← Chapters

အခန်း (၉၆၁-၉၆၂)

Vol. 69 Ch. 961-962

အခန်း (၉၆၁-၉၆၂)

Vol. 69 Ch. 961-962

အခန်း (၉၆၁) - ပဲ့တင်ထပ်သံ ရွှေနှင်းစက် သန့်စင်ခြင်း

​လီလော့နှင့် လီလင်းကျင်းတို့ မပင်မပန်း ကြိုးစားရှာဖွေမှုကြောင့် "ပဲ့တင်ထပ်သံ ရွှေနှင်းစက်" အရည်စက်ပေါင်း ခြောက်ဆယ်ကို စုဆောင်းရရှိခဲ့ကြသည်။

​သို့သော် ဤလုပ်ငန်းစဉ်အတွင်း စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ လီလော့သည် ပဲ့တင်ထပ်သံ ရွှေနှင်းစက်နှင့် ပဲ့တင်သံတုပခြင်းမီးတောက်ကို တွဲဖက်အသုံးပြုပါက မည်သို့ဖြစ်လာမည်ကို စမ်းသပ်ကြည့်ခဲ့သည်။

​သူ အလွန်အံ့အားသင့်သွားရသည်မှာ ပဲ့တင်သံမီးတောက်က ပဲ့တင်ထပ်သံ ရွှေနှင်းစက်ကို သန့်စင်ပေးနိုင်ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနိုင်ခြင်းပင် ဖြစ်သည်။ သူသည် စမ်းသပ်မှု၏ အမြင့်ဆုံးအဆင့်ကို သိရှိရန်အတွက် ရွှေနှင်းစက်များကို မီးတောက်အတွင်းသို့ တစ်စက်ပြီးတစ်စက် ထပ်မံဖြည့်စွက်ခဲ့ရာ နောက်ဆုံးတွင် မွေးကင်းစကလေးလက်မအရွယ်ရှိ ရွှေရောင်ကျောက်သလင်းတုံးလေးတစ်ခုကို ရရှိခဲ့သည်။

​ထိုရွှေရောင်ကျောက်သလင်းတုံးလေး လီလော့၏ လက်ထဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မစစ်ဆေးရသေးမီမှာပင် သန့်စင်သောစွမ်းအင်စီးကြောင်းအဖြစ် အရည်ပျော်သွားပြီး ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။

​ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကြောင့် ပဲ့တင်သံနန်းတော် သုံးခုလုံး တုန်ခါသွားခဲ့သည်။ ပုံမှန်အားဖြင့် နန်းတော်အတွင်း တည်ငြိမ်စွာနေတတ်သော ပဲ့တင်ထပ်သံများက ထိုစွမ်းအင်ကို စုပ်ယူစားသုံးရန်အတွက် နန်းတော်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားလာကြသည်။

​ပဲ့တင်ထပ်သံ ရွှေနှင်းစက်မှ ဖန်တီးလိုက်သော ထိုရွှေရောင်ကျောက်သလင်းတုံးသည် ပဲ့တင်သံစွမ်းအားကို မြှင့်တင်ရာတွင် အလွန်ထိရောက်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။

​ခဏတာ တွေဝေပြီးနောက် လီလော့က ထိုစွမ်းအင်ကို မိုးကြိုးနဂါးပဲ့တင်သံထဲသို့ ပို့လွှတ်လိုက်သည်။ ၎င်းသည် သူ့ရဲ့ ပဲ့တင်သံသုံးခုထဲတွင် အားအနည်းဆုံးဖြစ်ပြီး အဆင့်နိမ့် အဆင့် (၇)သာ ရှိသေးသည်။ ဤခရီးစဉ် မကုန်ဆုံးမီ ပဲ့တင်သံအားလုံးကို အဆင့် (၈) သို့ ရောက်ရှိအောင် မြှင့်တင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။

​မိုးကြိုးနဂါး ပဲ့တင်သံက ထိုစွမ်းအင်ကို စုပ်ယူပြီးနောက် ၎င်းအတွင်းရှိ ပဲ့တင်သံစွမ်းအားများ ပိုမိုသန့်စင်လာသည်ဟု ခံစားရသည်။ ဖြစ်စဉ်ပြီးဆုံးသွားသောအခါ နန်းတော်တစ်ခုလုံးတွင် နဂါးဟိန်းသံများနှင့် မိုးကြိုးသံများ ဟိန်းထွက်လာသည်။

​ထိုကျောက်သလင်းတုံး၏ အာနိသင်သည် အဆင့် (၈) ဝိညာဉ်အရည်သို့မဟုတ် သန့်စင်သည့်အလင်းတန်းတစ်ပုလင်းနှင့် ညီမျှသည်။

​ဤအချက်က လီလော့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ အဆင့် (၈) ဝိညာဉ်အရည် သို့မဟုတ် သန့်စင်သည့်အလင်းတန်း တစ်မျိုးချင်းစီ၏ တန်ဖိုးက ကောင်းကင်ရွှေဒင်္ဂါး သန်းနှင့်ချီ တန်ဖိုးရှိသည်။ သူသည် အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင်လစာကို ရရှိထားသော်လည်း ထိုမျှတန်ဖိုးကြီးသည့် ပစ္စည်းများကို အသုံးပြုရခြင်းက အနည်းငယ် နှမြောစရာကောင်းလှသည်။

ရွှေနှင်းစက်များမှ ရရှိသော ကျောက်သလင်းတုံးများက ဤမျှ အံ့ဩဖွယ်ကောင်းသော အကျိုးကျေးဇူးကို ပေးစွမ်းနိုင်လိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်မည်နည်။

​"ပဲ့တင်ထပ်သံ လိုဏ်ဂူဆိုတာ တကယ့်ကို ထိပ်တန်းလျှို့ဝှက်နယ်မြေတစ်ခုပဲ…လေဟာနယ် ပဲ့တင်သံဂိုဏ်းက ဒီနေရာကို ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကို ငါ နားမလည်နိုင်တော့ဘူး" ဟု လီလော့က အံ့ဩတကြီး ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ရွှေနှင်းစက်များက ၎င်းတို့ဘာသာဆိုလျှင် ဤမျှအစွမ်းထက်မည်မဟုတ်ဘဲ ပဲ့တင်သံပုံသွင်းခြင်းပညာရပ်နှင့် ပေါင်းစပ်မှသာ အလားအလာ အပြည့်အဝ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

​ထိုပညာရပ်က လေဟာနယ် ပဲ့တင်သံဂိုဏ်းအတွင်း၌ပင် ထူးခြားသည့်ပညာရပ် ဖြစ်ဟန်တူသည်။

​လီလော့၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေစဉ် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ ရွှေနှင်းစက်များကို ထည့်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ကြည့်လိုက်သောအခါ အေးစက်ပြီး ဗလာကျင်းနေသည်ကိုသာ မြင်လိုက်ရသည်။

​စူးစမ်းလိုစိတ်ကြောင့် သူ ကြိုးစားစုဆောင်းထားသမျှ ရွှေနှင်းစက်များအားလုံးကို သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် အကုန်အသုံးပြုလိုက်မိပြီ ဖြစ်သည်။

​"ပြီးခဲ့တဲ့ရက်အနည်းငယ်က ငါ့ရဲ့ ကြိုးစားမှုတွေအားလုံး အလကားဖြစ်သွားပြီပဲ..." ဟု သက်ပြင်းချရင်း ညည်းညူလိုက်သည်။ ရွှေနှင်းစက်များကို ပိုမိုစုဆောင်းရန် အားသွန်ခွန်စိုက် ကြိုးစားရတော့မည် ဖြစ်သည်။

​သူ သက်ပြင်းချနေစဉ် အရှေ့ဘက်ရှိ တောအုပ်ထဲမှ ပဲ့တင်သံ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အကူအညီတောင်းသံနှင့် ဆင်တူသည့် အသံတစ်ခုကို ကြားလိုက်ရသည်။

​"ဝမ်းကွဲအစ်မ လင်းကျင်းလား"

လီလော့ အနည်းငယ် တုန်လှုပ်သွားသည်။ ထိုနေရာကို လီလင်းကျင်း အစောပိုင်းကတည်းက စုံစမ်းထောက်လှမ်းခဲ့ပြီးဖြစ်သဖြင့် ဘေးကင်းလိမ့်မည်ဟု ထင်ထားခဲ့သည်။

​သူ စုံစမ်းရန် သွားရောက်ကြည့်ရှုသောအခါ တောအုပ်ထဲတွင် လဲကျနေသည့် လူအချို့ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် လီလင်းကျင်းက ဝါးလုံးတစ်ချောင်းကို ကိုင်ဆောင်လျက် လမ်းလျှောက်ထွက်လာသည်။

​"လီလော့…သူတို့ဆီမှာ ပြောစရာ အရေးကြီးတဲ့စကား ရှိပုံရတယ်"

လီလင်းကျင်းက လီလော့ကို ပြောရင်း အနည်းငယ် ပြုံးပြလိုက်သည်။

​လီလော့လည်း သတိကြီးစွာဖြင့် သွေးအလိမ်းလိမ်းဖြစ်နေသည့် လူစုကို ကြည့်ရှုစစ်ဆေးလိုက်သည်။ သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် ရက်စက်သည့် လူဆိုးဂိုဏ်းဝင်များဖြစ်ကြောင်း သိသာသည်။ သူတို့က လီလင်းကျင်းကို တစ်ယောက်တည်း တွေ့ရသဖြင့် လုယက်ရန် ကြိုးစားခဲ့ကြပုံရသည်။ သို့သော် ကံဆိုးစွာပင် သံပြားကဲ့သို့ မာကျောသည့် အရာတစ်ခုကို သွားတိုက်မိခဲ့ခြင်း ဖြစ်သည်။

​"သခင်မ… ကျွန်တော်တို့ မှားသွားပါတယ်! ကျွန်တော်တို့ကို လေပွေတစ်ခုလိုပဲ သဘောထားပြီး လွှတ်ပေးပါ!"

လူဆိုးများက ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်။

​သူတို့သည် ဓားသွားပေါ်တွင် လမ်းလျှောက်နေရသည့် ဘဝမျိုးဖြင့် အသက်ရှင်သန်လာသူများ ဖြစ်ကြသဖြင့် ဒူးထောက်တောင်းပန်ခြင်းသည် အသက်ရှင်သန်နည်းလမ်းတစ်ခု ဖြစ်သည်။

​လီလင်းကျင်းက သူတို့ရှေ့တွင် လှပစွာ ရပ်နေပြီး လက်တစ်ဖက်က ခါးကိုထောက်ထားကာ နောက်တစ်ဖက်တွင် ဝါးလုံးကို ကိုင်ထားသည်။ သူမက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး….

"အပိုတွေ ပြောမနေနဲ့တော့..နင်တို့ရဲ့ အသက်နဲ့ လဲလှယ်လို့ရမယ့် တန်ဖိုးရှိတဲ့ လျှို့ဝှက်သတင်းက ဘာလဲ" ဟု မေးလိုက်သည်။

​သူမက အစိမ်းရောင်ဝါးလုံးကို ဝှေ့ယမ်းကာ လူဆိုးတစ်ယောက်၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး…

"မှတ်ထား… နင်တို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်… မတန်ဖိုးရှိတဲ့ သတင်းဆိုရင် နင်တို့ကို ငါ မသတ်မိလို့ နင်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ကြပေတော့"

​သူမ၏ ပေါ့ပါးပျော်ရွှင်သော အသံကို ကြားရသော်လည်း လူဆိုးများ ကျောချမ်းသွားကြသည်။ သူမကို တိုက်ခိုက်ခဲ့စဉ်က အသွင်အပြင်အားဖြင့် နုနယ်လှပသော်လည်း အမှန်တကယ်တွင်မူ မည်မျှ ရက်စက်ပြီး မေတ္တာကင်းမဲ့ကြောင်း သူတို့ ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်သည်။ သူတို့၏ ညီအစ်ကို သုံးယောက်မှာ ဝါးလုံးဖြင့် ခေါင်းကို အရိုက်ခံလိုက်ရသဖြင့် ဦးနှောက်နှင့် သွေးများ ရောထွေးသွားခဲ့သည်။

​ထို့ကြောင မည်သည့်လိမ်ညာမှုမျှ လုပ်ရန် မဝံ့ရဲကြတော့ပေ။ ခဏတာ တုံ့ဆိုင်းပြီးနောက်….

"ကျွန်တော်တို့ ကြားရတာတော့ အနောက်တောင်ဘက် တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့နေရာမှာ ရွှေရောင်လွှမ်းခြုံထားတဲ့ ခန်းမကြီးတစ်ခု ရှိတယ်တဲ့… အဲဒီနေရာကို လူတစ်ယောက် ရောက်သွားရင် ရွှေနှင်းစက်တွေ အလိုအလျောက် စုစည်းလာပြီး အစောင့်ရှောက်ဝိညာဉ်တွေလည်း မရှိဘူးလို့ ကြားရပါတယ်"

​"အစောင့်ရှောက်ဝိညာဉ် မရှိဘူးလား"

လီလော့ အနည်းငယ် အံ့ဩသွားပြီးနောက် သံသယဖြင့် မေးလိုက်သည်။

"ဒါဆို ရွှေနှင်းစက်တွေအားလုံးကို တခြားသူတွေ ယူသွားကြပြီ မဟုတ်ဘူးလား.. အခုသွားလို့ ဘာထူးမှာလဲ"

​"အဲဒီလောက်နဲ့ လွယ်လွယ်ယူသွားလို့ ရပါ့မလား…..ဝိညာဉ်တွေ မရှိပေမဲ့ အဲဒီနေရာကို စောင့်ကြပ်နေတဲ့ သူတွေ ရှိတယ်လို့ ပြောကြတယ်… လူအများကြီး အဲဒီရွှေရောင်ခန်းမကို ချဉ်းကပ်ခဲ့ဖူးပေမဲ့ အားလုံး အသတ်ခံလိုက်ရတယ်"

​"စောင့်ကြပ်နေတဲ့သူတွေ ရှိတယ်…"

လီလော့ရော လီလင်းကျင်းပါ အံ့အားသင့်သွားကြသည်။

"သူတို့က ဘယ်သူတွေလဲ… ငါတို့လို ရှာဖွေသူတွေကလွဲရင် တခြား ဘယ်သူတွေ ရှိဦးမှာလဲ"

​လူဆိုးများက ခဏတာ စဉ်းစားပြီးနောက်…

"ကျွန်တော်တို့လည်း သေချာ မသိပါဘူး… သူတို့က တကယ့်လူတွေ မဟုတ်သလိုပဲ… ဒါပေမဲ့ဝိညာဉ်တွေနဲ့လည်း မတူဘူးလို့ ကြားရတယ်…သူတို့က ပုံမှန်လူသားတွေလိုပဲ၊ ပဲ့တင်သံပညာရပ်တွေကိုတောင် သုံးနိုင်တယ်တဲ့… ရွှေရောင်ခန်းမထဲက ရွှေနှင်းစက်တွေကို ရရင် ပဲ့တင်သံတံဆိပ်တွေကို ဖွင့်ပြီး ရွှေနှင်းစက် စင်မြင့်ကို ဝင်နိုင်မယ်ဆိုတဲ့ သတင်းကြောင့် လူတွေ အများကြီး စိတ်ဝင်စားနေကြတာပါ..ဒီသတင်းက လုံးဝလျှို့ဝှက်ချက်တော့ မဟုတ်ပေမဲ့ အမှန်တရားပါ.. ကျွန်တော်တို့ မလိမ်ရဲပါဘူး… .

​လီလော့၏ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အပတ်တကုတ် ရှာဖွေခဲ့သော်လည်း ရလဒ်ကောင်းကောင်း မရရှိခဲ့ပေ။ ရွှေနှင်းစက်အများအပြား ထွက်ရှိနိုင်ရန် ထူးခြားသောနေရာများ လိုအပ်သည်မှာ ထင်ရှားပြီး ထိုရွှေရောင်ခန်းမက သူ ရှာဖွေနေသည့် နေရာမျိုး ဖြစ်နိုင်သည်။

​ဤသည်မှာ နဂါးသွေးကလန်မှ ဖန်တီးထားသည့် တောအုပ်နှင့် အနည်းငယ် ကွာခြားသည်။ ထိုနေရာသည် လူဖန်တီးထားခြင်းဖြစ်သော်လည်း ရွှေရောင်ခန်းမက အနည်းဆုံးတော့ ယနေ့ခေတ်လူများ ဖန်တီးထားခြင်း မဟုတ်ပေ။

​"ဒီသတင်းက မဆိုးပါဘူး… သွားကြည့်သင့်တယ်" ဟု လီလော့က လီလင်းကျင်းကို ပြောလိုက်သည်။ သူတို့ စုဆောင်းထားသည့် ရွှေနှင်းစက်များအားလုံး ကုန်သွားပြီ ဖြစ်ရာ အကယ်၍ ရွှေရောင်ခန်းမ၌ လူဆိုးများ ပြောသကဲ့သို့ ရွှေနှင်းစက်များစွာ ရှိနေပါက ရွှေနှင်းစက်ပြတ်လပ်နေမှုကို ပြန်လည်ဖြည့်တင်းနိုင်ပြီး ပိုလျှံသည်များကိုပင် သန့်စင်နိုင်ပေမည်။

​လီလင်းကျင်းက ဝါးလုံးကို သိမ်းလိုက်ပြီး…

"နင်တို့က တကယ်ကို ရိုးသားတဲ့သူတွေပဲ။ သွားကြတော့… နောက်တစ်ခါကျရင် လူကောင်းသူကောင်းလို နေကြပါဦး… ဓားသွားပေါ်က သွေးကို လျှာနဲ့လျက်နေရတဲ့ဘဝက အမြဲတမ်း ကံကောင်းနေမှာ မဟုတ်ဘူး"

​လူဆိုးများက ခေါင်းကို အလျင်အမြန် ငြိမ့်ပြပြီး အဝေးသို့ ထွက်ပြေးသွားကြသည်။ သူမ၏ အပြုအမူကြောင့် သူတို့ အလွန်ကြောက်လန့်သွားကြသည်မှာ ထင်ရှားသည်။

​"အစ်မ သူတို့ကို ဘာလုပ်လိုက်လို့လဲ… သူတို့ အတော် လန့်နေကြတာ"

လီလော့က တောအုပ်အတွင်းသို့ ကြည့်ရင်း ပြုံးလိုက်မိသည်။

​လီလင်းကျင်းက ပြန်မဖြေဘဲ လီလော့၏ လက်ကို ဆွဲကိုင်ကာ တစ်ခြားလမ်းတစ်ခုသို့ ဦးဆောင်သွားလိုက်သည်။

​"သွားကြစို့…ဒီရွှေရောင်ခန်းမကို သွားကြည့်ရမယ်… လူတွေနဲ့ စည်ကားနေမယ့် နေရာဖြစ်လိမ့်မယ်"

​ယနေ့ သူမ စိတ်ခံစားချက်မ သိပ်မကောင်းလှသဖြင့် ထိုရိုင်းစိုင်းသော လူဆိုးများနှင့် တွေ့ဆုံရသည့်အခါတွင်လည်း အားပါးတရ ကိုင်တွယ်ခဲ့သည်။ ရလဒ်အနေဖြင့် တောအုပ်ထဲတွင် သွေးများ စွန်းထင်းခဲ့သည်။ ထိုသူတို့ကလည်း သူတော်ကောင်းများ မဟုတ်ကြပေ။ သူမသာသာမန်မိန်းကလေးတစ်ယောက် ဖြစ်ပါက ထိုလူဆိုးများလက်ထဲတွင် သေသည်ထက်ဆိုးသည့် ဘဝမျိုးကို ကြုံတွေ့ရနိုင်သည်မှာ သေချာသည်။ ထို့ကြောင့် လီလင်းကျင်းအနေနှင့်လူအချို့ကို သတ်လိုက်ရသည့်အတွက် နောင်တ မရခဲ့ပေ။

​လီလော့လည်း ပြုံး၍ ခေါင်းညိတ်ကာ သူမနောက်သို့ လိုက်ပါသွားသည်။ သူကိုယ်တိုင်လည်း သူတော်ကောင်းယောင်ဆောင်နေသူ မဟုတ်ပေ။ ထိုလူဆိုးများက မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခဲ့ကြသူများဖြစ်ရာ သူတို့လုပ်ရပ်အတွက် သူတို့ကိုယ်တိုင် ပြန်ခံစားကြရခြင်း ဖြစ်သည်။

သို့သော်လည်း လီလင်းကျင်း၏ လုပ်ရပ်က အနည်းငယ် ရက်စက်လွန်းနေသဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စား နတ်ဆိုး၏ အကြွင်းအကျန်များ လွှမ်းမိုးနေမည်ကို စိုးရိမ်မိသည်။

​သူတို့နှစ်ဦးသည် ကောင်းကင်သို့ ပျံတက်သွားပြီး အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။

​သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် သွေးစွန်းနေသော တောအုပ်အတွင်းဿ အရိပ်သဏ္ဌာန်လူတစ်ယောက် ပေါ်လာသည်။ ထိုသူသည် စေးကပ်နေသည့် သွေးအိုင်များပေါ်တွင် ခြေချလိုက်ပြီး ထိုကြောက်မက်ဖွယ် မြင်ကွင်းကို အာရုံစိုက်နေသည်။

​တခဏအကြာတွင် သူ့မျက်လုံးများ လှုပ်ရှားနေပြီး နောက်ဆုံးတွင် ပိုးကောင်နှစ်ကောင်အဖြစ် ပြောင်းလဲကာ မျက်လုံးအိမ်မှ ထွက်လာပြီး ထိုညစ်ပတ်နေသော လေထုထဲတွင် ပျော်မွေ့နေကြသည်။

​ခဏအကြာတွင် အမူအရာကင်းမဲ့သည့် မျက်နှာပေါ်တွင် ထိတ်လန့်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

​"နံပါတ်သုံး... ငါက နံပါတ်နှစ်… ငါ မင်းကို... စားပစ်ချင်တယ်"

​သွေးစွန်းနေသည့် တောအုပ်အတွင်းတွင် အေးစက်ပြီး ကြမ်းတမ်းသော ရယ်မောသံများ ပဲ့တင်ထပ်လာသည်။

​အခန်း (၉၆၂) - ချင်ရီနှင့် တွေ့ဆုံခြင်း

​လူဆိုးဂိုဏ်းသားများ ပြောပြခဲ့သည့် ကြီးမားသော ရွှေရောင်ခန်းမကို ရှာဖွေရန် ခက်ခဲလှသည်မဟုတ်ပေ။ လီလော့နှင့် လီလင်းကျင်းတို့ လေးနာရီခန့် ပျံသန်းပြီးနောက် အခြားသော ရှာဖွေသူများနှင့် ပိုမိုတွေ့ဆုံခဲ့သည်။

သူတို့အားလုံး အရပ်မျက်နှာအသီးသီးမှ လာရောက်ကြခြင်းဖြစ်ပြီး ခရီးလမ်းကြောင်းကို ကြည့်လျှင် လီလော့တို့နှင့် တစ်နေရာတည်းသို့ ဦးတည်နေကြောင်း ထင်ရှားသည်။

​ဤအတိုင်းဆို ရွှေရောင်ခန်းမအကြောင်း သတင်းမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ သို့သော် ဤသည်မှာလည်း ထိုနေရာ တကယ်ရှိနေကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

​လီလော့နှင့် လီလင်းကျင်းတို့ ထိုအချက်ကို သတိပြုမိသည်နှင့် ခရီးအရှိန်မြှင့်လိုက်ကြသည်။

နေ့လည်ခန့်တွင် သူတို့နှစ်ဉီး အဝေး၌ မြူခိုးများနှင့် တိမ်တိုက်များ ဖုံးအုပ်ထားသည့် တောင်တန်းတစ်ခုကို မြင်လိုက်ရသည်။ ထိုတောင်တန်းကြီးက အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးအုပ်နေသဖြင့် အတွင်းဘက်ကို မည်သို့မျှ ကြည့်၍ မရနိုင်ပေ။

​တောင်တန်းအပြင်ဘက်တွင် လူအများအပြား ရောက်ရှိနေကြပြီး ဖြစ်သည်။ သူတို့သည် အလွန်သတိထားကာ တောင်တန်းကို စူးစမ်းနေကြပြီး မည်သူမျှ ရဲရဲဝံ့ဝံ့ မလှုပ်ရှားရဲကြပေ။ အစောပိုင်းက မြူခိုးများထဲမှ အော်ဟစ်ထွက်ပြေးလာကြသူများက အတွင်းဘက်ရှိ အစောင့်ရှောက်များကြောင့် အသေဆိုးနှင့် သေနိုင်သဖြင့် အဝေး၌သာ နေကြရန် သတိပေးခဲ့ကြသည်။ ထို့ကြောင့် ရှာဖွေသူများစွာတို့က ထိုအစောင့်ရှောက်များ တကယ်ရှိ/မရှိကို တွေးတောနေကြသည်။

မြေပြင်ပေါ်​ဆင်းသက်ပြီးနောက် လီလော့နှင့် လီလင်းကျင်းတို့နှစ်ဉီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ မလှမ်းမကမ်း တောင်ထိပ်တစ်ခုတွင် လူအုပ်ကြီးစုဝေးနေသည်ကို တွေ့လိုက်ရသည်။ ထိုလူအုပ်ကြီး၏ အလယ်ဗဟိုတွင် ဆွဲဆောင်မှုရှိပြီး လှပသည့် မိန်းကလေးတစ်ဦးရှိသည်။ သူမ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေပြီး ညို့အားပြင်းသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေရင်း စွဲမက်ဖွယ် ပြုံးပြနေသည်။

​သူမမှာ တခြားသူမဟုတ်၊ ချင်ရီပင်ဖြစ်သည်။ သူမ၏ဘေးတွင် အခြားသော အင်အားစုများမှ ထူးချွန်သည့် လူငယ်များစွာ ဝန်းရံနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ရှိနေသော ရိုသေလေးစားမှုများကို ကြည့်ခြင်းအားဖြင့် ချင်ရီ၏ အလှတရားကို စွဲလမ်းနေကြမှန်း သိသာသည်။ သူမသည် "ရေနတ်သမီးလေး" ဟု နာမည်ကြီးသူဖြစ်သဖြင့် သူမ၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိသည့် လူငယ် များများစားစား မရှိလှပေ။

​"အဲဒါ ကောင်းကင်ဧကရာဇ် ချင်မျိုးနွယ်စုက ချင်ရီ မဟုတ်လား။ အဆင့် (၉) အဆင့်နိမ့် ရေပဲ့တင်သံကို ပိုင်ဆိုင်ထားသူ.. အလွန်တော်သလို အလှလည်း လှတဲ့ မိန်းကလေးပဲ… လူတိုင်း သူ့ကို ဘာကြောင့် စွဲလမ်းနေကြလဲဆိုတာ အံ့ဩစရာ မလိုတော့ဘူး" ဟု လီလင်းကျင်းက သူမ၏ အလှတရားကို မှတ်ချက်ပြုလိုက်သည်။

​ "လီလော့… ဒီလိုမျိုးလူနဲ့ တွေ့ရတာ ကျောက်ရှန်ကျန်းထက် ပိုခက်ခဲလိမ့်မယ်…သူ နင့်ကို တစ်ချက်လောက် စောင်းကြည့်လိုက်ရုံနဲ့ သူ့ဘေးက လူတွေက နင့်ကို အလုပ်ရှုပ်အောင် လုပ်ကြလိမ့်မယ်" ဟု ဆက်ပြောလိုက်ပြန်သည်။

​လီလော့က သက်ပြင်းချရင်း….

“ ကျွန်တော်လဲ အဲ့လို ဖြစ်ချင်တာ မဟုတ်ပါဘူး… ဒါက ရှေ့မျိုးဆက်ကတည်းက ဆင်းသက်လာတဲ့ ရန်ငြိုးတွေပါ"

​"သူ့ဘေးမှာ ရပ်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့လူက အလွန်သန်မာတယ်… သူ့ရဲ့ အစောင့်ဖြစ်ရမယ်" ဟု လီလင်းကျင်းက သတိပေးလိုက်သည်။

​ထိုစကားကြောင့် လီလော့ ကြည့်လိုက်ရာ ချင်ရီ၏ နောက်တွင် အေးစက်သော အကြည့်များဖြင့် ရပ်နေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူထံမှ ထွက်ပေါ်နေသော လူသတ်ငွေ့များက ချင်ရီ့အနီးသို့ ချဉ်းကပ်ရန် ကြိုးစားသူတိုင်းကို အဝေးသို့ ရောက်အောင် တွန်းထုတ်နေသည်။

လီလော့ ခဏတာ စဉ်းစားပြီးနောက်…

"သူက ကောင်းကင်ဧကရာဇ် ချင်မျိုးနွယ်စုရဲ့ အရင်မျိုးဆက် ခေါင်းဆောင် ချင်ယင်း ဖြစ်လိမ့်မယ်ထင်တယ်… သူ့ရဲ့ ခွန်အားက လီဝူယွမ်နဲ့ ကျောက်ယန်တို့နဲ့ ယှဉ်နိုင်လောက်တယ်" ဟု ခန့်မှန်းလိုက်သည်။

ထို​သူသည် ပဲ့တင်သံ လိုဏ်ဂူသို့ မလာမီ အခြားသော ကောင်းကင်ဧကရာဇ် အင်အားစုများ၏ ထူးချွန်သူများအကြောင်း စုဆောင်းထားသည့် သတင်းအချက်အလက်ထဲတွင် ပါဝင်သည်။

​သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ချင်ရီနှင့် ချင်ယင်းတို့က သူတို့ရောက်ရှိနေကြောင်း ခံစားမိသွားပြီး လီလော့နှင့် လီလင်းကျင်းတို့ဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။ လီလော့ကို မြင်လိုက်ရသည့်အခါ ချင်ရီ၏ ပုံမှန်အားဖြင့် တည်ငြိမ်သော မျက်နှာသွင်ပြင် ချက်ချင်း ပြောင်းလဲသွားသည်။

သူမက ဆွဲဆောင်မှုရှိသည့် အပြုံးဖြင့်…

"နဂါးခေါင်းဆောင် လီလော့.. ဒီကို ရောက်နေမှတော့ အတူတူ စကားပြောကြရအောင်.. ကျွန်မတို့ဆီမှာ သတင်းအချက်အလက်တွေ အများကြီးရှိတယ်.. တစ်ခါတလေ ပူးပေါင်းဆောင်ရွက်ဖို့လဲ ဖြစ်နိုင်တာပဲ" ဟု နူးညံ့သောအသံဖြင့် ဖိတ်ခေါ်လိုက်သည်။

​သူမ ပြောပြီးသည့်အခါ ပတ်ဝန်းကျင်ရှိ လူငယ်များအားလုံး လီလော့ဘက်သို့ အမျိုးမျိုးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ လီလော့ကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားသည်။ ပုံပန်းသွင်ပြင်အရ လီလော့က အလွန်ထူးချွန်သူဖြစ်သည်။

​လီလော့က သူမ၏ ကမ်းလှမ်းမှုကို ခဏတာ စဉ်းစားပြီးနောက်…

"အလှပဆုံး ချင်ရီရဲ့ ဒီလို ရက်ရောတဲ့ ကမ်းလှမ်းမှုကို ဘယ်လိုလုပ် ငြင်းဆန်ရက်ပါ့မလဲ" ဟု ရဲရဲဝံ့ဝံ့ ပြန်ပြောလိုက်သည်။

ချင်ရီသည် တကယ်ပင် ဉာဏ်ကောင်းသည့် မိန်းကလေးဖြစ်သည်။ လီလော့ ငြင်းဆန်နိုင်မည်မဟုတ်သည့် သတင်းအချက်အလက်ကို သုံး၍ သူ့ကို ဆွဲဆောင်ရန် ကြိုးစားခြင်းဖြစ်သည်။

​သို့သော် လီလော့က လီလင်းကျင်းဘက်သို့ လှည့်ကာ…

"ဝမ်းကွဲအစ်မ လီလင်းကျင်း၊ ကျွန်တော့်ကို ကောင်းကောင်း ကာကွယ်ပေးပါဦး" ဟု လေးနက်စွာ ပြောလိုက်သည်။

ထိုအခါ လီလင်းကျင်းက ရယ်မောပြီး…

" ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ပြောနေတာဆိုတော့ နင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်လို့ ငါ ထင်ခဲ့တာပေါ့" ဟု ပြောသည်။

​"သေချာတာပေါ့…ကျွန်တော့်ရဲ့ ယုံကြည်မှုက ဝမ်းကွဲအစ်မဆီကနေ လာတာပါ" ဟု လီလော့က ရဲဝံ့စွာ ပြန်ဖြေလိုက်သည်။

​ထိုနောက်တွင် စွမ်းအင်တောင်ပံများကို ဖွင့်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး ချင်ရီတို့ စုဝေးနေသည့် တောင်ထိပ်သို့ ဆင်းသက်လိုက်သည်။ သူ ရောက်ရှိသွားသည့်အခါ ပတ်ဝန်းကျင်ရှိလူများက သူ့အား ရန်လိုသည့်အကြည့်များဖြင့် ကြည့်ကြသည်။ သို့သော် လီလော့က ဂရုမစိုက်ဘဲ ချင်ရီကို ကြည့်ရင်း…

"ဒီနေရာက အန္တရာယ်များသလား.. ငါနဲ့ ခေတ္တ ပူးပေါင်းဖို့ ကမ်းလှမ်းတာ အံ့ဩမိတယ်" ဟု မေးလိုက်သည်။

​ချင်ရီ မဖြေမီ သူမဘေးမှ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက …

"မင်းမဟုတ်လောက်ပါဘူး.. မင်းဘေးက မိန်းကလေးကို ပြောတာ ဖြစ်မှာပေါ့" ဟု လှောင်ပြုံးဖြင့် ဝင်ပြောလိုက်သည်။

​လီလော့ သူ့ကို ကြည့်လိုက်သည်။ သို့သော် လီလော့ စကားမပြောမီ ထိုလူငယ်က…

"နဂါးခေါင်းဆောင် လီလော့..တွေ့ရတာ ဝမ်းသာပါတယ်…ကျွန်တော်က ရွှေငန်းကလန်က ချန်ပင်းပါ" ဟု တည်ငြိမ်စွာ မိတ်ဆက်လိုက်သည်။

ရွှေငန်းကလန်က ကောင်းကင်မူလ နတ်ဘုရားတိုက်ကြီး၏ ထိပ်တန်းအင်အားစုတစ်ခုဖြစ်ပြီး ချန်ပင်းသည်လည်း ထူးချွန်သည့် လူငယ်တစ်ဦးဖြစ်သည်။

​ ချန်ပင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်သော ပဲ့တင်သံ စွမ်းအင်လှိုင်းများကို လီလော့ ခံစားမိသည်။ ထို့နောက် ချန်ပင်းက လီလော့ကို စိုက်ကြည့်ရင်း…

"နဂါးခေါင်းဆောင် လီလော့.. မင်းက အခုထိ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ပဲ ရှိသေးတယ်ဆိုတာ ဟုတ်သလား"

​"ဘာဖြစ်လို့လဲ"

​"သိချင်လို့ပါ..ကောင်းကင်ဧကရာဇ် လီမျိုးနွယ်စုရဲ့ သမိုင်းမှာ နဂါးခေါင်းဆောင်ဖြစ်ပြီး ကောင်းကင်ပုလဲအဆင့် မရောက်သေးတဲ့သူကို တစ်ခါမှ မကြားဖူးလို့ပါ..”

ဘေးပတ်ဝန်းကျင်မှ လူအချို့က လီလော့ကို နှိမ့်ချရန် ချန်ပင်း လုပ်ဆောင်နေမှန်း သိရှိသဖြင့် ပြုံးစိစိ ဖြစ်နေကြသည်။

​လီလော့က ရယ်မောရင်း….

"ဟုတ်ပါတယ်… ငါက နေ့တိုင်း ကြိုးစားကျင့်ကြံမှုနဲ့ ထူးခြားတဲ့ ပါရမီကြောင့် အရင်က မကြားဖူးသေးတဲ့ အောင်မြင်မှုတွေကို ရရှိထားတာပါ… နဂါးစွယ်ကလန်ရဲ့ အရင်းအမြစ်တွေကို အားကိုးတာ မဟုတ်ပါဘူး…ငါ ဒီကို ရောက်တာ တစ်နှစ်တောင် မပြည့်သေးဘူးဆိုတာ မင်းတို့အားလုံး သိကြမှာပါ" ဟု ပြောလိုက်တော့ အားလုံး အံ့ဩသွားပြီး ချန်ပင်းလည်း စကားမပြောနိုင် ဖြစ်သွားသည်။

​"နဂါးခေါင်းဆောင် လီလော့က တကယ်ကို ထူးခြားတယ်… အပြင်ဘက် တိုက်ကြီးမှာ ဆယ်နှစ်ကျော် နေခဲ့ပြီးနောက်မှာတောင် နဂါးကလန်ငါးခုရဲ့ ထူးချွန်သူအားလုံးကို အနိုင်ယူပြီး နဂါးခေါင်းဆောင် ဖြစ်လာခဲ့တာ… ပြီးတော့ နဂါးစွယ်ကလန်မှာ နေတာ တစ်နှစ်တောင် မပြည့်သေးဘူး…ကျွန်မ ချင်ရီတောင် ရှင့်ရဲ့ ဒီလို အောင်မြင်မှုအတွက် လေးစားရပါတယ်" ဟု ချင်ရီက ချိုမြိန်စွာ ပြုံး၍ ပြောလိုက်သည်။

​"စကားစစ်ထိုးနေတာ ရပ်လိုက်ကြစို့… ရေနတ်သမီး ချင်ရီမှာ ဘယ်ိုဲအသုံးဝင်တဲ့ သတင်းတွေ ရှိသေးလဲ" ဟု လီလော့က မေးလိုက်သည်။

​ချင်ရီက လီလော့၏ တိုက်ရိုက်ပြောဆိုမှုကြောင့် ဒေါသထွက်မသွားဘဲ သူမ၏ လက်ထဲမှ မှော်ကျောက်တုံးကို ထုတ်လိုက်သည်။ ထိုကျောက်တုံး လင်းလက်သွားပြီး လူတိုင်းရှေ့တွင် မျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။

​ထိုမျက်နှာပြင်ပေါ်တွင် တောအုပ်တစ်ခုကို မြင်နေရပြီး အဝေးတစ်နေရာတွင် သစ်ပင်များကြား၌ ပုန်းကွယ်နေသည့် ရွှေရောင်ခန်းမတစ်ခုကို မရေမရာ မြင်နိုင်သည်။ ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

လူအများအပြားက ကျောဘက်တွင် တောက်ပသော ကောင်းကင်ပုလဲများဖြင့် ရွှေရောင်ခန်းမဆီသို့ သွားရန် ကြိုးစားနေကြသည်။

​သို့သော် မည်သူမျှ မအောင်မြင်ပေ။ ထိုစဉ် တောအုပ်ထဲမှ လူအုပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ ပဲ့တင်သံ စွမ်းအားများ ပေါက်ကွဲထွက်လာ၍ ကြောက်မက်ဖွယ်ကောင်းသော ပညာရပ်များဖြင့် ရွှေရောင်ခန်းမဆီသို့ သွားရန် ကြိုးစားနေသည့် ကောင်းကင်ပုလဲ အဆင့်ရှိသူများကို တစ်ခဏချင်းအတွင်း သုတ်သင်လိုက်သဖြင့် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ ကြောက်ရွံ့စွာဖြင့် ထွက်ပြေးသွားကြသည်။

​ထိုစဉ် အလင်းမျက်နှာပြင် ရုတ်တရက် ရပ်တန့်သွားသည်။ ထူးဆန်းစွာ ပေါ်လာသည့် လူအုပ်ကြီးကို ပြသရင်း ရပ်တန့်သွားခြင်းပင်။

လီလော့၏ အာရုံကို ဖမ်းစားနိုင်သည့်အချက်က သူတို့အားလုံး ဝတ်ဆင်ထားသည့် တူညီသည့်ဝတ်စုံပင် ဖြစ်သည်။ သူတို့၏ အဝတ်အစားများတွင် လေဟာနယ် သင်္ကေတကိုထည့်သွင်း ချုပ်လုပ်ထားသည်။

ထိုအချက်ကို မြင်လိုက်ရသည့်အခါ ထိုသူတို့များက မည်သူများ ဖြစ်မည်ကို ချက်ချင်း ရိပ်မိသွားသည်။

​"ဒီလူတွေ... ဒီလူတွေက လေဟာနယ် ပဲ့တင်သံဂိုဏ်းရဲ့ တပည့်တွေလား…"

All Chapters