်… အဲဒီထက် ပိုရနိုင်ပေမဲ့ အချို့က ချိုင့်ဝှမ်းထဲ ကျသွားလို့ မယူရဲတော့ဘူး"
လူတိုင်း ပျော်ရွှင်သွားကြသည်။ အစက အစက် ၂၀ လောက်သာ မျှော်လင့်ထားခြင်း ဖြစ်သည်။ ၅၂ စက်ဆိုသည်က များပြားသော်လည်း မလုံလောက်သေးပေ။ နဂါးစွယ်ကလန်ဘက်ကလူများ ရွှေနှင်းစက်စင်မြင့်ပေါ်တက်နိုင်ဖို့ ရွေနှင်းစက် ၂၀၀ခန့် လိုအပ်သည်။
သို့သော် လိုဏ်ဂူက အခုမှ စဖွင့်သည်မို့ စိတ်ပူစရာ မလိုသေးပေ။
"တခြားကလန်လေးခုကို ဒီနေရာမှာ စုဝေးဖို့ အချက်ပြလိုက်ပါ… ရန်သူတွေ ရှိနေသေးတာမို့လို့ လူစုကွဲနေရင် အန္တရာယ်များတယ်" ဟု လီလော့က အမိန့်ပေးလိုက်သည်။
ယခင်က ဖြစ်ပျက်ခဲ့သည့် အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီးနောက်တွင် လီလော့၏ အဖွဲ့အတွင်းရှိ နေရာမှာ မြင့်မားသွားခဲ့ပြီး လီဖူလင်ပင်လျှင် လီလော့၏ အကြံပြုချက်များကို ပိုမို အလေးအနက်ထားလာသည်။ ထို့ကြောင့် ကျန်ရှိနေသည့် အဖွဲ့ဝင်များကို စုဝေးရန်အတွက် သူမ၏ သွေးအဆီနှစ်ဖြင့် ချက်ချင်းပင် အချက်ပေးလိုက်သည်။
ထိုအခါ နဂါးပုံရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး အသက်ဝင်လှုပ်ရှားနေသလိုပင် ထင်ရသည်။ ထိုအချက်ပေးသံကို မိုင်ပေါင်းရာနှင့်ချီ အကွာအဝေးမှပင် မြင်တွေ့နိုင်သည်။
ဆယ်မိနစ်ခန့် အကြာတွင် နဂါးတောင်ပံများဖြင့် လူဆယ်ဦးကျော် ရောက်ရှိလာသည်။ ပထမဆုံး ရောက်လာသူများမှာ နဂါးအကြေးခွံကလန်မှ ဖြစ်သည်။
"ဖူလင်... မင်းတို့ဘက်မှာ ဘာတွေ ဖြစ်ကုန်တာလဲ" ဟု နဂါးအကြေးခွံကလန်မှ အဖွဲ့ခေါင်းဆောင် လီကွမ်းက ရောက်ရောက်ချင်းပင် သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
နဂါးအကြေးခွံကလန်မှ အခြားသူများမှာလည်း အလားတူပင် အံ့ဩနေကြသည်။
"ဒီအခြေအနေမျိုး ဖြစ်လာတာက လီလင်းကျင်းကြောင့်လား" ဟု လီကွမ်းက သူမဘက်သို့ လှည့်ကြည့်ကာ ထပ်မေးပြန်သည်။ သူမက အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သူမို့ သူမကြောင့်သာ ဖြစ်နိုင်မည်ဟု ထင်နေသည်။
လီလင်းကျင်းက…
"ဒီလိုမျိုး ဂုဏ်ယူစရာတွေကို ကျွန်မ ရယူချင်ပေမဲ့ ဒါက ကျွန်မနဲ့ မသက်ဆိုင်ပါဘူး… အဓိက အများဆုံး ပါဝင်ကူညီခဲ့တာကတော့ ကျွန်မရဲ့ ခန့်ညားတဲ့ ဝမ်းကွဲမောင်လေး လီလော့ပါပဲ" ဟု ဆိုလိုက်သည်။
ထိုစကားကြောင့် လူတိုင်း၏ အကြည့်များမှ လီလော့ဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားသည်။ သူတို့ လုံးဝ မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
သူကပဲ ကျောက်မျိုးနွယ်နဲ့နတ်ဆိုးမီးတောက် ခန်းမကို ဆုတ်ခွာအောင် လုပ်လိုက်တာလား…ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
လီဖူလင်က အခြေအနေကို အတိုချုပ် ရှင်းပြလိုက်သည်။ ထိုအခါ နဂါးအကြေးခွံကလန်မှ လူများ ခဏတာ တိတ်ဆိတ်သွားပြီး သူတို့၏ အံ့ဩမှုကို လက်ခံနိူင်ရန် ကြိုးစားနေကြသည်။
"ဒီအကြောင်းနဲ့ ပတ်သက်ပြီး အများကြီး အံ့ဩနေစရာ မလိုပါဘူး…ကျွန်တော် ကံကောင်းလို့ပါ… ကျောက်မျိုးနွယ်စု ပို့လိုက်တဲ့ ပထမအဖွဲ့က အစောင့်အရှောက်တွေ ဝိုင်းရံတာ ခံလိုက်ရပြီးမှ ကျောက်ယန်က ကူညီဖို့ ရောက်လာတာပါ… နောက်ဆုံးမှာ အစောင့်အရှောက်တွေက အရမ်းသန်မာလွန်းတယ်ဆိုတာ သူ သိသွားပြီး ကျွန်တော်တို့ဘက်က အလစ်အငိုက် တိုက်ခိုက်မှာကို စိုးရိမ်လို့ ဆုတ်ခွာသွားတာပါ…”
လီလော့၏ စကားများက ရိုးရှင်းသော်လည်း နဂါးအကြေးခွံကလန်မှ လူများက မိုက်မဲသူများ မဟုတ်ကြသဖြင့် အပြည့်အဝ မယုံကြည်ကြပေ။
အစောင့်အရှောက်တွေနဲ့ တိုက်ဆိုင်စွာ ဝိုင်းရံခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..နောက်ပြီး အစောင့်အရှောက်တွေက ရုတ်တရက် အစွမ်းထက်လာတယ်ဆိုတာကရော..
ဤကံကောင်းသည့် ဖြစ်စဉ်များနောက်ကွယ်တွင် တစ်စုံတစ်ယောက်က လှည့်ကွက် ဆင်ထားသည်မှာ အသေအချာပင်။
လုချင်းမိန်၏ အကြည့်များ ချိုင့်ဝှမ်းဘက်သို့ ရောက်ရှိသွားသည်။ လက်ရှိအခြေအနေက တည်ငြိမ်သွားပြီဟု ထင်ရသည်။ ထို့နောက် ကျောက်ယန်နှင့် အခြားသူများ ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရသည်။
ကျောက်ယန်က ရှေ့ဆုံးမှ လမ်းပြနေသော်လည်း လီကွမ်းတို့အဖွဲ့၏ စိတ်ထဲတွင်မူ အံ့ဩမှုများ ပြည့်နှက်သွားသည်။ ကျောက်ယန်၏ နောက်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် အလွန်ပင် သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည့် ကျောက်မျိုးနွယ်စုဝင် အမြောက်အမြား ရှိနေသည်။ အချို့မှာ ကိုယ်အင်္ဂါများပင် ပြတ်တောက်လျက် ရှိနေသည်။
"ဒီလောက်တောင် ပြင်းထန်တဲ့ ဒဏ်ရာတွေလား…သူတို့ အစောင့်အရှောက် ဘယ်လောက်များများနဲ့ ရင်ဆိုင်လိုက်ရတာလဲ"
နဂါးအကြေးခွံကလန်မှလူများ တွေးတောရင်း ခေါင်းကုတ်နေကြသည်။
သူတို့တွေ "ပိုမို သန်မာသည်" ဟု ယူဆထားသော အစောင့်အရှောက်များ၏ စွမ်းအားကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ကျောက်ယန်က လီလော့တို့အဖွဲ့ကို သတ်ဖြတ်လိုစိတ် ပြင်းထန်စွာဖြင့် စိုက်ကြည့်နေသည်။ ဒါကလည်း အံ့ဩစရာ မရှိပေ။ လီလော့နှင့်သူ့ကြားတွင် ရှင်းမရသော ရန်ငြိုးများရှိနေချေပြီ။
သို့သော် ကျောက်ယန်က အခြားမျိုးနွယ်စုများ ရောက်ရှိလာသည်ကို သတိပြုမိပြီးနောက် မျက်နှာထား ပိုမို မှောင်မိုက်သွားသည်။ သူသည် လီလော့ကို ချက်ချင်း လက်တွေ့ ကိုင်တွယ်ရန် အခွင့်အရေး ရှိမရှိ စဉ်းစားခဲ့သော်လည်း မဟာမိတ်များ အမြန်ရောက်လာသဖြင့် အစီအစဉ်ကို ပြောင်းလဲလိုက်သည်။
ကျောက်မျိုးနွယ်စုမှ အခြားသူများလည်း သစ်တောမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
"သွားကြ!"
ကျောက်ယန်က တစ်ခွန်းတည်း စကားကို ဆိုလိုက်ပြီး ပဲ့တင်ထပ်သံ စွမ်းအားကိုသုံး၍ကောင်းကင်သို့ ပျံတက်သွားသည်။
ကျောက်ကျင်းယွီ၏ မျက်လုံးများ နီရဲနေပြီး လီလော့ကို ဝံပုလွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။ သူ့စိတ်ထဲက ခါးသီးမှုကို ပြေပျောက်စေရန် လီလော့ကို ကိုင်တွယ်လိုစိတ် ပြင်းပြနေသည်။ သူသည် ပထမဆုံး အကြိမ်တွင် နဂါးစွယ် (၅) ခုပေးခဲ့ရသည်။ ဒုတိယအကြိမ်တွင် ဝယ်ထားသည်မှာ တစ်ရက်မျှပင် မရှိသေးသော မရဏမိုးကြိုးမြားသည်လည်းလီလော့၏ အိတ်ကပ်ထဲသို့ ရောက်သွားပြန်သည်။
ဖခင်ဖြစ်သူပင် သူလောက် မရက်ရောတတ်ပေ။
"သွားကြစို့…အခု သူ့ဆီ ရောက်သွားပြီဆိုတော့ နောက်ကျရင် သူ့အလောင်းဆီကနေ ပြန်ယူဖို့ နည်းလမ်းရှာမယ်" ဟု ကျောက်ရှန်းကျန်းက ကျောက်ကျင်းယွီကို နှစ်သိမ့်လိုက်သည်။
ထိုအပြုအမူက ပေါ့ပေါ့ဆဆ ဖြစ်နေသော်လည်း လီလော့ကို အရိုးထဲစွဲအောင် မုန်းတီးနေကြောင်း သူနှင့် ရင်းနှီးသူများ သိကြသည်။
ထို့ကြောင့် ကျောက်ကျင်းယွီလည်း သက်ပြင်းချကာ ကျောက်ယန်နောက်သို့ လိုက်ပါသွားသည်။ ကျောက်မျိုးနွယ်စုအဖွဲ့ ထွက်ခွာသွားပြီး မကြာမီတွင် ကျန်ရှိနေသည့် ကလန်သုံးခု သစ်တော၏ အနက်ပိုင်းမှ ထွက်ပေါ်လာပြီး လီလော့ အချက်ပေးထားသည့် နေရာတွင် စုဝေးခဲ့ကြသည်။
အခန်း (၉၆၀) - အတွဲလိုက် ခွဲထွက်ခြင်း
ကောင်းကင်ဧကရာဇ် လီမျိုးနွယ်စုတို့ သစ်တောမှ ထွက်ခွာလာချိန်တွင် ပြိုင်ဘက်ဖြစ်သော ကောင်းကင်ဧကရာဇ် ကျောက်မျိုးနွယ်စုမှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထပ်မံ မတွေ့ဆုံရပေ။ ကျောက်ယန်သည် ယခုအချိန်တွင် အဆုံးအဖြတ်ပေးနိုင်သော တိုက်ပွဲကို မလိုလားပုံ ရသည်။
နှစ်ဖက်စလုံးတွင် စွမ်းအား ကွာခြားမှု မရှိသဖြင့် တိုက်ခိုက်ပါက နှစ်ဖက်စလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်ပြီး နောက်ကွယ်မှ အခြားရန်သူများ၏ ထောင်ချောက်တွင်သာ မိသွားနိုင်စရာ ရှိသည်။ အကယ်၍ ရန်သူများက နောက်ကွယ်မှ ကြံစည်နေပါက နှစ်ဖက်စလုံး ပဲ့တင်ထပ်သံ လိုဏ်ဂူမှ စောစီးစွာ ထွက်ခွာသွားရနိုင်ပေသည်။
ထို့ကြောင့် ကျောက်ယန်အနေနှင့် လီလော့ကို အလွန်ပင် မုန်းတီးနေသော်လည်း၊ လီလော့ကို အပိုင်းပိုင်း အစအနများ ဖြစ်သွားအောင် ဖျက်ဆီးပစ်ချင်နေသော်လည်း ဆုတ်ခွာခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း နားလည်ခဲ့သည်။
တစ်ဖက်တွင်လည်း နတ်ဆိုးမီးတောက် ခန်းမမှ တျန်မိုက ကျောက်ယန်တို့ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ကျောက်ယန်၏ ဆုံးဖြတ်ချက်ကို စိတ်ထဲမှ ဆဲဆိုနေမိသည်။
...
ကျောက်မျိုးနွယ်စု၏ အရိပ်အယောင် မမြင်ရသော်လည်း နဂါးစွယ်ကလန် ငါးခုမှာ ပြန်လည် တိုက်ခိုက်ခံရမှုကို ရှောင်ရှားရန် တစ်စုတစ်စည်းတည်း ဆက်လက် ရွေ့လျားကြသည်။ သူတို့သည် ရွှေနှင်းစက် စင်မြင့်ရှိသည့် ပဲ့တင်ထပ်သံ လိုဏ်ဂူ၏ ပိုမိုနက်ရှိုင်းသော နေရာများဆီသို့ ဦးတည်သွားကြသည်။
နေ့တဝက်ခန့် ကြာပြီးနောက်တွင် ကလန်ခေါင်းဆောင်များ နောက်တစ်ကြိမ် စုဝေးပြီး ဆွေးနွေးခဲ့ကြသည်။
"ကဲ… အခု လမ်းခွဲရမယ့်အချိန် ရောက်ပြီလို့ ထင်တယ်…အဖွဲ့လိုက် လှုပ်ရှားတာက ပဲ့တင်ထပ်သံ ရွှေနှင်းစက် ရှာဖို့ အဆင်မပြေဘူး" ဟု လီဝူယွမ်က အကြံပြုလိုက်သည်။
အဖွဲ့ဝင် ၁၀၀ နီးပါး စုနေသဖြင့် ရရှိလာသော ရွှေနှင်းစက်များမှာ ခွဲဝေရန် လုံလောက်မှု မရှိပေ။
"ဟုတ်တယ်… အခု ကျောက်မျိုးနွယ်စုလည်း ထွက်သွားပြီဆိုတော့ ငါတို့ အဖွဲ့တွေ ခွဲပြီး ရွှေနှင်းစက် ရှာသင့်ပြီ" ဟု လီလော့က ထောက်ခံလိုက်သည်။
ကျန်သည့်ခေါင်းဆောင်များကလည်း သဘောတူကြသည်။ထို့ကြောင့် လီလော့နှင့် လီဖူလင်တို့က နဂါးစွယ်ကလန် အဖွဲ့ဆီသို့ ပြန်သွားပြီး အခြေအနေကို ရှင်းပြလိုက်သည်။
"ငါတို့ အဖွဲ့တွေ ခွဲပြီး နှစ်ယောက်တစ်တွဲ သွားကြမယ်.. စွမ်းအားကြီးသူနဲ့ အားနည်းသူ တွဲသွားတာ ပိုထိရောက်မယ်"
ထိုအခါ လီလင်းကျင်းက ချက်ချင်းပင် လီလော့နှင့် တွဲရန် ပြောလိုက်သည် - "ငါက ဝမ်းကွဲမောင်လေး လီလော့ကို ကာကွယ်ပေးရမှာဆိုတော့ သူနဲ့ပဲ တွဲမယ်"
လီဖူလင်က နှုတ်ခမ်းစူလိုက်ပြီး…
"ကောင်းပါပြီ၊ နင်တို့ နှစ်ယောက်ပဲ တွဲသွားကြပါ" ဟု ပြောကာ ကိုယ်တိုင်ကတော့ လီဖုန်းယီနှင့် တွဲလိုက်သည်။
ကျန်ရှိသူများလည်း ကြိုတင်သတ်မှတ်ထားသည်နှင့်အညီ အတွဲများ ဖွဲ့လိုက်ကြသည်။ ထိုအထဲတွင် တျန့်ဖုန်းရှန်နှင့် လုဇဲ့တို့က တစ်တွဲ၊ လီကျင်းထောင်က ယခင်မျိုးဆက်မှ ခရမ်းရောင်ဝိညာဉ် တံခွန်ခေါင်းဆောင်နှင့် တစ်တွဲစီ ဖွဲ့စည်းလိုက်ကြသည်။
ဤသို့ဖြင့် အားလုံး စုဖွဲ့ပြီးစီးသွားသည့်အခါ လီလော့က…
"ဒါဆိုရင် အားလုံးပဲ ပဲ့တင်ထပ်သံ ရွှေနှင်းစက်တွေ အများကြီး ရရှိကြပါစေလို့ ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်… ရွှေနှင်းစက် စင်မြင့်မှာ ပြန်ဆုံကြတာပေါ့"
"သတိနဲ့ သွားနော်.." ဟု လီဖုန်းယီက စနောက်လိုက်သည်။
ထိုအခါ လီလော့က သွားဖြဲရယ်မောကာ ခေါင်းညိတ်လိုက်ပြီး….
"အန္တရာယ်တစ်ခုခုနဲ့ ကြုံရင် နဂါးစွယ်ကလန်ရဲ့ အကူအညီတောင်းခံတဲ့ အချက်ပေးသံ ပစ်လွှတ်ဖို့ မမေ့ကြနဲ့ဦး…ကျွန်တော် အနီးအနားမှာ ရှိနေရင် ချက်ချင်း လာကူပေးမှာပါ"
"မင်းလည်း သတိထားဦး…အခုဆိုရင် ကောင်းကင်ဧကရာဇ် ကျောက်မျိုးနွယ်စုက မင်းကို အရိုးထဲစွဲအောင် မုန်းနေတာ… အခွင့်အရေးရတာနဲ့ လက်စားချေဖို့ ကြိုးစားမှာ သေချာတယ်" ဟု လီကျင်းထောင်က သတိပေးလိုက်သည်။
လီလော့လည်း ထိုသတိပေးမှုကို ခေါင်းညိတ်၍ လက်ခံလိုက်သည်။
အားလုံး ခွဲထွက်သွားပြီးနောက် လီလော့နှင့် လီလင်းကျင်းတို့ အခြား တစ်ဖက်သို့ ထွက်ခွာသွားကြသည်။
လီလော့က စွမ်းအင်တောင်ပံများကို ဖြန့်ကျက်ပြီး လီလင်းကျင်းမှာကတော့ ပဲ့တင်ထပ်သံ စွမ်းအားများဖြင့် သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ ပျံသန်းသွားခဲ့ကြသည်။
သူတို့နှစ်ဉီး တောင်တန်းနှင့် မြစ်များကို ဖြတ်ကျော်ရင်း စွမ်းအင် သန့်စင်သော နေရာများကို ရှာဖွေခဲ့ကြသည်။ လီလော့က ရှာဖွေနေစဉ် လီလင်းကျင်းက နောက်မှ အေးဆေး လိုက်ပါလာပြီး ပျော်ရွှင်စွာဖြင့် သီချင်းဆိုနေသည်။
သူတို့ အစောင့်အရှောက်များနှင့် တွေ့ဆုံပါက လီလော့က ရှင်းလင်းပေးပြီး လီလင်းကျင်းက ဘေးမှနေ၍ အားပေးနေသည်။
လောဘကြီးသည့် တကိုယ်တော် ကျင့်ကြံသူများနှင့် တွေ့သည့်အခါတွင်လည်း လီလင်းကျင်း၏ ကောင်းကင်ပုလဲ ရှစ်လုံးအဆင့် စွမ်းအားကြောင့် မည်သူမျှ သူတို့ကို မနှောင့်ယှက်ရဲကြပေ။
နှစ်ရက်ခန့် ကြာပြီးနောက်တွင် သူတို့ ရွှေနှင်းစက် (၈) စက် ရရှိသွားပြီ ဖြစ်သည်။ ချိုင့်ဝှမ်းတွင် ရခဲ့သော (၇) စက်နှင့် ပေါင်းလျှင် စုစုပေါင်း (၁၅) စက် ရရှိထားသည်။
သို့သော်လည်း ပိုမိုရရှိလာခြင်းကို မည်သူမျှ ငြင်းပယ်မည်မဟုတ်ပေ။ ရွှေနှင်းစက် စင်မြင့်ကို အသက်သွင်းရန်အတွက် အစက် (၃၀) လိုအပ်သော်လည်း၊ ပိုလျှံနေသော ပမာဏများကို မိမိ၏ ပဲ့တင်ထပ်သံ စွမ်းအားကို ပိုမိုခိုင်မာစေရန် အသုံးပြုနိုင်သေးသည်။ ၎င်းမှာ ကမ္ဘာမြေကြီး၏ သဘာဝစွမ်းအားဖြင့် ဖန်တီးထားသည့် ဝိညာဉ်အရည်နှင့် သန့်စင်သော အလင်းတန်းတစ်မျိုးဟုပင် ဆိုနိုင်ပေသည်။
အကယ်၍ ဤအရည်မျိုးကို အပြင်လောကသို့ သယ်ဆောင်သွားနိုင်ပါက အလွန်တန်ဖိုးထားပြီး ဝယ်ယူလိုသူ အမြောက်အမြား ရှိလာမည်မှာ အသေအချာပင်။ သို့သော်လည်း ပဲ့တင်ထပ်သံ ရွှေနှင်းစက်မှာ ပဲ့တင်ထပ်သံ လိုဏ်ဂူထဲမှ ထုတ်ယူပြီးသည်နှင့် ခဏတာအတွင်း ပျောက်ကွယ်သွားတတ်သဖြင့် အလွန်ပင် နှမြောစရာ ကောင်းလှသည်။
သို့သော်လည်း လီလော့နှင့် လီလင်းကျင်းတို့မှာမူ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ အချိန်များစွာ ကျန်ရှိနေသေးသဖြင့် ရွှေနှင်းစက် (၃၀) ရရှိရန်မှာ သူတို့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။
ကျယ်ပြောလှသော လွင်ပြင်တစ်ခုတွင် မီးပုံငယ်လေးတစ်ခု ထွန်းညှိထားရာ မီးခိုးငွေ့များမှာ ကောင်းကင်ယံသို့ တလူလူ တက်သွားသည်။
လီလော့က ကြိုတင်ပြင်ဆင်ထားသော အသားတုံးများကို အိတ်ဆောင်စက်လုံးထဲမှ ထုတ်ယူလိုက်ပြီး မီးပုံပေါ်တွင် ကင်လိုက်သည်။ အသားကင်မှ အရည်များ အရိုးပေါ်မှ တစ်စက်စက် ကျဆင်းလာပြီး ရွှေရောင် တောက်ပနေကာ မယုံနိုင်လောက်အောင် မွှေးကြိုင်သော အနံ့များ ထိုနေရာတစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။
လီလင်းကျင်းမှာ မီးပုံဘေးတွင် ထိုင်နေရင်း အသားကင်ကိုသာ အာရုံစိုက်ကြည့်နေပြီး အလွန်ပင် မျှော်လင့်တကြီး စောင့်မျှော်နေသည်။
လီလော့က အသားကင်ရင်းနှင့်…
"အစ်မ အခုနောက်ပိုင်း အတော်လေး ပေါ့ပါးသွားပုံပဲနော်"
"ပတ်ဝန်းကျင်မှာ တခြားသူတွေ မရှိတော့ စိတ်လွတ်လက်လွတ် နေလို့ရတာပေါ့"
"အစ်မ သူများတွေနဲ့ ပေါင်းသင်းရတာ မနှစ်သက်ဘူးလား"
"ဖြစ်နိုင်ပါတယ်..ငါက နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာ ရထားတာကိုး"
လီလော့က ကင်ထားသော အသားကို သူမအား ပေးလိုက်ပြီး…
"စိတ်မပူပါနဲ့… အိပ်မက်ဆိုးတွေ ကုန်ဆုံးသွားပါပြီ…အစ်မရဲ့ ပါရမီနဲ့ဆိုရင် ကျွန်တော်တို့က နဂါးစွယ်ကလန်ရဲ့ အထူးချွန်ဆုံး သူရဲကောင်း နှစ်ယောက် ဖြစ်လာမှာပါ… မြို့စား၊ ဘုရင်အဆင့် ဖြစ်ဖို့က အချိန်ပဲ လိုတော့တာပါ" ဟု နှစ်သိမ့်လိုက်သည်။
လီလင်းကျင်းက ရှက်ရွံ့စွာဖြင့် ပါးစပ်ကို အုပ်လိုက်ပြီး အသားကို အသာအယာ ကိုက်စားလိုက်သည်။ သူမ၏ နီရဲနေသော နှုတ်ခမ်းလွှာလေးမှာ ဆီစွန်းနေသဖြင့် ပို၍ပင် နုနယ်လှပနေပြီး သူမ၏ မျက်ဝန်းအစုံတွင်လည်း ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
"မောင်လေးတော့ အချိုသာဆုံး စကားတွေကို ပြောတတ်တာပဲ.. လမ်းမခွဲခင်တုန်းက ဖုန်းယီက မောင်လေးကို ကောင်းကောင်း ကာကွယ်ပေးဖို့ မှာလိုက်သေးတယ်… မောင်လေးမှာ ရန်သူတွေကလည်း နည်းတာ မဟုတ်ဘူး… ကျောက်မျိုးနွယ်စုတင်မကဘဲ ကောင်းကင်ဧကရာဇ် ချင်မျိုးနွယ်စုက နာမည်ကြီး ရေနတ်သမီးလေးလည်း ရှိသေးတယ်လေ…ဒါကြောင့် စိတ်အေးအေးထားပါ… ဒီလိုချိုသာတဲ့ စကားတွေ မပြောရင်တောင် မောင်လေးရဲ့ လုံခြုံရေးအတွက် အကောင်းဆုံး ကြိုးစားပေးမှာပါ"
ထို့နောက် သူမက ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီး…
"ဒါပေမဲ့လည်း ရေနတ်သမီးလေးကတော့ တကယ့်ကို ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်မို့လို့ ဝင်မရှုပ်စေချင်ဘူးဆိုရင်တော့ သူ့ကို မောင်လေးအတွက် ချန်ထားပေးလို့ ရပါတယ်"
လီလော့က မျက်လုံးကို လှန်လိုက်ပြီး ကျန်ရှိနေသော အသားများကို အကုန်စားပစ်လိုက်ကာ ကျင့်ကြံခြင်း စတင်လိုက်တော့သည်။
လီလင်းကျင်းလည်း မီးပုံဘေးတွင် ဆက်လက်ထိုင်နေရင်း သစ်ကိုင်းလေးတစ်ချောင်းဖြင့် မီးတောက်ကို ကလိနေသည်။ ထိုစဉ် သူမ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဝေးက အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်သည်။
သူမ ပဲ့တင်ထပ်သံ လိုဏ်ဂူထဲ ရောက်လာကတည်းက တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသလိုမျိုး ထူးဆန်းသော ခံစားချက် ရရှိနေခဲ့သည်။
ထိုခံစားချက်က ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်လှသည်။ထို့အပြင် ရင်းနှီးနေသလိုလဲ ခံစားရသည်။
ထိုစဉ် သူမ၏ မျက်ဝန်းအနက်ပိုင်းမှ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူမ၏ လက်ချောင်းသွယ်သွယ်လေးများက ကိုင်ထားသော သစ်ကိုင်းကို ဖြည်းဖြည်းချင်း ဖိချလိုက်ရာ အမှုန့်ဖြစ်သွားတော့သည်။
မီးပုံမှ မီးတောက်များ တဖျတ်ဖျတ် လောင်ကျွမ်းနေစဉ် သူမက မကြားတကြား တိုးညင်းစွာဖြင့်…
"ငါ့ကို အတင်းအကျပ် မလုပ်ပါနဲ့..." ဟု ရေရွတ်လိုက်သည်။