အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း ၃၀၂။ ရွှေရောင် သစ်နွယ်ပင်နှင့် မုန်လဲ့ကို ဖောက်ထွင်းခြင်း
အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် မုန်လဲ့မှာ ဘာမှ မဖြစ်သော်လည်း မှော်သားရဲ နတ်ဘုရားကတော့ အရင်ဆုံး ရူးသွပ်သွားလေသည်။ "မင်း... မင်းက ဘယ်လို သတ္တဝါမျိုးလဲ"
မုန်လဲ့က မဖြေဘဲ မှော်သားရဲ နတ်ဘုရားကို ကြည့်ကာ "လေ၊ မီး၊ မိုးကြိုး၊ သတ္တု... ငါ ခန့်မှန်းတာ မမှားဘူးပဲ... မင်းဆီမှာ တကယ်ပဲ နတ်ဘုရား ကိုယ်ပွား လေးခု ရှိနေတာပဲ" ဟု ပြောလိုက်သည်။
"ရှိတော့ကော ဘာဖြစ်လဲ"
မှော်သားရဲ နတ်ဘုရားက အေးစက်စက် ပြန်ပြောလိုက်သည်။
"ပုံမှန် လေ့ကျင့်မယ်ဆိုရင် မင်း ဒီလောက် စွမ်းအားမျိုး ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး... ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက အဆင့်နိမ့် အဆင့် နတ်ဘုရားအမြုတေ လေးခု ရထားရုံတင် မကဘူး... နတ်ဘုရားဝိညာဉ်ကို ခိုင်မာစေတဲ့ ရတနာတွေကိုပါ ရထားတာ သေချာတယ်"
မုန်လဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါ ပြောတာ မှန်လား"
နတ်ဘုရားအမြုတေကို ပေါင်းစပ်ပြီး နတ်ဘုရား ဖြစ်လာဖို့က အရမ်း လွယ်ကူသည်။ ဒါပေမဲ့ နတ်ဘုရားဝိညာဉ်ကို ခွဲထုတ်ပြီး နတ်ဘုရား ကိုယ်ပွားတွေ ဖန်တီးဖို့ ဆိုတာကတော့ အရမ်း ခက်ခဲသည်။
ဝိညာဉ် ခွဲထုတ်ဖို့ အတွက် နတ်ဘုရားဝိညာဉ်က အလွန် အစွမ်းထက်နေဖို့ လိုအပ်ပြီး အစွမ်းထက်တဲ့ နတ်ဘုရားဝိညာဉ် ရှိမှသာ ဝိညာဉ် ခွဲထုတ်နိုင်တာ ဖြစ်သည်။
ဒါကြောင့် အဆင့်နိမ့် အဆင့် နတ်ဘုရား ဖြစ်လာဖို့ လွယ်ကူပေမယ့် အလယ်အလတ် နတ်ဘုရား ဖြစ်ဖို့ ဆိုတာကတော့ အရမ်း ခက်ခဲသည်။ နတ်ဘုရား ကိုယ်ပွား လေးခု ဒါမှမဟုတ် ငါးခု ရှိတဲ့ အလယ်အလတ် နတ်ဘုရား ဖြစ်ဖို့ဆိုတာကတော့ ပိုပြီးတောင် ခက်ခဲလွန်းလှသည်။
နတ်ဘုရားဝိညာဉ် ခွဲထုတ်ခြင်း။
ဒါက နတ်ဘုရားဝိညာဉ်ကို အရမ်း အထိနာစေတာပဲလေ။
ဒါကို ကြည့်ရုံနဲ့တင် မှော်သားရဲ နတ်ဘုရားက နတ်ဘုရားဝိညာဉ်ကို ခိုင်မာစေတဲ့ ရတနာတွေကို သေချာပေါက် ရထားတာ ဆိုတာကို သိနိုင်သည်။ ဒါကြောင့်လည်း နှစ်ပေါင်း တစ်သောင်းတောင် မပြည့်သေးတဲ့ အချိန်လေး အတွင်းမှာ နတ်ဘုရား ကိုယ်ပွား လေးခုတောင် ဖန်တီးပြီး အလယ်အလတ် နတ်ဘုရား ဖြစ်လာတာပါ။
မှော်သားရဲ နတ်ဘုရားက မုန်လဲ့ကို အေးစက်စက် စိုက်ကြည့်နေပြီး ဝန်ခံခြင်းလည်း မရှိသလို ငြင်းဆိုခြင်းလည်း မရှိပေ။ ၎င်းက လက်ခံလိုက်ခြင်းပင် ဖြစ်လေသည်။
"မင်းက တကယ်ကို ကံကောင်းတာပဲ... ငါတောင် နည်းနည်း မနာလို ဖြစ်လာပြီ"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး "နောက်ဆုံး အခွင့်အရေး ပေးမယ်... အညံ့ခံမလား ဒါမှမဟုတ် သေမလား" ဟု ပြောလိုက်သည်။
"ငါက မှော်သားရဲ နတ်ဘုရားပဲ... ဘယ်လိုလုပ် လူသား တစ်ယောက်ကို အညံ့ခံမှာလဲ" မှော်သားရဲ နတ်ဘုရားက အသံနှိမ့်ကာ "မင်း စွမ်းအား ကြီးလည်း ဘာဖြစ်လဲ... ငါ့ကို အညံ့ခံခိုင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး" ဟု ပြောလိုက်သည်။
"ဘာလို့ အမြဲတမ်း ဒီလိုတွေပဲ ဖြစ်နေရတာလဲ"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်ရာ သူ၏ ကိုယ်ပေါ်မှ သစ်နွယ်ပင် အများအပြား ထွက်ပေါ်လာပြီး မှော်သားရဲ နတ်ဘုရားဆီသို့ ပြေးဝင်သွားလေသည်။
"ဟွန့်... မင်းနဲ့ ဆက်မကစားတော့ဘူး"
မှော်သားရဲ နတ်ဘုရားက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကို ရေကန်ထဲသို့ နှစ်ကာ ထွက်သွားရန် ပြင်လိုက်သော်လည်း မုန်လဲ့က ပြုံးကာ "အခုမှ ထွက်ပြေးချင်နေတာလား... ကလေးဆန်လွန်းတာပဲ" ဟု ပြောလိုက်သည်။
"လောကစွမ်းအား... ဖိနှိပ်စမ်း"
"ဝုန်း"
ပြင်းထန်လှသော လောကစွမ်းအားများ ပျံ့နှံ့လာပြီး မှော်သားရဲ နတ်ဘုရား အပေါ်သို့ ချက်ချင်း ဖိနှိပ်လာကာ သူ့ကို ရေပေါ်သို့ ပြန်ပေါ်လာစေလေသည်။
"ရွှမ်း"
မှော်သားရဲ နတ်ဘုရား၏ အသွင်အမှန်မှာ လူတိုင်း အရှေ့တွင် ထွက်ပေါ်လာလေသည်။ သူက မြွေခေါင်း ရှိပြီး နဂါးခန္ဓာကိုယ် ရှိသော အကောင်ကြီး တစ်ကောင် ဖြစ်နေလေသည်။
"ချွတ်... ချွတ်... ချွတ်..."
သစ်နွယ်ပင်များက အလျင်အမြန် ရောက်ရှိလာပြီး မှော်သားရဲ နတ်ဘုရားကို ဖက်ထုပ် တစ်ခုအလား ရစ်ပတ်ထားလိုက်ရာ မှော်သားရဲ နတ်ဘုရားမှာ အဆက်မပြတ် ဟိန်းဟောက်ပြီး ရူးသွပ်စွာ ရုန်းကန်နေလေသည်။
သို့သော် လောကစွမ်းအားနှင့် သစ်နွယ်ပင်များ၏ ဖိနှိပ်မှု အောက်တွင် အလယ်အလတ် နတ်ဘုရား စွမ်းအား ရှိသော်လည်း အနည်းငယ်မျှပင် မရုန်းထွက်နိုင်ခဲ့ပေ။
"အချည်းနှီးပါပဲ"
မုန်လဲ့က ခေါင်းခါလိုက်ပြီး "လောကစွမ်းအားကို မပြောနဲ့ဦး... ဒီသစ်နွယ်ပင်တွေရဲ့ စွမ်းအားကိုတောင် မင်း ရုန်းထွက်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"လူသား... မင်း ဘာလိုချင်တာလဲ"
မှော်သားရဲ နတ်ဘုရားက မုန်လဲ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။
"ငါ ဘယ်သူလဲ ဆိုတာ မင်း သိလား"
မုန်လဲ့က မဖြေဘဲ ပြန်မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
မှော်သားရဲ နတ်ဘုရားက တိုးတိုးလေး မေးလိုက်သည်။
"ငါက လောကအရှင်သခင်ပဲ"
မုန်လဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကောင်းကင်ယံတိုက်ကြီး၊ အလင်းရောင် တိုက်ကြီး၊ နတ်ဘုရား မိစ္ဆာ တိုက်ကြီး၊ ပြီးတော့ အဆုံးအစမရှိတဲ့ သမုဒ္ဒရာကြီး အားလုံးက ငါ့ရဲ့ နယ်မြေတွေချည်းပဲ... မင်းက ငါ့နယ်မြေထဲမှာ ကိုယ်ပိုင် နိုင်ငံ ထောင်ချင်နေတာ... အဲဒါ ဖြစ်နိုင်မယ်လို့ မင်း ထင်လား"
"လောကအရှင်သခင်"
မှော်သားရဲ နတ်ဘုရားက လှောင်ပြောင်လိုက်ပြီး "မင်း လိမ်နေတာပဲ... ဒီလောကရဲ့ လောကအရှင်သခင်က အယ်လ်ဖ် နတ်ဘုရားမပဲ... သူမက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းကတည်းက လောကနှလုံးသားကို ပေါင်းစပ်ပြီး လောကအရှင်သခင် ဖြစ်သွားတာ" ဟု ပြောလိုက်သည်။
"ယုံချင်ယုံ... မယုံချင်နေ... ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေရတော့မှာပဲ"
မုန်လဲ့က ရှင်းမပြချင်တော့ဘဲ အသက်စွမ်းအင် စုပ်ယူခြင်းကို စတင်လိုက်ပြီး မှော်သားရဲ နတ်ဘုရား၏ အသက်စွမ်းအင်များကို စုပ်ယူနေလေသည်။
"မင်းရဲ့ နတ်ဘုရား ခန္ဓာကိုယ်က အရမ်း အစွမ်းထက်တယ်... မင်း တစ်ကိုယ်လုံးက အသက်စွမ်းအင်တွေကို စုပ်ယူပြီးရင် ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်က အထွတ်အထိပ် အလယ်အလတ် နတ်ဘုရား အဆင့်ကို သေချာပေါက် ရောက်သွားမှာပဲ"
"ဂလု... ဂလု..."
မုန်လဲ့၏ ရူးသွပ်စွာ စုပ်ယူမှု အောက်တွင် မှော်သားရဲ နတ်ဘုရား၏ အသက်စွမ်းအင်များမှာ ရေကာတာ ကျိုးသွားသကဲ့သို့ မုန်လဲ့ဆီသို့ ရူးသွပ်စွာ စီးဝင်လာပြီး မုန်လဲ့ တစ်ကိုယ်လုံးကို နွေးထွေးသော ခံစားချက်လေး လွှမ်းခြုံသွားကာ ရေပူစမ်း စိမ်နေရသည်ထက်ပင် ပိုမို နေလို့ကောင်းနေလေသည်။
တစ်ချိန်တည်းမှာပင် မုန်လဲ့ တစ်ကိုယ်လုံးရှိ ဆဲလ်များမှာ နှစ်ဝက်လောက် အစာမစားရသေးသော ဝံပုလွေများအလား ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အသက်စွမ်းအင်များကို အငမ်းမရ စားသောက်နေကြလေသည်။
ဤသည်မှာ အလွန် သန့်စင်သော အသက်စွမ်းအင်များ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မြှင့်တင်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။ သာမန်လူများ ဆိုပါက အစာစားနိုင်စွမ်း အကန့်အသတ် ရှိသဖြင့် အတိုင်းအတာ တစ်ခုသို့ ရောက်လျှင် ဆက်လက် စုပ်ယူနိုင်တော့မည် မဟုတ်ပေ။
သို့သော် မုန်လဲ့ကတော့ မတူပေ။
သူသည် ရှေးဟောင်း လူသား သွေးမျိုးဆက်ကို နှိုးဆွထားပြီး နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက်၊ ငရဲမီးလျှံ ဖီးနစ် သွေးမျိုးဆက်၊ လက်တစ်ရာ တိုက်တန် သွေးမျိုးဆက်၊ သက်တမ်းရင့် အသက်သစ်ပင် သွေးမျိုးဆက် တို့ကိုပါ ပေါင်းစပ်ထားသူ ဖြစ်သည်။
ဒီလောက်များပြားတဲ့ သွေးမျိုးဆက်တွေက အလကား မဟုတ်ဘူးလေ။ သူတို့ ကြီးထွားလာဖို့ အတွက် တန်ဖိုးကြီးတဲ့ ရတနာတွေနဲ့ မရေမတွက်နိုင်တဲ့ အသက်စွမ်းအင်တွေ လိုအပ်သည်။
ဒါကြောင့် မုန်လဲ့ရဲ့ အစာစားနိုင်စွမ်း က အရမ်း ကြောက်စရာ ကောင်းပြီး အဆက်မပြတ် စုပ်ယူနေတာနဲ့ အမျှ ဒီသွေးမျိုးဆက်တွေကလည်း ရူးသွပ်စွာ စုပ်ယူပြီး ကြီးထွားလာကြသည်။
သူတို့ ကြီးထွားလာခြင်း၏ ရလဒ်အဖြစ် မုန်လဲ့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း စတင် တိုးတက်လာလေသည်။
တိုးတက်လာသည် ….တိုးတက်လာသည် ….ရူးသွပ်စွာ တိုးတက်လာသည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တိုးတက်လာသည့် ခံစားချက်မှာ အလွန် ကောင်းမွန်လှပြီး မုန်လဲ့သည် ဤကောင်းမွန်သော ခံစားချက်တွင် နစ်မျောနေကာ ညည်းသံပင် ထွက်လာလုမတတ် ဖြစ်သွားလေသည်။
မုန်လဲ့နှင့် လုံးဝ ဆန့်ကျင်ဘက် အနေဖြင့် မှော်သားရဲ နတ်ဘုရားမှာမူ သူ၏ အသက်စွမ်းအင်များ ရူးသွပ်စွာ စီးထွက်သွားပြီး စွမ်းအားများ လျင်မြန်စွာ ကျဆင်းလာသည်ကို ခံစားနေရလေသည်။
ဤခံစားချက်က သူ့ကို ကြောက်လန့်စေပြီး ဒေါသလည်း ထွက်စေလေသည်။ ဤနှုန်းအတိုင်း ဆက်လက် စီးထွက်နေမည် ဆိုပါက သူ သေချာပေါက် သေရမည်ကို သူ သိထားလေသည်။
"မှော်သားရဲ နတ်ဘုရား... မင်းဆီမှာ နတ်ဘုရား ကိုယ်ပွား သုံးခု ကျန်သေးတယ် မဟုတ်လား... ဘာလို့ သူတို့ကို မခေါ်တာလဲ" မုန်လဲ့က ပြုံးကာ မေးလိုက်သည်။ "သူတို့ တိုက်ခိုက်ရင် မင်းကို ကယ်နိုင်လောက်မှာပါ"
နတ်ဘုရား ကိုယ်ပွား သုံးခုလား။
ငါ့ဆီမှာ ရှိတော့ ရှိသည်... ဒါပေမဲ့ သူတို့က ဒီလောကမှာ မှ မရှိတာ... ဘယ်လို ခေါ်ရမှာလဲ။
ယခုအချိန်တွင် မှော်သားရဲ နတ်ဘုရား အလွန် ကောင်းစွာ သိရှိလိုက်သည်မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အရေးကြီးဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အစွမ်းကုန် မတိုက်ခိုက်ပါက သေချာပေါက် သေရမည် ဆိုသည်ကိုပင်။
မှော်သားရဲ နတ်ဘုရားက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ရွှေရောင် သစ်ကိုင်း... သတ်စမ်း"
"ဝုန်း"
ဆူပွက်နေသော ရေကန်ထဲမှ ရွှေရောင် သစ်နွယ်ပင် တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရွှေရောင် မြွေဟောက် တစ်ကောင်အလား ရေကန်ထဲမှ ထွက်လာကာ မုန်လဲ့ဆီသို့ ချက်ချင်း ပြေးဝင်လာလေသည်။
"ရွှမ်း... ရွှမ်း... ရွှမ်း..."
အရှိန်မှာ လျှပ်စီးအလား မြန်ဆန်လှသည်။
မဟုတ်ဘူး ….အရှိန် ဆိုတဲ့ စကားလုံးနဲ့တောင် ဖော်ပြလို့ မရတော့ဘူး။
မုန်လဲ့မှာ သစ်နွယ်ပင် ဒိုင်းလွှားကိုပင် မဖန်တီးနိုင်လိုက်ဘဲ ဤလျှပ်စီးအလား မြန်ဆန်လှသော ရွှေရောင် သစ်နွယ်ပင်၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရပြီး ဗိုက်တွင် အပေါက်ကြီး တစ်ခု ဖြစ်သွားလေသည်။
"ဗွက်"
မုန်လဲ့ သွေးများ ပန်းထွက်လာပြီး ဗိုက်ကို ဖောက်ထွင်းသွားသော ရွှေရောင် သစ်နွယ်ပင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ဒါက ဘာနတ်ဘုရား လက်နက်မို့လို့ ဒီလောက်တောင် ထက်မြက်နေရတာလဲ။
"မုန်လဲ့"
ဒိုဒိုလာ၏ အသံက နားထဲတွင် ထွက်ပေါ်လာလေသည်။ "မင်း ဘာဖြစ်သွားသေးလဲ"
"မသေသေးပါဘူး"
မုန်လဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒိုဒိုလာ... မင်း ဒီရွှေရောင် သစ်နွယ်ပင်ကို သိလား"
"မသိဘူး... ဒါပေမဲ့ ရွှေပန်းသီး သစ်ပင် ရဲ့ သစ်ကိုင်းနဲ့ နည်းနည်း တူသလိုပဲ... ဒါပေမဲ့ အရှိန်အဝါကတော့ မတူဘူး"
ဒိုဒိုလာက ခေါင်းခါလိုက်ပြီး "မင်း သတိထားနော်... ဒီမြွေကြီးက တော်တော်လေး ထူးဆန်းတယ်... သာမန် အလယ်အလတ် နတ်ဘုရားတွေနဲ့ မတူဘူး" ဟု ပြောလိုက်သည်။
"ငါ သိပါတယ်"
မုန်လဲ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ်ကို အမှောင် ဒြပ်စင် အဖြစ် ပြောင်းလဲလိုက်ကာ မလှမ်းမကမ်းတွင် ပြန်လည် ပေါ်လာလေသည်။ "မင်းဆီမှာ ဒီလို နတ်ဘုရား လက်နက် ရှိနေမယ်လို့ မထင်ထားဘူး"
"လူသား... မင်း မသေသေးဘူးလား"
မုန်လဲ့က မလှမ်းမကမ်းတွင် အသက်ရှင်လျက် ပြန်လည် ပေါ်လာသည်ကို မြင်သောအခါ မှော်သားရဲ နတ်ဘုရားမှာ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်သွားလေသည်။
ခုနက တိုက်ခိုက်မှုက သူ့ရဲ့ နောက်ဆုံး လက်နက်လေ... အဲဒါတောင် မုန်လဲ့ကို မသတ်နိုင်ခဲ့ဘူးပေါ့။
ဒီကောင်က တကယ်ကို အသက်ပြင်းတာပဲ။
"မင်းလောက်နဲ့တော့ ငါ့ကို သတ်လို့ မရပါဘူး"
မုန်လဲ့က လက်ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ခက်ရင်းခွကြီး တစ်ခု ထွက်ပေါ်လာလေသည်။ "ဒါပေမဲ့ ပြဿနာတွေ ထပ်မဖြစ်ရအောင်... မင်းကို အခုချက်ချင်း သတ်ပစ်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ"
"လူသား... မင်း သတ္တိရှိရင်"
မှော်သားရဲ နတ်ဘုရား အနည်းငယ် လန့်သွားလေသည်။
"ဟွန့်"
မုန်လဲ့က မှော်သားရဲ နတ်ဘုရား အရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး ထက်မြက်လှသော ခက်ရင်းခွကြီးဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်ရာ မှော်သားရဲ နတ်ဘုရား၏ ခေါင်းကို ချက်ချင်း ဖောက်ထွင်းသွားလေသည်။
"လူသား... ငါ မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး”