← Chapters

အခန်း ၂၆၀၃

Vol. 261 Ch. 2603

အခန်း ၂၆၀၃

Vol. 261 Ch. 2603

အခန်း (၂၆၀၃) - မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခြင်း

​“မင်းတို့ ခန့်မှန်းတာလည်း မမှားဘူး၊ ငါတို့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေထဲကို ဝင်ချင်ရင်... တစ်မိသားစုလုံး သေဆုံးသွားရခြင်းက ပထမဆုံး လိုအပ်တဲ့ အကြိုအခြေအနေပဲ။”

​“ကလဲ့စားချေချင်တယ်ဆိုရင်တော့... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေထဲမှာ ကောင်းကောင်းမွန်မွန် ကျင့်ကြံကြပေါ့။”

​“ငါကတော့ မင်းတို့ကို အချိန်မရွေး ကြိုဆိုစောင့်ဆိုင်းနေမှာပါ။”

​ဂုယဲ့က စကားဆုံးသည်နှင့်တစ်ပြိုင်နက်... ပါးစပ်ကို ဖြဲလျက် ပြုံးရင်း ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီး၊ လူတိုင်း၏ မျက်စိရှေ့မှောက်ကနေ ပျောက်ကွယ်သွားခဲ့တော့သည်။

​ထျန်ခန်းကမူ သူ၏ နောက်ကျောပုံရိပ်ကို ကြည့်ရင်း... ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရသည်။

​လူတစ်ဦးက မအောင့်အီးနိုင်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“မင်းတို့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေက... လူရူးတွေလား ငါ့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့ပြီးတော့မှ... ငါ့ကို ဒီနေရာမှာ ကျင့်ကြံခိုင်းရတယ်လို့လား ”

​ရုပ်ရည်ရူပကာ အလွန်လှပလှသည့် အမျိုးသမီး၏ မျက်နှာအမူအရာက အေးစက်တည်တင်းနေခဲ့သည်။

“ဒါဆိုရင်... မင်းက ဒီနေရာမှာ ကျင့်ကြံမလား၊ မကျင့်ကြံဘူးလား။”

​တစ်ဖက်လူက စက္ကန့်ပိုင်းခန့် တွေးတောလိုက်ပြီးနောက်... ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်ရင်း -

“ကျင့်ကြံမယ်၊ ငါ ကလဲ့စားချေရမယ်”

​“ဒါဆိုရင်လည်း... ငါ့နောက်ကို လိုက်ခဲ့ကြတော့။”

​လှပလွန်းလှသည့် အမျိုးသမီးက လှည့်ထွက်လိုက်ရင်း သူတော်စင်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။

​ထျန်ခန်းနှင့် အခြားလူများကမူ အချင်းချင်း လှည့်ပတ်ကြည့်ရှုလိုက်ကြရင်း... လေးနက်တည်ကြည်လှသော မျက်နှာအမူအရာများဖြင့် နောက်ကနေ လိုက်ပါသွားကြတော့သည်။

​ထိုအချိန်တွင်... ဖန့်ချန်သည် ဂုယဲ့၏ စိတ်အာရုံမြင်ကွင်းနှင့်အတူ လိုက်ပါရင်း၊ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ... အိမ်ရာဝင်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက... ဤနေရာတွင် ရေနွေးကြမ်းသောက်ရင်း ပန်းမန်များကို ကြည့်ရှုခံစားနေခဲ့ကာ၊ ဂုယဲ့ ရောက်ရှိလာသည်ကို မြင်တွေ့သည့်အခါ... ပြုံးလျက် ဆိုလိုက်သည်။

“ဒီတစ်ကြိမ် တပည့် အယောက် ၃၀ ကို... ရွေးချယ်ပြီးပြီလား။”

​“ရွေးချယ်ပြီးပါပြီ။”

​“သူတို့ရဲ့ မိသားစုတစ်ခုလုံးကိုလည်း... မင်းကိုယ်တိုင် လက်စဖျောက်ခဲ့တာလား။”

​“ဟုတ်ပါတယ်။”

​“ကောင်းပြီ... အရင်တုန်းက ငါက မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့သလိုမျိုးပေါ့၊ သူတို့ ရှိနေမှတော့... မင်းအနေနဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်ဖို့က ပြဿနာအကြီးအကျယ် မရှိတော့ဘူး။”

​သက်လတ်ပိုင်းအရွယ် အမျိုးသားက... ပြုံးရွှင်လျက် ခေါင်းညိတ်လိုက်သည်။

​ဂုယဲ့၏ မျက်ဝန်းထဲတွင်မူ... သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခုက လျှပ်တပြက် ဖြတ်သန်းသွားခဲ့ပုံရသည်။

​သို့သော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသားကမူ... ထိုအချက်ကို စိတ်ထဲထားပုံမရချေ။

​စက္ကန့်ပိုင်းခန့် တိတ်ဆိတ်သွားခဲ့ပြီးနောက်... ဂုယဲ့က တည်ငြိမ်အေးဆေးစွာဖြင့်ပင် ဆိုလိုက်သည်။

“ဆရာ... ကျွန်တော်က သူတို့ အယောက် ၃၀ ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့တာမို့၊ သူတို့က အချိန်တိုင်း စက္ကန့်တိုင်းမှာ ကျွန်တော့်ကို သတ်ပစ်ဖို့ပဲ စဉ်းစားနေကြလိမ့်မယ်။”

​“ဒီလောက်တင်ရှိတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်က... ဘာများ အသုံးဝင်မှာမို့လို့လဲ၊ တကယ်လို့သာ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ကျင့်ကြံဖို့အတွက်... အခုလိုမျိုး သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို အမှီပြုရမယ်ဆိုရင်...”

​“ကျွန်တော် အပြင်ဘက်ကို သွားပြီးတော့... ရမ်းသန်းသတ်ဖြတ်လိုက်တာက၊ ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိမနေဘူးလား။”

​“မင်းက ဘာကို နားလည်လို့လဲ။”

​သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက စိတ်ကျေနပ်နှစ်သိမ့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကိုယ့်ရဲ့ ဘေးနားမှာ အချိန်တိုင်း စက္ကန့်တိုင်း တည်ရှိနေတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်မျိုးကမှ... မင်းရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို မွေးမြူပေးနိုင်မှာ။”

​“ငါတို့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေရဲ့ ရိုးရာအစဉ်အလာက... ဒီလိုမျိုးပဲ ဖြစ်တည်လာခဲ့တာ၊ ဘိုးဘွားဘီဘင်တွေ ချမှတ်ခဲ့တဲ့ စည်းကမ်းကို... ဖောက်ဖျက်လို့ ရမလား။”

​“ဒါဆိုရင်... ဆရာက ဘယ်အချိန်ကျရင် ဂိုဏ်းသခင်ကြီးကို သတ်ပစ်ဖို့ ပြင်ဆင်ထားတာလဲ။”

​ဂုယဲ့က တည်ငြိမ်အေးဆေးစွာဖြင့်ပင် မေးမြန်းလိုက်သည်။

“ဆရာ့ရဲ့ မိသားစုတစ်ခုလုံးကိုလည်း... ဂိုဏ်းသခင်ကြီးက သတ်ပစ်ခဲ့တာ မဟုတ်ဘူးလား။”

​“ဘာလို့ စိတ်လောနေရတာလဲ၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်အတန်းက အခုထိ မလုံလောက်သေးဘူး၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်အတန်း လုံလောက်သွားတဲ့နေ့ကျရင်... အဲဒီအဖိုးကြီးရဲ့ ခေါင်းကို လိမ်ချိုးပစ်ပြီးတော့၊ သူ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုပစ်မယ် ”

​“ဒီလို လုပ်ဆောင်မှသာ...”

​သက်လတ်ပိုင်းအရွယ် အမျိုးသားက ဂုယဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက... သူရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ဖော်ပြသနိုင်မှာ။”

​“ဟုတ်လား... ဒါဆိုရင် ဂိုဏ်းသခင်ကြီးကကော...”

​“မင်းရဲ့ ဂိုဏ်းသခင်ကြီးကလည်း... သူ့ရဲ့ ဆရာဖြစ်သူရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုခဲ့ပြီးသားပဲ။”

​သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထက်တွင်... အားကျအတုယူဖွယ်ရာ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“တကယ့်ကိုပဲ... အားကျစရာ ကောင်းတာပဲ။”

​“ကြည့်ရတာ... ကျွန်တော် အရင်တုန်းက ခန့်မှန်းခဲ့တာက၊ မှန်ကန်နေခဲ့တာပဲ။”

​ဂုယဲ့က သက်ပြင်းတစ်ချက် ချလိုက်မိသည်

“နောင်တစ်ချိန်ကျရင် ဆရာက ဂိုဏ်းသခင်ကြီးရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုမယ်၊ ပြီးရင် ကျွန်တော်က ဆရာ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ထပ်ပြီးတော့ ဝါးမြိုမယ်...”

​“ဒါက တကယ်တမ်းကျတော့... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို၊ တစ်ကိုယ်တည်းကနေ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တာနဲ့ အတူတူပဲပေါ့၊ ဂိုဏ်းသခင်ကြီးရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး အစုံက... အစောဆုံး မူလပထမဆုံး မျက်လုံးအစုံပေါ့။”

​သက်လတ်ပိုင်းအရွယ် အမျိုးသားက အသာအယာ ခေါင်းညိတ်လိုက်သည်။

“သွန်သင်ရလွယ်တဲ့ ကောင်လေးပဲ၊ မင်းရဲ့ ဂိုဏ်းသခင်ကြီးရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး အစုံက... တကယ့်ကိုပဲ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းလာခဲ့တာ။”

​“ဒါကလည်း... ငါတို့ရဲ့ ဒီအနွယ်အဆက်က၊ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေကို အစဉ်အမြဲ ထိန်းချုပ်ထားနိုင်ရခြင်းရဲ့ အကြောင်းအရင်းပဲ။”

​“မင်းက စီနီယာအစ်ကိုကြီး ဖြစ်နေပေမဲ့လည်း... မင်းရဲ့ ဂျူနီယာညီလေးတွေ၊ ညီမလေးတွေက နောင်တစ်ချိန်ကျရင် လက်ဦးမှုရယူပြီးတော့၊ ငါ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုမသွားနိုင်ဘူးလို့... ပြောလို့မရဘူး။”

​“မင်းဘက်ကလည်း... ကြိုးစားအားထုတ်ရလိမ့်မယ်။”

​“ဝါးမြိုမယ်ဆိုရင်တောင်မှ... ဆရာက ဂိုဏ်းသခင်ကြီးရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို အရင်ဝါးမြိုပြီးတဲ့အထိ... စောင့်ရဦးမှာပေါ့။”

​ဂုယဲ့က ပြုံးလိုက်ရင်း -

“တခြား ထူးထူးခြားခြား ကိစ္စမရှိရင်... တပည့် ခွင့်ပြုပါဦး။”

​“သွားတော့။”

​ဂုယဲ့က လှည့်ထွက်သွားခဲ့တော့သည်။

​နောက်ဆက်တွဲအနေဖြင့်... အချိန်စီးဆင်းမှုနှုန်းက၊ အလွန်တရာ မြန်ဆန်သွားခဲ့ပုံရသည်။

​ဖန့်ချန်သည် ရုပ်ရှင်တစ်ခုကို အရှိန်မြှင့်၍ ကြည့်ရှုနေရသကဲ့သို့ ခံစားလိုက်ရပေသည်။

​ဂုယဲ့၏ ကျင့်စဉ်အဆင့်အတန်းက... ရက်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ တိုးတက်လာခဲ့သည်။

ကမ္ဘာကြီးအဆင့်၊ ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့်၊ အထွတ်အထိပ်တာအိုအဆင့်၊ ကောင်းကင်အရှင်သခင်အဆင့်...

​ဂုယဲ့က အဆင့်ဆင့် စနစ်တကျ ကျင့်ကြံလာခဲ့ပြီး... ထိုအတောအတွင်းမှာပင် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကိုလည်း နားလည်သဘောပေါက်သွားခဲ့ရသည်။

​တစ်ချိန်တည်းမှာပင် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေအတွက်... နေရာအနှံ့အပြားသို့ သွားရောက်တိုက်ခိုက်ချေမှုန်းပေးခဲ့ရာ၊ သူ၏ လက်ထဲတွင်... မရေမတွက်နိုင်သော အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည်။

​ထိုအတောအတွင်းမှာပင်... ဂုယဲ့အနေဖြင့် ထျန်ခန်းနှင့် အခြားလူများ၏ ကလဲ့စားချေရန် ကြိုးပမ်းမှုများကိုလည်း... အမြဲမပြတ် ကာကွယ်တားဆီးနေခဲ့ရသေးသည်။

​ထို့အပြင် သူကိုယ်တိုင်လည်း... သူ၏ ဆရာဖြစ်သူကို လုပ်ကြံသတ်ဖြတ်ရန် အကြိမ်အနည်းငယ်မျှ ကြိုးပမ်းခဲ့ဖူးသည်။

​နှမြောစရာကောင်းလှသည်ကတော့... အားလုံးက ကျရှုံးမှုဖြင့်သာ ပြီးဆုံးခဲ့ရခြင်း ဖြစ်ပေသည်။

​တစ်နေ့သောအချိန်သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင်... သူ၏ ဆရာဖြစ်သူက ဂုယဲ့၏ ဂိုဏ်းသခင်ကြီး၏ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို အောင်မြင်စွာ ဝါးမြိုနိုင်ခဲ့သည်။

​ထိုနောက်ပိုင်းတွင်... ဂုယဲ့၏ ဆရာဖြစ်သူက ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီး ဖြစ်လာခဲ့တော့သည်။

​ဂုယဲ့၏ ဂျူနီယာညီလေးများနှင့် ညီမလေးများကလည်း... နည်းလမ်းပေါင်းစုံကို အသုံးပြု၍၊ သူတို့ဆရာ၏ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုပစ်ရန် ကြံစည်ကြတော့သည်။

​အဆိပ်ခတ်ခြင်း၊ လုပ်ကြံခြင်း... ထို့အပြင် ပြင်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်းများအထိ လုပ်ဆောင်ခဲ့ကြသည်။

​တစ်ကြိမ်တွင်မူ... ကောင်းကင်အရှင်သခင်ထက်ပင် ပိုမိုစွမ်းအားကြီးမားလှသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကိုပင်... ဖိတ်ခေါ်ခဲ့ကြသေးသည်။

​ဖန့်ချန် သိရှိသည်ကတော့ ထိုပုဂ္ဂိုလ်သည်... သူတော်စင်ဧကရာဇ်အဆင့် ဖြစ်ရပေမည်။

​နှမြောစရာကောင်းလှသည်ကတော့ ရလဒ်က စိတ်တိုင်းကျ ဖြစ်မလာခဲ့ဘဲ... ထိုသူတော်စင်ဧကရာဇ်ကြီးသည် အကြီးအကျယ် ရှုံးနိမ့်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီး၊ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီးကို... လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။

​ထို့အပြင် ထိုသူတော်စင်ဧကရာဇ်၏ မိသားစုမျိုးနွယ်စုတစ်ခုလုံးလည်း... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အကုန်အစင် ပျက်စီးသွားခဲ့ကာ၊ နောက်ဆုံး မျိုးဆက်သွေးသားတစ်ဦးတည်းကိုသာ ချန်ထားခဲ့ရင်း... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေထဲသို့ ခေါ်ဆောင်လာကာ မွေးမြူစောင့်ရှောက်ခဲ့သည်။

​အချိန်ကာလများစွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

​ထျန်ခန်းနှင့် အခြားလူများကလည်း ဂုယဲ့အပေါ်ကို... အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း၊ အားလုံးက အရာထင်ခြင်းမရှိဘဲ လက်ဗလာဖြင့်သာ ပြန်လှည့်ခဲ့ကြရသည်။

​ဂုယဲ့ကမူ... သူ၏ ဆရာဖြစ်သူနှင့် ကြားထဲက ရန်ငြိုးရန်စများကို... မေ့လျော့သွားခဲ့ပုံရသည်။

​သူ၏ ဂျူနီယာညီလေးများနှင့် ညီမလေးများက... ဆရာဖြစ်သူကို သတ်ပစ်ပြီး သူ၏ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုရန် နည်းလမ်းပေါင်းစုံ ရှာကြံနေခဲ့ကြချိန်တွင်၊ ဂုယဲ့ကတော့... ဘာမှမလုပ်ဆောင်ဘဲ နေခဲ့ပေသည်။

​တစ်နေ့သောအချိန်သို့ ရောက်ရှိလာသည့်တိုင်အောင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေတွင် အောင်ပွဲခံစားပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။

​အကြောင်းအရင်းမှာ ဂုယဲ့၏ ဆရာဖြစ်သူက... မိမိကိုယ်တိုင် ထွက်ခွာ၍ သူတော်စင်ဧကရာဇ်အဆင့် တည်ရှိမှု သုံးဦးကို သတ်ဖြတ်ပစ်ခဲ့ပြီး၊ ပါရမီအလွန်ကောင်းလှသည့် တပည့်သစ် သုံးဦးကို... ခေါ်ဆောင်လာခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

​ထိုအောင်ပွဲခံစားပွဲကြီးပေါ်တွင်... ဂုယဲ့က သူစိမ်းတစ်ဦးကို ဖိတ်ခေါ်လာခဲ့သည်။

​ဖန့်ချန်သည်လည်း ထိုပုဂ္ဂိုလ်ကို မသိရှိချေ... သို့သော်လည်း ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များက၊ အနည်းငယ် ထူးဆန်းနေခဲ့သည်။

​အဓိကနေရာတွင် ထိုင်နေသော ခုနစ်ပါးသတ်ဖြတ်ခြင်း အရှင်သခင်ကြီးက... ဂုယဲ့နှင့် သူဖိတ်ခေါ်လာသော ဧည့်သည်တော်ကို ပြုံးရွှင်လျက် ကြည့်လိုက်သည်။

“ဂုယဲ့... မင်း ဖိတ်ခေါ်လာတဲ့ ဧည့်သည်တော်က သူတော်စင်ဧကရာဇ်တစ်ဦးပဲ မဟုတ်လား၊ မင်းလည်း သိထားသင့်တယ်... သူတော်စင်ဧကရာဇ်က ဆရာ့ကို မသတ်နိုင်ဘူးဆိုတာ၊ မင်းနဲ့ မင်းရဲ့ ဂျူနီယာညီလေးတွေ၊ ညီမလေးတွေကတော့... ဆက်ပြီးတော့ ကြိုးစားရဦးမယ် ထင်တယ်နော်။”

​ဂုယဲ့၏ ဂျူနီယာညီလေးများနှင့် ညီမလေးများက... ခက်ထန်မည်းမှောင်လှသော မျက်ဝန်းများဖြင့် ထိုဧည့်သည်တော်ကို တစ်ချက် လှမ်းကြည့်လိုက်ကြပြီးနောက်၊ ဂုယဲ့ကိုလည်း ပြန်ကြည့်လိုက်ရင်း... တိတ်ဆိတ်ငြိမ်သက်သွားကြပြန်သည်။

​ထျန်ခန်းနှင့် အခြားလူများလည်း ဤနေရာတွင် ရှိနေခဲ့ကြပြီး... သူတို့က ဂုယဲ့ကို ကြည့်လိုက်ရင်း၊ အချင်းချင်းလည်း ပြန်လည်ကြည့်ရှုလိုက်ကြရာ... မျက်ဝန်းထဲတွင် ပြင်းထန်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။

​“ဆရာကြီး... ကျေးဇူးပြုပြီး လှုပ်ရှားပေးပါတော့။”

​ဂုယဲ့က ခုနစ်ပါးသတ်ဖြတ်ခြင်း အရှင်သခင်ကြီးကို ဂရုမစိုက်တော့ဘဲ... ရောက်ရှိလာသော ဧည့်သည်တော်ဆီသို့ လက်ဦးညွှတ်၍ ဆိုလိုက်သည်။

​“မင်းက... မင်းကိုယ်တိုင်အတွက်နဲ့ ငါ့ကို ဒီခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေကို အကုန်အစင် ဖျက်ဆီးခိုင်းဖို့... သေချာပြီလား။”

​ရောက်ရှိလာသော ဧည့်သည်တော်က ခပ်ဖွဖွ ပြုံးလိုက်သည်။

“ငါသာ လှုပ်ရှားလိုက်မယ်ဆိုရင်... နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူးနော်။”

​ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီးကမူ... အမူအရာက မူလအတိုင်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။

​ဂုယဲ့ကမူ ခေါင်းကို ညိတ်လိုက်ရင်း -

“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေလိုမျိုး နေရာက... စောစောစီးစီးကတည်းက ပျက်စီးသွားသင့်တာ၊ သူက တည်ရှိမနေသင့်ဘူး။”

​“ကျွန်တော် ဆရာ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ဝါးမြိုပြီးသွားတာနဲ့... ဒီနေရာကနေ ထွက်ခွာသွားပါ့မယ်။”

​“နောင်တစ်ချိန်ကျရင်... ဒီခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး အစုံကို၊ ကျွန်တော် ခင်ဗျားတို့ရဲ့ သံသရာမသေမျိုးဂိုဏ်း ဆီကို ချန်ထားပေးခဲ့ပါ့မယ်။”

​ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီး၏ မျက်နှာထက်က အပြုံးများက... တဖြည်းဖြည်းနှင့် တောင့်တင်းသွားခဲ့ရသည်။

​သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်... ပတ်ပတ်လည်က အရာအားလုံးသည် ထိုဧည့်သည်တော်၏ လက်ဖျောက်တစ်ချက်တီးလိုက်မှုနှင့်အတူ... ပြာမှုန်အဖြစ် ပြောင်းလဲကာ ပျက်စီးပျောက်ကွယ်သွားခဲ့ရတော့သည်။

​ထိုအရာထဲတွင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီး ကိုယ်တိုင်လည်း ပါဝင်ပေသည်။

​သူ သေဆုံးသွားခဲ့သည့် အချိန်အထိ... သူ၏ မျက်ဝန်းထဲတွင် မည်သို့သော နာကျည်းမှု၊ မကျေနပ်မှုမျိုးမျှ မရှိခဲ့ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့်... အလွန်တရာ စိတ်အေးချမ်းသာယာသွားသည့် အမူအရာမျိုးဖြင့် ဂုယဲ့ကို တစ်ချက် လှမ်းကြည့်သွားခဲ့သေးသည်။

​ဖန့်ချန်၏ စိတ်အာရုံက အနည်းငယ် တောင့်တင်းသွားခဲ့ရပြီး... ထိုသူစိမ်းဧည့်သည်တော်ကိုသာ မမှိတ်မသုန် အသေအချာ စိုက်ကြည့်နေမိတော့သည်။

​ဒီတစ်ယောက်ကလည်း... သံသရာမသမျိုးဂိုဏ်း က လူတစ်ယောက်လား။

​ဒါပေမဲ့ သူက ထိုပုဂ္ဂိုလ်ကို... တစ်ခါမှ မမြင်ဖူးခဲ့ချေ။

​ဤနေရာ၏ ခေတ်ကာလက... သူ အကန့်အသတ်ချိုးဖျက်ခြင်းတောင်တန်း တုန်းက ဖီထူနှင့် တွေ့ဆုံခဲ့ရသည့် အချိန်ထက်ပင်... နှစ်ပေါင်းများစွာ ပိုမိုစောစီးနေခဲ့ခြင်းကြောင့်များလား။

​ထိုအချိန်တွင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ၏ အရှင်သခင်ကြီးက လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း၊ သူ၏ ရှေ့မှောက်က စားပွဲခုံထက်တွင်မူ... မျက်လုံးတစ်စုံ ကျန်ရစ်နေခဲ့သည်။

​ထိုမျက်လုံးအစုံက... မိမိကိုယ်ပိုင် စိတ်အာရုံ ရှိနေခဲ့ပုံရပြီး၊ မျက်ဝန်းများက လှုပ်ရှားနေခဲ့ကြသည်။

​ရောက်ရှိလာသော ဧည့်သည်တော်က ထိုအခြေအနေကို မြင်သည့်အခါ... ရုတ်တရက် ရယ်မောလိုက်သည်။

“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး... မင်းနဲ့ ငါတို့ သံသရာမသေမျိုးဂိုဏ်း ကြားထဲက လောင်းကြေးထပ်ပွဲမှာ၊ မင်း ရှုံးနိမ့်သွားခဲ့ပြီ။”

​“မင်းရဲ့ ကျွန်ပြုခြင်းကို ခံထားရတဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေကလည်း... ဂုယဲ့က ငါ့ကို ဒီနေရာကို လာဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် လုံးဝကို ပျက်စီးသွားခဲ့ရပြီ။”

​“ဂုယဲ့ သေဆုံးသွားခဲ့ပြီးတဲ့နောက်ပိုင်းကျရင်... မင်းက ငါတို့ သံသရာမသေမျိုးဂိုဏ်း ရဲ့ ကျွန်ပြုခြင်းခံ နတ်ဘုရားစွမ်းအင်ကျင့်စဉ်တစ်ခု ဖြစ်လာရလိမ့်မယ်။”

​ထိုမျက်လုံးအစုံ၏ မျက်ဝန်းထဲတွင်... မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေခဲ့ပုံရပြီး၊ စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သံသရာမသေမျိုးဂိုဏ်း... မင်းတို့ အမေကို ယိုးလိုက်စမ်း ”

All Chapters