အခန်း ၂၆၁၇
Vol. 262 Ch. 2617
အခန်း (၂၆၁၇) - မင်းက ဖန့်ချန် ဆိုတာလား
ထိုက်ဟောင်ရူမှာ ထိုစကားကို ကြားလိုက်ရသဖြင့် ရင်ထဲမှ သက်ပြင်းချနိုင်သွားသည်။
ထိုဖန့်ကျောင်းတော်အုပ်ကြီးကို သူမတစ်ကြိမ်ထက်မက တွေ့ဖူးပြီးဖြစ်သည်။ အရင်တုန်းကဆိုလျှင် သူ့အနားကို ကပ်ဖို့ပင် သူမတွင် သတ္တိမရှိခဲ့ပေ။ ရှီးမျိုးနွယ်စု ကျောင်းဆောင်၌ ယင်သူတော်စင် များကို ဖမ်းဆီးစစ်ဆေးတိုင်း ကျောင်းသားများမှစ၍ ဆရာများ၊ ကာကွယ်ရေးဆရာများအထိ မည်သူကများ မကြောက်ရွံ့ဘဲ ရှိပါ့မလဲ။
ထိုဓားချက်က မိမိခေါင်းပေါ်ကို ကျလာမလားဟု အားလုံးက စိုးရိမ်နေကြခြင်းဖြစ်သည်။ တိတ်တဆိတ် ပြောဆိုသံများအရ ရှီးမျိုးနွယ်စု ကျောင်းသားအချို့မှာ ဤဖန့်ကျောင်းတော်အုပ်ကြီးကို ‘ဖန့်အသားစားကောင်’၊ ‘ဖန့်ငရဲမင်း’ စသည့် နာမည်ပြောင်များပင် ပေးထားကြသေးသည်။
ယခုမူ သူမက အခြေအနေမသိ၊ အကြောင်းမသိဘဲ အဓိကတပည့်တစ်ယောက်အနေဖြင့် နိဗ္ဗာန်အတွင်းကမ္ဘာတားမြစ်နယ်မြေသို့ သွားရောက်ခွင့် ရရှိလာခဲ့သည်။ သူမစိတ်ထဲတွင် ဝမ်းသာမှုက တစ်ဝက်၊ ကျန်တစ်ဝက်မှာမူ ထိတ်လန့်မှုများ ဖြစ်နေသည်။ သို့သော်လည်း ထိုက်ဟောင်ရှန်းက သူမကို အခက်အခဲရှိလျှင် ဖန့်ကျောင်းတော်အုပ်ကြီးကို အကူအညီတောင်းနိုင်သည်ဟု ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထိုစကားကြောင့် သူမမှာ ယုံတစ်ဝက်၊ မယုံတစ်ဝက် ဖြစ်နေခဲ့ရာ ယခု ဖန့်ချန်၏ ပါးစပ်ဖျားမှ ကတိစကားကို ရလိုက်မှသာ သူမစိတ်အနည်းငယ် ပြေလျော့သွားတော့သည်။
ထို့နောက် ဖန့်ချန်နှင့် ရင်းနှီးဖူးသော ကျောင်းသားများ ဆက်တိုက်ဆိုသလို ရှေ့သို့တိုးလာကာ အရိုအသေပေး၍ နှုတ်ဆက်ကြသည်။ ထိုက်ဟောင်ရူမှာမူ ဖန့်ချန်၏နောက်မှ အရိပ်ပမာ လိုက်ပါနေရပြီး မည်သည့်နေရာသို့မျှ ဝေးဝေးမသွားရဲပေ။
ဖန့်ချန်ကို လာရောက်နှုတ်ဆက်သူ အများစုမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်များဖြစ်ကြပြီး၊ အချို့မှာမူ အသက်သွမ်းအင် သူတော်စင်များ ဖြစ်ကြသည်။ ကမ္ဘာတည်ဆောက်ခြင်း သူတော်စင် အနည်းငယ်လည်း ပါဝင်သော်လည်း အရေအတွက် များလှသည်တော့ မဟုတ်ပေ။ ဖန့်ချန်၏ ထူးခြားသော ရာထူးအဆင့်အတန်းကြောင့် ယခင် ကျောင်းတော်အုပ်ချုပ်သူ၏ တပည့်ဖြစ်သလို စစ်ဆေးရေးဌာနချုပ်၏ အဆင့်ခြောက် အရာရှိတစ်ဦး ဖြစ်နေသောကြောင့် ယန်တန်းကျောင်းဆောင်နှင့် ကောင်းကင်စစ်သည်ကျောင်းဆောင်မှ ကျောင်းသားများပင်လျှင် လာရောက်စကားပြောကာ ရင်းနှီးမှုယူထားကြသည်။ သူတို့သည် ဖန့်ချန်ကို အင်အားနည်းသော မျိုးနွယ်စုမှဟု မသတ်မှတ်ဘဲ အလွန်အမင်း အလေးထားဆက်ဆံကြသည်။
အောက်ရုလိုင်မှာ လူအုပ်ထဲမှ ကြာရှည်စွာ တိုးဝင်လာပြီးနောက် ဖန့်ချန်၏ရှေ့သို့ ရောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်သည်။
“ဖန့်ဘိုးဘေး။”
"ကောင်လေး မင်းလည်း ပါလာတာပဲ။”
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ထိုက်ဟောင်ရူမှာမူ သိလိုစိတ်ဖြင့် ကြည့်နေသည်။ ဤအောက်ရုလိုင်မှာလည်း အဓိကတပည့်တစ်ဦးဖြစ်ကြောင်း သူမသိသည်။ သို့သော်လည်း သူက ဖန့်ချန်ကို ခေါ်ဝေါ်ပုံမှာ ထူးဆန်းနေသဖြင့် သူမ အံ့ဩနေမိသည်။
“အောက်ရုလိုင်၊ သူက မင်းလိုပဲ အဓိကတပည့်ပဲ။ သူမှာ အောက်ဝူဖားဆိုတဲ့ ဘိုးဘေးတစ်ယောက် ရှိတယ်၊ သူက ငါ့ရဲ့ အစ်ကိုအရင်းသဖွယ် ပေါင်းသင်းထားတဲ့သူပဲ။”
ဖန့်ချန်က ထိုက်ဟောင်ရူကို ပြုံးပြလိုက်သည်။
“မင်းတို့နှစ်ယောက် စကားပြောနေကြဦး၊ ငါ ဟိုဘက်က ကျောင်းတော်အုပ်ချုပ်သူဆီ သွားလိုက်ဦးမယ်။”
သူသည် ကျောင်းတော်အုပ်ချုပ်သူ လက်ယပ်ခေါ်နေသည်ကို ကြိုတင်မြင်တွေ့ထားပြီး ဖြစ်သည်။ လင်ယောင်အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ကို ရုတ်တရက် ပုန်ကန်ပြီး သူနှင့်အတူ ရွှေဟွေးကျောင်းတော်ကြီးသို့ ပြန်ခေါ်လာခဲ့သည့် ထိုဟေးဆန်း ကောင်းကင်အရှင် အပေါ် ဖန့်ချန်မှာလည်း စိတ်ဝင်စားမှု ရှိနေသည်။
ဟေးဆန်း၏ ရှေ့သို့ ရောက်သောအခါ ဖန့်ချန်က လက်ယှက်အရိုအသေပေးလိုက်သည်။
“တပည့်ဖြစ်သူက ကျောင်းတော်အုပ်ချုပ်သူကို အရိုအသေပေးပါတယ်။”
“အင်း”
ဟေးဆန်းက ပြုံး၍ ခေါင်းညိတ်သည်။
“ဒီတစ်ခေါက် ဟော်ဆွေ့ပေးတဲ့ စာရင်းထဲမှာ မင်းနာမည် မပါဘူးဆို ”
“ဟုတ်ကဲ့၊ စစ်ဆေးရေးဌာနချုပ်က တိုက်ရိုက် အကြံပြုပေးလို့သာ တပည့်တစ်ယောက် ဒီနိဗ္ဗာန်အတွင်းကမ္ဘာတားမြစ်နယ်မြေကို လာနိုင်တာပါ။”
ဖန့်ချန်က ပြောသည်။
“ကိစ္စမရှိပါဘူး။ ဒီတစ်ခေါက် ခွဲတမ်းရသွားတဲ့ ကျောင်းသားတွေက များပြားတယ် ထင်ရပေမဲ့၊ အများစုကတော့ အတွေ့အကြုံသစ် ရဖို့ လာကြတာပဲ။ ဟော်ဆွေ့က အကြံပြုထားတဲ့ ချင်မျိုးနွယ်စုသား နှစ်ဆယ်လည်း အပါအဝင်ပေါ့။”
ဟေးဆန်းက ပြုံးသည်။ ပြောရင်းဆိုရင်း သူ၏ အသံအေးအေးလေးက ရုတ်တရက် ပြောင်းလဲသွားသည်။
“ဒီနိဗ္ဗာန်တားမြစ်နယ်မြေနဲ့ ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင် အမြင်နည်းနည်း ရှိတယ်၊ မင်း နားထောင်ကြည့်မလား ”
“အော် ကျောင်းတော်အုပ်ချုပ်သူရဲ့ လမ်းညွှန်ချက်ကို နားထောင်လိုပါတယ်ခင်ဗျာ။”
ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
ဟေးဆန်းက ရယ်သလိုလိုနှင့် -
“အထဲရောက်လို့ ပါရမီ အရည်အချင်း စစ်ဆေးတဲ့အခါ ရွှမ်နယဲ့ ကို ရရင် လင်နယဲ့ နဲ့ မကျေနပ်နဲ့၊ ကျဲနယဲ့ ကို ရရင် ရွှမ်နယဲ့ နဲ့ မကျေနပ်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ အမြင့်ဆုံးကို ရောက်အောင် ကြိုးစား၊ ဒါက မင်းရဲ့ အနာဂတ် ကျင့်စဉ်အတွက် အလွန် အကျိုးရှိလိမ့်မယ်။ ဒီတားမြစ်နယ်မြေထဲမှာတော့ မင်းရဲ့ စွမ်းရည်ကို ဖုံးကွယ်ထားစရာ မလိုတော့ဘူး။”
“ကျောင်းတော်အုပ်ချုပ်သူ... ဒီအကျိုးကျေးဇူးတွေက ဘာလဲဆိုတာ အသေးစိတ် ပြောပြပေးလို့ ရမလား”
ဖန့်ချန်က စဉ်းစားဟန်ဖြင့် မေးမြန်းသည်။
“အဲဒါကိုတော့ ဘယ်သူမှ မပြောနိုင်ဘူး။ ရှေးဟောင်းခေတ်က ကျန်ခဲ့တဲ့ အတွင်းကမ္ဘာတားမြစ်နယ်မြေပဲလေ၊ အသေးစိတ်အချက်အလက်တွေကိုတော့ မင်းတို့ကိုယ်တိုင် ဝင်ကြည့်မှပဲ သိနိုင်မှာပေါ့။”
ဟေးဆန်းက လက်ယပ်၍ ပြောသည်။
“သွားတော့၊ နောက်ထပ် သုံးရက်နေရင် ငါတို့ ဦးတည်ရာကို ရောက်တော့မယ်။”
ဖန့်ချန်၏ စိတ်ထဲတွင် သက်ပြင်းချမိသည်။ ထိုအတွင်းကမ္ဘာတားမြစ်နယ်မြေမှာ အလွန်ဝေးကွာသော နေရာတွင် ရှိနေပုံရသည်။ မဟုတ်လျှင် ကောင်းကင်အရှင်တစ်ပါး၏ စွမ်းရည်ဖြင့် သုံးရက်ကြာအောင် ခရီးနှင်စရာ လိုမည်မဟုတ်ပေ။ ယခင်က ထိုအဖြူရောင် ဝတ်စုံနှင့် အကြီးအကဲက သူ့ကို နယ်မြေကိုးခုမှ ရွှေဟွေးကျောင်းတော်ကြီးသို့ ခေါ်ဆောင်လာစဉ်က မည်မျှ အချိန်ယူခဲ့ရသနည်း။
သုံးရက် ကြာပြီးနောက်။
ကျောင်းသားတစ်သောင်းကျော်တို့မှာ အတွင်းကမ္ဘာ တံခါးဝရှေ့တွင် စုဝေးနေကြပြီး အပြင်ဘက်မှ ထိတ်လန့်ဖွယ် ကောင်းလှသော မြင်ကွင်းကို ငေးကြည့်နေကြသည်။ ကောင်းကင်ဟင်းလင်းပြင်တွင် အလွန်တရာ ကြီးမားလှသော အတွင်းကမ္ဘာတားမြစ်နယ်မြေတစ်ခု ရှိနေသည်။ ၎င်းမှာ ကြယ်ကိုးလုံးပမာ တန်းစီနေသည့်အလား ထင်မှတ်ရသည်။ ထိုအတွင်းကမ္ဘာတားမြစ်နယ်မြေမှာ ကျောင်းသားများ တစ်သက်တာလုံး မြင်ဖူးသမျှ အတွင်းကမ္ဘာများထက် ပိုမိုကြီးမား ကျယ်ပြန့်လှသည်။ ဖန့်ချန်ပင်လျှင် သူ ယခင်က သွားရောက်ခဲ့ဖူးသည့် ကန့်သက်ချက်ဖြတ်ကျော်ခြင်း တောင်တန်း ထက်ပင် ပို၍ အစွမ်းထက်သည်ဟု ခံစားနေရသည်။
“ဒီနိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေက အရင်တုန်းက ဆယ်ခုမြောက် ဟင်းလင်းပြင်အလွှာမှာ ပုန်းကွယ်နေခဲ့တာ။ ဒီတစ်ခေါက် မင်းတို့ ဝင်ရောက်ဖို့ လွယ်ကူအောင် ကောင်းကင်အရှင်တွေ အားလုံး ပူးပေါင်းပြီး ပထမဆုံး ဟင်းလင်းပြင်အလွှာကို ရွှေ့ပြောင်းယူလာခဲ့တာပဲ။ နောက်တစ်ခုကတော့ မင်းတို့ရဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ကံတရားအပေါ်မှာပဲ မူတည်တော့တယ်၊ ဆန်းနယဲ့အဆင့် ဘွဲ့ကို ရမရဆိုတာကတော့ မင်းတို့ အစွမ်းအစပေါ်မှာပဲ ရှိတယ်”
ဟေးဆန်း၏ မျက်ဝန်းထဲတွင် ပြုံးရွှင်မှု အရိပ်အယောင် ပေါ်လာသည်။
“အားလုံးပဲ... ဘာကို စောင့်နေကြတာလဲ သွားကြတော့လေ။”
စကားဆုံးသည်နှင့် ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်များက ဦးဆောင်ကာ မိမိတို့၏ အတွင်းကမ္ဘာကို စီးနင်း၍ နိဗ္ဗာန်တားမြစ်နယ်မြေဆီသို့ အလောတကြီး ပျံသန်းဝင်ရောက်သွားကြသည်။ ထို့နောက် အသက်စွမ်းအင်သူတော်စင်များနှင့် စွမ်းအင်စုစည်းခြင်း သူတော်စင်များကလည်း ဆက်လက် ဝင်ရောက်သွားကြသည်။ သူတို့ ဟေးဆန်း၏ အတွင်းကမ္ဘာမှ ထွက်ခွာသွားမှသာ အနီးအနားတွင် ဟေးဆန်းနှင့် အဆင့်အတန်းချင်း တူညီသော အတွင်းကမ္ဘာကြီး ခြောက်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုခြောက်ခုအတွင်းမှလည်း ကျောင်းသားအများအပြားမှာ အလုအယက် ထွက်ပေါ်လာကြသည်။ ယခုအခါ ကောင်းကင်ဟင်းလင်းပြင်ရှိ အတွင်းကမ္ဘာ အရေအတွက်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် များပြားလှပေသည်။
ထိုအချိန်တွင် ဖန့်ချန်မှာလည်း ရင်းနှီးသည့် စွမ်းအင်အရှိန်အဝါ အများအပြားကို ခံစားမိလိုက်သည်။ ဥပမာ သူတော်စင် ဝိညာဉ်မျိုးနွယ်စုမှ ဖူယာယာ၊ နတ်ဆေးစာမျိုးနွယ်စုမှ လဲ့လဲ့၊ အသက်ကိုးသက်နဂါးမျိုးနွယ်စုမှ ရှန်းရှိုယွမ်၊ ဆွေ့ထျန်းဟွမ်၊ တန်ခယ်ရွှမ် စသည်တို့ပင်။ သို့သော်လည်း ၎င်းတို့နှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အရှိန်အဝါများကလည်း တစ်ရိပ်ရိပ် တက်လာသည်။
ဖန့်ချန်မှာမူ တည်ငြိမ်စွာပင် နိဗ္ဗာန် အတွင်းကမ္ဘာတားမြစ်နယ်မြေဆီသို့ ဆက်လက် ပျံသန်းသွားသည်။ ထိုအရှိန်အဝါများသည် အပြင်ပန်းတွင် မထင်ရှားသော်လည်း သူ့ကို သတ်ဖြတ်လိုသူ အများအပြားမှာ စိတ်ထဲတွင် ကြိတ်၍ အစီအစဉ်ဆွဲနေကြခြင်း ဖြစ်သည်။
ခဏအကြာတွင် ဖန့်ချန်၏ အတွင်းကမ္ဘာမှာ တည်ငြိမ်စွာ ဆိုက်ရောက်သွားသည်။ ထိုက်ဟောင်ရူနှင့် အောက်ရုလိုင်တို့မှာလည်း သူ့နောက်မှ အမှီလိုက်လာကြသည်။ သို့သော် သူတို့ ဆိုက်ရောက်ပြီး ခဏအကြာတွင် မိမိတို့၏ အတွင်းကမ္ဘာနှင့် ဆက်သွယ်ထားသော စွမ်းအင်လမ်းကြောင်းမှာ ရုတ်တရက် ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။
“ဖန့်ကျောင်းတော်အုပ်၊ ကျွန်မရဲ့ အတွင်းကမ္ဘာနဲ့ ဆက်သွယ်မှု ပြတ်သွားသလိုပဲ ”
ထိုက်ဟောင်ရူမှာ ထိတ်လန့်စွာ ပြောသည်။ အောက်ရုလိုင်မှာလည်း စိုးရိမ်တကြီး ဖြစ်နေသည်။ သူတို့မှာ ထိုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
“ဘာမှ မဖြစ်ပါဘူး၊ အထက်က လူကြီးတွေက ဝင်ခိုင်းတာဆိုတော့ အန္တရာယ် မရှိသေးပါဘူး။”
ဖန့်ချန်က တည်ငြိမ်စွာ အားပေးလိုက်သည်။ သူ ယခင်က ‘အကန့်သက်ဖြတ်ကျော်ခြင်း တောင်တန်း’ သို့ သွားစဉ်ကလည်း အတွင်းကမ္ဘာနှင့် ဆက်သွယ်မှု ပြတ်တောက်ခဲ့ဖူးသည်။ ထိုနိဗ္ဗာန်တားမြစ်နယ်မြေမှာ ရှေးဟောင်းဂိုဏ်းဂဏများနှင့် ဆက်စပ်မှု ရှိသည်မှာ အသေအချာပင်။ ဤနယ်မြေကို ပိုင်ဆိုင်ခဲ့သူမှာ အသက်ရှင်စဉ်က ထိုခေတ်အခါက ဂိုဏ်းဝင်တပည့် မဟုတ်ခဲ့လျှင်တောင်၊ ထိုခေတ်နှင့် အနီးစပ်ဆုံး ကာလက ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ‘လင်နယဲ့’၊ ‘ရွှမ်နယဲ့’၊ ‘ကျဲနယဲ့’ စသည့် အသုံးအနှုန်းမျိုး ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် လူအုပ်စုတစ်ခုမှာ ဖန့်ချန်၏ ရှေ့သို့ ရောက်လာသည်။ ထိုအုပ်စုထဲတွင် ဖန့်ချန်နှင့် ရင်းနှီးဖူးသူ တစ်ဦး ပါဝင်နေသည်။ သူမှာ ချင်ဟောက်ယွီ ဖြစ်သည်။ သူသည်လည်း နေမင်းခုနစ်ပါးကျောင်းသားတစ်ဦးဖြစ်ပြီး၊ လက်ရှိ စွမ်းအင်မှာ မည်သည့်အချိန်က ဖြစ်မှန်းမသိ အသက်စွမ်းအင် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျန်သူများမှာလည်း စွမ်းအင်အဆင့်အတန်း မြင့်မားကြပြီး သုံးဦးမှာ ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်များ ဖြစ်ကြသည်။ ဖန့်ချန်က သူတို့မှာ ဤနေရာသို့ လာရောက်ရန်အတွက်သာ အထူးတလည် စွမ်းအင်ကို ထိန်းချုပ်ထားခြင်း ဖြစ်မည်ဟု ခန့်မှန်းမိသည်။
“မင်းက ဖန့်ချန် ဆိုတာလား။”
သူတို့ထဲမှ ကမ္ဘာတည်ဆောက်ခြင်း သူတော်စင် တစ်ဦးက အေးစက်စက် အသံဖြင့် မေးသည်။
ဖန့်ချန်က ပြုံး၍ ဘာမှပြန်မပြောဘဲ တစ်ဖက်လူကို ငေးကြည့်နေသည်။ တစ်ဖက်လူမှာ မျက်မှောင်ကြုတ်သွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ ဟော်ဆွေ့ဘိုးဘေးက မျိုးနွယ်စုဝင်တွေကို မဟာမိတ်အဖွဲ့ရဲ့ လမ်းစဉ်ကို လျှောက်ဖို့ ခွင့်မပြုဘူးဆိုတာ မင်း မသိဘူးလား မင်းက ဘာလို့ ငါတို့ ဟော်ဆွေ့မျိုးနွယ်စုကို ဆန့်ကျင်နေတာလဲ မင်းက လူသားမျိုးနွယ်စုဝင် ဟုတ်သေးရဲ့လား ”
ဖန့်ချန်က ချင်ဝူကျိုကို ကြည့်လိုက်ပြီး ‘နောက်တစ်ခါတော့ အရင်ကထက် ပိုနာကျင်အောင် ရိုက်ပေးရဦးမယ်’ ဟု တွေးတောနေမိသည်။