အခန်း ၂၆၁၉
Vol. 262 Ch. 2619
အခန်း (၂၆၁၉) - သူတို့ အကုန်သေကုန်ပြီလား
ချင်းမင်နယ်မြေ၏ ခမ်းနားကြီးကျယ်လှသော အတွင်းကမ္ဘာတစ်ခုအတွင်း၌ လှပသော အမျိုးသမီးအုပ်စုတစ်စုသည် သီချင်းဆိုကာ အက ကပြနေကြသည်။
စားပွဲခုံအသီးသီး၏ နောက်တွင် ထိုင်နေကြသော ပုံရိပ်အချို့ရှိပြီး အချို့မှာ အလွန်ပင် အိုမင်းရင့်ရော်နေပြီဖြစ်ကာ အချို့မှာမူ နုပျိုလန်းဆန်းနေကြသည်။
အကယ်၍ ဖန့်ချန်သာ ထိုနေရာတွင် ရှိနေပါက ယန်တန်းမျိုးနွယ်စုမှ ဆွေ့ကွမ်းကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားလိမ့်မည်။ မီးပိုးမျိုးနွယ်စုမှ ချုံးထျန်းယွင်ပင်လျှင် ဤနေရာတွင် ရှိနေသည်။
“အားလုံးပဲ ခွက်တွေကို မြှောက်လိုက်ကြရအောင်၊ ဒီတစ်ခေါက် ချင်းမင်က လင်ယောင်နဲ့ စစ်ပွဲကို အဆုံးသတ်နိုင်တာဟာ အားလုံးပဲ နောက်ကွယ်ကနေ တိတ်တဆိတ် ကြိုးပမ်းပေးခဲ့ကြလို့ပါ။”
“အခုတော့ အဲဒီလူငယ်လေးတွေ နိဗ္ဗာန်အတွင်းကမ္ဘာတားမြစ်နယ်မြေမှာ ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ်ကို ရနိုင်မရနိုင်၊ ငါတို့အတွက် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အတွင်းကမ္ဘာတားမြစ်နယ်မြေတွေထဲကနေ အကျိုးအမြတ် အနည်းငယ်လောက်ပဲဖြစ်ဖြစ် ယူဆောင်လာနိုင်မလားဆိုတာ ကြည့်ရတော့မှာပဲ ”
အဓိကနေရာတွင် တောင်ကဲ့သို့ ခန့်ညားသော ကိုယ်ဟန်ရှိသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။
သူက လက်ထဲရှိ အရက်ခွက်ကို မြှောက်လိုက်သောအခါ စားပွဲခုံနောက်မှ ပုံရိပ်များကလည်း လိုက်ပါမြှောက်ပေးကြသည်။
“ဆွေ့ကွမ်း၊ မင်းရဲ့ ဒီအစ်ကိုဝမ်းကွဲက ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ပဲ ငါတို့ကို ဒီကို ခေါ်ပြီး ဂုဏ်ပြုခိုင်းနေတာလား”
ချုံးထျန်းယွင်က တိတ်တဆိတ် စကားသံလွှင့်ကာ မေးလိုက်သည်။
“စောင့်ကြည့်နေလိုက်၊ တခြားကိစ္စတွေ ရှိဦးမှာပါ။ စစ်ဆေးရေးရုံးချုပ်မှာ ကြေညာစရာ တစ်ခုခုတော့ ရှိလိမ့်မယ်လို့ ထင်တယ်”
ဆွေ့ကွမ်း၏ မျက်နှာမှာ အနည်းငယ် အေးစက်နေသည်။
ယခုအခါ ကောင်းကင်အရှင်တို့မှာ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။
ထိုအခါ ဆွေ့ထျန်းသူတော်စင်က အနည်းငယ် ပြုံးကာ နောက်ဆုံးနေရာတွင် ထိုင်နေသော ပုံရိပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ချင်ဟော်ဆွေ့၊ အားလုံးပဲ မစိမ်းကြပါဘူးနော်”
အကြည့်ပေါင်းမြောက်မြားစွာတို့သည် ထိုပုံရိပ်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။
ဖြူဖွေးသော ဆံပင်များ၊ အိုမင်းသော အသွင်အပြင်၊ သပ်ရပ်သည့် အစိမ်းရောင် ဝတ်ရုံ၊ တစ်နှစ်ပတ်လုံး နှင်းခဲကဲ့သို့ အေးစက်နေသော မျက်နှာထား။
ဒါဟာ ကောင်းကင်အရှင်များက လူသားမျိုးနွယ်စုထဲမှ နှစ်အနည်းငယ်အတွင်း အသစ်ပေါ်လာသော ဟော်ဆွေ့ကောင်းကင်အရှင်အပေါ် ထားရှိသည့် အထင်အမြင်ပင် ဖြစ်သည်။
“ချင်ဟော်ဆွေ့ ဆိုတာလေ၊ သူ ဦးဆောင်တဲ့ လူသားမျိုးနွယ်စုက အရင်ကဆို ကျွန်စစ်သည်တွေပဲ၊ နောက်ဆုံးတော့ ချင်းမင်မှာ အရိုးအရင်းဆုံး မျိုးနွယ်စုတွေထက်တောင် ကောင်းကင်အရှင် ပိုစောပြီး ပေါ်လာခဲ့တာပဲ။”
ချုံးထျန်းယွင်က ရယ်မောကာ -
“အရင်တုန်းက ကောင်းကင်အရှင်တွေ အများကြီး ပြောဖူးတယ်၊ ဒီလူသားမျိုးနွယ်စုက အခြေခံကောင်းတယ်တဲ့။
ဒီနှစ်တွေအတွင်း လူသားမျိုးနွယ်စုက ကောင်းကင်အရှင် ဆက်ခံသူ ဖန့်ချန်ကို မွေးထုတ်ပေးလိုက်တယ်။
ဒီကောင်လေးရဲ့ ပါရမီကိုလည်း အားလုံးပဲ မြင်တွေ့ပြီးသား ဖြစ်မှာပါ။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ငါတို့က ဟော်ဆွေ့ကောင်းကင်အရှင်အကြောင်းကို တော်တော်လေး နားလည်နေပြီ။”
ချင်ဟော်ဆွေ့က ချုံးထျန်းယွင်ကို ကြည့်ကာ အေးစက်သော မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟော်ဆွေ့ကောင်းကင်အရှင် သမာဓိခုံရုံး ကိုဝင်ရောက်လာကတည်းက ချင်းမင်မှာ ကောင်းကင်အရှင် အသစ် ထပ်မပေါ်လာတော့ဘူး။ သူက လူသားမျိုးနွယ်စုထဲကနေ ထွက်ပေါ်လာနိုင်တာ တကယ့်ကို မလွယ်ကူလှပါဘူး။”
ကောင်းကင်အရှင်တစ်ပါးက တိုးတိုးလေး ညည်းတွားသည်။
ချုံးထျန်းယွင်က ထိုကောင်းကင်အရှင်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
“ဒါပေမဲ့ ငါကြားတာတော့ ဒီတစ်ခေါက် လူသားမျိုးနွယ်စုက စီစဉ်လိုက်တဲ့ ကျောင်းသားနှစ်ဆယ်က ချင်မျိုးနွယ်စုဝင်တွေချည်းပဲတဲ့၊ ဖန့်ချန်တောင် နိဗ္ဗာန်အတွင်းကမ္ဘာတားမြစ်နယ်မြေကို မသွားရဘူးတဲ့လား။
ဖန့်ချန်ကို မပြောနဲ့ဦး၊ ချင်းရှောင်း နတ်ဘုရားနယ်မြေက ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်စုကတောင် ပါရမီအလွန်မြင့်မားတဲ့ လူငယ်သုံးယောက် ထွက်လာသေးတယ်။
သူတို့တောင် နိဗ္ဗာန်အတွင်းကမ္ဘာတားမြစ်နယ်မြေကို မသွားရဘူးပေါ့လေ ”
ချင်ဟော်ဆွေ့မှာမူ မျက်နှာအမူအရာ မပြောင်းလဲဘဲ တိတ်ဆိတ်စွာပင် ရှိနေသည်။
ဆွေ့ထျန်းသူတော်စင်ကမူ မျက်မှောင်အနည်းငယ် ကြုတ်ကာ ချုံးထျန်းယွင်ကို တစ်ချက်ကြည့်လိုက်သည်။
“ထျန်းယွင်ကောင်းကင်အရှင်၊ ဒါက လူသားမျိုးနွယ်စုရဲ့ အတွင်းရေးပါ။ ငါတို့ သမာဓိခုံရုံးမှာတုန်းက အကုန်ပြောပြီးသားပါ။
ရွေးချယ်တဲ့သူတွေကိုတော့ မျိုးနွယ်စုအသီးသီးက ကောင်းကင်အရှင်တွေကပဲ ဆုံးဖြတ်မှာပါ။
အချို့မျိုးနွယ်စုမှာ ကောင်းကင်အရှင် မရှိရင် ငါတို့ သမာဓိခုံံရုံး ကပဲ ဘယ်သူသွားရမလဲဆိုတာ ဆုံးဖြတ်ပေးမယ်။
အခု မင်းက ဒီကိစ္စကို ဘာလို့ ပြန်ပြောနေတာလဲ”
ချုံးထျန်းယွင်၏ မျက်နှာပေါ်တွင် ရှက်ရိပ်သန်းသွားသည်။
“ဒါဆိုလည်း ငါမပြောတော့ပါဘူး၊ ကံကောင်းတာက စစ်ဆေးရေးဌာနချုပ်ဘက်မှာ နေရာနှစ်ဆယ် ရှိသေးတယ်၊ ဖန့်ချန်ကို တစ်နေရာ ပေးလိုက်တယ်။ သူက ဆန်းနယဲ့အဆင့် ဘွဲ့တံဆိပ်ကို ရဖို့ အလားအလာ အရှိဆုံးပဲလေ။”
ဆွေ့ထျန်း သူတော်စင်က ချုံးထျန်းယွင်ကို ဂရုမစိုက်တော့ဘဲ ဆက်ပြောသည်။
“ဟော်ဆွေ့ကောင်းကင်အရှင်က ဂုဏ်ထူးဆောင်ကောင်းကင်အရှင် ဘွဲ့ကို ရတာ နှစ်ပေါင်းများစွာ ကြာပြီ။
ဒီနှစ်တွေအတွင်းမှာလည်း ချင်းမင်အတွက် အောင်မြင်မှုတွေ အများကြီး ရယူပေးခဲ့တယ်။
ငါ ဒီနေ့ အားလုံးကို ခေါ်လိုက်တာက နောက်လာမယ့် သမာဓိခုံရုံးရဲ့ ရာထူးခန့်အပ်ခြင်း အစည်းအဝေးမှာ ဟော်ဆွေ့ကောင်းကင်အရှင်ကို စစ်ဆေးရေးဌာနချုပ်ရဲ့ အုပ်ချုပ်မှုဌာနခွဲ တာဝန်ခံအဖြစ် အမည်စာရင်း တင်သွင်းချင်လို့ပါ။
အဲဒီကျရင် မင်းတို့ရဲ့ မဲပေးဆုံးဖြတ်ချက်တွေ လိုအပ်မယ်။”
ထိုစကားထွက်လာသည်နှင့် ကောင်းကင်အရှင်အချို့၏ မျက်ဝန်းထဲတွင် အံ့ဩမှုများ ပေါ်လာသည်။
အချို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချို့မှာမူ ခေါင်းငုံ့ကာ စဉ်းစားနေကြသည်။
ဆွေ့ကွမ်းက မျက်မှောင်ကြုတ်ကာ -
“အစ်ကိုဝမ်းကွဲ၊ ချင်ဟော်ဆွေ့ရဲ့ အရည်အချင်းနဲ့ဆိုရင် စစ်ဆေးရေးဌာနချုပ်ရဲ့ တာဝန်ခံ ဖြစ်ဖို့ မလောက်သေးဘူး မဟုတ်လား။
ပြစ်ဒဏ်ဌာန၊ ထိန်းသိမ်းရေးဌာနတွေတောင် သူ မဝင်နိုင်သေးဘူး၊ ရာထူးခန့်အပ်ခွင့်ရှိတဲ့ အုပ်ချုပ်မှုဌာနခွဲအကြောင်းတော့ ပြောမနေနဲ့တော့။”
“တချို့အချိန်တွေမှာ အရည်အချင်းဆိုတာ အရန်သာသာ လောက်ပါပဲ။ ချင်ဟော်ဆွေ့ရဲ့ နည်းလမ်းတွေ၊ စွမ်းအားတွေနဲ့ဆိုရင် အုပ်ချုပ်မှုဌာနခွဲ တာဝန်ခံ ဖြစ်ဖို့ ပြဿနာမရှိပါဘူး။”
“အဲဒီအချိန်ကျရင် သမာဓိခုံရုံး မှာ ကောင်းကင်အရှင်တစ်ယောက်က ဒီကိစ္စကို အဆိုတင်သွင်းလိမ့်မယ်၊ ဒါပေမဲ့ ငါတော့ မဟုတ်ဘူး။”
“မင်းတို့က ငါ့နောက်ကနေ လိုက်ပြီး မဲပေးလိုက်ရင် ရပြီ။”
ဆွေ့ထျန်း သူတော်စင်က ပြုံးလျက် ပြောသည်။
ချင်ဟော်ဆွေ့မှာ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး နေရာအသီးသီးကို ခေါင်းငုံ့အရိုအသေ ပေးလိုက်သည်။
“ကျွန်တော် ချင်ဟော်ဆွေ့သာ အုပ်ချုပ်မှုဌာနခွဲ တာဝန်ခံ ဖြစ်လာခဲ့ရင် တာဝန်မဲ့ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ချင်းမင်ရဲ့ အကျိုးစီးပွားကိုပဲ ရှေးရှုပြီး ကျွန်တော်တို့ဆီမှာ ပုန်းကွယ်နေတဲ့ သူလျှိုတွေနဲ့ လျှို့ဝှက်လှုပ်ရှားနေတဲ့ သူတော်စင်တွေကို ဖယ်ရှားပစ်ပါမယ်။”
ပြောပြီးသည်နှင့် သူသည် ပြန်ထိုင်လိုက်ပြီး အေးစက်စက် အမူအရာဖြင့်သာ ရှိနေသည်။
ကောင်းကင်အရှင်များမှာမူ စိတ်ထဲမှ တိတ်တဆိတ် စဉ်းစားနေကြသည်။
ဆွေ့ထျန်း သူတော်စင်ထက် ပိုမိုအစွမ်းထက်သူက ချင်ဟော်ဆွေ့ကို ပြုစုပျိုးထောင်ချင်နေခြင်း ဖြစ်ပေလိမ့်မည်။
“ရပြီ၊ ဒီကိစ္စကို မင်းတို့ အိမ်ပြန်ပြီး ဖြည်းဖြည်းချင်း စဉ်းစားလို့ရပါတယ်။ ဒီနေ့တော့ အသိပေးရုံသက်သက်ပါပဲ၊ အဲဒီအချိန်ကျရင် ကြိုတင်ပြင်ဆင်ထားဖို့ပေါ့။”
ဆွေ့ထျန်းသူတော်စင်က ပြုံးရွှင်စွာ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဟွန့် လူသားမျိုးနွယ်စုရဲ့ အခြေခံက ငါတို့ ပေါင်ရှန်မျိုးနွယ်စုလောက် မကောင်းဘူး။ ချင်ဟော်ဆွေ့ ကောင်းကင်အရှင် ဖြစ်လာတုန်းက ငါက ကောင်းကင်အရှင် ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ”
“တကယ်လို့ စစ်ဆေးရေးဌာနချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းရှိတယ်လို့ ပြောရင် ငါ့အရည်အချင်းက သူ့ထက် ပိုနက်နဲတယ် မဟုတ်လား”
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
ပြောလိုက်သူမှာ ပေါင်ရှန်မျိုးနွယ်စုမှ ကျန်းယွီကောင်းကင်အရှင် ပင် ဖြစ်သည်။
ကောင်းကင်အရှင်အားလုံးက သူမ၏ စိတ်သဘောထားမှာ အလွန် ပြင်းထန်မှန်း သိကြသလို ပေါင်ရှန်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုကြားတွင်လည်း ပဋိပက္ခများစွာ ရှိမှန်း သိကြသည်။
ယခုလို ပြောဆိုလာခြင်းမှာလည်း မထူးဆန်းပေ။
“ကျန်းယွီကောင်းကင်အရှင် ပြောတာ မှန်ပါတယ်။ ချင်ဟော်ဆွေ့သာ စစ်ဆေးရေးဌာနချုပ်ရဲ့ အုပ်ချုပ်မှုဌာနခွဲကို တကယ်ရောက်သွားရင် ငါတို့မျက်နှာကို တန်းတန်းမတ်မတ် လာရိုက်သလိုပဲ။”
ကောင်းကင်အရှင်တို့၏ အကြည့်တို့သည် ဟုန်ဟိုင်မျိုးနွယ်စုမှ ကောင်းကင်အရှင်ဆီသို့ ရောက်သွားသည်။
ထိုကောင်းကင်အရှင်နှစ်ပါး၏ မေးခွန်းထုတ်မှုအပေါ် ချင်ဟော်ဆွေ့မှာ ဘာမှ မပြောဘဲ တည်ငြိမ်စွာပင် ထိုင်နေသည်။ ဆွေ့ထျန်းသူတော်စင်၏ မျက်နှာပေါ်တွင် အပြုံးရှိနေသေးသော်လည်း ထိုအပြုံးထဲတွင် ဒေါသအရိပ်အယောင်များ ပိုမိုပါဝင်လာသည်။
“နှစ်ယောက်စလုံး၊ ဘယ်သူက စစ်ဆေးရေးဌာနချုပ်ရဲ့ အုပ်ချုပ်မှုဌာနခွဲကို ရောက်သင့်လဲဆိုတာက ငါ့ရဲ့ လုပ်ပိုင်ခွင့်လည်း မဟုတ်ပါဘူး။”
“မင်းတို့ နှစ်ယောက် အရင်ဆုံး စိတ်အေးအေးထားပြီး အိမ်ပြန် စဉ်းစားကြည့်ပါ။”
“ဒီနေ့တော့ အရက်သောက်ရင်း အရင်က အကြောင်းလေးတွေ ပြောကြရအောင်၊ နောင်မှာ လင်ယောင်ကို ဘယ်လို တန်ပြန်မလဲဆိုတာ ဆွေးနွေးကြတာပေါ့။”
ထိုနှစ်ယောက် ထပ်ပြောရန် ပြင်ဆင်နေချိန်တွင် သူတို့၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ထို့နောက် ဆွေ့ကွမ်း၊ ချုံးထျန်းယွင်တို့အပါအဝင် အခြားကောင်းကင်အရှင်များ၏ မျက်နှာအမူအရာမှာလည်း လွန်စွာ ပျက်ယွင်းသွားသည်။
ချင်ဟော်ဆွေ့၏ အေးစက်သော မျက်နှာတွင်လည်း အံ့ဩရိပ်တစ်ခု ပေါ်လာသည်။
ကျန်းယွီကောင်းကင်အရှင်က ချင်ဟော်ဆွေ့ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“မင်း ပို့လိုက်တဲ့ ချင်မျိုးနွယ်စု ကျောင်းသားနှစ်ဆယ်လုံး သေကုန်ပြီလေ။”
“နိဗ္ဗာန်အတွင်းကမ္ဘာတားမြစ်နယ်မြေကို ရောက်တာနဲ့ အကျိုးအမြတ် တစ်ခုမှ မရလိုက်ဘဲ အသက်စွမ်းအင်တစ်ခု ဆုံးရှုံးသွားရပြီ။”
“ချင်ဟော်ဆွေ့၊ မင်းရဲ့ အမြင်က ဒီလောက်ထိ ထက်မြက်တာလား ”
ဟုန်ဟိုင်မျိုးနွယ်စုမှ ကောင်းကင်အရှင်ကလည်း လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
ကောင်းကင်အရှင်များ အားလုံးသည် ပထမဆုံးအကြိမ်တွင်ပင် အသေးစိတ် အချက်အလက်များကို လက်ခံရရှိလိုက်ပြီး ဖြစ်စဉ်၏ အစကို သိရှိသွားကြသည်။
ဆွေ့ထျန်းသူတော်စင်၏ မျက်ဝန်းထဲတွင် ဒေါသများ တောက်လောင်လာသည်။
“ဒီဖန့်ချန်က ဘာလို့ ဒီလောက်တောင် ရမ်းကားနေတာလဲ၊ သူက စစ်ဆေးရေးဌာနချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးပါ၊ ဘာလို့ ဒီလို အရှုပ်တော်ပုံတွေကို ဖြစ်ပွားခွင့် ပေးထားရတာလဲ ”
“အစ်ကိုဝမ်းကွဲ… အဲဒါ လူသားမျိုးနွယ်စုရဲ့ အတွင်းရေးပါ”
ဆွေ့ကွမ်းက သတိပေးလိုက်သည်။
“သတင်းအရဆိုရင် ချင်မျိုးနွယ်စုက ကျောင်းသားတစ်ယောက်က ဖန့်ချန်ရဲ့ အသက်စွမ်းအင်ကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ရာကနေ အများရဲ့ ဒေါသကို ဆွဲဆောင်မိတာပါ။ ဖန့်ချန်က ဒီနှစ်တွေအတွင်း နေမင်းခုနစ်ပါးကျောင်းဆောင်မှာ အောင်မြင်မှုတွေ အများကြီး ရထားတော့ သူ့ကို ခင်မင်ချင်တဲ့သူတွေ၊ သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ချင်တဲ့ ကျောင်းသားတွေ အများကြီး ရှိမှာပေါ့…”
“အားလုံးပဲ၊ ချင်ဟော်ဆွေ့ ခွင့်ပြုပါဦး။”
ချင်ဟော်ဆွေ့က ရုတ်တရက် ထရပ်လိုက်ပြီး ဆွေ့ထျန်း သူတော်စင်နှင့် အခြားကောင်းကင်အရှင်တို့ကို အရိုအသေပေးကာ လှည့်ထွက်သွားသည်။
“အင်း… ငါတို့ အရက်ဆက်သောက်ကြရအောင်။”
ဆွေ့ထျန်းသူတော်စင်က တိုးတိုးလေး ညည်းတွားကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
“လူငယ်တွေကြားက ကိစ္စတွေပဲ၊ သိပ်ပြီး ဂရုစိုက်စရာ မလိုပါဘူး။ သူတို့ဘာသာ သူတို့ အနိုင်ကျင့်ကြပါစေ။”