← Chapters

အခန်း (၉၆၇-၉၆၈)

Vol. 69 Ch. 967-968

အခန်း (၉၆၇-၉၆၈)

Vol. 69 Ch. 967-968

အခန်း (၉၆၇) ကျောက်သားခွက်

​လီလော့ ရွှေရောင်တောက်ပနေသော ခန်းမထဲသို့ ခြေချလိုက်သည်နှင့် သူ့ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူ့ပတ်လည်တွင် တိမ်များနှင့် မြူခိုးများ ပေါ်လာပြီး မျက်စိရှေ့မှ မြူခိုးများ ပြေပျောက်သွားသောအခါ ရှည်လျားသော လမ်းသွယ်တစ်ခုပေါ်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။

လမ်းတစ်လျှောက်တွင် အဆောက်အအုံများနှင့် ခန်းမဆောင်များစွာ ရှိနေသည်။

​ထို့အပြင် ထိုခန်းမပတ်ဝန်းကျင်ရှိ နေရာလွတ်ကို ထိန်းချုပ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုရှိနေသဖြင့် မြေပြင်မှ မြင့်မြင့်ခုန်ခြင်း သို့မဟုတ် ပျံသန်းခြင်းမျိုး မလုပ်နိုင်ပေ။

​လီလော့ စိတ်ကို တည်ငြိမ်အောင်ထားကာ သတိကြီးစွာဖြင့် ရှေ့ဆက်လျှောက်သွားလိုက်သည်။ ခဏအကြာတွင် ခန်းမဆောင်တစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုခန်းမထဲမှ ထွက်ပေါ်လာသော ထူးခြားသည့် စွမ်းအင်တစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။

​သူ ခဏမျှ စဉ်းစားပြီးနောက် တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်တော့ အတွင်းပိုင်း ကျယ်ဝန်းပြီး ပစ္စည်းအနည်းငယ်သာ ရှိသည်။

ခန်းမအလယ်တွင် ကျောက်လှေကားတစ်ခုရှိပြီး ထိုလှေကားထိပ်ရှိ ကျောက်စင်ပေါ်တွင် ကျောက်သားခွက်တစ်လုံး တင်ထားသည်။

​ထိုကျောက်သားခွက်ကို မြင်လိုက်ရသည်နှင့် လီလော့၏ အာရုံစိုက်မှု အပြည့်အဝ ရောက်ရှိသွားသည်။ ခွက်ထဲတွင် ဝိညာဉ်အစွမ်းရှိပုံရသည့် ရွှေရောင်အရည်များ ရှိနေပြီး ထိုအရည်များထဲတွင် ဝိညာဉ်များ ကခုန်နေသကဲ့သို့ ထင်ရသည်။

​ထိုအရာကို မြင်လိုက်ရသည်နှင့် လီလော့၏ မျက်လုံးများ တောက်ပသွားသည်။ ထိုအရည်မှာ သူလိုချင်နေသော ရွှေနှင်းစက် အစစ်အမှန်ပင်ဖြစ်သည်။

​အနီးကပ်ကြည့်လိုက်တော့ ခွက်ထဲတွင် အရည် ၁၀ စက်ခန့် ရှိနေသည်။ ဤသည်မှာ တကယ့်ကို ကြီးမားသော ရလဒ်တစ်ခုပင်။ လီလော့နှင့် လီလင်ကျင်းတို့ ဤမျှပမာဏရရန် နေ့ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ယခုမူ အဖိုးတန်ပစ္စည်းများက သူ့လက်ထဲသို့ အလွယ်တကူ ရောက်လာခဲ့သည်။

​လီလော့ ပတ်ဝန်းကျင်ကို သေချာစစ်ဆေးပြီးနောက် ကျောက်စင်ဆီသို့ သတိကြီးစွာဖြင့် ခြေလှမ်းလှမ်းလိုက်သည်။

​သူ တိုးကပ်သွားလေလေ၊ ကျောက်သားခွက်က ပို၍ကြည်လင်လာလေပင်။ ခွက်ထဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို စုပ်ယူကာ ပြန်လည်ပြုပြင်နေသည်ကို သူ သတိပြုမိသည်။

​"ဒီခွက်ရဲ့ ရည်ရွယ်ချက်က သဘာဝစွမ်းအင်တွေကို စုပ်ယူပြီး ဝိညာဉ်ရွှေနှင်းစက်အဖြစ် ပြောင်းလဲပေးတာပဲ…ဒီခန်းမကို လေဟာနယ်ပဲ့တင်ထပ်သံက ဒီရွှေနှင်းစက်တွေ စုဆောင်းဖို့ တည်ဆောက်ထားတာ ဖြစ်နိုင်တယ်" ဟု တွေးလိုက်ရင်း ကျောက်သားခွက်ကို ဆွဲယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။

​သို့သော် သူ မထိခင်လေးမှာပင် ခွက်က ပြင်းထန်စွာ တုန်ခါသွားပြီး ခွက်ထဲမှ အလင်းတန်း ၅ ခု ထွက်ပေါ်လာပြီး လူပုံသဏ္ဌာန် ၅ ခုအဖြစ် ပြောင်းလဲသွားသည်။ထို့နောက် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လီလော့ကို ချက်ချင်း တိုက်ခိုက်ကြလေသည်။

​ဤရုတ်တရက် အပြောင်းအလဲက လီလော့ကို အံ့အားသင့်စေသည်။ သို့သော်လည်း သတိရှိနေခဲ့သဖြင့် ထိတ်လန့်ခြင်း မရှိပေ။

​မဆိုင်းမတွပင် ရွှေကျောက်စိမ်း ဆင်စွယ်ဓားကို ဆင့်ခေါ်လိုက်ပြီး သူ့မျက်ခုံးကြားရှိ နဂါးတံဆိပ်လည်း တောက်ပလာသည်။

​"ကြေးခွံကိုးခု သန့်စင်သောနဂါးခန္ဓာ…”

​ဤအခိုက်အတန့်တွင် လီလော့၏ ခန္ဓာကိုယ်မ ကြီးမားလာပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ အမြန်နှုန်းနှင့် ကာကွယ်မှုစွမ်းအားများ သိသိသာသာ တိုးလာသည်။

​"နဂါးငါးကောင် ခွန်အား!"

​လီလော့ ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းတန်းတစ်ခုက တိုက်ခိုက်လာသူများဆီသို့ ဦးတည်သွားသည်။ထိုအခါ နဂါးဟိန်းသံသဲ့သဲ့နှင့်အတူ လေထုပင် ပြင်းထန်စွာ တုန်ခါသွားသည်။

​"ဒုန်း!"

​ဓားအလင်းတန်းနှင့် လူရိပ် ၅ ခု တိုက်မိလိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းများ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

​ပြိုင်ဘက် ၅ ဦးကို တစ်ပြိုင်နက် ရင်ဆိုင်ရသဖြင့် ပြင်ဆင်ထားသော်လည်း ဖိအားဒဏ် ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ကိုးခုမြောက်သန့်စင်သောနဂါးခန္ဓာကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့သော်လည်း အနောက်သို့ လွင့်စင်သွားပြီး မြေပြင်တွင် ခြေရာများ ထင်ကျန်ခဲ့သည်။

​လီလော့ လျင်မြန်စွာ ပြန်လည်တည်ငြိမ်လိုက်ပြီး ပြိုင်ဘက်များကို အလေးအနက် ကြည့်လိုက်သည်။

​သူ့ရှေ့တွင် လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်း ဝတ်ရုံကို ဝတ်ဆင်ထားသော လူ ၅ ဦး ရှိနေသည်။ ၎င်းတို့သည် အပြင်ဘက်တွင် သူတွေ့ခဲ့ရသည့်အတိုင်း ငြိမ်သက်ပြီး အမူအရာမဲ့နေကြသည်။ သို့သော် ထိုသူများက အနည်းငယ် အားနည်းပြီး ကောင်းကင်ပုလဲတစ်လုံးအဆင့်ခန့်သာ ရှိသည်။

​လီလော့အနေနှင့် တစ်ဦးချင်းစီကို အနိုင်ယူနိုင်စွမ်းရှိသော်လည်း ၅ ဦးပေါင်း တိုက်ခိုက်ခြင်းကတော့ အနည်းငယ် ခက်ခဲသည်။

​"ဒါက ဝိညာဉ်ရွှေနှင်စက်အတွက် ကာကွယ်ရေး ယန္တရားပဲ" ဟု လီလော့က တွေးလိုက်မိသည်။ ဤသည်မှာ ကျောက်သားခွက်ကို ထိလိုက်သည်နှင့် အသက်ဝင်လာမည့် စမ်းသပ်မှုတစ်ခု ဖြစ်ပုံရသည်။

ထို​တပည့် ၅ ဦးက လီလော့ကို ချက်ချင်း အာရုံစိုက်လာပြီး ဝိညာဉ်စွမ်းအင်များ တရဟော ထွက်ပေါ်လာကာ ထပ်မံ တိုက်ခိုက်လာကြပြန်သည်။

​"ဒီအတိုင်း ကြာကြာထားလို့ မဖြစ်ဘူး… တခြားလူတွေ ရောက်လာလိမ့်မယ်" ဟု လီလော့ တွေးလိုက်သည်။

ကြယ်တာယာအကာအကွယ် ပျက်စီးတော့မည်ဖြစ်သဖြင့် လူများစွာ ဝင်ရောက်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် သူရနိုင်သလောက် အမြန်ဆုံး ရွှေနှင်းစက်များကို ယူရမည်ဖြစ်သည်။

​ထိုသို့တွေးရင်း လက်တစ်ဖက်ဖြင့် လက်ဟန်များ ဖော်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ လှိုင်းလုံးကြီးများကဲ့သို့ စီးဆင်းလာသည်။

​"မြို့စားတပိုင်းအဆင့်ပညာရပ်… မြစိမ်းနဂါးသစ်ပင်…”

​မြေပြင်မှ ဧရာမသစ်ပင်ကြီးတစ်ခု ပေါက်ထွက်လာပြီး အကိုင်းအခက်များက နဂါးများအဖြစ် ပြောင်းလဲကာ တပည့် ၅ ဦးဆီသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် လီလော့ကိုယ်တိုင်ကလည်း တပည့် ၂ ဦးထံသို့ တိုးဝင်သွားသည်။

​"မိုးကြိုးခန္ဓာ… အသံလှိုင်းသုံးခု"

​"ရှေးဟောင်းဆင်နတ်ဘုရားခွန်အား အဆင့်သုံး…"

ထိုအခါ ​လီလော့၏ ခန္ဓာကိုယ်မှ မိုးကြိုးသံကဲ့သို့ ဟိန်းသံများ ထွက်ပေါ်လာသည်။ သူသည် ခွန်အားအပြည့်ဖြင့် တိုးဝင်သွားကာ တပည့် ၂ ဦးကို ဓားဖြင့် အားပြင်းပြင်း ခုတ်ပိုင်းလိုက်သည်။

​ဓားမရောက်ခင်မှာပင် လေထုထဲတွင် အက်ကြောင်းတစ်ခု ပွင့်သွားပြီး မြစ်ရေစီးသံများ ထွက်ပေါ်လာသည်။ထိုအက်ကြောင်းထဲမှ အနက်ရောင် နဂါးကြီးတစ်ကောင် အနက်ရောင် မြစ်ရေပြင်ပေါ်တွင် စီးမျောလာပြီး ပြိုင်ဘက် ၂ ဦးကို ချက်ချင်းပင် အရည်ပျော်သွားစေသည်။

​သူသည် ရန်သူ ၂ ဦးကို တစ်ခဏချင်းပင် ဖယ်ရှားလိုက်သည်။ ကျန် ၃ ဦးက နဂါးအမြစ်နွယ်များကို ဖျက်ဆီးလိုက်ပြီး လီလော့ထံသို့ မီးလျှံ ၃ ခု ပစ်လွှတ်လိုက်သည်။

​ထိုမီးလျှံများက အရင်ကတွေ့ခဲ့ရသော ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းစေသည့် အရာများ ဖြစ်ကြောင်း လီလော့ သိလိုက်သည်။ ထိုအရာကသာလျှင် အခက်ခဲဆုံးဖြစ်သည်။

​"ပဲ့တင်ထပ်သံမီးတောက်တွေနဲ့ သူတို့ကို တန်ပြန်လို့ ရမလား… ဟု လီလော့ စဉ်းစားမိပြန်သည်။

​သူ မဆိုင်းမတွပင် လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်နှင့် ပွင့်လင်းမြင်သာသော မီးတောက်တခု ပေါ်လာသည်။ သို့သော် သူ တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။

​သူ့ရှေ့က ရန်သူ သုံးဉီး၏မီးတောက်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။

​"ဟမ်…."

​လီလော့ အံ့အားသင့်သွားသည်။ တပည့် ၃ ဦးကို ကြည့်လိုက်တော့ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များ လုံးဝ ဆိတ်သုဉ်းသွားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ မျက်လုံးများလည်း ပြောင်းလဲသွားပြီး ရင်ဘတ်ရှေ့တွင် လက်အုပ်ချီကာ လီလော့ကို ဦးညွတ်လိုက်ကြသည်။

​ဤသည်က လေးစားသမှု ပြသခြင်းဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားချေပြီ။

​လီလော့ စိတ်ရှုပ်ထွေးသွားပြီး သူ့လက်ဖဝါးပေါ်က မီးတောက်ကို ပြန်ကြည့်လိုက်သည်။ ထိုအချိန်တွင်မှ သူ နားလည်သွားသည်။

​သူ့တွင်ရှိသော ဤမီးတောက်က လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းတွင် အဆင့်မြင့်ပြီး ရာထူးနေရာကို ဖော်ပြနေခြင်း ဖြစ်ပေလိမ့်မည်။

အခန်း (၉၆၈) မီးအိမ်ကိုင်ဆောင်သူ

​ခဏလေးကမှ ပြင်းထန်သော စွမ်းအင်လှိုင်းများဖြင့် ဆူညံပွက်လောရိုက်နေခဲ့သည့် ခန်းမဆောင်ကြီးမှာ ယခုအခါတွင် အပ်ကျသံပင်မကြားရအောင် ငြိမ်သက်သွားသည်။ မြေပြင်ပေါ်ရှိ အပျက်အစီးများသာ မရှိပါက ထိုနေရာတွင် စိတ်ကယောင်ချောက်ချား ဖြစ်ခဲ့သည်ဟုပင် ထင်မှတ်မိလောက်သည်။

​ကျန်ရှိနေသော တပည့်သုံးဦးကလည်း ကျောက်သားစင်မြင့်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေကြပြီး ရန်လိုသည့် အရိပ်အယောင် လုံးဝမပြတော့ပေ။

​လီလော့၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ရောထွေးနေသည်။ ခဏအကြာတွင် စင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ သူသည် လက်ဖဝါးပေါ်တွင် ပဲ့တင်ထပ်သံမီးတောက်ကို ဆက်လက်ထွန်းညှိထားဆဲပင်။

​ မျက်ခုံးကြားရှိ နဂါးတံဆိပ်ကလည်း တောက်ပနေဆဲဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အသင့်အနေအထားဖြင့် တင်းမာနေသည်။ သူသည် ခဏမျှပင် သတိလက်လွတ် မနေရဲပေ။ အလွန်သတိကြီးစွာဖြင့် ချဉ်းကပ်လိုက်တော့ ယခုတစ်ကြိမ်တွင် တပည့်များက သူ့ကို ဟန့်တားခြင်း မရှိတော့ပေ။

ဤသို့ဖြင့် ကျောက်သားခွက်ထံသို့ အောင်မြင်စွာ ရောက်ရှိသွားသည်နှင့် လက်စွမ်းပြကာ ခွက်ထဲရှိ ဝိညာဉ်ရွှေနှင်းစက်များကို လေထဲသို့ ပင့်တင်လိုက်ပြီး အချိန်မဆိုင်းဘဲ ကျောက်စိမ်းပုလင်းထဲသို့ စုဆောင်းလိုက်သည်။

​ဖြစ်စဉ်က အလွန်ပင် ချောမွေ့လွန်းသဖြင့် မယုံကြည်နိုင်စရာပင်။ ဘေးတွင် ရပ်နေသည့် တပည့်သုံးဦးကလည်း သူ့ကို ဟန့်တားရန် အကြံအစည် လုံးဝမရှိကြပေ။

​လီလော့ မိမိလက်ဖဝါးပေါ်က မီးတောက်ကို ငေးကြည့်ရင်း ပျော်ရွှင်စွာ အံ့အားသင့်မိသည်။ တပည့်များ၏ တုံ့ပြန်မှုအရ ဂိုဏ်းသားတိုင်းကို ဤမီးတောက်မျိုး ကျင့်ကြံ ခွင့်မပေးကြောင်း၊ အဆင့်မြင့်သည့် ဂိုဏ်းသားများသာ ပိုင်ဆိုင်ခွင့်ရှိကြောင်း သူ သဘောပေါက်လိုက်သည်။ ဤတပည့်များက အစစ်အမှန်မဟုတ်ဘဲ စွမ်းအင်ဖြင့် တည်ဆောက်ထားသော အရိပ်များသာ ဖြစ်သည့်အတွက် လီလော့ကို ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဟု မှတ်ယူပြီး တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ထိုမီးတောက်ကို အသုံးပြု၍ တပည့်များကို ထိန်းချုပ်ရန် ကြိုးစားကြည့်သေးသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသဖြင့် လက်လျှော့လိုက်သည်။

​"ထားလိုက်ပါတော့၊ တိုက်ခိုက်မခံရတာပဲ ကံကောင်းလှပြီ" ဟု ရေရွတ်လိုက်သည်။ ထို့နောက် ကြန့်ကြာမနေတော့ဘဲ လမ်းသွယ်အတိုင်း ရှေ့ဆက်လျှောက်ကာ နောက်ထပ် ရတနာများကို ရှာဖွေခဲ့သည်။

​ရွှေနှင်းစက် အနည်းငယ် ရလိုက်သော်လည်း သူ့အတွက် မလုံလောက်သေးပေ။ သူသည် နောက်ထပ်တစ်နာရီအတွင်း ခွက်အနည်းငယ်ကို ထပ်တွေ့သော်လည်း အချို့က ကွဲအက်နေသဖြင့် ရွှေနှင်းစက်အနည်းငယ်သာ ထပ်ရလိုက်သည်။

​အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ နောက်မှ လိုက်ပါလာသည့် လှုပ်ရှားသံများကို ကြားလိုက်ရသည်။ အခြားသူများလည်း ခန်းမဆောင်ထဲသို့ ရောက်ရှိလာကြပြီဖြစ်သည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအင် လှိုင်းများလည်း ခံစားရသဖြင့် ရန်သူအချင်းချင်း တိုက်ခိုက်နေကြသည်လား သို့မဟုတ် ဂိုဏ်း၏ ကာကွယ်ရေးတပည့်များနှင့် ရင်ဆိုင်နေရသည်လား မသေချာပေ။

​"ငါ အမြန်လုပ်မှ ဖြစ်မယ်"

လူများ ပိုရောက်လာလေ ရွှေနှင်းစက်များ ပိုနည်းသွားလေ ဖြစ်မည်ကို စိုးရိမ်နေသည်။

​ထိုသို့တွေးရင်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ သို့သော် သူ ပိုနက်ရှိုင်းသည့် နေရာသို့ ရောက်သည်နှင့် ရုတ်တရက် ချွေးပြန်လာသည်။ မျက်ခုံးကြားရက နဂါးတံဆိပ်လည်း နာကျင်လာသည်။

​ ဤသည်မှာ အသက်အန္တရာယ်ရှိသော အရာတစ်ခု အနီးအနားတွင် ရှိနေကြောင်း သူ့ကိုယ်ခန္ဓာက သတိပေးခြင်းဖြစ်သည်။ သူသည် အလွန်သတိထားကာ ပတ်ဝန်းကျင်ကို စစ်ဆေးရင်း အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေတံဆိပ်ကို လက်ဖြင့် ကိုင်ထားလိုက်သည်။ လိုအပ်လာလျှင် စည်းမျဉ်းများကို မေ့ထားပြီး ဝံပုလွေ၏ စွမ်းအားကို အသုံးပြုရပေလိမ့်မည်။

​ထိုစဉ် လမ်းသွယ်၏ မြူခိုးများအကြားမှ ပေါ့ပါးသော ခြေသံများကို ကြားလိုက်ရသည်။ ခဏအကြာတွင် မြူခိုးထဲမှ လူတစ်ဦး ထွက်ပေါ်လာသည်။ ထိုသူသည် လူပုံသဏ္ဌာန်ရှိသော်လည်း ပုံရိပ်ယောင်သာ ဖြစ်သည်။ လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းသား ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ထိုသူဝတ်ထားသော ဝတ်ရုံက ယခင်တွေ့ခဲ့သော တပည့်များထက် ပိုမိုလှပပြီး ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသည်။

​တခြား စွမ်းအင်အရိပ်တစ်ခုလား"

ထိုအရိပ်က ကြေးဝါမီးအိမ်တစ်ခုကို ကိုင်ထားသော်လည်း မီးတောက်မရှိပေ။ ထိုအရိပ်က မီးအိမ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး "မီးတောက် ငြိမ်းသွားပြီ... မီးတောက် ငြိမ်းသွားပြီ..." ဟု ခ အော်ဟစ်နေသည်။

​လီလော့ အသက်ရှုသံကိုပင် ထိန်းထားကာ မည်သို့မျှ မလှုပ်ရှားရဲပေ။ တိုက်ပွဲတစ်ခု ဖြစ်လာမည်ကို သူ မလိုလားပါ။ ထိုမီးအိမ်ကိုင်ဆောင်သူ သူ့အနီးမှ ဖြတ်ကျော်သွားပြီး အဝေးသို့ ပျောက်ကွယ်သွားမှသာ သက်ပြင်းချန်ိုင်ခဲ့သည်။

​"ဟူး... အဲဒီမီးအိမ်ထဲက မီးကို ပြောတာလား.. ငါသာ ပြန်ထွန်းပေးရင် ဘာဖြစ်မလဲ ဒါပေမဲ့ သာမန်မီးနဲ့တော့ မဖြစ်နိုင်ဘူး... ပဲ့တင်ထပ်သံမီးတောက်များ ဖြစ်နေမလား" ဟု တွေးမိသော်လည်း အန္တရာယ်များမည်ကို စိုးသဖြင့် အခွင့်အရေးကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။

​ထို့နောက် မီးအိမ်ကိုင်ဆောင်သူ သွားရာလမ်း၏ ဆန့်ကျင်ဘက်သို့ လျှောက်သွားခဲ့ပြီး မိနစ်အနည်းငယ်ကြာသည့်အခါ လျှို့ဝှက်တံခါးတစ်ခုနှင့် ခန်းမဆောင်တစ်ခုကို ထပ်တွေ့လိုက်ရသည်။

ထိုနေရာမှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်နေသည်။

​လီလော့ စိတ်လှုပ်ရှားစွာဖြင့် ချဉ်းကပ်လိုက်ပြီး အထဲသို့ အကြည့်ရောက်လိုက်သည့်အခါ သူ့ မျက်လုံးများ တောက်ပသွားသည်။ ထိုနေရာသည် ယခင်နေရာများထက် ပိုမိုကျယ်ဝန်းပြီး ကျောက်သားခွက်ထဲတွင် ရွှေရောင်လင်းလက်နေသော ရွှေနှင်းစက်များ ပြည့်လျှံနေသည်။

​"နောက်ဆုံးတော့..."

​သူ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ရေပြင်တစ်ခုက လာရောက်ပိတ်ဆို့လိုက်သည်။ လီလော့ အံ့အားသင့်ကာ နောက်လှည့်ကြည့်လိုက်ရာ လှပသော နတ်သမီးတစ်ပါးကို မြင်လိုက်ရသည်။ သူမ၏ ဆံပင်ရှည်များက ရေတံခွန်ကဲ့သို့ စီးဆင်းနေပြီး ကြည်လင်သော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်။

​"ချင်ရီ… ခင်ဗျား တော်တော်မြန်တာပဲ… ဒီမှာ ရွှေနှင်းစက်တွေ အများကြီးပဲ…အကုန်လုံး ခွဲဝေယူကြမလား"

​ချင်းရီက နှုတ်ခမ်းကို စူကာ အနည်းငယ် ပြုံး၍…

"အကုန်လုံးကို ငါပဲ လိုချင်တယ်လို့ ပြောရင်ရော.. နဂါးခေါင်းဆောင် လီလော့က ပေးပါ့မလား"

​လီလော့ သက်ပြင်းချလိုက်မိသည်။ ရှေးမျိုးဆက်ကတည်းက ရှိခဲ့သော ရန်ငြိုးများကြောင့် သူတို့နှစ်ဉီး အေးချမ်းစွာ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ ယခုအချိန်တွင် ချင်ရီက သူ့ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်တော့မည်မှာ သေချာနေပြီ။

​ဤသည်မှာ လီလော့၏ စွမ်းရည်ကို စမ်းသပ်မည့် အသက်နှင့် ရင်းရမည့် တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။

All Chapters