အခန်း ၂၆၁၄
Vol. 262 Ch. 2614
အခန်း (၂၆၁၄) - ပါရမီ အရည်အချင်း စစ်ဆေးခြင်း
ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်းသို့ ကျောင်းဆောင်အသီးသီးမှ ကျောင်းတော်အုပ်ကြီးများနှင့် ၎င်းတို့၏ လက်ထောက် တွဲဖက်ကျောင်းအုပ်များမှာ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို ရောက်ရှိလာကြသည်။
လမ်းတွင် ရင်းနှီးကျွမ်းဝင်သူများနှင့် ဆုံတွေ့သည့်အခါ ပြုံးရွှင်စွာဖြင့် စကားစမြည် အနည်းငယ် ပြောဆိုနှုတ်ဆက်ကြပြီးမှသာ မိမိတို့နေရာများတွင် ဝင်ရောက်ထိုင်ကြသည်။ သို့သော်လည်း ဤကျောင်းတော်အုပ်ကြီးများနှင့် တွဲဖက်ကျောင်းအုပ်များအားလုံးမှာ ပထမဆုံးအရှေ့ဆုံးတန်းတွင် သွားရောက်မထိုင်မိစေရန် နားလည်မှုအပြည့်ဖြင့် သတိထားရှောင်ရှားနေကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရှေ့ဆုံးတန်းရှိ နေရာများမှာ ယန်တန်းမျိုးနွယ်စု ၊ ကောင်းကင်စည်သည်မျိုးနွယ်စု နှင့် ၎င်းတို့၏လက်အောက်ခံ မဟာမျိုးနွယ်စုကြီးများအတွက်သာ သီးသန့်သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ အလယ်အလတ်နှင့် အောက်ခြေအဆင့်ရှိသော မျိုးနွယ်စုများမှာမူ နောက်ဘက်တန်းများတွင်သာ ရွေးချယ်ထိုင်ကြရလေသည်။
ဖန့်ချန်နှင့် ထိုက်ဟောင်ရှန်းတို့ ရောက်ရှိလာသည့်အချိန်တွင် ခန်းမဆောင်ကြီးအတွင်း၌ နေရာအတော်များများမှာ ပြည့်လုနီးပါး ဖြစ်နေချေပြီ။ ဖန့်ချန်၏ စိတ်အာရုံက ရုတ်တရက် လှုပ်ရှားသွားပြီး အာရုံခံစားမိရာ အရပ်တစ်ခုသို့ လှမ်းကြည့်လိုက်ရာ ဇောင်ဟွမ်နှင့် ဇောင်ဟွေ့တို့က သူ့ကို မျက်နှာမူကာ ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် လက်သီးစုကာ အရိုအသေပေးလိုက်ပြီးမှ ရှေ့သို့ ဆက်လက်လှမ်းလျှောက်လာခဲ့သည်။
ရှီးမျိုးနွယ်စု၏ နေရာမှာ ပထမဆုံးအရှေ့ဆုံးတန်းတွင် ရှိနေပေသည်။
၎င်းတို့နှစ်ဦး ပေါ်လာပြီး မကြာမီအချိန်မှာပင် စကားလက်ဆုံကျနေကြသော ကျောင်းတော်အုပ်များနှင့် တွဲဖက်ကျောင်းအုပ် အများအပြားမှာ စကားပြောသံများကို တဖြည်းဖြည်း ဖြတ်တောက်ရပ်တန့်လိုက်ကြပြီး၊ ၎င်းတို့၏ အကြည့်များမှာ ဖန့်ချန်တို့နှစ်ဦးထံသို့ ကျရောက်လာကာ ထူးဆန်းအံ့ဩဖွယ်ရာ အမူအရာများဖြင့် လိုက်လံအကဲခတ်နေကြတော့သည်။ အချို့သောသူများ၏ မျက်နှာတွင် ပြုံးစစအမူအရာများ ရှိနေကြပြီး၊ အချို့ကမူ လေးနက်တည်ကြည်သော အမူအရာများ ရှိနေကြကာ၊ ကျန်ရှိသောသူအချို့မှာမူ ဘေးကနေ ပွဲကြည့်ပရိသတ်အဖြစ် သက်သက်သာ ကြည့်ရှုနေကြခြင်းဖြစ်သည်။
“ဟိုလူက လူသားမျိုးနွယ်စုက ဖန့်ချန်လေ... စစ်ဆေးရေးဌာနချုပ်ရဲ့ စစ်ဆေးရေးအရာရှိပေါ့၊ ကြားရသလောက်တော့ အခုဆို အဆင့်ခြောက် စစ်ဆေးရေးအရာရှိတောင် ဖြစ်နေပြီ ထင်တယ်...”
“ပုံမှန်ဆိုရင် ကမ္ဘာကြီး သူတော်စင် အဆင့်ရှိပြီး၊ စွမ်းဆောင်ရည် အများကြီး ရှိထားတဲ့သူ... စစ်ဆေးရေးဌာနချုပ်က တကယ်ကို ပျိုးထောင်ဖို့ တန်ဖိုးထားတဲ့သူမျိုးမှပဲ အဆင့်ခြောက်ကို ရာထူးတိုးမြှင့်ခံရဖို့ အရည်အချင်း ပြည့်မီတာလေ...”
“ယန်တန်းမျိုးနွယ်စုက ဆွေ့ဟုန်ကျူး ဆိုရင်လည်း ကောင်းကင်နိမိတ်ဖြစ်စဉ် အဆင့်ဖြစ်ပြီး၊ ငယ်ရွယ်စဉ်ကတည်းက ငါတို့ကို အသက်ရှူရကျပ်အောင် ဖိနှိပ်ထားနိုင်ခဲ့တာတောင် အခုထက်ထိ အဆင့်ငါးပဲ ရှိသေးတာ...”
“ဖန့်ချန်က အသက်စွမ်းအင် အစောပိုင်းအဆင့် ပဲ ရှိသေးတာ မဟုတ်လား ဒီကောင်လေးရဲ့ အနာဂတ်ကတော့ တကယ့်ကို အတိုင်းအဆမရှိ ကြီးပွားတိုးတက်တော့မှာပဲ...”
စကားပြောနေကြစဉ်အတွင်းမှာပင် ဖန့်ချန်နှင့် ထိုက်ဟောင်ရှန်းတို့သည် မိမိတို့သတ်မှတ်ထားသော နေရာအသီးသီးတွင် ဝင်ရောက်ထိုင်လိုက်ကြပြီ ဖြစ်သည်။
ဤအရှေ့ဆုံးတန်းရှိ ကျောင်းတော်အုပ်ကြီးများနှင့် တွဲဖက်ကျောင်းအုပ်များကြားထဲတွင် ဖန့်ချန်က ရင်းနှီးကျွမ်းဝင်သော မျက်နှာအချို့ကိုလည်း မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ကောင်းကင်စစ်သည်မျိုးနွယ်စု ကျောင်းဆောင်၏ တွဲဖက်ကျောင်းအုပ် ဖြစ်သော လွမ်းဟုန်ချန် ဖြစ်သည်။ ထိုသူကို သူပထမဆုံးအကြိမ် ဟေးဆန်းကောင်းကင်အရှင် ခေါ်ဆောင်လာစဉ်က တွေ့ဆုံဖူးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်...
‘ဆွေ့ဟုန်ကျူးက အခုဆို ယန်တန်းမျိုးနွယ်စု ကျောင်းဆောင်ရဲ့ တွဲဖက်ကျောင်းအုပ်အသစ် ဖြစ်နေပြီလား... ဒါလည်း ယာယီတာဝန်ယူထားတာ ဖြစ်ရမယ်...’
ဖန့်ချန်က ထိုသို့ တွေးတောလိုက်ရင်း ဆွေ့ဟုန်ကျူးရှိရာဘက်သို့ လှည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ယန်တန်းမျိုးနွယ်စု၏ တွဲဖက်ကျောင်းအုပ်ဟောင်း ဆွေ့ချီကိုလည်း သူ ယခင်က အကြိမ်အနည်းငယ် တွေ့ဖူးခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က ကျောင်းတော်ကြီးအတွင်း လှိုင်းတံပိုးတစ်ခု ထူထောင်ရန် ကြံစည်ခဲ့သော်လည်း နှိမ်နင်းခြင်း ခံခဲ့ရပြီး၊ လက်ရှိတွင် မည်သည့်နေရာသို့ ရာထူးပြောင်းရွှေ့သွားသည်ကိုမူ မသိရတော့ပေ။ သို့သော်လည်း ဖန့်ချန်၏ စစ်ဆေးရေးဌာနချုပ်အပေါ် နားလည်သဘောပေါက်မှုအရဆိုလျှင် ဆွေ့ဟုန်ကျူး ထိုတွဲဖက်ကျောင်းအုပ် ရာထူးကို တာဝန်ယူထားခြင်းမှာ ယာယီမျှသာ ဖြစ်တန်ရာသည်။ ကျောင်းတော်ကြီးနှင့် နှိုင်းယှဉ်ပါက ဆွေ့ဟုန်ကျူး၏ ကိုယ်ပိုင်မူလတာဝန်က ပိုမိုအရေးကြီးသည်မှာ ထင်ရှားလှပေသည်။
ဆွေ့ဟုန်ကျူး၏ အနားတွင် လူကောင်သေးသေး အဖိုးကြီးတစ်ဦး ထိုင်နေပြီး၊ ထိုသူက ယန်တန်းမျိုးနွယ်စု ကျောင်းဆောင်၏ ကျောင်းတော်အုပ်ကြီး ဖြစ်ဟန်တူသည်။ သို့သော် ဤအဖိုးကြီးမှာ မျက်လုံးများကို မှေးစင်းထားပြီး မှိန်းနေသည့်အလား ရှိနေချေသည်။
“အငယ်တန်း ကျောင်းတော်အုပ် ဖန့်... မိတ်ဆက်ပါရစေ၊ ကျုပ်က စိမ်းပြာရောင်ခြင်္သေ့မျိုးနွယ်စု ကျောင်းဆောင်ရဲ့ တွဲဖက်ကျောင်းအုပ် ယင်ရှန့်ရှီး ပါ...”
စိမ်းပြာရောင်ခြင်္သေ့မျိုးနွယ်စု
ဖန့်ချန်သည် တောင်ပိုင်းစစ်ဆေးရေးစခန်းတွင် အကျဉ်းကျခံနေရသော အကျဉ်းသားသူတော်စင် ယင်ကျင်းကို ချက်ချင်း သတိရမိသွားသည်။ ထိုသူသည်လည်း စိမ်းပြာရောင်ခြင်္သေ့မျိုးနွယ်စု၏ ကောင်းကင်အရှင်ရာထူးကို ဆက်ခံမည့်သူ ဖြစ်ပေသည်။
“တွေ့ရတာ ဝမ်းသာပါတယ် ယင်တွဲဖက်ကျောင်းအုပ်...”
ဖန့်ချန်က လက်ဦးညွှတ်ကာ ပြုံး၍ ဆိုလိုက်သည်။
ဘေးနားရှိ ထိုက်ဟောင်ရှန်းကလည်း ဦးညွှတ်လိုက်သော်လည်း၊ ယင်ရှန့်ရှီးကို ကြည့်လိုက်သည့် သူ၏မျက်ဝန်းများမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။ ထင်ရှားသည်မှာ သူလည်း ယင်ကျင်းကို သတိရသွားခြင်း ဖြစ်ရမည်။
ယင်ရှန့်ရှီးက ဖန့်ချန်နှင့် ထိုက်ဟောင်ရှန်းတို့ကို ကြည့်ကာ မအောင့်နိုင်ဘဲ သက်ပြင်းချရင်း -
“နှစ်ယောက်စလုံးက တကယ့်ကို ငယ်ရွယ်ကြသေးတာပဲ... ကျုပ်တို့ ချင်းမင်ရဲ့ တကယ့် ပါရမီရှင်ကြီးတွေပါလား...”
“မဟုတ်ပါဘူး... ကံတရားအကြောင်းတိုက်ဆိုင်လို့ ရောက်လာရုံသက်သက်ပါ...”
ဖန့်ချန်က ခပ်ဖွဖွ ပြုံးကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
ထို့နောက် သူက ယင်ရှန့်ရှီး၏ အနားတွင် ထိုင်နေသော သက်ကြီးရွယ်အိုကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ထိုသူက စကားပြောလိုစိတ် မရှိဟန်တူသဖြင့် စိမ်းပြာရောင်ခြင်္သေ့မျိုးနွယ်စု ကျောင်းဆောင်၏ ကျောင်းတော်အုပ်ကြီး ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ ထိုစိမ်းပြာရောင်ခြင်္သေ့မျိုးနွယ်စုသည်လည်း မဟာမျိုးနွယ်စုကြီး တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ်စုနှင့်လည်း တစ်စုံတစ်ရာ ပတ်သက်မှုမရှိရာ၊ ဤကဲ့သို့သော ကျောင်းတော်အုပ်ကြီးတစ်ဦးအနေဖြင့် အဆင့်အတန်းနိမ့်ကျစွာ လာရောက်မိတ်ဖွဲ့ခြင်းမျိုး ပြုလုပ်မည်မဟုတ်ပေ။ သို့မဟုတ်ပါက အခြားသော သူတော်စင်များ၏ လှောင်ပြောင်စရာ ဖြစ်သွားနိုင်ပေသည်။
ယင်ရှန့်ရှီးက စကားပြောရသည်ကို အတော်ပင် ဝါသနာပါပုံရပြီး ဖန့်ချန်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ထိုက်ဟောင်ရှန်းဘက်သို့ လှည့်ကာ စကားဆက်ပြန်သည်။ ထို့ကြောင့် ဤအတန်းရှိ တွဲဖက်ကျောင်းအုပ် အချို့မှာ မျက်လုံးများ စောင်းကာ ခဏခဏ လှမ်းကြည့်နေကြတော့သည်။
“ဒါနဲ့... နေပါဦး၊ မင်းတို့နှစ်ယောက် ဒီတစ်ခေါက် တောင်ပိုင်းစစ်ဆေးရေးစခန်းကို သွားတုန်းက ယင်ကျင်းလို့ ခေါ်တဲ့ အကျဉ်းသားသူတော်စင်ကို မြင်တွေ့ခဲ့ရသေးလား...”
ယင်ရှန့်ရှီးက ခပ်ဖွဖွ ပြုံးရင်း မေးမြန်းလိုက်သည်။
‘ဒီယင်ကျင်းဆိုတဲ့ကောင်က... သူနဲ့ တော်တော်လေး ပတ်သက်မှုရှိနေတာ နေမှာ...’
ထိုက်ဟောင်ရှန်းက တိတ်တဆိတ် အသံလွှင့်ကာ ဆိုလိုက်သည်။
‘ငါ ယင်ကျင်းရဲ့ အမှုတွဲစာချုပ်ကို ဖတ်ဖူးတယ်... သူက ယင်ရှန့်ရှီးနဲ့ ပတ်သက်နေတာ မဟုတ်ဘူး၊ ဒီဘေးက ကျောင်းတော်အုပ်ကြီးနဲ့ ပတ်သက်နေတာ... သူက အဲဒီအဖိုးကြီးရဲ့ မြေးအရင်းပဲ...’
ဖန့်ချန်ကလည်း တိတ်တဆိတ် အသံလွှင့်ကာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုက်ဟောင်ရှန်းသည် အနည်းငယ် မှင်သက်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး၊ စိမ်းပြာရောင်ခြင်္သေ့မျိုးနွယ်စု၏ ကျောင်းတော်အုပ်ကြီးကို အေးစက်စွာ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ မိမိကိုယ်တိုင် ထွက်မမေးဘဲ ယင်ရှန့်ရှီးကို ရှေ့တန်းတင်ပြီး စကားနှိုက်ခိုင်းနေခြင်းပေါ့လေ။
“ယင်တွဲဖက်ကျောင်းအုပ်... စစ်ဆေးရေးဌာနချုပ်မှာ စည်းမျဉ်းတွေ ရှိပါတယ်၊ ဒီလိုကိစ္စတွေကို သက်ဆိုင်မှုမရှိတဲ့ ပြင်ပလူတွေနဲ့ သဘောအလျောက် ဆွေးနွေးခွင့်မရှိပါဘူး...”
ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။
ယင်ရှန့်ရှီးက ထိုစကားကို ကြားသောအခါ ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်သည်။
“ဒါလည်း ဟုတ်တာပါပဲ... ကျုပ် စကားလွန်သွားမိတယ်...”
ထို့နောက်တွင်မူ သူသည် ထပ်မံ၍ စကားမဆိုတော့ဘဲ အလွန်တရာ တိတ်ဆိတ်သွားခဲ့တော့သည်။
အခန်းမဆောင်အတွင်းရှိ ကျောင်းတော်အုပ်ကြီးများနှင့် တွဲဖက်ကျောင်းအုပ်များမှာ အချိန်အတော်ကြာအောင် စောင့်ဆိုင်းစရာမလိုပဲ ဟေဆန်းက ဝါရင့်အကြီးအကဲ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အတူတကွ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ ဤဝါရင့်အကြီးအကဲများ၏ နေရာထိုင်ခုံများမှာ ပထမဆုံးအရှေ့ဆုံးတန်းထက်ပင် ပိုမိုမြင့်မားပြီး၊ အရှေ့ဆုံး၌ အတန်းနှစ်တန်းခွဲကာ ကျောင်းတော်အုပ်ကြီးများနှင့် တွဲဖက်ကျောင်းအုပ်များကို မျက်နှာမူလျက် နေရာယူထိုင်ကြသည်။
မျိုးနွယ်စုအသီးသီးမှ ကျောင်းတော်အုပ်ကြီးများနှင့် တွဲဖက်ကျောင်းအုပ်များမှာ ထရပ်ကာ အရိုအသေပြုကြသည်။
ဟေးဆန်းက ပြုံးရွှင်စွာဖြင့် လက်ခါပြလိုက်ပြီး၊ အကြည့်က ဖန့်ချန်၏ ကိုယ်ပေါ်သို့ တစ်ချက် ဝဲပျံဖြတ်သန်းသွားပြီးနောက် ဆိုလိုက်သည်။
“အားလုံး ထိုင်ကြပါ... ဒီနေ့ မင်းတို့ကို ဒီနေရာကို ခေါ်ယူလိုက်ရတဲ့ အကြောင်းအရင်းကတော့ သတင်းနှစ်ခုကို ကြေညာပေးဖို့ပဲ ဖြစ်တယ်...”
သတင်းနှစ်ခု
ဘက်ပေါင်းစုံမှ သူတော်စင်များအားလုံးမှာ အနည်းငယ် စူးစမ်းလိုစိတ်များ ပြင်းထန်သွားကြရသည်။
“ပထမဆုံး သတင်းကတော့... သေချာတာပေါ့၊ လူသားမျိုးနွယ်စုက ဖန့်ချန်နဲ့ ရှီးမျိုးနွယ်စုက ထိုက်ဟောင်ရှန်းတို့ဟာ စာပေနဲ့ သိုင်းပညာစာမေးပွဲနှစ်ရပ်လုံးကို အတူတကွ ပြီးဆုံးအောင် ဖြေဆိုအောင်မြင်နိုင်ခဲ့ပြီး... အလွန်ထူးချွန်တဲ့ ရလဒ်တွေနဲ့ စစ်ဆေးရေးအရာရှိတွေ ဖြစ်လာခဲ့ကြတယ်...”
“အဲဒီအထဲမှာ ဖန့်ချန်က ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို တည်ဆောက်နိုင်ခဲ့ပြီး၊ ရှီးမျိုးနွယ်စုရဲ့ ရာစုနှစ်အမှုတွဲ ကြောင့် ရာထူးတိုးမြှင့်ခံခဲ့ရကာ အဆင့်ခြောက် စစ်ဆေးရေးအရာရှိ ဖြစ်လာခဲ့တယ်...”
“ဒီတစ်ခေါက် အမှုတွဲနဲ့ လူသားမျိုးနွယ်စုရဲ့ကျိုကျိတောင်တန်း ရဲ့ ကြုံတွေ့ခဲ့ရမှုတွေကို အခြေခံပြီးတော့... အားလုံးပဲ သတိပြုမိကြဖို့နဲ့ မိမိတို့ရာထူးနေရာတွေမှာ အလဟဿ အချိန်မဖြုန်းကြဖို့ မျှော်လင့်ပါတယ်...”
ဘက်ပေါင်းစုံမှ သူတော်စင်များ၏ မျက်နှာအမူအရာများမှာ အနည်းငယ် လေးနက်တည်ကြည်သွားကြရပြီး လေးနက်သော အမူအရာများဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“နောက်ပြီးတော့... ဖန့်ချန်နဲ့ ထိုက်ဟောင်ရှန်းတို့ နှစ်ယောက်စလုံးကို ရွှေဟွေးကျောင်းတော်ကြီးမှာပဲ တာဝန်ချထားပေးမှာဖြစ်ပြီး၊ အချိန်တိုအတွင်းမှာတော့ ဆွေ့ဟုန်ကျူးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်...”
ဤနေရာသို့ ရောက်ရှိလာသည့်အခါ ဟေးဆန်းက ဖန့်ချန်နှင့် ထိုက်ဟောင်ရှန်းတို့ကို ကြည့်ကာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ ၎င်းတို့နှစ်ဦးကလည်း ထရပ်၍ လက်သီးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်ပြီးမှ ပြန်လည်နေရာယူ ထိုင်လိုက်ကြသည်။
“ဒါက ပထမဆုံး သတင်းပဲ... ဒုတိယ သတင်းကတော့... ဒီတစ်ခေါက် ဆွေးနွေးမှုရဲ့ ရလဒ်ပဲ ဖြစ်တယ်...”
ဟေးဆန်းက ပြုံး၍ ဆိုလိုက်သည်။
ကျောင်းတော်အုပ်ကြီးများ၊ တွဲဖက်ကျောင်းအုပ်များနှင့် အထက်တွင် မြင့်မားစွာ ထိုင်နေကြသော ဝါရင့်အကြီးအကဲများ၏ မျက်ဝန်းများထဲတွင် လေးနက်တည်ကြည်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရသည်။ ချင်းမင်၏ အလယ်အလတ်နှင့် အထက်တန်းအဆင့် ခေါင်းဆောင်များ ဖြစ်ကြသည့်အတွက်ကြောင့် လင်ယောင်နှင့် ချင်းမင်တို့ လုယူနေကြသော နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေနှင့် ပတ်သက်ပြီး ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် အနည်းနှင့်အများဆိုသလို သိရှိနားလည်ထားကြပြီး ဖြစ်ပေသည်။
မဟာမိတ်အဖွဲ့ကြီး နှစ်ခုလုံးကို မျက်နှာပျက်ခံပြီး စစ်ပွဲဖြစ်ပွားစေလုနီးပါးအထိ ဖြစ်စေခဲ့သော ဤအတွင်းကမ္ဘာတားမြစ်နယ်မြေ၏ တန်ဖိုးနှင့် အရည်အသွေးကိုမူ သံသယဝင်နေစရာ မလိုတော့ပေ။
“ဒီတစ်ခေါက် ဆွေးနွေးပွဲ ရလဒ်မှာ... ကျုပ်တို့ ချင်းမင်ဘက်က အနည်းငယ် အသာစီးရခဲ့တယ်...”
“ဒါကြောင့်မလို့ နောက်ပိုင်းကျရင် ကျုပ်တို့ ရွှေဟွေးကျောင်းတော်ကြီးရဲ့ ကျောင်းဆောင်အသီးသီးကနေ... ကမ္ဘာကြီး အောက်ခြေအဆင့် ရှိတဲ့ သူတော်စင် ဆယ်ယောက်စီကို အဲဒီနေရာကို သွားရောက်ဖို့အတွက် အဆိုပြု ထောက်ခံပေးနိုင်မှာ ဖြစ်တယ်...”
“လင်ယောင်၊ ချန်းချုံ၊ ပိလော့ ၊ လင်ချုံး စတဲ့ မဟာမိတ်အဖွဲ့ကြီး လေးခုလုံးမှာလည်း ကိုယ်ပိုင်အုပ်စု ခွဲတမ်းအချို့ ရှိကြပေမယ့်... သူတို့အားလုံး ပေါင်းလိုက်ရင်တောင်မှ ငါတို့ ခွဲတမ်းရဲ့ နှစ်ဆလောက်ပဲ ရှိတာ... ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါတို့က ကြီးမားတဲ့ အသာစီး ရရှိထားတာ ဖြစ်တယ်...”
ကမ္ဘာကြီး အောက်ခြေအဆင့်
ထိုက်ဟောင်ရှန်းသည် ကောင်းကင်ကြီး တစ်ဖန်ပြန်၍ ပြိုကျပျက်စီးသွားသည့်အလား ခံစားလိုက်ရပြန်သည်။
“ဒီအတွင်းကမ္ဘာတားမြစ်နယ်မြေရဲ့ အဆင့်အတန်းက မနိမ့်လှပါဘူး... ဘာဖြစ်လို့ ကမ္ဘာကြီး သူတော်စင်အဆင့်အောက်ကိုပဲ ကန့်သတ်ထားရတာလဲ...”
ထိုက်ဟောင်ရှန်း၏ မျက်နှာအမူအရာက အနည်းငယ် ရုပ်ဆိုးသွားခဲ့ရသည်။
ထိုစဉ် ယန်တန်းမျိုးနွယ်စုမှ ကျောင်းတော်အုပ်ကြီးက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူ... ခွင့်ပြုရင် မေးပါရစေ၊ ဒီနိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေမှာ နားလည်သဘောပေါက်ရမယ့်အရာက ဘယ်လိုမျိုး နတ်ဘုရားစွမ်းရည် မျိုးလဲခင်ဗျာ...”
“အော်... ဒါကလည်း အဓိက သော့ချက်ကျတဲ့ အချက်အလက်ပဲ...”
ဟေးဆန်းက ခေတ္တမျှ စဉ်းစားလိုက်ရင်း -
“ဒီနိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေမှာ နားလည်သဘောပေါက်ရမှာက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးမှ မဟုတ်ပါဘူး...”
“ဒီနှစ်တွေအတွင်းမှာ မဟာမိတ်အဖွဲ့ရဲ့ သူတော်စင်တွေ ဒီနေရာကို သွားရောက် စူးစမ်းလေ့လာခဲ့ကြဖူးတယ်...”
“ပြီးတော့ တကယ့်ကို အံ့ဩတုန်လှုပ်စရာကောင်းတဲ့ အချက်အလက်အချို့ကို ရရှိခဲ့ကြတယ်... အဲဒါက ရှေးဟောင်းကာလ အပိုင်းအစအချို့နဲ့ ဆက်စပ်နေတာပေါ့...”
“ဒါတွေကို ခေတ္တဘေးဖယ်ထားပြီး ဒီနိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေအကြောင်းကိုပဲ ပြောရရင်... သူတော်စင်တွေရဲ့ ပါရမီ အရည်အချင်းကို စစ်ဆေးပေးနိုင်တဲ့ စွမ်းရည်အဓိက ရှိတာပဲ ဖြစ်တယ်...”
“ဒီပါရမီ အရည်အချင်းကိုတော့ ငါတို့ရဲ့ ရှေးဟောင်းကျမ်းစာတွေရဲ့ မှတ်တမ်းတင်ချက်အရ ‘ဆန်းနယဲ့အဆင့်’ လို့ စုပေါင်းခေါ်ဝေါ်ကြတယ်...”
“ဒါတွကတော့ လင်နယဲ့ ၊ ရွှမ်နယဲ့ နဲ့ ကျဲနယဲ့ တို့ပဲ ..”
“တကယ်လို့ ဆန်းနယ့်အဆင့်ရဲ့ ပါရမီ အရည်အချင်း စစ်ဆေးမှုကို ရရှိနိုင်ခဲ့မယ်ဆိုရင်... မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးအချို့ကို ရရှိနိုင်လိမ့်မယ်လို့ ခုံသမာဓိအဖွဲ့ ဘက်က သုတေသနပြုချက်အရ သိရတယ်...”
“ဆန်းနယဲ့အဆင့်...”
ဖန့်ချန်က မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်နေသော်လည်း၊ ရင်ထဲတွင်မူ တိတ်တဆိတ် ရေရွတ်မိနေခဲ့တော့သည်။