အခန်း ၂၆၀၆
Vol. 261 Ch. 2606
အခန်း (၂၆၀၆) - မင်းတို့တွေလည်း ဖုံးကွယ်မထားကြနဲ့ဦး
ဖန့်ချန် ပြန်ထွက်လာသည့် အခြေအနေက ဖန့်ကျစ်ရွှယ်တို့အတွက်မူ... သူက မျက်စိတစ်မှိတ်အတွင်း လျှပ်တပြက် လှုပ်ရှားလိုက်ရုံမျှဖြင့် ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေ၏ အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
အောက်ကျိုချုံ အပါအဝင် အခြားသော သူတော်စင်များကမူ... ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များကို ပထမဆုံးအကြိမ်အဖြစ် အာရုံခံကြည့်လိုက်ကြသည်။
သူတို့ ကြည့်လိုက်သည့်အခါ... ဖန့်ချန်က အတွင်းထဲသို့ မဝင်ရောက်ခင်က အခြေအနေနှင့် ဘာမျှ ထူးထူးခြားခြား ကွာခြားသွားခြင်း မရှိသည်ကို တွေ့လိုက်ရပေသည်၊ ချုံဝူကျီးတုန်းကလိုမျိုး... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့သည့် သိသာထင်ရှားလှသော လက္ခဏာရပ်မျိုး တစ်စက်ကလေးမျှ ရှိမနေခဲ့ချေ။
ရောက်ရှိနေကြသော သူတော်စင်များ၏ မျက်ဝန်းထဲတွင်... ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ဖြတ်သန်းသွားခဲ့ရတော့သည်။
“ဘယ်လိုဖြစ်တာလဲ... ဖန့်ချန် တောင်မှ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောမပေါက်နိုင်ဘူးလား။”
“ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ရဲ့ ခက်ခဲမှုအဆင့်က... ဒီလောက်တောင် မြင့်မားနေတာလား။”
“စဉ်းစားကြည့်ရင်... အရင်တုန်းက ဟင်းလင်းပြင်အတတ် ကလည်း အလွန်ခက်ခဲတာပဲ၊ ဒါပေမဲ့ ငါတို့အားလုံး အောင်အောင်မြင်မြင်နဲ့ ရရှိခဲ့ကြတာပဲမဟုတ်လား...”
“ဒါက ဘာပဲပြောပြော နတ်ဘုရားမျက်လုံးကျင့်စဉ် ကိုးပါးထဲက တစ်ခုပဲလေ... အခြားအရာတွေကို ဖယ်ထားဦး၊ နီရဲသောကျောက်ကပ်ဝိဇ္ဇာမျက်လုံးကိုပဲ ကြည့်ဦး... ငါတို့ စစ်ဆေးရေးဌာနချုပ် ထဲမှာတောင် နားလည်သဘောပေါက်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။”
နျဲ့ချင် အပါအဝင် အခြားသော အဆင့်မြင့်စစ်ဆေးရေးမှူးများကမူ... ဖန့်ချန် မအောင်မြင်ခဲ့သည့်အပေါ် ဝမ်းသာအားရဖြစ်ပြီး လှောင်ပြောင်ချင်စိတ်မျိုး ရှိမနေခဲ့ကြချေ၊ သို့သော်လည်း ဖန့်ချန်ပါ နားလည်သဘောမပေါက်နိုင်ခဲ့ခြင်းက... သူတို့၏ ရှုံးနိမ့်မှုအတွက်မူ အရှက်ပြေစရာ အရိပ်အာဝါသတစ်ခု ဖြစ်သွားခဲ့ရပေသည်။
အနည်းဆုံးတော့... သူတို့၏ ရင်ထဲက ပိတ်ဆို့အောင့်အီးမှုကို လျော့ပါးသွားစေခဲ့ရသည်။
တစ်ချိန်တည်းမှာပင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ ခက်ခဲမှုအဆင့်က တကယ့်ကို မြင့်မားလှကြောင်း သက်သေပြလိုက်နိုင်ခဲ့ခြင်းပဲ ဖြစ်ရပေမည်။
“ဒီတစ်ကြိမ် မရရင်လည်း... နောက်တစ်ကြိမ်ကျရင် ရမှာပေါ့။”
အဆင့်မြင့်စစ်ဆေးရေးမှူး အတော်များများက... လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း၊ မိမိကိုယ်ကိုယ် ပြန်လည်၍ အားပေးလိုက်ကြသည်။
“အကြီးကဲနှစ်ပါး... ခုနစ်ပါးသတ်ဖြတ်ခြင်းအသီး ရဲ့ အရေအတွက်က၊ လုံလောက်မှု ရှိသေးတယ်မလား။”
“ကျွန်တော် မှတ်မိသလောက်ဆိုရင်တော့... အရင်တုန်းက ဌာနမှူးအကြီးကဲ ပြောခဲ့ဖူးတယ်၊ ကျွန်တော်က အကြိမ်ရေ ကန့်သတ်ချက်မရှိဘဲနဲ့... လူတွေကို ခေါ်ပြီးတော့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာပြီး နားလည်သဘောပေါက်အောင် လုပ်ဆောင်လို့ ရတယ်ဆိုတာလေ...”
ဖန့်ချန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အရိုအသေပေးလိုက်ရင်း ဆိုလိုက်သည်။
မူလက ထွက်ခွာရန် ပြင်ဆင်နေခဲ့ကြသော သူတော်စင်များ၏ မျက်နှာအမူအရာက... ချက်ချင်းပင် လှုပ်ရှားသွားခဲ့ရသည်။
အောက်ကျိုချုံက... နယ်မြေတားမြစ်ချက်ရဲ့ အပြင်ဘက်ဆီသို့ မဆိုင်းမတွ လှမ်းကြည့်လိုက်သည်။
သူတော်စင်များ၏ မျက်စိတစ်မှိတ်အတွင်းမှာပင်... ဖမ်းဆီးရေးဌာနခွဲ က ထိုဌာနမှူးအဘိုးကြီးက၊ သူတို့၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အောက်ကျိုချုံ အပါအဝင် အခြားသော သူတော်စင်များကလည်း... ကမန်းကတန်း လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အရိုအသေပေးလိုက်ကြသည်။
ထိုအဘိုးကြီးက... ဖန့်ချန်ကို ပြုံးရွှင်လျက် စိုက်ကြည့်လိုက်သည်၊
“ဖန့်လေး... အဲဒီအချိန်တုန်းက ငါတို့ ဌာနခွဲသုံးခုရဲ့ ဌာနမှူးတွေက၊ မင်းကို အကြိမ်ရေ ကန့်သတ်ချက်မရှိဘဲ လူတွေကို ခေါ်လာပြီး ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာရောက်နားလည်သဘောပေါက်ခွင့်ပြုဖို့ သဘောတူခဲ့ကြတာ အမှန်ပါပဲ။”
“ဒါပေမဲ့လည်းလေ... ဒီခုနစ်ပါးသတ်ဖြတ်ခြင်းအသီးရဲ့ အရေအတွက်က အကန့်သတ်ရှိနေတာမို့၊ မင်းဘက်ကနေ အခြားသူတွေကိုလည်း အခွင့်အရေးလေး အနည်းငယ် ပေးလိုက်ရင် မကောင်းဘူးလား... မင်းတို့အနေနဲ့ နောက်ပိုင်းကျမှ နောက်တစ်ခေါက် ပြန်လာခဲ့ကြပေါ့။”
ဖန့်ချန်က စက္ကန့်ပိုင်းမျှ တွေးတောလိုက်ပြီးနောက်... လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ -
“အားလုံးကို... ဌာနမှူးလူကြီးမင်းသုံးပါးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ နာခံပါ့မယ်။”
အဘိုးကြီး၏ မျက်ဝန်းများက တောက်ပသွားခဲ့ရသည်။
“အဲဒါဆိုရင် ကောင်းပြီ... နောင်ကျရင် မင်းတင်ပြလာမယ့် နာမည်စာရင်းတွေကို၊ ကြိုတင်ပြီးတော့ တန်းစီပေးထားမယ်၊ သူတို့ရဲ့ အလှည့်ရောက်တာနဲ့တစ်ပြိုင်နက်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာပြီး ဆက်လက်နားလည်သဘောပေါက်ခွင့် ပြုပေးမယ်။”
သူတော်စင်များ၏ ရင်ထဲတွင်... အနည်းငယ် စိတ်ပျက်သွားခဲ့ရသော်လည်း၊ ထိုဌာနမှူးလူကြီးမင်း၏ ကတိစကားကို ရရှိလိုက်ရသည့်အတွက်... အတွင်းပိုင်း၌ ဝမ်းသာသွားခဲ့ရပြန်သည်။
အနည်းဆုံးတော့... သူတို့ နောက်တစ်ကြိမ် ပြန်လာခဲ့ကြသည့် အခါတွင်၊ တန်းစီရမည့် ကိစ္စနှင့် ပတ်သက်၍ အခြားသော သူတော်စင်များထက် ပိုမိုဦးစားပေးခံရမည် ဖြစ်ပေသည်။
“ကြည့်ရတာ... ဒီတစ်ကြိမ်မှာတော့ ချုံဝူကျီး တစ်ယောက်တည်းပဲ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့တာပေါ့၊ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး... မင်းတို့က စုစုပေါင်း ရာဂဏန်းအနည်းငယ်ပဲ ရှိတာကို၊ အဲဒီအထဲကနေ တစ်ယောက်က နားလည်သဘောပေါက်သွားခဲ့တာဆိုတော့... ဒီတစ်ခေါက် လာရတာက တန်ပါတယ်။”
အဘိုးကြီးက စကားဆုံးသည်နှင့်... အောက်ကျိုချုံနှင့် ကွမ်းကျန့်ရှို့တို့ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း -
“သူတို့ကို ပြန်ပို့ပေးလိုက်ကြတော့... ပြီးရင် မင်းတို့နှစ်ယောက်လည်း ကျန့်နန်စခန်း ကို ပြန်လာခဲ့ကြဦး၊ ရှီးမျိုးနွယ်စုရဲ့ ယင်သူတော်စင် တစ်ရာအမှုက... နက်နက်ရှိုင်းရှိုင်း ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသေးတယ်၊ ငါတို့ဆီမှာ လူအင်အား မလုံလောက်တော့ဘူး။”
“ဟုတ်ကဲ့။”
……
……
ရွှေဟွေး ကျောင်းတော်၊ လူသားမျိုးနွယ်စုကျောင်းဆောင်၊ ကရုဏာတောင် ။
ကရုဏာတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည့်အခါတွင်... လူတိုင်း၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေခဲ့ကြသည်။
ဒီတစ်ခေါက် အပြင်သို့ ထွက်ခွာခဲ့ရခြင်းက... သူတို့အတွက် လောကအမြင် အတော်အတန် ပိုမိုကျယ်ပြန့်သွားခဲ့ရသည်ဟု ဆိုရပေမည်။
အောက်ကျိုချုံနှင့် ကွမ်းကျန့်ရှို့တို့က... လူတိုင်းကို ရွှေဟွေး ကျောင်းတော်အထိ ဘေးကင်းလုံခြုံစွာ လိုက်ပါပို့ဆောင်ပေးခဲ့ပြီးနောက်၊ သူတို့၏ လက်အောက်ခံ အဆင့်မြင့်စစ်ဆေးရေးမှူးများကို ဦးဆောင်၍ ကျန့်နန်စခန်းဆီသို့ ကမန်းကတန်း လှည့်ပြန်သွားခဲ့ကြသည်။
ဖန့်ချန်၏ ရင်ထဲတွင်လည်း... ထိုရှီးမျိုးနွယ်စု၏ ယင်သူတော်စင် တစ်ရာအမှုက၊ မိမိဘက်ကနေ စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း...
နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကမူ... မိမိကဲ့သို့သော အသက်စွမ်းအင်အဆင့် သူတော်စင်တစ်ယောက် ဝင်ရောက်စွက်ဖက်နိုင်မည့် ကိစ္စမျိုး မဟုတ်ကြောင်းကို အသေအချာ နားလည်ထားပေသည်။
သူက အဆင့်ခြောက် စစ််ဆေးရေးမှူးအဖြစ် တိုးမြှင့်ခြင်း ခံထားရသူဖြစ်ရာ... အချိန်တိုအတွင်းမှာတော့ စစ်ဆေးရေးဌာနချုပ်ဘက်က ဥပဒေကို ဖောက်ဖျက်ပြီး၊ သူ့ကို အဆင့်ငါးအထိ ထပ်မံတိုးမြှင့်ပေးရန် ကြံစည်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်... နောက်ပိုင်းအချိန်များကိုမူ၊ နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေ ကို ကြိုဆိုရင်ဆိုင်ရန်အတွက်သာ ပြင်ဆင်အသုံးပြုလိုက်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
“ဖန့်ချန်... မင်း နောက်ကျရင် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ၊ ရှီးမျိုးနွယ်စုကျောင်းတော်မှာပဲ ဆက်ပြီးတော့ တာဝန်ယူ စောင့်ကြပ်နေမှာလား... ဒါမှမဟုတ်ရင်...”
ကျန့်တောက်ယွဲ့က လှမ်းမေးလိုက်သည်။
လူတိုင်း၏ အကြည့်များက... ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်လာခဲ့ကြသည်။
ဖန့်ချန်က ဆိုလိုက်သည်
“ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကိစ္စက ပြီးဆုံးသွားခဲ့ပြီမို့... ကျွန်တော် အဲဒီဘက်ကို ထပ်သွားနေရင်လည်း ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ဘူး။”
“ဒါပေမဲ့လည်း... ဒီယာယီကျောင်းအုပ်ကြီးဆိုတဲ့ နာမည်ကိုတော့၊ စစ်ဆေးရေးဌာနချုပ်နဲ့ ကျောင်းတော်ဘက်က ပြန်ပြီးတော့ ရုတ်သိမ်းခြင်း မရှိသေးဘူး။”
“တကယ်လို့... ဒီနှစ်တွေအတွင်းမှာ ရှီးမျိုးနွယ်စုရဲ့ သူတော်စင်တွေက၊ ကျွန်တော်တို့ လူသားမျိုးနွယ်စုကျောင်းဆောင်ကို လာပြီး ပြဿနာရှာရဲမယ်ဆိုရင်တော့... ကျွန်တော် အဲဒီဘက်ကို နောက်တစ်ခေါက် ထပ်သွားရုံပေါ့။”
သူက စကားကို ခေတ္တမျှ ဖြတ်လိုက်ပြီးနောက် -
“နောက်ပိုင်း အချိန်တွေမှာတော့... ကျွန်တော် လက်ရှိကျင့်စဉ်အဆင့်အတန်း တည်ငြိမ်သွားအောင် ဆက်လက်ပြီးတော့ ကျင့်ကြံဖို့ ပြင်ဆင်ထားတယ်၊ ချင်းမင် နဲ့ လင်ယောင် ဘက်က ဆွေးနွေးပွဲကလည်း... မကြာခင်မှာ ရလဒ်ထွက်ပေါ်လာတော့မှာပါ။”
“အဲဒီအချိန်ကျရင်... အဲဒီနိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေထဲမှာလည်း၊ အဖိုးတန်တဲ့ ပစ္စည်းကောင်းအချို့ ရှိနေနိုင်တယ်၊ အားလုံးလည်း ကြိုတင်ပြီးတော့ ပြင်ဆင်ထားကြပါ... အချိန်ကျရင် အတူတူ သွားကြတာပေါ့။”
“စီနီယာအစ်ကိုကြီး ဖန့်... ကျွန်တော်တို့မှာလည်း သွားခွင့်ရမယ့် အခွင့်အရေး ရှိနေတာလား။”
ချန်ဖေးဖေးက... စိတ်လှုပ်ရှားနေသည့် မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
“ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာကတော့... ဘာပဲပြောပြော မှားယွင်းစရာ အကြောင်းမရှိဘူး။”
ဖန့်ချန်က ဆိုလိုက်သည်။
ကျန့်တောက်ယွဲ့က ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
“ဖန့်ချန် ပြောတာ မှန်တယ်... မင်းတို့အားလုံး ကြိုတင်ပြီး ပြင်ဆင်ထားကြပါ၊ နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေကို... ငါတို့ ကရုဏာတောင်က လူအတော်များများ သွားခွင့်ရဖို့ ရာခိုင်နှုန်း အလွန်တရာ များပြားတယ်၊ မသွားရတဲ့သူတွေလည်း စိတ်ဓာတ်ကျမနေနဲ့ဦး... ဒီတစ်ခေါက် ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေက ရရှိခဲ့တာတွေကတင်၊ မင်းတို့အတွက် အချိန်အတော်ကြာအောင် လေ့လာစုပ်ယူဖို့ လုံလောက်နေပါပြီ။”
ထိုစကား ထွက်ပေါ်လာသည့်အခါ... ဝမ်ချုံစန်း အပါအဝင် အခြားသော သူများ၏ မျက်နှာအမူအရာက ချက်ချင်းပင် တောင့်တင်းသွားခဲ့ရတော့သည်။
ကျန့်တောက်ယွဲ့က... ရောက်ရှိနေသော လူတိုင်းကို ပြုံးရွှင်လျက် ဝေ့ကြည့်လိုက်သည်။
“အားလုံးပဲ ပြောပြကြစမ်းပါဦး... ဘယ်သူတွေက ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့ကြလဲ၊ အခုတော့ ကရုဏာတောင်ကို ပြန်ရောက်နေပြီပဲမို့... မင်းတို့တွေလည်း ဖုံးကွယ်မထားကြနဲ့ဦး”
ဖန့်ချန်က စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရာ... သူ၏ မျက်ဝန်းထဲတွင်၊ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားခဲ့ရသည်။
ထိုကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်ကြောင့်ပင်... ရောက်ရှိနေသော လူတိုင်းကို ချက်ချင်းပင် စိတ်အာရုံများ လွတ်ထွက်သွားစေခဲ့ရပြီး၊ သူတို့၏ ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်း အငွေ့အသက်များကလည်း အလိုအလျောက် သဘာဝကျကျပင် တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ရတော့သည်။
ဖန့်ကျစ်ရွှယ်၊ ဝမ်ချုံစန်း၊ ရှဲ့အာမန်၊ ချန်အင်းရွှယ်၊ ချန်ဖေးဖေး၊ ဟွမ်ချင်းကျူး၊ ပိုင်ချန်းမင်၊ ရှိန်းကျင်းထော် အစရှိသည့်... ကျန့်တောက်ယွဲ့ အပါအဝင် လူတိုင်း၏ မျက်ဝန်းထက်တွင်၊ ခပ်ဖျော့ဖျော့ မီးခိုးရောင် မြူခိုးတစ်လွှာ ဖုံးအုပ်သွားခဲ့ရသည်။
အလွန်တရာ ငြိမ်သက်အေးချမ်းလှသော ကရုဏာတောင်ကြီးက... မျက်စိတစ်မှိတ်အတွင်းမှာပင် စူးရှလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားခဲ့ရတော့သည်။
လူတိုင်းက... အချင်းချင်း အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်ကြပြီးနောက်မှသာ၊ ကသိကအောက်ဖြင့် မိမိတို့၏ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးများကို ပြန်လည်၍ ရုတ်သိမ်းလိုက်ကြရသည်။
ကရဏာတောင်ကြီးက... နောက်တစ်ကြိမ်အဖြစ် ပြန်လည်ငြိမ်သက်သွားခဲ့ရပြန်သည်။
သို့သော်လည်း... ပတ်ဝန်းကျင်၏ အခြေအနေကမူ၊ အနည်းငယ် အနေရခက်စရာ ကောင်းနေခဲ့ရသည်။
“စီနီယာအစ်ကိုကြီး ဖန့်... ကျွန်မက အချိန်ကျရင် အစ်ကိုကြီးကို တိတ်တဆိတ်ပဲ လာပြီး ပြောပြမလို့ စဉ်းစားထားတာပါ။”
ဖန့်ကျစ်ရွှယ်က... အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်သည်။
“အင်း... ကျွန်တော်တို့လည်း အတူတူပါပဲ...”
“အဲဒီနေရာက လူအများကြီးနဲ့ဆိုတော့ မျက်စိရှုပ်စရာ ကောင်းတယ်၊ ပြီးတော့ စစ်ဆေးရေးဌာနချုပ်က အဆင့်မြင့်စစ်ဆေးရေးမှူးတွေလည်း အများကြီး ရှိနေတာလေ... တကယ်လို့ သူတို့သာ သိသွားပြီးတော့ အပြင်ဘက်ကို သတင်းပျံ့သွားခဲ့ရင်၊ နောင်ကျရင် ရန်သူတွေဘက်က ကြိုတင်ကာကွယ်ထားကြမှာမို့... ရင်ဆိုင်ရတာ ခက်ခဲသွားလိမ့်မယ်။”
ချန်ဖေးဖေးက လှောင်ပြုံးပြုံးလျက် ဆိုလိုက်သည်။
ကျန့်တောက်ယွဲ့က... ဖန့်ချန်ကို ကြည့်လိုက်ရင်း၊ အနည်းငယ် အံ့ဩချီးကျူးမိသွားခဲ့ရသည်။
“မင်းရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်က အလွန်ကို သန့်စင်လွန်းတယ်၊ မင်းက အဲဒီသတ်ဖြတ်ခြင်း အငွေ့အသက်ကို ထုတ်ဖော်လိုက်တဲ့ အခိုက်အတန့်မှာ... ငါ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကတောင်မှ၊ မသိမသာနဲ့ စိတ်လွတ်ထွက်သွားမလိုမျိုး ခံစားလိုက်ရတယ်။”
သူ၏ အစောပိုင်းက ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးသည်လည်း... ဖန့်ချန်၏ ဖိအားပေးမှုကြောင့်သာ အတင်းအကျပ် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။
သူက...ကမ္ဘာကြီးသူတော်စင်အဆင့် တစ်ဦး ဖြစ်ပြီး၊ သူ၏ ဂျူနီယာညီလေးကမူ... အသက်စွမ်းအင် အစောပိုင်းအဆင့်မျှသာ ရှိသေးသည်ကို အသေအချာ သတိပြုရမည် ဖြစ်သည်။
ဤမျှအထိ... ကျင့်စဉ်အဆင့်အတန်း ကွာခြားချက် ကြီးမားလှပါသော်လည်း၊ မိမိ၏ ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်း အငွေ့အသက်ကို အတင်းအကျပ် နှိုးဆွထုတ်ဖော်နိုင်ခဲ့ခြင်းက... ထိုအထဲတွင် အဓိပ္ပာယ်အချို့ ရှိနေသည်ကတော့ အသေအချာပင်။
“ဒါက... ကျွန်တော် ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေထဲမှာ၊ အချိန်အတော်ကြာအောင် နေထိုင်ခဲ့ရတဲ့ အကြောင်းရင်းကြောင့် ဖြစ်နိုင်မလား။”
ဖန့်ချန်က စဉ်းစားတွေးတောလျက် ဆိုလိုက်သည်။
သူက မိမိဘက်ကနေ... နှစ်ပေါင်းများစွာကြာအောင် လက်ဆင့်ကမ်းလာခဲ့သည့် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးတစ်စုံကို ဝါးမြိုချပစ်လိုက်ရခြင်း ဖြစ်ကြောင်းကိုတော့ ထုတ်ပြောနိုင်ခြင်း မရှိချေ။
“ဒီလိုမျိုးလည်း... ဖြစ်နိုင်တာပဲ။”
ကျန့်တောက်ယွဲ့က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးနောက်... ထပ်မံ၍ နက်နက်ရှိုင်းရှိုင်း စိစစ်မနေတော့ဘဲ၊ လူတိုင်းကို လှမ်းကြည့်လိုက်ရင်း -
“အားလုံးပဲ... ကျင့်ကြံဖို့အတွက် ပြန်ကြတော့၊ နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေအတွက် မဟုတ်ရင်တောင်မှ... နောက်တစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင် ရောက်တဲ့အခါကျရင်၊ မင်းတို့တွေ ကရုဏာတောင်ရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်လိမ့်မယ်။”
“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးရဲ့ ဆန်းကြယ်တဲ့ အာနိသင်တွေက အများကြီး ရှိနေတာမို့... သေချာလေး ရင်းနှီးအောင် လုပ်ဆောင်ထားကြဦး။”
“ကြိုးစားကြစမ်းပါ... နေမင်းခုနစ်စင်းခန်းမ ရဲ့ စံချိန်ချိုး ဝင်ခွင့်စာမေးပွဲကို၊ တစ်ချက်လောက် ဝင်ပြီးတော့ တိုးကြည့်လိုက်ကြစမ်း။”
လူတိုင်း၏ မျက်ဝန်းထဲတွင်... ချက်ချင်းပင် ပြင်းထန်လှသော စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့ကြတော့သည်။
ယခုအချိန်တွင်... လူသားမျိုးနွယ်စုကျောင်းဆောင်၌၊ ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ် နှစ်ယောက်တည်းသာ နေမင်းခုနစ်ပါး ကျောင်းသား ဖြစ်ကြပေသည်။
သူတို့ကမူ... အဓိကတပည့် များသာ ဖြစ်ကြသေးသည်။
ကောင်းကင်ငါးပါးအတွင်းက အဆင့်သတ်မှတ်ချက်များအရမူ... အလွန်အမင်း မြင့်မားနေခြင်းမျိုး မရှိသလို၊ အလွန်အမင်း နိမ့်ကျနေခဲ့ခြင်းမျိုးလည်း မရှိချေ။
ကြီးမားသော အကြောင်းရင်းတစ်ခုကတော့... သူတို့ ကောင်းကင်ငါးပါးစစ်မြေပြင်သို့ ဝင်ရောက်ခဲ့သည့် အကြိမ်ရေက မများပြားလှသေးသလို၊ ကျောင်း ေတာ် ရောက်ရှိလာခဲ့သည့် အချိန်ကာလကလည်း မကြာမြင့်သေးခြင်းကြောင့် ဖြစ်ပေသည်။
သူတို့၏ စစ်မှန်သော စွမ်းအားများကို... လုံးဝဥဿုံ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးချေ။
ယခုအချိန်တွင်မူ... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ အားဖြည့်ကူညီမှုများကို ရရှိထားခဲ့ကြပြီဖြစ်ရာ၊ အချိန်တိုအတွင်းမှာပင်... နေမင်းခုနစ်ပါးခန်းမ၏ စံချိန်ချိုး ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ရမည့် အခွင့်အရေးကို အမှန်တကယ်ပင် ရရှိသွားနိုင်ချေ ရှိပေသည်။
ဖန့်ချန်သည် ကရုဏာတောင်မှ ထွက်ခွာခဲ့ပြီးနောက်... မိမိ၏ အတွင်းကမ္ဘာ ထဲသို့ ဝင်ရောက်လိုက်သည်။
စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ကိုယ်စားပြုနေခဲ့သော နတ်ဘုရားစွမ်းအင်ကျင့်စဉ် အမှတ်အသားကြီးက ဟိန်းသံနှင့်အတူ ကျရောက်လာခဲ့တော့သည်။
လီဝူနှင့် ချိယန်သူတော်စင်တို့ကလည်း... ချက်ချင်းပင် အနားသို့ တိုးကပ်လာခဲ့ကြပြီး၊ စူးစမ်းလိုသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်လိုက်ကြသည်။
“မှန်လေး... ငါ့ကို ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ရဲ့ သတိထားရမယ့် အချက်တွေနဲ့ တားမြစ်ချက်တွေအကြောင်း ရှင်းပြပေးစမ်း။”