← Chapters

အခန်း ၂၆၀၆

Vol. 261 Ch. 2606

အခန်း ၂၆၀၆

Vol. 261 Ch. 2606

အခန်း (၂၆၀၆) - မင်းတို့တွေလည်း ဖုံးကွယ်မထားကြနဲ့ဦး

​ဖန့်ချန် ပြန်ထွက်လာသည့် အခြေအနေက ဖန့်ကျစ်ရွှယ်တို့အတွက်မူ... သူက မျက်စိတစ်မှိတ်အတွင်း လျှပ်တပြက် လှုပ်ရှားလိုက်ရုံမျှဖြင့် ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေ၏ အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

​အောက်ကျိုချုံ အပါအဝင် အခြားသော သူတော်စင်များကမူ... ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များကို ပထမဆုံးအကြိမ်အဖြစ် အာရုံခံကြည့်လိုက်ကြသည်။

​သူတို့ ကြည့်လိုက်သည့်အခါ... ဖန့်ချန်က အတွင်းထဲသို့ မဝင်ရောက်ခင်က အခြေအနေနှင့် ဘာမျှ ထူးထူးခြားခြား ကွာခြားသွားခြင်း မရှိသည်ကို တွေ့လိုက်ရပေသည်၊ ချုံဝူကျီးတုန်းကလိုမျိုး... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့သည့် သိသာထင်ရှားလှသော လက္ခဏာရပ်မျိုး တစ်စက်ကလေးမျှ ရှိမနေခဲ့ချေ။

​ရောက်ရှိနေကြသော သူတော်စင်များ၏ မျက်ဝန်းထဲတွင်... ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ဖြတ်သန်းသွားခဲ့ရတော့သည်။

​“ဘယ်လိုဖြစ်တာလဲ... ဖန့်ချန် တောင်မှ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောမပေါက်နိုင်ဘူးလား။”

​“ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ရဲ့ ခက်ခဲမှုအဆင့်က... ဒီလောက်တောင် မြင့်မားနေတာလား။”

​“စဉ်းစားကြည့်ရင်... အရင်တုန်းက ဟင်းလင်းပြင်အတတ် ကလည်း အလွန်ခက်ခဲတာပဲ၊ ဒါပေမဲ့ ငါတို့အားလုံး အောင်အောင်မြင်မြင်နဲ့ ရရှိခဲ့ကြတာပဲမဟုတ်လား...”

​“ဒါက ဘာပဲပြောပြော နတ်ဘုရားမျက်လုံးကျင့်စဉ် ကိုးပါးထဲက တစ်ခုပဲလေ... အခြားအရာတွေကို ဖယ်ထားဦး၊ ​နီရဲသောကျောက်ကပ်ဝိဇ္ဇာမျက်လုံးကိုပဲ ကြည့်ဦး... ငါတို့ စစ်ဆေးရေးဌာနချုပ် ထဲမှာတောင် နားလည်သဘောပေါက်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။”

နျဲ့ချင် အပါအဝင် အခြားသော အဆင့်မြင့်စစ်ဆေးရေးမှူးများကမူ... ဖန့်ချန် မအောင်မြင်ခဲ့သည့်အပေါ် ဝမ်းသာအားရဖြစ်ပြီး လှောင်ပြောင်ချင်စိတ်မျိုး ရှိမနေခဲ့ကြချေ၊ သို့သော်လည်း ဖန့်ချန်ပါ နားလည်သဘောမပေါက်နိုင်ခဲ့ခြင်းက... သူတို့၏ ရှုံးနိမ့်မှုအတွက်မူ အရှက်ပြေစရာ အရိပ်အာဝါသတစ်ခု ဖြစ်သွားခဲ့ရပေသည်။

​အနည်းဆုံးတော့... သူတို့၏ ရင်ထဲက ပိတ်ဆို့အောင့်အီးမှုကို လျော့ပါးသွားစေခဲ့ရသည်။

​တစ်ချိန်တည်းမှာပင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ ခက်ခဲမှုအဆင့်က တကယ့်ကို မြင့်မားလှကြောင်း သက်သေပြလိုက်နိုင်ခဲ့ခြင်းပဲ ဖြစ်ရပေမည်။

​“ဒီတစ်ကြိမ် မရရင်လည်း... နောက်တစ်ကြိမ်ကျရင် ရမှာပေါ့။”

​အဆင့်မြင့်စစ်ဆေးရေးမှူး အတော်များများက... လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း၊ မိမိကိုယ်ကိုယ် ပြန်လည်၍ အားပေးလိုက်ကြသည်။

​“အကြီးကဲနှစ်ပါး... ခုနစ်ပါးသတ်ဖြတ်ခြင်းအသီး ရဲ့ အရေအတွက်က၊ လုံလောက်မှု ရှိသေးတယ်မလား။”

​“ကျွန်တော် မှတ်မိသလောက်ဆိုရင်တော့... အရင်တုန်းက ဌာနမှူးအကြီးကဲ ပြောခဲ့ဖူးတယ်၊ ကျွန်တော်က အကြိမ်ရေ ကန့်သတ်ချက်မရှိဘဲနဲ့... လူတွေကို ခေါ်ပြီးတော့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာပြီး နားလည်သဘောပေါက်အောင် လုပ်ဆောင်လို့ ရတယ်ဆိုတာလေ...”

​ဖန့်ချန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အရိုအသေပေးလိုက်ရင်း ဆိုလိုက်သည်။

​မူလက ထွက်ခွာရန် ပြင်ဆင်နေခဲ့ကြသော သူတော်စင်များ၏ မျက်နှာအမူအရာက... ချက်ချင်းပင် လှုပ်ရှားသွားခဲ့ရသည်။

​အောက်ကျိုချုံက... နယ်မြေတားမြစ်ချက်ရဲ့ အပြင်ဘက်ဆီသို့ မဆိုင်းမတွ လှမ်းကြည့်လိုက်သည်။

​သူတော်စင်များ၏ မျက်စိတစ်မှိတ်အတွင်းမှာပင်... ဖမ်းဆီးရေးဌာနခွဲ က ထိုဌာနမှူးအဘိုးကြီးက၊ သူတို့၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​အောက်ကျိုချုံ အပါအဝင် အခြားသော သူတော်စင်များကလည်း... ကမန်းကတန်း လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အရိုအသေပေးလိုက်ကြသည်။

​ထိုအဘိုးကြီးက... ဖန့်ချန်ကို ပြုံးရွှင်လျက် စိုက်ကြည့်လိုက်သည်၊

​“ဖန့်လေး... အဲဒီအချိန်တုန်းက ငါတို့ ဌာနခွဲသုံးခုရဲ့ ဌာနမှူးတွေက၊ မင်းကို အကြိမ်ရေ ကန့်သတ်ချက်မရှိဘဲ လူတွေကို ခေါ်လာပြီး ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာရောက်နားလည်သဘောပေါက်ခွင့်ပြုဖို့ သဘောတူခဲ့ကြတာ အမှန်ပါပဲ။”

​“ဒါပေမဲ့လည်းလေ... ဒီခုနစ်ပါးသတ်ဖြတ်ခြင်းအသီးရဲ့ အရေအတွက်က အကန့်သတ်ရှိနေတာမို့၊ မင်းဘက်ကနေ အခြားသူတွေကိုလည်း အခွင့်အရေးလေး အနည်းငယ် ပေးလိုက်ရင် မကောင်းဘူးလား... မင်းတို့အနေနဲ့ နောက်ပိုင်းကျမှ နောက်တစ်ခေါက် ပြန်လာခဲ့ကြပေါ့။”

​ဖန့်ချန်က စက္ကန့်ပိုင်းမျှ တွေးတောလိုက်ပြီးနောက်... လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ -

​“အားလုံးကို... ဌာနမှူးလူကြီးမင်းသုံးပါးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ နာခံပါ့မယ်။”

​အဘိုးကြီး၏ မျက်ဝန်းများက တောက်ပသွားခဲ့ရသည်။

“အဲဒါဆိုရင် ကောင်းပြီ... နောင်ကျရင် မင်းတင်ပြလာမယ့် နာမည်စာရင်းတွေကို၊ ကြိုတင်ပြီးတော့ တန်းစီပေးထားမယ်၊ သူတို့ရဲ့ အလှည့်ရောက်တာနဲ့တစ်ပြိုင်နက်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာပြီး ဆက်လက်နားလည်သဘောပေါက်ခွင့် ပြုပေးမယ်။”

​သူတော်စင်များ၏ ရင်ထဲတွင်... အနည်းငယ် စိတ်ပျက်သွားခဲ့ရသော်လည်း၊ ထိုဌာနမှူးလူကြီးမင်း၏ ကတိစကားကို ရရှိလိုက်ရသည့်အတွက်... အတွင်းပိုင်း၌ ဝမ်းသာသွားခဲ့ရပြန်သည်။

​အနည်းဆုံးတော့... သူတို့ နောက်တစ်ကြိမ် ပြန်လာခဲ့ကြသည့် အခါတွင်၊ တန်းစီရမည့် ကိစ္စနှင့် ပတ်သက်၍ အခြားသော သူတော်စင်များထက် ပိုမိုဦးစားပေးခံရမည် ဖြစ်ပေသည်။

​“ကြည့်ရတာ... ဒီတစ်ကြိမ်မှာတော့ ချုံဝူကျီး တစ်ယောက်တည်းပဲ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့တာပေါ့၊ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး... မင်းတို့က စုစုပေါင်း ရာဂဏန်းအနည်းငယ်ပဲ ရှိတာကို၊ အဲဒီအထဲကနေ တစ်ယောက်က နားလည်သဘောပေါက်သွားခဲ့တာဆိုတော့... ဒီတစ်ခေါက် လာရတာက တန်ပါတယ်။”

​အဘိုးကြီးက စကားဆုံးသည်နှင့်... အောက်ကျိုချုံနှင့် ကွမ်းကျန့်ရှို့တို့ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း -

​“သူတို့ကို ပြန်ပို့ပေးလိုက်ကြတော့... ပြီးရင် မင်းတို့နှစ်ယောက်လည်း ကျန့်နန်စခန်း ကို ပြန်လာခဲ့ကြဦး၊ ရှီးမျိုးနွယ်စုရဲ့ ယင်သူတော်စင် တစ်ရာအမှုက... နက်နက်ရှိုင်းရှိုင်း ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသေးတယ်၊ ငါတို့ဆီမှာ လူအင်အား မလုံလောက်တော့ဘူး။”

​“ဟုတ်ကဲ့။”

​……

​……

​ရွှေဟွေး ကျောင်းတော်၊ လူသားမျိုးနွယ်စုကျောင်းဆောင်၊ ကရုဏာတောင် ။

​ကရုဏာတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည့်အခါတွင်... လူတိုင်း၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေခဲ့ကြသည်။

​ဒီတစ်ခေါက် အပြင်သို့ ထွက်ခွာခဲ့ရခြင်းက... သူတို့အတွက် လောကအမြင် အတော်အတန် ပိုမိုကျယ်ပြန့်သွားခဲ့ရသည်ဟု ဆိုရပေမည်။

​အောက်ကျိုချုံနှင့် ကွမ်းကျန့်ရှို့တို့က... လူတိုင်းကို ရွှေဟွေး ကျောင်းတော်အထိ ဘေးကင်းလုံခြုံစွာ လိုက်ပါပို့ဆောင်ပေးခဲ့ပြီးနောက်၊ သူတို့၏ လက်အောက်ခံ အဆင့်မြင့်စစ်ဆေးရေးမှူးများကို ဦးဆောင်၍ ကျန့်နန်စခန်းဆီသို့ ကမန်းကတန်း လှည့်ပြန်သွားခဲ့ကြသည်။

​ဖန့်ချန်၏ ရင်ထဲတွင်လည်း... ထိုရှီးမျိုးနွယ်စု၏ ယင်သူတော်စင် တစ်ရာအမှုက၊ မိမိဘက်ကနေ စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း...

​နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကမူ... မိမိကဲ့သို့သော အသက်စွမ်းအင်အဆင့် သူတော်စင်တစ်ယောက် ဝင်ရောက်စွက်ဖက်နိုင်မည့် ကိစ္စမျိုး မဟုတ်ကြောင်းကို အသေအချာ နားလည်ထားပေသည်။

​သူက အဆင့်ခြောက် စစ််ဆေးရေးမှူးအဖြစ် တိုးမြှင့်ခြင်း ခံထားရသူဖြစ်ရာ... အချိန်တိုအတွင်းမှာတော့ စစ်ဆေးရေးဌာနချုပ်ဘက်က ဥပဒေကို ဖောက်ဖျက်ပြီး၊ သူ့ကို အဆင့်ငါးအထိ ထပ်မံတိုးမြှင့်ပေးရန် ကြံစည်လိမ့်မည် မဟုတ်ချေ။

​ထို့ကြောင့်... နောက်ပိုင်းအချိန်များကိုမူ၊ နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေ ကို ကြိုဆိုရင်ဆိုင်ရန်အတွက်သာ ပြင်ဆင်အသုံးပြုလိုက်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။

​“ဖန့်ချန်... မင်း နောက်ကျရင် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ၊ ရှီးမျိုးနွယ်စုကျောင်းတော်မှာပဲ ဆက်ပြီးတော့ တာဝန်ယူ စောင့်ကြပ်နေမှာလား... ဒါမှမဟုတ်ရင်...”

​ကျန့်တောက်ယွဲ့က လှမ်းမေးလိုက်သည်။

​လူတိုင်း၏ အကြည့်များက... ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်လာခဲ့ကြသည်။

​ဖန့်ချန်က ဆိုလိုက်သည်

“ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကိစ္စက ပြီးဆုံးသွားခဲ့ပြီမို့... ကျွန်တော် အဲဒီဘက်ကို ထပ်သွားနေရင်လည်း ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ဘူး။”

​“ဒါပေမဲ့လည်း... ဒီယာယီကျောင်းအုပ်ကြီးဆိုတဲ့ နာမည်ကိုတော့၊ စစ်ဆေးရေးဌာနချုပ်နဲ့ ကျောင်းတော်ဘက်က ပြန်ပြီးတော့ ရုတ်သိမ်းခြင်း မရှိသေးဘူး။”

​“တကယ်လို့... ဒီနှစ်တွေအတွင်းမှာ ရှီးမျိုးနွယ်စုရဲ့ သူတော်စင်တွေက၊ ကျွန်တော်တို့ လူသားမျိုးနွယ်စုကျောင်းဆောင်ကို လာပြီး ပြဿနာရှာရဲမယ်ဆိုရင်တော့... ကျွန်တော် အဲဒီဘက်ကို နောက်တစ်ခေါက် ထပ်သွားရုံပေါ့။”

​သူက စကားကို ခေတ္တမျှ ဖြတ်လိုက်ပြီးနောက် -

“နောက်ပိုင်း အချိန်တွေမှာတော့... ကျွန်တော် လက်ရှိကျင့်စဉ်အဆင့်အတန်း တည်ငြိမ်သွားအောင် ဆက်လက်ပြီးတော့ ကျင့်ကြံဖို့ ပြင်ဆင်ထားတယ်၊ ချင်းမင် နဲ့ လင်ယောင် ဘက်က ဆွေးနွေးပွဲကလည်း... မကြာခင်မှာ ရလဒ်ထွက်ပေါ်လာတော့မှာပါ။”

​“အဲဒီအချိန်ကျရင်... အဲဒီနိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေထဲမှာလည်း၊ အဖိုးတန်တဲ့ ပစ္စည်းကောင်းအချို့ ရှိနေနိုင်တယ်၊ အားလုံးလည်း ကြိုတင်ပြီးတော့ ပြင်ဆင်ထားကြပါ... အချိန်ကျရင် အတူတူ သွားကြတာပေါ့။”

​“စီနီယာအစ်ကိုကြီး ဖန့်... ကျွန်တော်တို့မှာလည်း သွားခွင့်ရမယ့် အခွင့်အရေး ရှိနေတာလား။”

​ချန်ဖေးဖေးက... စိတ်လှုပ်ရှားနေသည့် မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

​“ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာကတော့... ဘာပဲပြောပြော မှားယွင်းစရာ အကြောင်းမရှိဘူး။”

​ဖန့်ချန်က ဆိုလိုက်သည်။

​ကျန့်တောက်ယွဲ့က ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

“ဖန့်ချန် ပြောတာ မှန်တယ်... မင်းတို့အားလုံး ကြိုတင်ပြီး ပြင်ဆင်ထားကြပါ၊ နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေကို... ငါတို့ ကရုဏာတောင်က လူအတော်များများ သွားခွင့်ရဖို့ ရာခိုင်နှုန်း အလွန်တရာ များပြားတယ်၊ မသွားရတဲ့သူတွေလည်း စိတ်ဓာတ်ကျမနေနဲ့ဦး... ဒီတစ်ခေါက် ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေက ရရှိခဲ့တာတွေကတင်၊ မင်းတို့အတွက် အချိန်အတော်ကြာအောင် လေ့လာစုပ်ယူဖို့ လုံလောက်နေပါပြီ။”

​ထိုစကား ထွက်ပေါ်လာသည့်အခါ... ဝမ်ချုံစန်း အပါအဝင် အခြားသော သူများ၏ မျက်နှာအမူအရာက ချက်ချင်းပင် တောင့်တင်းသွားခဲ့ရတော့သည်။

​ကျန့်တောက်ယွဲ့က... ရောက်ရှိနေသော လူတိုင်းကို ပြုံးရွှင်လျက် ဝေ့ကြည့်လိုက်သည်။

​“အားလုံးပဲ ပြောပြကြစမ်းပါဦး... ဘယ်သူတွေက ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့ကြလဲ၊ အခုတော့ ကရုဏာတောင်ကို ပြန်ရောက်နေပြီပဲမို့... မင်းတို့တွေလည်း ဖုံးကွယ်မထားကြနဲ့ဦး”

​ဖန့်ချန်က စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရာ... သူ၏ မျက်ဝန်းထဲတွင်၊ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားခဲ့ရသည်။

​ထိုကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်ကြောင့်ပင်... ရောက်ရှိနေသော လူတိုင်းကို ချက်ချင်းပင် စိတ်အာရုံများ လွတ်ထွက်သွားစေခဲ့ရပြီး၊ သူတို့၏ ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်း အငွေ့အသက်များကလည်း အလိုအလျောက် သဘာဝကျကျပင် တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ရတော့သည်။

​ဖန့်ကျစ်ရွှယ်၊ ဝမ်ချုံစန်း၊ ရှဲ့အာမန်၊ ချန်အင်းရွှယ်၊ ချန်ဖေးဖေး၊ ဟွမ်ချင်းကျူး၊ ပိုင်ချန်းမင်၊ ရှိန်းကျင်းထော် အစရှိသည့်... ကျန့်တောက်ယွဲ့ အပါအဝင် လူတိုင်း၏ မျက်ဝန်းထက်တွင်၊ ခပ်ဖျော့ဖျော့ မီးခိုးရောင် မြူခိုးတစ်လွှာ ဖုံးအုပ်သွားခဲ့ရသည်။

​အလွန်တရာ ငြိမ်သက်အေးချမ်းလှသော ကရုဏာတောင်ကြီးက... မျက်စိတစ်မှိတ်အတွင်းမှာပင် စူးရှလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားခဲ့ရတော့သည်။

​လူတိုင်းက... အချင်းချင်း အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်ကြပြီးနောက်မှသာ၊ ကသိကအောက်ဖြင့် မိမိတို့၏ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးများကို ပြန်လည်၍ ရုတ်သိမ်းလိုက်ကြရသည်။

​ကရဏာတောင်ကြီးက... နောက်တစ်ကြိမ်အဖြစ် ပြန်လည်ငြိမ်သက်သွားခဲ့ရပြန်သည်။

​သို့သော်လည်း... ပတ်ဝန်းကျင်၏ အခြေအနေကမူ၊ အနည်းငယ် အနေရခက်စရာ ကောင်းနေခဲ့ရသည်။

​“စီနီယာအစ်ကိုကြီး ဖန့်... ကျွန်မက အချိန်ကျရင် အစ်ကိုကြီးကို တိတ်တဆိတ်ပဲ လာပြီး ပြောပြမလို့ စဉ်းစားထားတာပါ။”

​ဖန့်ကျစ်ရွှယ်က... အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်သည်။

​“အင်း... ကျွန်တော်တို့လည်း အတူတူပါပဲ...”

​“အဲဒီနေရာက လူအများကြီးနဲ့ဆိုတော့ မျက်စိရှုပ်စရာ ကောင်းတယ်၊ ပြီးတော့ စစ်ဆေးရေးဌာနချုပ်က အဆင့်မြင့်စစ်ဆေးရေးမှူးတွေလည်း အများကြီး ရှိနေတာလေ... တကယ်လို့ သူတို့သာ သိသွားပြီးတော့ အပြင်ဘက်ကို သတင်းပျံ့သွားခဲ့ရင်၊ နောင်ကျရင် ရန်သူတွေဘက်က ကြိုတင်ကာကွယ်ထားကြမှာမို့... ရင်ဆိုင်ရတာ ခက်ခဲသွားလိမ့်မယ်။”

​ချန်ဖေးဖေးက လှောင်ပြုံးပြုံးလျက် ဆိုလိုက်သည်။

​ကျန့်တောက်ယွဲ့က... ဖန့်ချန်ကို ကြည့်လိုက်ရင်း၊ အနည်းငယ် အံ့ဩချီးကျူးမိသွားခဲ့ရသည်။

​“မင်းရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်က အလွန်ကို သန့်စင်လွန်းတယ်၊ မင်းက အဲဒီသတ်ဖြတ်ခြင်း အငွေ့အသက်ကို ထုတ်ဖော်လိုက်တဲ့ အခိုက်အတန့်မှာ... ငါ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကတောင်မှ၊ မသိမသာနဲ့ စိတ်လွတ်ထွက်သွားမလိုမျိုး ခံစားလိုက်ရတယ်။”

​သူ၏ အစောပိုင်းက ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးသည်လည်း... ဖန့်ချန်၏ ဖိအားပေးမှုကြောင့်သာ အတင်းအကျပ် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။

​သူက...ကမ္ဘာကြီးသူတော်စင်အဆင့် တစ်ဦး ဖြစ်ပြီး၊ သူ၏ ဂျူနီယာညီလေးကမူ... အသက်စွမ်းအင် အစောပိုင်းအဆင့်မျှသာ ရှိသေးသည်ကို အသေအချာ သတိပြုရမည် ဖြစ်သည်။

​ဤမျှအထိ... ကျင့်စဉ်အဆင့်အတန်း ကွာခြားချက် ကြီးမားလှပါသော်လည်း၊ မိမိ၏ ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်း အငွေ့အသက်ကို အတင်းအကျပ် နှိုးဆွထုတ်ဖော်နိုင်ခဲ့ခြင်းက... ထိုအထဲတွင် အဓိပ္ပာယ်အချို့ ရှိနေသည်ကတော့ အသေအချာပင်။

​“ဒါက... ကျွန်တော် ခုနစ်ပါးသတ်ဖြတ်ခြင်း နယ်မြေထဲမှာ၊ အချိန်အတော်ကြာအောင် နေထိုင်ခဲ့ရတဲ့ အကြောင်းရင်းကြောင့် ဖြစ်နိုင်မလား။”

​ဖန့်ချန်က စဉ်းစားတွေးတောလျက် ဆိုလိုက်သည်။

​သူက မိမိဘက်ကနေ... နှစ်ပေါင်းများစွာကြာအောင် လက်ဆင့်ကမ်းလာခဲ့သည့် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးတစ်စုံကို ဝါးမြိုချပစ်လိုက်ရခြင်း ဖြစ်ကြောင်းကိုတော့ ထုတ်ပြောနိုင်ခြင်း မရှိချေ။

​“ဒီလိုမျိုးလည်း... ဖြစ်နိုင်တာပဲ။”

​ကျန့်တောက်ယွဲ့က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးနောက်... ထပ်မံ၍ နက်နက်ရှိုင်းရှိုင်း စိစစ်မနေတော့ဘဲ၊ လူတိုင်းကို လှမ်းကြည့်လိုက်ရင်း -

​“အားလုံးပဲ... ကျင့်ကြံဖို့အတွက် ပြန်ကြတော့၊ နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေအတွက် မဟုတ်ရင်တောင်မှ... နောက်တစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင် ရောက်တဲ့အခါကျရင်၊ မင်းတို့တွေ ကရုဏာတောင်ရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်လိမ့်မယ်။”

​“ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးရဲ့ ဆန်းကြယ်တဲ့ အာနိသင်တွေက အများကြီး ရှိနေတာမို့... သေချာလေး ရင်းနှီးအောင် လုပ်ဆောင်ထားကြဦး။”

​“ကြိုးစားကြစမ်းပါ... နေမင်းခုနစ်စင်းခန်းမ ရဲ့ စံချိန်ချိုး ဝင်ခွင့်စာမေးပွဲကို၊ တစ်ချက်လောက် ဝင်ပြီးတော့ တိုးကြည့်လိုက်ကြစမ်း။”

​လူတိုင်း၏ မျက်ဝန်းထဲတွင်... ချက်ချင်းပင် ပြင်းထန်လှသော စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့ကြတော့သည်။

​ယခုအချိန်တွင်... လူသားမျိုးနွယ်စုကျောင်းဆောင်၌၊ ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ် နှစ်ယောက်တည်းသာ နေမင်းခုနစ်ပါး ကျောင်းသား ဖြစ်ကြပေသည်။

​သူတို့ကမူ... အဓိကတပည့် များသာ ဖြစ်ကြသေးသည်။

​ကောင်းကင်ငါးပါးအတွင်းက အဆင့်သတ်မှတ်ချက်များအရမူ... အလွန်အမင်း မြင့်မားနေခြင်းမျိုး မရှိသလို၊ အလွန်အမင်း နိမ့်ကျနေခဲ့ခြင်းမျိုးလည်း မရှိချေ။

​ကြီးမားသော အကြောင်းရင်းတစ်ခုကတော့... သူတို့ ကောင်းကင်ငါးပါးစစ်မြေပြင်သို့ ဝင်ရောက်ခဲ့သည့် အကြိမ်ရေက မများပြားလှသေးသလို၊ ကျောင်း ‌ေတာ် ရောက်ရှိလာခဲ့သည့် အချိန်ကာလကလည်း မကြာမြင့်သေးခြင်းကြောင့် ဖြစ်ပေသည်။

​သူတို့၏ စစ်မှန်သော စွမ်းအားများကို... လုံးဝဥဿုံ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးချေ။

​ယခုအချိန်တွင်မူ... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ အားဖြည့်ကူညီမှုများကို ရရှိထားခဲ့ကြပြီဖြစ်ရာ၊ အချိန်တိုအတွင်းမှာပင်... နေမင်းခုနစ်ပါးခန်းမ၏ စံချိန်ချိုး ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ရမည့် အခွင့်အရေးကို အမှန်တကယ်ပင် ရရှိသွားနိုင်ချေ ရှိပေသည်။

​ဖန့်ချန်သည် ကရုဏာတောင်မှ ထွက်ခွာခဲ့ပြီးနောက်... မိမိ၏ အတွင်းကမ္ဘာ ထဲသို့ ဝင်ရောက်လိုက်သည်။

​စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ကိုယ်စားပြုနေခဲ့သော နတ်ဘုရားစွမ်းအင်ကျင့်စဉ် အမှတ်အသားကြီးက ဟိန်းသံနှင့်အတူ ကျရောက်လာခဲ့တော့သည်။

​လီဝူနှင့် ချိယန်သူတော်စင်တို့ကလည်း... ချက်ချင်းပင် အနားသို့ တိုးကပ်လာခဲ့ကြပြီး၊ စူးစမ်းလိုသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်လိုက်ကြသည်။

​“မှန်လေး... ငါ့ကို ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ရဲ့ သတိထားရမယ့် အချက်တွေနဲ့ တားမြစ်ချက်တွေအကြောင်း ရှင်းပြပေးစမ်း။”

All Chapters